Home ဆောင်းပါး မိခင်၊ ဇနီးသည် နှစ်ထပ်ကွမ်းဒုက္ခသည်များ

မိခင်၊ ဇနီးသည် နှစ်ထပ်ကွမ်းဒုက္ခသည်များ

 

ခက်ဆစ်။    ။

တောင်တန်းစိမ်းစိမ်းတွေနဲ့ ကုန်းမြင့်နီနီတွေကြား ဒုက္ခသည်တို့စုဝေးရာ သင်္ကေတတစ်ခုဖြစ်တဲ့ အမိုး ပြာပြာအိမ်တန်းလျားလေးတွေကို ခပ်ဝေးဝေးက လှမ်းမြင်နေရပါတယ်။

ဆယ်ခန်းတွဲ ထရံကာနဲ့ အိမ်တန်းလျားတွေရဲ့ အခန်းတစ်ခန်းကနေ အမျိုးသမီးတစ်ယောက်ဟာ (၁) နှစ်အရွယ်ကလေးတစ်ယောက်ကို ကျောမှာပိုးပြီး (၄)နှစ်အရွယ်ကလေးငယ်တစ်ယောက်ကို လက်ကဆွဲကာ အိမ်တန်းလျားရဲ့ အရှေ့ဘက်နားက မီးဖိုဆောင်ထဲကို ဝင်သွားပါတယ်။

“သူဘိန်းဆာလာပြီဆို ကျမတို့ကို ရိုက်သတ်ဖို့လည်း ဝန်မလေးဘူး” လို့ အသက်(၂၄)နှစ်အရွယ် တအာင်းအမျိုးသမီး အန်ထောန်က ဟင်းချက်ဖို့ မီးမွှေးရင်း အသံဝဲ၀ဲဖြင့် ပြောပြပါတယ်။

“အခုတောင် သူမရှိတော့လို့ စားဖို့ဝယ်ထားတာလေးတွေ ရှိနေတာ။ သူရှိရင် အိမ်ကဆန်လဲမရှိဘူး။ ဆီလဲ မကျန်ဘူး။ အကုန်ရောင်းစားတာ။ သူဘိန်းဖိုးရဖို့ပဲ သူသိတယ်။ သူကဆေးသုံးနေရရင် အိမ်မှာမနေဘူး။ သချုႋင်းဇရပ်တွေ ဘာတွေမှာ သွားနေတာ၊ တစ်လနှစ်လနေမှ ပြန်လာတာ” လို့ အန်ထောန်က ဆက်ပြော ပါတယ်။

သူတို့မိသားစုဟာ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေကြောင့် နမ့်ခမ်းမြို့ ဒုက္ခသည်စခန်းကို ရောက် ရှိလာတာဖြစ်ပြီး ဒုက္ခသည်စခန်းကိုရောက်မှ သူမရဲ့အမျိုးသားက မူးယစ်ဆေးကို စတင်သုံးစွဲလာတာလို့လည်း ဆိုပါတယ်။ မူးယစ်ဆေးဟာလည်း ဒုက္ခသည်စခန်းအနီးမှာတင် အလွယ်တကူ ဝယ်ယူရရှိနေတယ်လို့လည်း သိရပါတယ်။

“ကျမသူ့ကို မသုံးဖို့ အကြိမ်ကြိမ်ပြောတယ်။ သူကရှူလည်းရှူတယ်။ ထိုးလည်းထိုးတယ်။ အရင်က အ လုပ်လုပ်ရင် မိသားစုစားလောက်တယ်။ အခုတော့ သူရှာသမျှပိုက်ဆံက သူသုံးဖို့တောင် မလောက်ဘူး”  လို့ အန်ထောန်က ပြောပါတယ်။

