Home ဆောင်းပါး မန္တလေးက “မီနီအိုးဝေ” သုံးဘီးမောင်းတဲ့ ခွန်အားရှိသူ မရွှေစင်သူ….

မန္တလေးက “မီနီအိုးဝေ” သုံးဘီးမောင်းတဲ့ ခွန်အားရှိသူ မရွှေစင်သူ….

ယုငယ်။ ။


ဆောင်းကုန်လို့ နွေအကူးကာလ ပူပြင်းလှတဲ့ ဒီလိုအချိန်တွေမှာသာမက (၁၂) လရာသီ၊ တစ်နှစ်ပါတ်လုံး ယာဉ်ကြီး၊ ယာဉ်ငယ်တွေဟာ နိုင်လွန်ကတ္တရာခင်းလမ်းမထက် ဉဒဟိုသွားလာနေကြတာကို နေ့စဉ် မြင်တွေ့ ရမှာဖြစ်ပါတယ်။

ဆိုင်ကယ်၊ စက်ဘီး၊ သုံးဘီးယာဉ်တွေဟာလည်း သူ့ထက်ငါ လိုရာရောက်ရေး အပြိုင်အဆိုင်၊ အလုအ ယက်၊ အပြေးအလွှား သွားလာနေကြပြီး ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်များ ပျားပန်းခတ်မျှ လှုပ်ရှား သွားလာနေတဲ့မြို့ကြီးကတော့ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော် မန္တလေးမြို့ကြီးဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်လောက်ကစပြီး မန္တလေးမှာ ခရီးသွားများအတွက် နေလုံမိုးလုံနဲ့ သက်သောင့်သက်သာ ဖြစ် စေလို့ ရပ်ဝေးရပ်နီးခရီးသွားများမှအစ ကျောင်းသူကျောင်းသားများအဆုံး နှစ်သက်သဘောကျကြတဲ့ မီနီအိုးဝေ ခေါ် သုံးဘီးတက္ကစီလေးများ စတင်ခေတ်စားလာခဲ့ပါတယ်။

အဖြူရောင်၊ အမည်းရောင်၊ အဝါရောင်၊ နီညိုရောင်၊ အပြာရောင်နဲ့ အရောင်စုံလှသော သုံးဘီးလေး တွေဟာ ခရီးသွားများအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်လာတဲ့အပြင် ဈေးနှုန်းသက်သာမှုကြောင့်လည်း အသုံးပြုသူများပြားလာပါတယ်။

ဒီလိုများပြားလှသော အရောင်သွေးစုံ သုံးဘီးများအကြား အဖြူရောင်သုံးဘီးတစ်စီးကတော့ သူများနဲ့ မတူ ပိုလို့တမူထူးခြားနေပါတယ်။ သုံးဘီးပိုင်ရှင်မောင်းသူကတော့ “ကျွန်တော်.. ကျွန်တော်” လို့ သုံးနှုန်း ပြောဆိုတတ်ပြီး ဖော်ရွေတဲ့အသွင်နဲ့ အမြဲပြုံးနေတတ်တဲ့ မရွှေစင်သူ ဖြစ်ပါတယ်။

အသက်(၄၂) နှစ်အရွယ်လို့ မထင်ရလောက်အောင် သွက်လက်နုပျိုနေတတ်တဲ့ မရွှေစင်သူတစ်ယောက် သူ့ရဲ့သုံးဘီးပေါ်မှာ သီချင်းသံမြူးမြူးလေးကိုလည်း ဖွင့်ထားတတ်ပါသေးတယ်။ သူမဟာ အိမ်ရှင်မ ဘဝမှ မိသားစုစားဝတ်နေရေးအတွက် ငွေရှာရသော မိခင်တစ်ဦးလည်းဖြစ်တဲ့အပြင် တစ်ကိုယ်တော် ပရဟိတပေါင်းကူးကွန်ယက်တစ်ခုကို လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။

