Home ဆောင်းပါး အမျိုးသမီးအဖွဲ့များကို ပြည်နယ်အစိုးရက ပိုထိန်းချုပ်နေသလား..

အမျိုးသမီးအဖွဲ့များကို ပြည်နယ်အစိုးရက ပိုထိန်းချုပ်နေသလား..

ယုငယ်။ ။

ကယားပြည်နယ် (ကရင်နီပြည်) တွင် ကရင်နီမျိုးနွယ်စု(၉)စုဖြစ်သော ဂေခို၊ ဂေဘား၊ ကယန်းပဒေါင်၊ တငန် (ခေါ်) ယင်းဘော်၊ မနုမနော၊ ကယော၊ ပရဲ၊ ကယားနှင့် ယင်းသလဲ ဟု မျိုးနွယ်စု (၉)မျိုးရှိပြီး အခြားသော တိုင်းရင်းသားများလည်း နေထိုင်ကြသော ပြည်နယ်တစ်ခုဖြစ်သည်။ ခရိုင်(၂)ခု၊ မြို့နယ် (၇)ခုဖြင့် ဖွဲ့စည်းထားပြီး ကယားပြည်နယ်၏ မြို့တော်လွိုင်ကော်တွင် သမိုင်းဝင်တောင်ကွဲစေတီ တော်နှင့်အတူ အခြားသမိုင်းဝင် စေတီပုထိုးများ၊ စောဖျာတို့၏ ဟော်နန်းများလည်းရှိပြီး ရေတံခွန် စိမ့်စမ်းများနှင့်အတူ မြို့လည်ဗဟိုမှ ဖြတ်သန်းစီးဆင်းနေသော ဘီလူးချောင်းသည်လည်း ကယားပြည် နယ်၏ အသက်သွေးကြော၊ အလှတရားဖြစ်သည်။ လောပိတရေအားလျှပ်စစ်စက်ရုံနှင့် မော်ချီးသတ္တု တွင်းတို့တည်ရှိသော ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု နောက်ကျသော ပြည်နယ်များ အနက် တစ်ခုအပါအဝင်ဖြစ်သည်။

ဖွံဖြိုးမှုနောက်ကျနေသောပြည်နယ်ဖြစ်သည့်အလျောက် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေများအရ ကယားပြည်နယ်တွင် ဒေသဖွံ့ ဖြိုးရေးအတွက် လာရောက်လုပ်ကိုင်နေကြ သော NGO/ INGO များ (နိုင်ငံတကာမှဖွဲ့စည်းထားသည့် အစိုးရနှင့် မသက်ဆိုင်သော အဖွဲ့အစည်းများ)၊ CSO/ CBO များ (လူထုအခြေပြုအဖွဲ့အစည်းများ) လူငယ်အဖွဲ့အစည်းများ များစွာရှိနေကြသည်။ ထိုအ ဖွဲ့အစည်းများထဲတွင် ဒေသခံတိုင်းရင်းသားအမျိုးသမီးများဖြင့် ဖွဲ့စည်းထားသော အမျိုးသမီးအဖွဲ့များ ကိုလည်း နိုင်ငံရေး၊ လူမှုရေးတက်ကြွသောအဖွဲ့အစည်းများအဖြစ် တွေ့မြင်နိုင်သည်။ ထိုအမျိုးသမီးအဖွဲ့ များသည် အဓိကအားဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးရေး၊ အသိအမြင်နှင့် အသိပညာတိုးတက်ရေး၊ အမျိုး သမီးများပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးတွင် အမျိုးသမီးများ ပါဝင်လာနိုင် ရေးတို့အတွက် သင်တန်းများ၊ ဆွေးနွေးပွဲများ၊ အထိမ်းအမှတ်ပွဲများ၊ အခမ်းအနားများနှင့် ခေါင်းစဉ် အလိုက် လှုပ်ရှားမှုများကို ပြည်နယ်ထဲတွင် ပြုလုပ်လျက်ရှိသည်။

