ယုငယ်။ ။
ညှို့မှိုင်းသော တောင်တန်းကြီးများက ကျောက်မဲမြို့၏ အရပ်ရှစ်မျက်နှာကို စက်ဝိုင်းပုံစံ ကာရံထားကြပြီး နေကြာပန်းရိုင်းများကလည်း ထိုတောင်တန်းတွေနှင့်အတူ ကျောက်မဲမြို့ကို လှသည်ထက်လှအောင် သူ့ထက်ငါအပြိုင် အလှဆင်နေကြသည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်ခွန်အများဆုံးရရှိရာ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိနေသော ကျောက်မဲမြို့သည် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်တွင် တည်ရှိသည်။
နေကြာပန်းရိုင်းများအကြား ကုန်သွယ်ရေးလမ်းမတလျှောက် ကုန်ကားများနှင့် ရောင်စုံကားကြီး၊ ကား လေးတို့ဖြင့် နေ့ညမပြတ် စည်ကားလျက်ရှိသည့် ကွေ့ကောက်သော ထိုလမ်းမကြီးနှင့် တောင်တန်းများ၊ အဝါရောင်တောပန်းများကို တွေ့ရသည်မှာ သဘာဝလွန်ပန်းချီကားတစ်ချပ်ကို မြင်တွေ့ရသကဲ့သို့ ခရီးသည်များ၏စိတ်ကို ကြည်နူးအေးချမ်းစေသော်လည်း အချို့နေရာများတွင် စိုးရွံ့ဖွယ်ရာ စစ် အရိပ်အငွေ့များကိုတော့ သေချာပေါက်ခံစားရမည်ဖြစ်သည်။
မကြာခဏဆိုသလို ဆက်ကြေးကောက်ခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ လမ်းမကြီးပေါ်တွင် ကားများဖြင့် လမ်းပိတ်ထားခြင်း၊ ကုန်ကားများနှင့် ခရီးသွားကားလေးများကို မီးရှို့ဖျက်ဆီးကြခြင်း တို့ကို တွေ့မြင်ကြုံကြိုက်နေကြရသည်မှာ ခရီးသွားပြည်သူများအတွက် ဤခရီးသည် သဘာ၀ အလှအပများကို ခံစားဖို့ထက် မိမိတို့အသက်အိုးအိမ်လုံခြုံရေးအတွက် ဘုရားစာရွတ်ခြင်း၊ ဘာသာအလိုက် ဆုတောင်းခြင်းများဖြင့်သာ ခရီးတလျှောက်လုံး စိတ်ဖိစီးမှုအတိဖြင့် ပြည့်နှက်နေပေသည်။
ဒီဇင်ဘာလနှောင်းပိုင်း အအေးဓါတ်ကြီးစိုးနေသော မြူနှင်းများအောက်က တိတ်ဆိတ်ငြိမ်သက်နေသော ကျောက်မဲမြို့၊ ပြည်သူ့ဆေးရုံ အတွင်းလူနာခန်းတွင်တော့ အအေးဒါဏ်ကို အလုံအလောက် အကာအကွယ် မပေးနိုင်သည့် တရုတ်ပြည်ထုတ် ခပ်နွမ်းနွမ်းခြုံစောင်အဟောင်းလေးကို လွှမ်းခြုံ ထားရင်း ကုတင်ပေါ်တွင် ထိုင်ငိုင်နေသည့် အမျိုးသမီးတစ်ယောက်ကို တွေ့ရသည်။ အဖြူရောင် ပတ်တီးများ အထပ်ထပ်စီးနှောင်ထားသည့် ဘယ်ဘက်ခြေထောက်အောက်ပိုင်း တုံးတိတိဖြစ်နေသော သူ့ခြေကျင်းဝတ်ကို သူစိုက်ကြည့်လျက် မျက်ရည်ကျနေသည့် ထိုအမျိုးသမီးမှာ မအေးငွေဖြစ်သည်။ ကုတင်ဘေးက တစ်ပေခွဲအရွယ် စားပွဲလေးပေါ်မှာတော့ အနှစ်နှစ်အလလ အသုံးပြုခဲ့ပုံပေါ်သည့် ချေး အထပ်ထပ်နှင့် ရေဘူးတစ်လုံးနှင့်အတူ စေတနာရှင်တစ်ဦးပေးထားသော ပေါင်မုန့်တစ်လုံးကို တွေ့ရသည်။