ပဋိပက္ခဖြစ်ရာဒေသက အမျိုးသမီးတွေဟာ တိုက်ပွဲကြားပြေးလွှားရ၊ ပုန်းခိုရနဲ့ ဒုက္ခတွေကို ခံစားနေ ရသလို ဒုက္ခသည်စခန်းရောက်ပြန်တော့လည်း အမျိုးသားတွေက မူးယစ်ဆေးသုံးစွဲတာကြောင့် ဆေးစွဲပြီး ဆဲဆိုကြိမ်းမောင်းတာ၊ ရိုက်နှက်တာ၊ စတဲ့အိမ်တွင်းအကြမ်းဖက်မှုဒဏ်တွေကိုလည်း နေ့စဉ်နဲ့အမျှ ခံစားနေကြ ရပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်နေချိန်မှာဆို တောင်ယာအလုပ်သွားရောက်လုပ်ကိုင်ဖို့ တားမြစ်ခံရတာ တွေရှိတာကြောင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲတွေဖြစ်လာသလို တဖက်မှာလည်း အလုပ်အ ကိုင် အဆင်မပြေတာကို အကြောင်းပြုပြီး အမျိုးသားတွေက မူးယစ်ဆေးသုံးစွဲလာတာကြောင့် စားဝတ်နေရေး ပိုမိုကြပ်တည်းလာကြပါတယ်။

“တနေ့ရှာလို့ရတဲ့ ပိုက်ဆံက ၅၀၀၀ လောက်ဆို သူသုံးတဲ့ဆေးဖိုးက တစ်သောင်းလောက်ကုန်တယ်။ အဲဒီတော့အကြွေးတွေလည်း တင်တယ်။ ကျမက အဲဒီတုန်းက ကိုယ်ဝန်နဲ့ဆိုတော့ အလုပ်ထွက်မလုပ်နိုင်ဘူး။ သူများတွေ လာလှူတဲ့ပစ္စည်းတွေဆိုလည်း သူယူပြီး သွားရောင်းစားတယ်။ ရေပုံးတွေ၊ စောင်တွေ၊ အနွေးထည် တွေလည်း အကုန်ရောင်းစားပစ်တယ်။ ကျမက ပြောပြန်ရင်လည်း သူကစကားလာမများနဲ့၊ အကုန်လုံး ခုတ် သတ်လိုက်မယ် ဘာမှတ်နေလဲ။ မင်းတို့ကိုတောင် ရောင်းစားလို့ရရင် ငါအကုန်ရောင်းစားမယ်ဆိုပြီး ခဏ ခဏပြောတယ်” လို့ အန်ထောန်က ပြောပါတယ်။

မူးယစ်ဆေးဝါးကြောင့် ဇနီးသည်တွေ အိမ်တွင်းအကြမ်းဖက်ခံနေရသလို သားယောကျာ်းလေးမွေး ထားတဲ့ မိခင်တွေဟာလည်း မူးယစ်ဆေးရဲ့သားကောင်ဖြစ်နေတဲ့ သားတွေရဲ့ ဆူပူကြိမ်းမောင်းတာ၊ ဆဲဆိုခြိမ်း ခြောက်ပြီး ငွေတောင်းယူတာတွေကို ခံစားနေကြရပါတယ်။

“အရင်ကတော့ သားယောကျ်ားလေးမွေးတာ တအားပျော်ခဲ့တာ။ သားယောကျ်ားလေးမွေးတဲ့ မိခင်က မွန်မြတ်တယ်ပေါ့လေ။ သားသုံးယောက်မွေးလို့ မွန်မြတ်သလားဆိုတော့ သုံးယောက်လုံးက မူးယစ်ဆေးစွဲသွား တော့ ကျမတော်တော်စိတ်ညစ်ရတယ်။ သားအငယ်ဆိုရင် မူးယစ်ဆေးထိုးရင်း သေသွားတာ။ ကျန်တဲ့သားတွေ ကလည်း ခြံတွေလယ်တွေကို တိတ်တိတ်ရောင်းစားကြတယ်။ ကျမသာ သမီးလေးတစ်ယောက်လောက် မွေးခဲ့ ရင် အခုချိန်လောက်ဆို ကျမအတွက် ကူဖော်လောင်ဖက်တော့ ဖြစ်မှာပဲလို့ ကျမအမြဲတွေးနေမိတယ်” လို့ မူး ယစ်ဆေးသုံးစွဲနေတဲ့ သားတွေကြောင့် စိတ်သောကရောက်နေရတဲ့မိခင်တစ်ဦးဖြစ်တဲ့ မအင်က ပြောပါတယ်။

