Home ဆောင်းပါး အန္တရာယ်ကျော့ကွင်းထဲဝမ်းစာဖြည့်နေရသူတွေ

အန္တရာယ်ကျော့ကွင်းထဲဝမ်းစာဖြည့်နေရသူတွေ

ရှင်ငြိမ်း။ ။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေအိုင်ဒီအက်စ်)၊ ငွေကြေးခေါင်းပုံဖြတ်တာ၊ ရိုက်နှက်အနိုင်ကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားတာ စတာတွေဟာ မြန်မာနိုင်ငံက လိင်အလုပ်သမတွေ ခေတ်အဆက်ဆက် ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲက အချို့ဖြစ်ပါတယ်။

လိင်အလုပ်သမတွေဟာ မြန်မာနိုင်ငံမှာ ဥပဒေနဲ့ အကာအကွယ်မရတဲ့အပြင် တရားမဝင်အလုပ်လို့ သတ်မှတ်ထားတာကြောင့် အချိန်မရွေးထောင်ကျတဲ့အထိ ဖြစ်သွားနိုင်ပါသေးတယ်။

ထောင်နှုတ်ခမ်းနင်းရတဲ့ အန္တရာယ်များလှတဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းထဲက လိင်အလုပ်သမအချို့ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုမိုဆိုးရွားတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ လိင်အလုပ်သမအချို့က သူတို့ဟာ လိင်ပိုင်း၊ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ အရင်ကထက် ပိုမိုရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အရင်အချိန်တွေတုန်းကတော့ လိင်အလုပ်သမတွေ အကြမ်းဖက်ခံရရင် ကြားဝင်ကူညီပေးကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း(NGOs)တွေ အားကောင်းခဲ့ပေမယ့် အခုအချိန်မှာတော့ NGOs တွေဆီက အလားတူအကူအညီမျိုးရတာ နည်းပါးသွားခဲ့သလို ယိုင်နဲ့လာတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ စီးပွားရေးအခြေအနေတွေကလည်း လိင်အလုပ်သမတွေ ပိုမိုအကြမ်ဖက်ခံကြရဖို့ ဖြစ်လာခဲ့ပါတယ်။

“ဒီကာလမှာ အနိုင်ကျင့်ခံရတာကတော့ အဆိုးဆုံးပါပဲ။ တခါမှမကြုံဖူးခဲ့တဲ့ လိင်ဆက်ဆံနည်းတွေသုံးတယ်။ ငွေမရဘဲပြန် လုယက်ခံရတယ်။ ဒီထဲမှာ အဆိုးဆုံးကတော့ ဆေးကျွေးပြီး လူအများ နဲ့အနိုင်ကျင့်ခံရတာပဲ” လို့ နစ်နာမှုရှိခဲ့တဲ့ လိင်အလုပ်သမ မပြည့်ပြည့်က ဆိုပါတယ်။

ခန္ဓာကိုယ်သွယ်သွယ်၊ အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ မျက်လုံးဝိုင်းဝိုင်းနဲ့ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ပြည့်ပြည့်ကသူဟာ အရင်ကအိမ်အကူလုပ်ခဲ့ပေမယ့် မိသားစုစီးပွားရေးကြောင့် လိင်ဖျော်ဖြေရေးလုပ်ငန်းဆီ ရောက်လာခဲ့ရတာလို့ ဆိုပါတယ်။ မိခင်ဆုံးပါးသွားပြီးနောက် အရက်စွဲပြီး အသည်းကင်ဆာဖြစ်နေတဲ့ သူ့ဖခင်က အိမ်ထောင့်တာဝန် လစ်ဟင်းလာတာကြောင့် ငွေများများနဲ့မြန်မြန်ရတဲ့ အလုပ်ကိုလုပ်ဖို့ သူဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

“ကျမတို့လို ပညာမတတ်တဲ့သူတွေအတွက် အလုပ်ကြမ်းကလွှဲလို့ တခြားအလုပ်မရှိဘူး။ အဲ့ဒီအလုပ်တွေကလည်း စားဖို့တောင်မရတော့ ကျန်းမာရေးဖြစ်လာရင် သေဖို့အပြင် ရွေးစရာမရှိတဲ့ဘဝတွေမို့ ဒီလိုငွေမြန်မြန်ရပြီး များများရတဲ့အလုပ်ကို လုပ်ရတာပါ” လို့ ပြည့်ပြည့်က ရှင်းပြပါတယ်။

ဒီလိင်ဖျော်ဖြေရေးအလုပ်ဟာ ငွေများများနဲ့မြန်မြန်ရတဲ့ အလုပ်ဖြစ်ပေမယ့် ထင်သလောက်လွယ်ကူတဲ့ အလုပ်မဟုတ်ဘူးဆိုတာ ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီလ လောက်က သူကြုံခဲ့ရတဲ့ အကြမ်းဖက်ခံရမှုတွေက သက်သေခံနေပါတယ်။

ထိုနေ့ညက ရန်ကုန်ကနိုက်ကလပ်တခုမှာဆုံခဲ့တဲ့ ဧည့်သည်ကခေါ်ဆောင်သွားတဲ့ ငါးထပ်တိုက်တစ်ခုရဲ့ အပေါ်ဆုံးအခန်းဆီ သူလိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခန်းထဲက မီးရောင်မှိန်မှိန်အောက်မှာ အမျိုးသမီးအချို့နဲ့ အမျိုးသားတစ်ချို့လည်း ရှိနေပါတယ်လို့ သူကပြောပါတယ်။ သူတို့ရောက်တာနဲ့ လူတချို့ ပြန်သွားခဲ့ပြီး ပြည့်ပြည့်အပါအဝင် အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသားသုံးယောက်ကျန်နေခဲ့တယ်။

“သူတို့တွေက အရက်သောက်အုန်းမယ်ပြောတာနဲ့ ကျမတို့လည်း နည်းနည်းလိုက်သောက်တယ်ပေါ့။ အဲ့လိုသောက်ရင်း မူးတာလိုလို ဘာလိုလိုနဲ့လူက ခေါင်းထူမရ၊ လှုပ်မရတဲ့အချိန်မှာ ဝိုင်းပြီးအနိုင်ကျင့်လိုက်တာ။ အောက်ပိုင်းတခုလုံး သွေး တွေဗလပွနဲ့။ တိုက်အောက်ရောက်အောင် မနည်းပြန်ဆင်းခဲ့ရတယ်” လို့ ပြည့်ပြည့်က ရှင်းပြပါတယ်။

ဒီကာလမှာ အခုလိုအကြမ်းဖက်ခံရတဲ့ လိင်အလုပ်သမက သူတစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ အလားတူလုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရပြီး ငွေကြေးနဲ့ ဖုန်းပါယူသွားခံခဲ့ရတဲ့ နောက်တစ်ယောက်ကတော့ အသက် ၂၀ အရွယ် မစိုးစိုးပါ။

“ပြီးခဲ့တဲ့လက ကျမနဲ့တွေ့တဲ့ဧည့်သည်က တစ်နာရီပဲခေါ်ချင်တယ်ပြောလို့ သွားတာ။ ဟိုရောက်တော့ တစ်နာရီထဲလူသုံး ယောက်ဖြစ်နေလို့ ကျမကငြင်းတာကို ဝိုင်းထိုး၊ လည်ပင်းညှစ်ပြီး ငွေမပေးဘဲ မတရားဆက်ဆံသွားတယ်” လို့ စိုးစိုးက သူကြုံခဲ့ရတာကို ပြန်ပြောပြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဇန်နဝါရီ လဆန်းပိုင်းမှာတွေ့တဲ့ ဧည့်သည်ဆိုရင် သူသန့်စင်ခန်းဝင်နေတုန်း သူ့ရဲ့ဖုန်းနဲ့ငွေတွေ ယူပြေးသွားတာခံခဲ့ရတယ်လို့ စိုးစိုးက ပြောပါတယ်။

စိုးစိုးဟာ ဒီလိင်ဖျော်ဖြေရေး အလုပ်လုပ်နေတာ နှစ်နှစ်ကျော်ပြီဖြစ်ပေမယ့် မိသားစုကို သူဘာလုပ်နေလဲဆိုတာ ပြောမပြထားဘူးလို့ ဆိုပါတယ်။ သူနေထိုင်တဲ့ ကျေးလက်ဘက်ဆီမှာ အလုပ်အကိုင်ရှားပါးတာကြောင့် အလယ်တန်းအောင်ချိန်မှာ မြို့တက်ပြီး အိမ်အကူလုပ်ရာကနေ မမျှော်လင့်ဘဲ လိင်အလုပ်သမဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။