Photo: Shwe Sin Nyein Thu

မရွှေစင်သူဟာ မန္တလေးမြို့သစ်မှာ ပင်စင်စားမိခင်ကြီး၊ ကွန်ပြူတာတက္ကသိုလ် ပထမနှစ်တက်နေတဲ့ သားဖြစ်သူတို့နဲ့အတူ နေထိုင်ပြီး မေမြို့မှာကျောင်းတက်နေတဲ့ (၇)တန်းအရွယ် သမီးတစ်ယောက် လည်း ရှိပါတယ်။

“ နောက်ပိုင်း ခင်ပွန်းကအသက်ကြီးလာတော့ မိသားစုကိုပြောသလောက် မထောက်ပံ့ပေးနိုင်တော့ဘူး။ လက်ရှိမှာ သူက မိုးကုတ်မှာဘဲနေတယ်၊ ပန်းထိမ်လုပ်တယ်၊ ခု ကျွန်တော်နဲ့ ကျွန်တော့်အမေရယ်၊ သား ရယ်က မန္တလေးမှာအတူနေတယ်၊ သမီးလေးကတော့ မေမြို့မှာ ကျောင်းတက်နေတယ်၊ စားရေး သောက်ရေးအတွက် သုံးဘီးမောင်းတယ်၊ သုံးဘီးမောင်းရင်း ထီလည်းရောင်းတယ်၊ ဒီအလုပ်နဲ့ မိသားစု ရပ်တည်တယ်” လို့ မရွှေစင်သူက ပြောပြပါတယ်။

မရွှေစင်သူဟာ နံနက်(၈)နာရီ မှ ည(၈)နာရီလောက်အထိ ပုံမှန်သုံးဘီးလိုင်းဆွဲလေ့ရှိပြီး၊ တခါတရံ ခရီးသည် အော်ဒါရှိပါက နံနက်(၄)နာရီလောက်တည်းက အလုပ်စရတယ်လို့ ဆိုပါတယ်။ မိသားစုကို ဉီးဆောင်နေရတာကြောင့် သုံးဘီးမောင်းလို့ရရှိတဲ့ဝင်ငွေတစ်ခုတည်းနဲ့ ရပ်တည်ဖို့ မလွယ်ကူတာမို့ အပို ဝင်ငွေရဖို့အတွက် ခရီးသည်မရှိတဲ့အချိန်များမှာတော့ သူ့ရဲ့သုံးဘီးနံဘေးမှာ ထီများကိုချိတ်ဆွဲထားပြီး ရောင်းချပါသေးတယ်။ ခရီးသည်က သုံးဘီးလာငှားရင်တော့ ထီလက်မှတ်များကို သူလွယ်နေကျ အမည်းရောင်အိတ်ကလေးထဲသို့ ထည့်သိမ်းပြီး ဖွင့်ထားတဲ့သီချင်းကိုပိတ်ကာ ခရီးသည်များကို လိုက်ပို့ ပါတတ်တယ်။

“ခရီးသည်ကိုတော့ အမျိုးသမီး၊ အမျိုးသားဆိုပြီး သီးသန့်ခွဲခြားပြီး လိုက်တာမျိုး မရှိပါဘူး၊ တချို့ အမျိုး သမီးခရီးသည်တွေကျတော့လည်း အမျိုးသမီးမောင်းသူနဲ့ပဲ စီးချင်ကြပါတယ်၊ သူတို့အတွက် ပိုလုံခြုံတဲ့ သဘောနဲ့ ကျွန်တော့်ကို ပိုပြီးငှားကြတယ်” လို့ သူပြောပြပါတယ်။

လိမ်ညာသူ၊ မသမာသူ၊ ပေါများနေတဲ့ ယနေ့ခေတ်ကာလကြီးမှာ ခရီးသည်များကလည်း မိမိတို့ စိတ်ချ ရတဲ့အငှားယာဉ်များကိုသာ အသုံးပြုလိုကြပြီး အငှားယာဉ်သမားများမှလည်း မိမိယာဉ်ကိုလာငှားမယ့် ခရီးသည်ကို တဖန်ပြန်စိတ်မချဖြစ်နေရတဲ့အပြင် အမျိုးသမီးဖြစ်နေတဲ့အတွက်လည်း အမျိုးသားများ ထက်ပိုပြီး သတိကြီးကြီးထားရတယ်လို့ မရွှေစင်သူက ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်များမှာ သုံးဘီးသမားတစ်ဉီးကို စွယ်တော်ဘုရားဖက် ခေါ်သွားပြီး ဓါးနဲ့ထောက်ကာ လူ သတ်ပစ္စည်းလုသွားတာမျိုးကြုံရသလို ညအချိန်မြောက်ပြင်ဖက်ငှားသွားပြီး လုယက်တာမျိုးတွေ ရှိတဲ့ အတွက် ခရီးဝေးငှားတဲ့ခရီးသည်များကို အသိမိတ်ဆွေမဟုတ်ရင် သူမလိုက်တတ်ပါဘူး။