ယခုနောက်ပိုင်းတွင် အမျိုးသမီးအဖွဲ့များ၏ဆွေးနွေးပွဲများ၊ အထိမ်းအမှတ်အခမ်းအနားများကို ပြည် နယ်အစိုးရမှ တိုက်ရိုက်သော်လည်းကောင်း၊ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများသို့ သတိပေးစာများ ပေးပို့ ခြင်းဖြင့်လည်းကောင်း တားမြစ်ပိတ်ပင်လာသည်ကိုတွေ့ရှိရသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်လည်း ကယားပြည်နယ်အခြေစိုက် ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)မှဉီးဆောင်ပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဘောလခဲမြို့နယ်အာဏာပိုင်များမှ လာရောက်တားမြစ်ပိတ်ပင်ခဲ့သဖြင့် တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုလုပ်ဆောင်နေသော (၁၆)ရက်တာ ဖဲကြိုးဖြူလှုပ်ရှားမှုအစီအစဉ်ကို ရပ်နားခဲ့ရသည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရှမ်းပြည်တောင်ပိုင်းမိုးဗြဲမြို့၊ ဖယ်ခုံမြို့နှင့် ကယားပြည်နယ်၊ ဒီမောဆို မြို့နယ်၊ မြလဲကျေးရွာတို့တွင် ကယန်းအမျိုးသမီးအစည်းအရုံး(KyWO)မှ ဉီးဆောင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါသည်။ ကယန်းအမျိုးသမီးအစည်းအရုံးသည် ၂၀၀၈ ခုနှစ်က ထိုင်းမြန်မာ နယ်စပ်တွင် စတင်ဖွဲ့တည်ထောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် ပြန်လည် အခြေစိုက်သော အမျိုးသမီးအဖွဲ့အစည်းဖြစ်သည်။ ကယန်းအမျိုးသမီးအဖွဲ့မှ ဉီးဆောင်ကျင်းပသော ထို ဆွေးနွေးပွဲကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာလူထု အမျိုးသမီး၊ အမျိုးသားများ ပါဝင်တက် ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် CEDAW ( အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်)၊ UNSCR- 1325(ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ ဆုံးဖြတ်ချက်အမှတ်)၊ UNSCR – 1325 (ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာဆုံးဖြတ်ချက်အမှတ်) အပေါ် အကောင်ထည်ဖော်မှုရှိမရှိ၊ ငြိမ်းချမ်းရေးဖြစ်စဉ် တွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေးနှင့် အမျိုးသမီးအခွင့်အရေးကို အမျိုးသမီးများကိုယ်တိုင်နှင့် ဆုံး ဖြတ်ချက်ချသောအခန်းကဏ္ဍတွင်ရှိနေသူများ ပိုမိုသိရှိနိုင်ရေး စသောခေါင်းစဉ်များကို အဓိကထား ဆွေး နွေးခဲ့ကြသည်။

“အဓိကကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သုံးသပ်အကြံပြုချက်နဲ့ ပါတ်သက်ပြီး လုပ်ထားတဲ့ ဆွေး နွေးပွဲဖြစ်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးများအသံပိုထွက်လာဖို့၊ ဆုံးဖြတ်ချက်ချတဲ့အခန်း ကဏ္ဍနဲ့ အမျိုးသမီးတွေရဲ့အသံကို မီဒီယာကနေတဆင့် တည်ပေးနိုင်ဖို့အတွက် အမျိုးသမီးအခွင့်အရေး တွေကို အမျိုးသမီးများကိုယ်တိုင်နဲ့ ဆုံးဖြတ်ချက်ချတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတ်သက်နေသူတွေလည်း သိနိုင်ဖို့ ရည်ရွယ်တယ်” ဟု ကယန်းအမျိုးသမီး အစည်းအရုံး အတွင်းရေးမှူး (၁) မူအဲမာရီမှပြောသည်။

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့တို့တွင် ထိုဆွေးနွေးပွဲကို အခက်အခဲမရှိ ပြုလုပ်နိုင်ခဲ့သော်လည်း၊ ဇန်နဝါရီလ(၂၂)ရက်နေ့ ကယားပြည်နယ်၊ ဒီမောဆိုမြို့ မြလဲကျေးရွာမှာ ပြုလုပ်သော ဆွေးနွေးပွဲအပြီး ခွင့်ပြုချက်တစုံတရာတောင်းခံခြင်းမရှိဘဲ ပြုလုပ်သည်ဟုဆိုကာ ဒီမောဆိုမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေး မှူးရုံးက မြလဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ နောက်ဆုံးအကြိမ် သတိပေးစာ ပေးပို့ခဲ့ပါသည်။