တအာန်းပလောင်လူမျိုးဖြစ်သူ မအေးငွေသည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော နန့်ဆန် မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာအုပ်စု၊ ကြက်သေကျေးရွာတွင် နေထိုင်ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်ညနေက လက်ဖက်ခြံသို့ လက်ဖက်ခူးသွားရာမှပြန်လာစဉ် မြေမြုပ်မိုင်းနင်းမိသဖြင့် ဘယ်ဖက် ခြေထောက်တစ်ဖက်ကို ခြေမျက်စိအထက်မှ ဖြတ်ပစ်လိုက်ရသူဖြစ်သည်။
ကျောက်မဲခရိုင်တွင် နေထိုင်သော တအာန်းပလောင်လူမျိုးအများစုသည် လက်ဖက်ခြံစိုက်ပျိုးသည့်လုပ် ငန်းကို အဓိကလုပ်ကိုင်ကြသည်။ ကိုယ်ပိုင်ခြံမရှိသော မအေးငွေတို့လိုလူအများစုက သူများခြံများတွင် နေ့စားလိုက်လက်ဖက်ခူးခြင်းအလုပ်ဖြင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းကြရသည်။ လက်ဖက်ပေါ် ချိန်တွင် နေ့စားခတစ်ရက် (၃၅၀၀)ကျပ်ခန့် ရသော်လည်း လက်ဖက်မပေါ်သည့်အချိန်တွင် တစ်ရက် (၁၅၀၀)ကျပ်ရဖို့ပင် အနိုင်နိုင်ဖြစ်သည်။ သည်ကြားထဲ လက်နက်ကိုင်များ တိုက်ပွဲဖြစ်လျှင်လည်း အိုးပစ် အိမ်ပစ်နှင့် ကလေးများလက်ဆွဲကာ လွတ်ရာကျွတ်ရာသို့ အကြိမ်ပေါင်းမနည်း ထွက်ပြေးကြရသည်။
“ ဒီနောက်ဆုံးတစ်ခေါက် ကျောက်မဲစစ်ရှောင်စခန်းကို စစ်ရှောင်ပြီး ရွာပြန်တဲ့အချိန် ရွာထဲကအိမ်တွေကို ဖျက်စီးမွှေနှောက်ထားကြတယ်။ ကျမအိမ်ဆိုရင် အိုးခွက်ပန်းကန်၊ ဆန်၊ ဆီ၊ ဆား၊ စောင်တွေ အကုန်ယူ သွားကြတာ။ အိမ်မှာ ဘာမှမကျန်ခဲ့ဘူး။ တော်တော်အခက်တွေ့ရတယ်။ ထမင်းချက်ဖို့ အိုးတောင်ပြန် မဝယ်နိုင်သေးလို့ သူများနားက ငှားသုံးနေရတယ်” ဟု မအေးငွေကပြောသည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၊ ကျောက်ဖြူလေး ကျေးရွာအုပ်စုရှိ စစ်ရှောင်စခန်းသို့ ရွာသားများအားလုံး စစ်ရှောင်ရန် သွားရောက်စဉ် ရွာတွင် တပ်မတော်မှ တပ်သားများနှင့် ဘုန်းကြီးတစ်ပါး၊ ဆရာလေးတစ်ပါးသာ ကျန်ခဲ့ပြီး မအေးငွေတို့ အိမ်မှာရှိသမျှ မွှေနှောက်ယူဆောင်သွားခြင်းခံရသည်။ ကျေးရွာတာဝန်ရှိသူများမှ လူထုလုံခြုံရေး၊ ကျေး ရွာလုံခြုံရေးအတွက် စစ်ပွဲကာလအခြေအနေများကို တစုံတရာ ထုတ်ဖော်ပြောဆိုရန် စိုးရိမ်ကြသဖြင့် မည်သူ့လက်ချက်ဟု မဖော်ထုတ်နိုင်ခဲ့ပေ။ တိုင်းရင်းသားဒေသများတွင် ဌာနေတိုင်းရင်းသားများ အပါအဝင် အခြားသော တိုင်းရင်းသားမျိုးနွယ်စုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တပ်မတော် မှ တပ်ရင်းတပ်ဖွဲ့များ နေထိုင်ကြသော်လည်း လက်နက်ကိုင်တပ်များ ရှိနေခြင်းအားဖြင့် ပြည်သူလူထု အတွက် လုံခြုံသောအခြေအနေကို မရရှိဘဲ စစ်ပွဲအတွင်းနှင့် စစ်ပွဲပြီးချိန်တွင် ဝမ်းစာအတွက် ခက်ခက် ခဲခဲ ရုန်းကန်နေရသော ပြည်သူတို့အပေါ် စစ်ပွဲ၏ ဆိုးကျိုးများက ရေနစ်ရာဝါးကူထိုးသကဲ့သို့ ဖြစ်နေသည်။
စစ်ရှောင်ရာမှ ပြန်လာ၍ရပြီဟုဆိုသဖြင့် မအေးငွေတို့ ပြန်လာခဲ့ပြီး စားဝတ်နေရေးအတွက် ပုံမှန်အတိုင်း နေ့စားလက်ဖက်သွားခူးရန် သူငယ်ချင်း(၄)ယောက်အတူ သွားနေကျလမ်းအတိုင်း သွားခဲ့ကြရာမှ မအေးငွေတစ်ယောက် မြေမြုပ်မိုင်းနင်းမိခဲ့ပြီး ဘယ်ဖက်ခြေထောက်ဒဏ်ရာရခဲ့သည်။ မိုင်းအသေးဖြစ် သောကြောင့် ခြေထောက်ကိုသာထိမှန်ခဲ့ပြီး ကြိုးဆွဲမိုင်းမဖြစ်သည်ကို သူက ကျေးဇူတင်သည်ဟု ဆိုသည်။ ကြိုးဆွဲမိုင်းသာဖြစ်ပါက မိမိသာမက ကျန်သူငယ်ချင်း(၃)ယောက်ပါ အသက်ရှင်မည် မဟုတ် ကြောင်း ပြောပြသည်။
“ညနေ(၃)နာရီကျော်လောက်ကထိတာ ည(၁၁)နာရီလောက်မှ ကျောက်မဲဆေးရုံကို ရောက်တယ်။ ခြေ ထောက်က ခြေမျက်စိနားကနေ ကျေသွားသလောက်ကို ထိသွားတယ်။ အခုက ခြေမျက်စိအပေါ်ကနေ ဖြတ်လိုက်ရတာပါ။ စိတ်အားတော့မငယ်ပါဘူး။ စိတ်အားငယ်ရင် မိုင်းထိတဲ့အချိန်ထဲက သေပီ၊ ဒါက ကျမရှေးကုသိုလ်ကံပါလာလို့ (၄)ယောက်သွားတာတောင် ကျမကိုဘဲ ရွေးထိတာဆိုတော့ ကျမကံက ဖြစ်တာကိုး။ မိသားစုအတွက် စိတ်ကိုတော့ တတ်နိုင်သလောက် တင်းထားပါတယ်” ဟု မအေးငွေက ပြောသည်။
ရွာအနီးတစ်ဝိုက်နှင့် လက်ဖက်ခြံတောင်ယာများတွင် မြေမြုပ်မိုင်းများ မကြာခဏတွေ့ရသော်လည်း တာဝန်ရှိသူများမှ ရှင်းပေးခြင်းမရှိသောကြောင့် သွားလာရာတွင် စိတ်လုံခြုံမှုမရှိသဖြင့် သွားလာ လုပ်ကိုင်လိုစိတ်ပင် မရှိတော့ကြောင်း၊ နောက်ထပ်လည်း မမြင်နိုင်သော မိုင်းတွေကြားထဲ လုပ်ကိုင် စားသောက်ရမည်ဆိုလျှင် အဆင်ပြေမည်မဟုတ်သောကြောင့် မိုင်းပြဿနာကို ဖြေရှင်းပေးစေချင်သည် ဟုဆိုသည်။ လူထုအနေဖြင့် နှစ်ဖက်စလုံးကို ကြောက်နေရသောကြောင့် လူထုမှ ထုတ်ဖော်တောင်း ဆိုရန်မလိုဘဲ တာဝန်ရှိသူများမှ တာဝန်ရှိသည့်အတိုင်း လူထုလုံခြုံရေးအတွက် စီစဉ်ပေးစေလိုကြောင်း မအေးငွေ၏ခင်ပွန်းဖြစ်သူ ကိုမောင်ထောက်ကလည်းပြောသည်။