Photo: Shwe Sin Nyein Thu

ညအချိန်များမှာ လူပြတ်တဲ့နေရာများ၊ မြို့ပြင်လို ဝေးတဲ့နေရာများကို သွားလေ့မရှိဘဲ အခြားသုံးဘီး သမားအမျိုးသားအများစုရှိရာ ဈေးချို၊ အဝေးပြေးကားဂိတ် စတဲ့နေရာများ၊ အမျိုးသားများနဲ့ အပြိုင် ခရီးသည်ရှာရတဲ့နေရာများကိုလည်း မသွားဘူးလို့ ဆိုပါတယ်။

“ ကိုယ်က ရှောင်သင့်တဲ့နေရာ ရှောင်ပြီးသွားရတော့ အခြားသူတွေလောက်တော့ ဝင်ငွေမရှိဘူး၊ ခုဆို ဝူဟန်( ခိုရိုနာ) ဗိုင်းရပ်စ်ကြောင့် ခရီးသည်တွေ တအားပါးတယ်။ ဟိုတလောကဆို တစ်ပါတ်လောက် ဈေးဉီးတောင်မပေါက်တာမျိုးကြုံရတော့ စိတ်ဓါတ်တွေ အရမ်းကျတယ်၊ ဒါပေမယ့် မိသားစုက ရှိနေ သေးတော့ အားတင်းထားရတာပေါ့” ဆိုပြီး သူ့အခက်အခဲများကိုပြောပြပါသေးတယ်။

မိမိလုပ်နေတဲ့အလုပ်အပေါ် သားသမီးများအတွက် ဝေဖန်ပြောဆိုစရာဖြစ်မှာစိုးရိမ်ပေမယ့် မိသားစုက သူ့ကို လေးစားအားပေးမှုရှိကြောင်း မရွှေစင်သူက ပြောပြသလို သူဟာ အမျိုးသမီးများ လုပ်နေကျ၊ လုပ်ရိုးလုပ်စဉ် မဟုတ်တဲ့အလုပ်ကို ရွေးချယ်ထားတဲ့အတွက် အောင်မြင်မှုပိုရရှိမယ်လို့ ခံယူထားသူ လည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကာယဗလအင်အားအသုံးပြုရမယ့် အချိန်များမှာတော့ သူ့အတွက် အခက်အခဲရှိနေပါ သေးတယ်။ “စက်ချို့ယွင်းတာမျိုးကို ကိုယ်တိုင်ပြင်နိုင်အောင် ကြိုးစားနေတယ်၊ အမျိုးသမီးတွေလည်း ဒီလောက်ကတော့ လုပ်နိုင်ပါတယ်ဆိုတာ ပြနိုင်အောင် ကြိုးစားရမယ်၊ နောက်ပိုင်း အမျိုးသမီး သုံးဘီး အဖွဲ့လေးလုပ်ဖို့လည်း စီစဉ်ထားတယ်၊ စားဝတ်နေရေးအတွက် သုံးဘီးမောင်းနေရတဲ့ အမျိုးသမီးတွေ တွေ့ထားတယ်၊ သူတို့အတွက်လည်း အကူအညီဖြစ်အောင် သူတို့ကိုစည်းရုံးပြီး အဖွဲ့လေးလုပ်ဖြစ်ဖို့ ကြိုးစားနေတယ်” လို့ပြောပြခဲ့သလို တခါတလေ ခရီးသည်များရဲ့ လေးလံတဲ့ပစ္စည်းများ သယ်ယူပေးရ ချိန်တွေမှာ အခက်အခဲဖြစ် ပေမယ့် အားမလျော့ကြောင်း မရွှေစင်သူက ပြောပြပါတယ်။