ကယန်းအမျိုးသမီးအစည်းရုံး၏ အခြားပစ်မှတ်နယ်မြေများဖြစ်ကြသော နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့၊ ရှမ်းပြည်တောင်းပိုင်းဆီဆိုင်မြို့၊ ဖယ်ခုံမြို့၊ မိုးဗြဲမြို့၊ ကရင်ပြည်နယ်သံတောင်မြို့များတွင် ဆွေးနွေးပွဲများ၊ သင်တန်းများကို အနှောက်အယှက်မရှိဘဲ ပြုလုပ်နိုင်ခဲ့သည်။ ရှမ်းပြည်တောင်ပိုင်း ပင် လောင်းမြို့တွင် သင်တန်းများစတင် ပြုလုပ်စဉ်က မြို့နယ်အုပ်ချုပ်ရေးရုံးမှ ပိတ်ပင်တားဆီးမှုရှိခဲ့သော် လည်း ယခုနောက်ပိုင်းတွင် အုပ်ချုပ်ရေးရုံးနှင့် ချိတ်ဆက်မှု အားကောင်းလာသောကြောင့် ပိတ်ပင်တား ဆီးခြင်းများ မရှိတော့ဟု သိရသည်။

“ကယားပြည်နယ်မှာတော့ မြို့ပေါ်မှာဘဲလုပ်လုပ် ကျေးရွာမှာဘဲလုပ်လုပ် အစိုးရက ပိတ်ပင် တာမျိုး ခဏခဏကြုံရတယ်။ အစိုးရစာထုတ်တာမျိုး၊ ကျေးရွာအုပ်ချုပ်ရေးမှုးကိုယ်တိုင်က ခွင့် မပြုဘူး။ ဘာလို့လဲဆိုရင် ဘယ်အဖွဲ့ဘဲလာလာ လက်မခံဖို့ ထွေအုပ်က ထုတ်ပြန်ထားတယ်လို့ ပြောတယ်။ ကယားပြည်နယ်မှာ အဓိက ပိုပြီးကြုံတွေ့နေရတယ်” ဟု ကယန်းအမျိုးသမီး အစည်းအရုံး၏အတွင်းရေးမှူး (၁) မူအဲမာရီမှပြောသည်။

အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဒီမိုကရေစီတည်ထောင်မည့် နိုင်ငံများအတွက် အထောက်အကူ များစွာပြုနိုင်သော အခန်းကဏ္ဍတွင် ရှိနေပြီး နိုင်ငံရေး၊ ငြိမ်းချမ်းရေးတို့တွင် အမျိုးသမီးများပိုမို ပါဝင် နိုင်စေရန်နှင့် အမျိုးသမီးများကိုယ့်ကိုကိုယ် ယုံကြည်မှုများ မြှင့်တက်လာစေရန် အမျိုးသမီးအရေး လှုပ်ရှားနေသော အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုအားပေးရန် လိုအပ်သည်။

“အမျိုးသမီးရေးရာတွေအတွက် လှုပ်ရှားနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတိုင်းအတွက် ဝမ်းသာ တယ်။ ကြိုဆိုတယ်။ ဘာလို့လဲဆိုရင် ကျမတို့အမျိုးသမီးနိုင်ငံရေးသမားတွေ နိုင်ငံရေးရဲ့ အခန်း ကဏ္ဍမှာ တာဝန်ယူပြီး ဆောင်ရွက်ရတဲ့အခါ စိန်ခေါ်မှုတွေအများကြီး ကြုံတွေ့ရတယ်၊ ဒီလို အဖွဲ့တွေရဲ့ ကူညီပေးမှုကြောင့် နိုင်ငံရေးအရ အသိအမြင် ရေချိန်မြင့်မားတဲ့သူတွေကြားထဲ ရောက်သွားတဲ့အခါ ကျမတို့အတွက် လှုပ်ရှားမှုက သက်သောင့်သက်သာရှိတယ်” ဟု ကယား ပြည်နယ်၊ ရှားတော မဲဆန္ဒနယ်လွတ်တော်အမတ် ဒေါ်ဝင့်ဝါထွန်းမှပြောသည်။