အခုလိုမူးယစ်ဆေးသုံးစွဲမှုကြောင့် အမျိုးသမီးတွေ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံနေရ တာဟာ မိသားစုတစ်ခုတည်းမှာ ဖြစ်နေတာမဟုတ်ပါဘူး။ အချို့ကျေးရွာတွေမှာဆိုရင် မိသားစုဝင်အားလုံးက မူးယစ်ဆေးရဲ့သားကောင်တွေ ဖြစ်နေကြပါပြီ။ ဒုက္ခသည်စခန်းတွေမှာတော့ အဖွဲ့အစည်းတွေရဲ့ အသိပညာ ပေးသင်တန်းတွေ ပြုလုပ်ပေးနေတာကြောင့် အကြမ်းဖက်မှုတွေ လျော့ကျသွားတယ်ဆိုပေမယ့် ဆက်လက် ဖြစ်ပွားနေပါသေးတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ လျော့ကျသွားတာဟာ အမျိုးသားတွေရဲ့ အနိုင်ကျင့်အကြမ်း ဖက်မှုတွေ လျော့ကျသွားတာမဟုတ်ပဲ အမျိုးသမီးတွေက ဖြစ်လာတဲ့ပြဿနာအပေါ် ထိပ်တိုက်မရင်ဆိုင်တော့ပဲ ရှောင်ရှားတတ်လာတာတွေကြောင့်လို့ ဆိုနိုင်ပါတယ်။

“အဖွဲ့အစည်းတွေက အမျိုးသမီးတွေအပေါ် အကြမ်းဖက်တဲ့အကြောင်းတွေ၊ မူးယစ်ဆေးအကြောင်း တွေကို လာပြောတော့ အကြမ်းဖက်မှုတွေက လျော့သွားတယ်။ ဒါပေမယ့် လျော့သွားတယ်ဆိုတာ ယောကျ်ား တွေက မရိုက်တော့တာမျိုး မဟုတ်ဘူး။ အမျိုးသမီးတွေက သူတို့နဲ့ပြိုင်ပြီး ရန်မဖြစ်တော့တာ။ ကိုယ့်ဘက်ကပဲ အလျော့ပေးလိုက်ကြတာ” လို့ ဒုက္ခသည်စခန်းမှာနေထိုင်သူ မအင်ကပြောပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားတွေနှိပ်စက်တာကို မတွန်းလှန်နိုင်တာကြောင့် ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းတစ်ခုအနေနဲ့  လင်ယောကျ်ားတွေရဲ့ စေခိုင်းသမျှကို ပြုလုပ်ပေးနေကြရတာပါ။ လင်ယောက်ျားမူး ယစ်ဆေးသုံးဖို့အတွက် ဇနီးဖြစ်သူက သွားဝယ်ပေးရသလို တခါတလေမှာ ကလေးငယ်တွေကို သွားဝယ်ခိုင်း တာတွေလည်း ရှိနေပါတယ်။

မူးယစ်ဆေးသွားဝယ်ပေးရင်း လမ်းမှာဖမ်းဆီးခံရတာတွေ၊ ချုပ်နှောင်ခံရတာတွေကို အမျိုးသမီးနဲ့ ကလေးငယ်တွေ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