“ကိုယ့်အမျိုးသမီးအချင်းချင်းကူညီပေးတာမျိုးဆိုတော့ ကျွန်တော်တို့အတွက် စည်းစည်း လုံးလုံးရှိမယ်။ တစ်ယောက်နဲ့တစ်ယောက် အခက်အခဲတွေ ကူညီဖြေရှင်းပေးနိုင်မယ်လေ၊ အဖွဲ့ကို သေချာလေးလုပ် ချင်တယ်၊ ခုလောလောဆယ်တော့ စည်းရုံးရေးဘဲ လုပ်နိုင်သေးတယ်။ အဖွဲ့ကို အကောင်အထည် မဖော်နိုင်သေးဘူး၊ အမျိုးသမီးသုံးဘီးမောင်းသမားစစ်စစ်တွေရှာနေသေးတယ်”

သူဟာ ပရဟိတလုပ်ငန်းများ ကူညီဆောင်ရွက်ရင်း မိသားစုစားဝတ်နေရေးအတွက် အမျိုးသမီး အိုးဝေ (Taxi) ခေါ် သုံးဘီးမောင်းသူတစ်ဦး ဖြစ်လာခဲ့တဲ့အတွက် သုံးဘီးမောင်းရင်း မိသားစုအတွက် အလုပ် လုပ်နေတဲ့ အမျိုးသမီးများအတွက်သာမက သူတို့သားသမီးများ ပညာရေးအတွက်ပါ ကူညီထောက်ပံ့ ပေးနိုင်ဖို့ အဖွဲ့ဝင်မိသားစုများအတွက် သာရေးနာရေးကိစ္စများအထိ အကူအညီပေးနိုင်ဖို့ စိတ်အားထက် သန်နေပါတယ်။

အိုမ်တမောဝ်အဖွဲ့မှ လွေးသန်းနုက သူနဲ့ လွန်ခဲ့တဲ့(၅)နှစ်လောက်က ရင်းနှီးခင်မင်ခဲ့သူ မရွှေစင်သူနဲ့ ပါတ်သက်ပြီး မရွှေစင်သူဟာ သိပ်ပြီးနှူးနှူးညံ့ညံ့ရှိတဲ့ အမျိုးသမီးမျိုးမဟုတ်ဘဲ အလုပ်လုပ်ရာမှာ ဇွဲ ကောင်းသူ၊ တိကျမှုရှိသူ၊ သတ္တိရှိသူလို့ဆိုပါတယ်။

သူဟာမိသားစုအတွက်သာမက မိတ်ဆွေသူငယ်ချင်းများအတွက်ပါ အားကိုးအားထားပြုရသူလည်းဖြစ် သလို “သူဟာ သူ့ကိုယ်သူယုံကြည်မှုရှိသလို စဉ်းစားဆင်ခြင်ဉာဏ်လည်းရှိလို့ သူ့အတွက်သိပ်တော့ စိတ်မပူပါဘူး” လို့လည်း လွေးသန်းနုက ဆက်ပြောပြပါတယ်။

အခုလို ဇွဲသတ္တိရှိတဲ့ မရွှေစင်သူမျှော်မှန်းထားတဲ့ အမျိုးသမီးသုံးဘီးယာဉ်မောင်းအဖွဲ့ အမြန်ဆုံး ပေါ် ပေါက်လာပြီး သူတို့တွေရဲ့မိသားစုဘဝတွေနဲ့အတူ လူ့အဖွဲ့အစည်းအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ အမြန် ဆုံး ဆောင်ကျဉ်းပေးနိုင်ပါစေလို့ ဆန္ဒပြုရမှာကတော့ လူ့ပတ်ဝန်းကျင် ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်း လုပ်ဆောင်နေသူတိုင်းရဲ့တာဝန်ပဲ မဟုတ်ပါလား။

Author:

Related Articles