ပြည်နယ်တွင်းရှိ အမျိုးသမီးများအပါအဝင် လူထုတစ်ရပ်လုံးအတွက် လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့် အရေး၊ ကယားပြည်နယ် (ကရင်နီပြည်) ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များ၊ ကျားမတန်းတူရေး စသော အသိ ပညာအမြင်ဖွင့်သင်တန်းများ ဆွေးနွေးပွဲများကို ကယားပြည်နယ်အတွင်းရှိ အမျိုးသမီး အဖွဲ့အစည်းများ ကသာ မြို့ပေါ်တွင်သာမက ဝေးလံခေါင်ဖျားကျေးရွာများအထိ သွားရောက်ကာ ထိထိရောက်ရောက် သွားရောက်လုပ်ဆောင်နေခြင်းဖြစ်သည်။

ထိုသို့ ဆွေးနွေးပွဲများ၊ သင်တန်းများပြုလုပ်ခဲ့သဖြင့် အမျိုးသမီးအများစုသည် ၎င်းတို့၏ အခွင့်အရေး များ၊ ချိုးဖောက်ခံရမှုများ၊ အကြမ်းဖက်မှုများ၊ ခွဲခြားဆက်ဆံခံရခြင်းများအတွက် အသိပညာများ တိုး ပွားလာခဲ့သည်။ အမျိုးသမီးထုအသံများကိုလည်း ပြည်နယ်အတွင်း အခွင့်အာဏာရှိသူများ၊ လုပ်ပိုင်ခွင့်ရှိ အစုအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများသို့ သွားရောက်ဆွေးနွေးပြီး စည်ရုံး လှုံ့ဆော်မှုများလည်းပြုလုပ်နိုင်ခဲ့ကြသဖြင့် အမျိုးသမီးအဖွဲ့များက ပြည်နယ်အစိုးရ၏ ဒီမိုကရေစီစနစ် ကို တန်ဖိုးထားသော လုပ်ဆောင်မှုများကို မျှော်လင့်နေကြခြင်းဖြစ်သည်။

“ကျမတို့ပြည်နယ်အတွက် အမျိုးသမီးအဖွဲ့တွေက အရမ်းကိုလိုအပ်တယ်၊ ဘာလို့လဲဆို လိုအပ် တဲ့ အသိပညာပေးမှုတွေ အမျိုးသမီးတွေတင် မကဘူး၊ အမျိုးသားတွေပါ လိုက်ပြီးပေးနိုင်တာ က ဒီအမျိုးသမီးအဖွဲ့တွေဘဲရှိနေတယ်၊ တော်တော်လေးလုပ်ဆောင်နိုင်နေတာလည်းရှိနေတယ်။ ဒါကြောင့် ဒီအဖွဲ့တွေက လူထုတွေနဲ့ထိတွေ့ဖို့ ပေးရမယ့် အသိပညာ ဗဟုသုတတွေ ဆက်ပေးဖို့ လည်း ဒီအမျိုးသမီးအဖွဲ့အစည်းတွေကဘဲ ပိုလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်” ဟု ကရင်နီ အမျိုးသမီးအစည်းအရုံး၏ အတွင်းရေးမှူး(၂)မော်ဖရေးမြာမှပြောသည်။

၂၀၁၇ ခုနှစ်မှစပြီး ဆွေးနွေးပွဲများ၊ သင်တန်းများ၊ အထိမ်းအမှတ်အခမ်းအနားများ ပြုလုပ်လိုပါက (၁၅)ရက် ကြိုတင်ခွင့်ပြုမိန့်တင်ရန် ကယားပြည်နယ်အစိုးရမှ ချမှတ်ခဲ့သည်။ သို့သော်ခွင့်ပြုမိန့်တင် သောအခါတွင်လည်း အကြောင်းအမျိုးမျိုးပြကာ ခွင့်ပြုသည်၊ မပြုသည်ကို အကြောင်းပြန်ခြင်း မရှိခဲ့ဟု အမျိုးသမီးအဖွဲ့များကပြောဆိုသည်။