ကျောက်မဲမြို့၊ နမ့်ဆန်မြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲဆိုသည်မှာ ကလေးများသေနတ်ပစ်တမ်းကစားနေ သကဲ့သို့ အမြဲမပြတ်ရှိနေပြီး အများပြည်သူ အသုံးပြုနေသည့် ကျေးရွာချင်းဆက်သွယ်သောလမ်းများ ပေါ်တွင် အဖြစ်များသည်။ မြေမြုပ်မိုင်းများကို လက်ဖက်ခြံ ယာခင်းများတဝိုက်တွင် တွေ့ရသော်လည်း ကြိုးဆွဲမိုင်းများကို လမ်းများ၏အနီးပါတ်ဝန်းကျင်တွင် အများဆုံးတွေ့ရသည်။
အိုမ်တမောဝ်လူမှုကူညီရေးအသင်းမှ သူတို့စတင်ကူညီချိန်မှစ၍ ယခုကာလအထိ ဖြစ်စဉ်အရေအတွက် ကို အတိအကျ မမှတ်မိသော်လည်း မိုင်းထိလူနာ(၁၂)ဉီးထက်မနည်း ကူညီထားကြောင်းနှင့် တိုက်ပွဲ အတွင်းသာမက တိုက်ပွဲပြင်ပအချိန်များတွင်လည်း ယခုကဲ့သို့ မိုင်းနင်း၍တစ်မျိုး၊ ကြိုးဆွဲမိုင်းထိ၍တဖုံ၊ မကြာခဏအကူအညီပေးနေရကြောင်း၊ ၂၀၁၈ ခုနှစ်တွင် RCSS မှထောင်ထားသော ကြိုးဆွဲမိုင်းကြောင့် အမျိုးသားတစ်ဉီး ဒဏ်ရာရပြီး အမျိုးသမီးတစ်ဉီးသေဆုံးခဲ့ကြောင်း၊ စစ်ပွဲပြင်ပကာလများတွင် မိုင်းထိ လူနာများ ပိုတွေ့ရပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် မိုင်းထိလူနာ(၆)ဦးထက်မနည်း အကူအညီ ပေးခဲ့ရ ကြောင်း ပြောပြသည်။
မအေးငွေအပါအဝင် မိုင်းထိသူ အမျိုးသမီး(၄)ယောက်ကို ကူညီခဲ့ရာ (၂)ဉီးမှာ သေဆုံးသွားခဲ့သည်ဟု ကျောက်မဲမြို့ အခြေစိုက် အိုမ်တမောဝ် လူမှု့ကူညီရေးအသင်း၏ ပြန်ကြားရေး တာဝန်တာဝန်ခံ ကိုစမိုင် က ပြောသည်။
“ တိုက်ကြတဲ့နှစ်ဖက်လုံးကိုပြောချင်တာက ဘယ်လိုဘဲဖြစ်ဖြစ် ကျွဲနှစ်ကောင်ခတ်ရင်တော့ ကန်သင်း ပျက်တာဘဲ။ ပြည်သူကိုကာဗာယူပြီးလုပ်တာမျိုး မဖြစ်စေချင်ဘူး။ ငြိမ်းချမ်းသွားပြီ ရွာပြန်လို့ရပြီဆိုတဲ့ ခွင့်ပြုချက်ရလို့ စစ်ရှောင်တွေ အိမ်ပြန်ရွာပြန်ကြတာ၊ နယ်မြေရှင်းလင်းဖို့ သူတို့ကိုဘဲ အားကိုးရမှာလေ။ တပ်မတော်မှမဟုတ်ဘူး၊ တစ်ဖက်လက်နက်ကိုင်တွေအနေနဲ့လည်း ပြည်သူတွေ တကယ်ယုံကြည်တဲ့ အဖွဲ့အစည်းဖြစ်ချင်ရင် ကိုယ်လုပ်ခဲ့တာကို ကိုယ်ကိုယ်တိုင် တာဝန်ယူပေးပါလို့ပြောချင်ပါတယ်” ဟု ကိုစမိုင်မှ ဆက်ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း အချို့ဒေသများသည် စစ်ဧရိယာများဖြစ်နေပြီး ထိုစစ်ပွဲများသည် လူအသွား အလာများသောလမ်းများ၊ လုပ်ကိုင်စားသောက်သောနေရာများတွင် အဖြစ်များလျက်ရှိကြောင်း၊ တိုက်ပွဲ အတွင်း အသုံးပြုခဲ့သော ပေါက်ကွဲစေတတ်သည့် အရာများကို စစ်ပွဲများပြီးချိန်၊ ဆုတ်ခွာသွားချိန်မျိုး တွင် ကိုယ်အသုံးပြုခဲ့သည့်နေရာများကို ရှင်းလင်းပေးခြင်း၊ (သို့မဟုတ်) မည်သည့်နေရာများတွင် မိုင်း ထောင်ထားသည်၊ မိုင်းရှိသည်ဆိုသည်ကို လူထုကို အသိပေးမှုများ၊ မသွားရဟူသည့် ကန့်သတ်နယ် မြေသတ်မှတ်မှုတို့ ပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်ပေးလျှင် အဆင်ပြေနိုင်ကြောင်း၊ ထိုသို့တာဝန်ယူလျှင် လူထုမှ မိမိကိုယ်ကို ကာကွယ်နိုင်ပြီး ထိခိုက်မှုလည်း တော်တော်လျော့နည်းသွားမည်ဟု အိုမ်တမောဝ် လူမှုကူညီရေးအသင်းမှပြောဆိုသည်။
စစ်ပွဲဖြစ်လျှင် လူထုမှ ရှောင်ပြေးကြရပြီး ထိုအထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များက ထိုအကျိုး ဆက်များကို ပိုမိုခံစားကြရကာ စစ်ပြီးဆုံးချိန်အထိ စိတ်ဒဏ်ရာများစွာဖြင့် ကျန်ရစ်ခဲ့ကြရသည်။ စစ် ပွဲဖြစ်ချိန် ထိမှန်သောလက်နက်က မည်သူ့လက်နက်ဆိုတာ သေချာမသိနိုင်သဖြင့် စစ်ဖြစ်သောအဖွဲ့ များတွင် တာဝန်ရှိသည်၊ အစိုးရနှင့် တပ်မတော်တို့မှ ပိုမိုတာဝန်ရှိသဖြင့် အစိုးရအနေဖြင့် အသက်ဆုံး သွားသူများ၊ ယခုကဲ့သို့ ထိခိုက်မိသောသူများအပေါ် တစုံတရာ ပြန်လည်ကုစားထူထောင်ပေးတာမျိုး ရှိစေချင်သည်ဟု ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အခြေစိုက်သော တအာန်းအမျိုးသမီးအဖွဲ့ အစည်းမှ ပြောရေးဆိုခွင့်ရှိသူ အလုပ်အမှုဆောင်ကော်မတီဝင် လွေးချိဆငါးမှပြောသည်။
သေနတ်သံမကြာခဏ ကြားနေရသောအခြေအနေတွင် ခြေထောက်တစ်ဖက်မရှိသော မအေးငွေအတွက် ရွာမှာပြန်နေမည်ဆိုသည့်အတွေးမှာ စိတ်ကူးယဉ်သက်သက်သာဖြစ်နေသည်။ ဝမ်းစာအတွက် နေ့စားအ လုပ်ကိုလည်း သူလုပ်နိုင်တော့မည်မဟုတ်သလို ခြေထောက်တစ်ဖက်ဆုံးရှုံးရသောကြောင့် မိသားစု အပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်မည်ကို ပူပန်နေသည်။ ထို့ကြောင့် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်နှင့် မိသားစုကို ကူညီနိုင်ရန်အတွက် ယခုချိန်မှာတော့ ခြေတုတပ်ခွင့်ရရန်သာ မအေးငွေက မျှော်လင့်လျက်ရှိသည်။
“အနာပျောက်မှ ခြေအတုက တပ်လို့ရမှာ။ အတုတပ်ရဖို့ကလည်း မျှော်လင့်ချက်တစ်ခုပါဘဲ။ အနာ သက်သာဖို့လည်း ကြာဉီးမှာ၊ အခုလောလောဆယ်တော့ အခြားအဖွဲ့ကပေးတဲ့အလှူငွေနဲ့ ယောက်ျားရှာ လာတဲ့ငွေနဲ့သုံးနေတာ၊ ဆေးရုံကလည်း အားလုံးမပေးနိုင်ဘူးလေ၊ အနာပျောက်တဲ့အထိဆိုရင် ဒါက ဘယ်လောက်ခက်ခဲမလဲဆိုတာ မသိတော့ဘူး။ လိုအပ်ရင်တော့ အမေတို့နားက ယူသုံးရမှာ၊ အမေ တို့လည်း အဆင်ပြေတဲ့သူမဟုတ်တော့ လောက်ငှဖို့က မလွယ်ပါဘူး။ ဒီလိုဘဲ ချေးငှားပြီး ကုရမှာပေါ့။ ကျမကလေးတွေအတွက်လည်း ဘယ်လိုရှေ့ဆက်ရမလည်း မစဉ်းစားနိုင်သေးဘူး” ဟု မအေးငွေက ခပ်ဆိုင်းဆိုင်းဖြင့် ပြောပြသည်။