“အမျိုးသားတွေ နှိပ်စက်တဲ့ဒဏ်တွေကို မခံနိုင်လို့ နောက်ဆုံးအမျိုးသမီးတွေကပါ ဆေးသုံးစွဲလာတာ တွေလည်းရှိတယ်။ မခံချင်စိတ်နဲ့ သုံးကြတာတွေလည်းရှိတယ်။ တချို့အမျိုးသားတွေကျတော့ သူတို့ဇနီးတွေ ကိုပါ ဆေးသုံးစွဲခိုင်းတာတွေ ရှိတယ်။ အမျိုးသမီးတွေကို ဆေးဝယ်ခိုင်းတယ်။ ကလေးတွေကို ဆေးဝယ်ခိုင်း တယ်။ အဲဒီတော့ ဖမ်းဆီးတာတွေဖြစ်လာရင် နောက်ဆုံးတော့ အမျိုးသမီးတွေ ဖမ်းမိတာမျိုးရှိတယ်။ အချုပ်ခန်း အထိ ရောက်တာတွေလည်းရှိတယ်” လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း  တာဝန်ခံ လွေးယေစမ်က ပြော ပါတယ်။

ပဋိပက္ခဖြစ်ရာဒေသတွေမှာ အလုပ်အကိုင်အခက်အခဲတွေ၊ ပညာသင်ကြားဖို့ အခက်အခဲတွေကြောင့် လူငယ်တွေဟာ အလွယ်တကူရရှိနေတဲ့ မူးယစ်ဆေးရဲ့သားကောင်တွေ ဖြစ်နေကြပြီး အမျိုးသမီးတွေဟာ အိမ် မှုကိစ္စ၊ ကလေးဝေယျာဝစ္စနဲ့ ဝင်ငွေရှာတဲ့အလုပ်တွေကိုပါ တပြိုင်နက်ထဲလုပ်နေရတဲ့အပြင် ခင်ပွန်းသည်တွေ တွေ မူးယစ်ဆေးသုံးဖို့အတွက် ရှာဖွေပေးနေရတဲ့ တာဝန်ကိုပါ အပိုဆောင်းရယူထားရပါတော့တယ်။

တအာင်းအမျိုးသမီးအဖွဲ့အစည်းအနေနဲ့  မူးယစ်ဆေးနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့အနိုင်ကျင့်အကြမ်းဖက်တာတွေနဲ့ပတ်သက်လို့ အသိပညာပေးပွဲတွေ၊ သင် တန်းတွေ ပို့ချနေပေမယ့်လည်း တရားဥပဒေ စိုးမိုးမှုမရှိတဲ့ ဒေသတွေဖြစ်တာကြောင့် အရေးယူမှုတွေကလည်း အားနည်းနေတဲ့အတွက် ထိရောက်မှုက သိပ်မရှိဘူးလို့ဆိုပါတယ်။

“တချို့လူတွေက ရိုက်နှက်တာတွေရှိတယ်။ သွေးတွေထွက်တဲ့အထိ ရိုက်နှက်တယ်။ လင်မယားကွာ ရှင်းတဲ့အခြေအနေတွေရောက်တယ်။ ကလေးတွေကို သူတို့ယောကျာ်းတွေကလည်း ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုပြီး ခေါ်သွားကြတယ်။ နောက်အဲဒီကလေးတွေကို မစောင့်ရှောက်နိုင်ဘူး။ ကလေးတွေကို ခိုင်းစားတယ်။ သမီးမိန်း ကလေးတွေဆို မိဘကိုပြန်ရှာကျွေးရတဲ့အတွက်  အသက်ငယ်ငယ်လေးနဲ့ အလုပ်လုပ်နေကြရတယ်။ (၁၃)နှစ် (၁၄)နှစ်နဲ့ တရုတ်ပြည်ကိုသွားပြီး အလုပ်ရှာကြတယ်။ နောက်ပိုင်းရောင်းစားခံရတယ်။ လူကုန်ကူးခံရတာ တွေလည်း အများကြီးဖြစ်တယ်။ နောက်ဆက်တွဲဆိုးကျိုးတွေက အမျိုးသမီးတွေဆီပဲ တိုက်ရိုက် သက်ရောက် နေတယ်” လို့ လွေးဟေစမ်ကပြောပါတယ်။