“၂၀၁၉ – ၂၀၂၀ မှာတော့ ပိုဆိုးလာတာတွေ့ရတယ်။ ကျမတို့က သူတို့ကို ခွင့်ပြုစာတင်တယ်။ စာတင်ရင်လည်း သူတို့ကခွင့်ပြုတာမဟုတ်ဘူး။ (၁)လ (၂)လကြာတယ်။ အဖြေလည်းပြန်မပေး ဘူး။ ဘာမှလည်းခွင့်မပြုဘူးဆိုတော့ သူတို့နဲ့သွားဆွေးနွေးရတယ်။ တခါတလေ သူတို့ပြောတာက အဖွဲ့အစည်းမှတ်ပုံတင်မရှိလို့၊ တရားဝင်အဖွဲ့စည်းမဟုတ်လို့ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးပေး ပြီး မေးခွန်းတွေထုတ်ပြီး တကယ်တန်းကျတော့ ခွင့်မပြုတာမျိုးတွေဖြစ်တယ်။ မြို့နယ်အုပ်ချုပ်ရေး ကလည်း သူတို့က ခွင့်ပြုချင်ပေမယ့် အထက်က သူတို့ကိုအရေးယူမယ်ဆိုတာမျိုး ညွှန်ကြားထား တော့ သူတို့လည်းကြောက်တယ်။ ကျမတို့ကိုပြန်ပြီးဖိနှိပ်လာတာမျိုးရှိတယ်။ အခုက သင်တန်းနေ့ တစ်ပိုင်းလောက်လုပ်ရင်တောင် လူ(၂)ယောက်ထက်ပိုစုရင် ငြိမ်းစုစီဥပဒေနဲ့ အရေးယူလို့ရတယ် ဆိုတာမျိုးပြောလာတဲ့အထိဖြစ်လာတယ်” ဟု ကရင်နီအမျိုးသမီးအဖွဲ့မှ အတွင်းရေးမှူး (၂) မော် ဖရေမြာမှ ဆက်ပြောသည်။

ခွင့်ပြုမိန့်မပေးရုံတင်မက သင်တန်းများပြုလုပ်ရာတွင်လည်း နည်းမျိုးစုံဖြင့် ပိတ်ပင်တားဆီးမှုများကို ကယားပြည်နယ်အတွင်းရှိ အမျိုးသမီးအဖွဲ့များက ကြုံတွေ့နေရသည်ဟုဆိုသည်။ အမျိုးသမီးအဖွဲ့များ အနေဖြင့် MOU (နားလည်မှု့စာချွန်လွှာ) တင်လို့မရသည့်အနေအထားတွင် ပြည်နယ်တွင်း လူထုလိုအပ် ချက်အရ သင်တန်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်နေခြင်းကို ပြည်နယ်အစိုးရနှင့် မြို့နယ်၊ ကျေးရွာ အုပ် ချုပ်ရေးများမှ အကူအညီမပေးလျှင်တောင်မှ ပိတ်ပင်တာဆီးမှုမလုပ်ဘဲ ခွင့်ပြုပေးစေလိုခြင်းဖြစ်သည်။

“တချို့ကိစ္စတွေက စီမံအုပ်ချုပ်မှုပိုင်းနဲ့ တိုက်ရိုက်သက်ဆိုင်တယ်၊ ပြသနာတစ်ခုဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို သေသေချာချာ မသိလို့ ဒီကိစ္စတွေအပေါ် ထူးထူးခြားခြား ထင်မြင်ယူဆချက် တွေ မပေးလိုဘူး၊ မြို့တစ်မြို့မှာ အဖွဲ့အစည်းတစ်ခုအနေနဲ့ရပ်တည်မယ်ဆိုရင် ဒီဥပဒေရဲ့ ပေး ထားချက်အရ မှတ်ပုံတင်လိုက တင်နိုင်သည်ဆိုတဲ့အချက်ကို ယူပြီးတော့ မှတ်ပုံမတင်ဘဲနဲ့ လှုပ် ရှားလို့ရမယ်။ ဒါပေမယ့် အသိပေးအကြောင်းကြားရမယ်။ ဒီလို အဖွဲ့လေးတစ်ဖွဲ့ရှိနေတယ် ဆို တာကိုပေါ့၊ တစ်ခုခုလုပ်ကိုင်ဆောင်ရွက်ချင်တယ်ဆိုရင် ငြိမ်းစုစီဥပဒေနဲ့သော်လည်းကောင်း စုရုံးခွင့်တွေ တင်ရမယ်၊ အုပ်ချုပ်ရေးဌာနက ထုတ်ပြန်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေရှိတာပေါ့။ အဲဒါတွေကို ကိုယ်တိုင်လည်း ပြန်နားလည်ဖို့လိုတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါ ထွန်းမှ ပြောသည်။