စစ်ရှောင်ဘဝမရောက်စဉ်ကတည်းက နေ့စားရသောပိုက်ဆံသည် ကလေးသုံးယောက်အတွက် မလောက်ငှနိုင်သောကြောင့် သားအကြီး (ကိုရင်)နှင့် သမီးအကြီး(ဆရာလေး) တို့(၂)ဉီးကို ရွာဘုန်းကြီး ကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေခိုင်းရသည်။ ဘုန်းကြီးကျောင်းဖြစ်သဖြင့် ကျောင်းလခ၊ စား စရိတ်များ ပေးစရာမလိုဘဲ ဘုန်းကြီးမှ စောင့်ရှောက်ထားပေးသည်။ သို့သော်လည်း ရွာဘုန်းကြီး ကျောင်းဖြစ်သည့်အတွက် ပြည့်စုံခြင်းမရှိပါ။ ကျေးရွာမှလှူဒါန်းသော လှူဖွယ်များ၊ ကလေးမိဘများမှ ပို့ပေးသော ဟင်းသီးဟင်းရွက်များဖြင့်သာ ကျောင်းသား(ကိုရင်နှင့်ဆရာလေး) အယောက်(၃၀)ခန့်ကို စောင့်ရှောက်ပေးထားခြင်းဖြစ်သည်။ မအေးငွေတို့လည်း မိမိတို့တတ်နိုင်သမျှ ဟင်းသီးဟင်းရွက်ဟင်း စားများကို လစဉ်ကျောင်းသို့ ပေးလှူခဲ့သော်လည်း ယခုအခြေနေမျိုးတွင် ကလေး(၂)ယောက်အတွက် ဟင်းစားပို့ပေးရန်ပင် မလွယ်ကူတော့ပေ။
“အငယ်ဆုံးသမီးက (၃)နှစ်ဘဲရှိသေးတယ်။ တစ်ခါမှ သူနဲ့ ခွဲမအိပ်ဖူးဘူး။ ဆေးရုံခေါ်လာလို့လည်း မရဘူးလေ။ ကလေးက ထမင်းလည်းမစားဘူး။ ညလည်းမအိပ်နိုင်ဘူး။ ပိန်သွားတယ်။ သူနေမကောင်း ဖြစ်သွားမှာ စိုးရိမ်နေတယ်။ ခုက ရွာပြန်နေဖို့လည်း အဆင်မပြေတော့ ကျောက်မဲမှာဘဲနေတော့မယ် လို့စဉ်းစားနေတယ်။ အကြီးနှစ်ယောက်ကိုလည်း ကျမတို့နဲ့အတူ ပြန်ခေါ်ထားမှရမယ်။ ဒီလိုပုံစံနဲ့ ကလေးတွေရှေ့ရေးက ဘယ်လိုဖြစ်လာမလဲဆိုတာ ကျမမတွေးရဲဘူး” ဟု မအေးငွေက ပြောသည်။
စစ်ပွဲ၏ ဆိုးမွေတစ်ခုဖြစ်သော မြေမြုပ်မိုင်းဒဏ်ကို လက်ငင်းခံစားလိုက်ရသော မအေးငွေသည် မိသား စုရပ်တည်ရေး၊ သားသမီးပညာရေး၊ စားဝတ်နေရေးတို့အတွက် မည်သို့ဖြေရှင်းရမည်ကိုမသိဘဲ ဆေးရုံ ကုတင်ထက်တွင်ထိုင်လျက် ဖြတ်ထားသော သူ၏ခြေထောက်ကိုသာ သဲသဲမည်းမည်း စူးစိုက်ကြည့်နေ သည်။
အချိန်တိုင်းတွင် သူ၏မိသားစုရှေ့ရေးကိုသာ တွင်တွင်တွေးလျက်ရှိပြီး မှေးမှိန်နေသော မအေးငွေ၏ မျက်ဝန်းများက မျှော်လင့်ချက်မဲ့နေသော သူ၏အတွေးများကို အထင်းသားဖော်ပြလျက်ရှိနေသည်ကို တွေ့ မြင်ရမည်ဖြစ်ပေသည်။