အခုလိုမူးယစ်ဆေးကြောင့် အမျိုးသမီးတွေအပေါ် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်ပေးမှုတွေ မရှိသလို အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှုကို ထိထိ ရောက်ရောက်ကာကွယ်ပေးတဲ့ ဥပဒေဆိုတာလည်း အဲဒီနေရာမှာ ရှိမနေပါဘူး။ ပဋိပက္ခဖြစ်ရာဒေသက အမျိုး သမီးတွေဟာ ဥပဒေရဲ့အကာအကွယ်ကို ရယူခွင့်မရှိသလို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို ထိရောက်တဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေလုပ်ဖို့ အများကြီးလိုအပ်နေပါသေးတယ်။

“မူးယစ်ဆေးသုံးစွဲတာကို ပပျောက်သွားအောင်လုပ်ပေးစေချင်တယ်။ ဒီမူးယစ်ဆေးဝါးကြောင့် အမျိုးသ မီးတွေက ဒုက္ခအများကြီးရောက်ကြတယ်။ ဒီမူးယစ်ဆေးဝါးကြောင့် ပညာတတ်တဲ့သူတစ်ယောက်ဖြစ်နေရင် တောင်မှ ဘာမှအသိဉာဏ်မရှိတော့သလို ဖြစ်သွားတယ်။ မူးယစ်ဆေးဝါးတစ်ခုတည်းနဲ့ လူကိုသတ်နိုင်သလို မိသားစုတစ်ခုလုံးကိုလည်း ဒုက္ခရောက်အောင် လုပ်နိုင်တယ်။ အစိုးရအနေနဲ့ရော သက်ဆိုင်ရာ အဖွဲ့အစည်း တွေအနေနဲ့ရော ဝိုင်းဝန်းကူညီပြီး ဒါကိုလျော့နည်းသွားအောင် လုပ်ပေးစေချင်ပါတယ်” လို့ လွေးယေစမ်က ပြောပါတယ်။

ပဋိပက္ခဒေသတွေကိုကြည့်ရင် စစ်ပွဲတွေကို ဦးဆောင်နေတဲ့ အမျိုးသားတွေနဲ့ မူးယစ်ဆေးဝါးကို မက် မက်မောမောသုံးစွဲနေတဲ့အမျိုးသားတွေကြားထဲမှာ အမျိုးသမီးတွေနဲ့ကလေးငယ်တွေရဲ့ အနာဂတ်ဟာ မှုန်ရီ ေ၀ဝါးလျက်ရှိပါတယ်။

တကယ်တမ်း မူးယစ်ဆေးဝါးသုံးစွဲသူက ယောက်ျားဖြစ်ပေမယ့် ဒီဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတာ က မိန်းမတွေ ဖြစ်နေပါတယ်။

တအာင်းဒုက္ခသည်စခန်းက အန်ထောန်ကတော့ ယောက်ျားဖြစ်သူ မူးယစ်ဆေးသုံးစွဲတဲ့အတွက် ခံစား နေရတဲ့သူ့ဒုက္ခကို အခုလိုပြောပြပါတယ်။

“ကျမတို့ရှာထားတဲ့ ပိုက်ဆံတွေလည်း သူအကုန်လာယူသွားတယ်။ မပေးရင် ကျမကို ထင်းနဲ့ရိုက် တယ်”

ယောကျ်ားတွေ မူးယစ်ဆေးဝါးရဲ့ကျေးကျွန်ဖြစ်နေချိန်မှာ အဖက်ဖက်က ဒုက္ခပင်လယ်ဝေနေကြရတာ ကတော့ မိခင်တွေ၊ ဇနီးတွေနဲ့ ကလေးငယ်တွေ ဖြစ်နေကြပြီး အခုချိန်ထိ သူတို့ကို ဒီဒုက္ခတောထဲက ကယ် တင်နိုင်မယ့်အခြေအနေတွေကလည်း အလှမ်းဝေးနေဆဲပါ။

 

Related Articles