ကယန်းအမျိုးသမီးအဖွဲ့မှ မူအဲမာရီကတော့ “ခွင့်ပြုချက်တင်ရင် ခေါင်းစဉ်ကအစ အကုန်ပြောင်းခိုင်း တယ်။ နိုင်ငံရေးတို့ ငြိမ်းချမ်းရေးတို့ သူတို့လက်မခံဘူး။ နောက်ပြီး ကျမတို့က ပြည်နယ်အဆင့် လုပ် တာမဟုတ်ဘူး။ အောက်ခြေအဆင့်မှာလုပ်တာဖြစ်လို့ ခွင့်ပြုချက်တင်စရာမလိုဘူးလို့ ယူဆတယ်” ဟု သူတို့၏သဘောထားကို ယခုလိုဖွင့်ဟသည်။

MOU(နားလည်မှု့စာချွန်လွှာ)ထိုးထားသော NGO/INGO များ (နိုင်ငံတကာမှဖွဲ့စည်းထားသော အစိုးရနှင့် မသက်ဆိုင်သောအဖွဲ့အစည်း) ထက် MOU (နားလည်မှု့စာချွန်လွှာ) မထိုးထားသော လူထုအခြေပြု အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့များက အစိုးရ၏ ပိတ်ပင်တားမြစ်ခြင်းကို ပိုမိုကြုံတွေ့နေကြရသည်။

“ငြိမ်းချမ်းရေးဆိုင်ရာတွေ၊ အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာတွေ ပြုလုပ်နေတဲ့ အမျိုးသမီးအဖွဲ့တွေကို နိုင်ငံသားအခွင့်အရေးအရရော၊ အသင်းအဖွဲ့လွတ်လပ်စွာလုပ်ပိုင်ခွင့်အရရော ပိတ်ပင်တားဆီးနေတာ လုံးဝကို မဖြစ်သင့်ဘူး။ သည်လိုပိတ်ပင်တားဆီးနေမှုကြောင့် ပြည်နယ်တွင်းမှာရှိနေတဲ့ အမျိုးသမီးတွေ အပါအဝင် လူထုအတွက် သတင်းအချက်အလက်ကို ရရှိဖို့နဲ့ နောက်ဆုံးဖြစ်ပျက်နေတဲ့ဖြစ်စဉ်တွေကို သိရှိဖို့။ လိုအပ်တဲ့အနေအထားကို မျှဝေနိုင်မှုတွေ ရရှိဖို့ကို အဟန့်အတားဖြစ်တဲ့အတွက် များစွာနစ်နာ တယ်၊ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ရော gender(ကျားမရေးရာ)ဆိုင်ရာ လေ့လာထားသူတစ်ယောက် အနေနဲ့ရော မြင်တာက ကယားပြည်နယ်အစိုးရအဖွဲနဲ့ အနိုင်ရပါတီက အမျိုးသမီးအဖွဲ့အစည်းများကို လုံးဝလစ်လျုရှုနေတယ်။ ပြည်နယ်ရေးရာကိစ္စတွေမှာ အခြားသော CSO-CBO အဖွဲ့တွေထက် အမျိုး သမီးအဖွဲ့တွေကို အမြဲတမ်း ကန့်သတ်ပိတ်ပင်မှုနဲ့ ပိုပြီးတော့ထိန်းချုပ်လိုတဲ့ပုံစံဖြစ်နေတယ်” ဟု LAIN နည်းပညာအထောက်ကူပြုအဖွဲ့ ဘုတ်ဥက္ကဌ ဦးကျော်ထင်အောင်မှပြောသည်။

ရှားတောမဲဆန္ဒနယ် လွှတ်တော်အမတ် ဒေါ်ဝင့်ဝါထွန်းမှ သူမ၏မဲဆန္ဒနယ်တွင် လာရောက်လုပ်ကိုင် ဆောင်ရွက်ကြမည့် အမျိုးသမီးအဖွဲ့အစည်းများသာမက မည်သည့်အရပ်ဖက်အဖွဲ့အစည်းကိုမဆို တာ ဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှ ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ ညှိနိုင်းပေးဖို့ မည်သည့်အချိန်မဆို နွေးနွေး ထွေးထွေးကြိုဆိုနေသည်ဟုဆိုသော်လည်း အခြားသော ပြည်နယ်တွင်းရှိမြို့နယ်များတွင် ဆွေးနွေးပွဲ များ ဆက်လက်မပြုလုပ်နိုင်မည်ကို အမျိုးသမီးအဖွဲ့များက စိုးရိမ်နေကြသည်။

Author:

Related Articles