သူရောက်ခဲ့တဲ့အိမ်က အိမ်ရှင်နဲ့ မောင်နှမဝမ်းကွဲတော်စပ်တဲ့ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်က သူ့ကိုဖြားယောင်းပြီးအဓမ္မပြုကျင့်ခဲ့တယ်လို့ သူကပြောပါတယ်။ ဒါကိုအိမ်ရှင်ဘက်က တိုင်တာတောတာတွေမလုပ်ဖို့ ငွေပေးနှုတ်ပိတ်ထားတဲ့အတွက် ဒီကိစ္စကို ဘယ်သူမှ မရိပ်မိခဲ့ကြဘူးလို့လည်း သူကဆိုပါတယ်။

အဆိုပါအမျိုးသားဟာ နောက်ပိုင်းမှာလည်း သူအလိုရှိတိုင်း လာတွေ့ပြီး တစ်နှစ်လောက်ကြာချိန်မှာတော့ အပြင်ခေါ်ထုတ်ပြီး တခြားသူတွေနဲ့ ပေးတွေ့ရာကနေ ဒီလိင်ဖျော်ဖြေရေးထဲရောက်ဖို့ ဖြစ်သွားခဲ့တယ်လို့ သူကဆိုပါတယ်။

“ပြောရရင်တော့ အဲ့ဒီလူက ခေါင်းအကြီးစားကြီးလေ။ ကျမက(တုံး)အတော့ ကိုယ့်ကိုချစ်တယ်ထင်ခဲ့တာ” လို့ စိုးစိုးကဆိုပါတယ်။

နောက်ပိုင်းမှာ သူ့ကိုခေါ်သွားတဲ့ အမျိုးသားဆီကနေ ထွက်ပြေးလာပြီး အဖြစ်အပျက်တွေကို သူငယ်ချင်းတစ်ယောက်ထံ ပြောပြအကူအညီတောင်းတော့ သူ့အလုပ်ရှင်နဲ့ တွေ့ပေးပြီး လိင်အလုပ်သမလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ့အနေနဲ့ ကိုယ်ပိုင်ဆန်ဆိုင်လေးဖွင့်နိုင်ရင် ဒီအလုပ်ကို ဆက်မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

စိုးစိုးနည်းတူ အမျိုးသားဧည့်သည်တွေရဲ့ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ နာကျင်စေမှုတွေကို ပြင်းပြင်းထန်ထန် တွေ့ကြုံခဲ့ရတဲ့ လိင်အလုပ်သမ တစ်ယောက်ကတော့ မသီရိပါ။

“ကျမအချိန်ပြည့်သွားလို့ ပြန်မယ်လုပ်တော့ ပထမတော့ ခဏနေပေးပါလို့ ပြောတယ်။ မရဘူး။ ကျမအလုပ်ရှိသေးတယ် ပြောတော့ အချိန်မပြည့်သေးဘူး ၁၀ မိနစ်လိုသေးဆိုပြီး အတင်းထိုင်ခိုင်းတယ်။ ကျမကရုန်းတော့ ကျမကိုပါးတွေနားတွေရိုက်၊ ခြေတောက်နဲ့ကန်ပြီး ငွေမပေးဘဲ အဓမ္မကျင့်တယ်”လို့ အသက်၂၅ နှစ်အရွယ် မသီရိက ပြောပါတယ်။

မသီရိဟာ ဒီလိင်ဖျော်ဖြေရေးအလုပ်ကို လုပ်လာတာ သုံးနှစ်ကျော်ရှိပါပြီ။ အသက်ငယ်ငယ်နဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်လိုက်ပြီးတဲ့နောက် ယောကျာ်းစွန့်ပစ်မှုက သူ့ဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့တယ်။

မသီရိက သူ့ယောကျာ်း ထားရစ်ခဲ့တဲ့ လောင်းကစားအကြွေးတွေကို အိမ်ပေါင်ပြီး ဆပ်နေရသလို ကျန်ခဲ့တဲ့မိခင်အိုကြီးနဲ့ လေးနှစ်အရွယ် သားငယ်လေးရဲ့ စားဝတ်နေရေးအတွက်တော့ ဒီအလုပ်ကသာ သူ့ကိုအသက်ရှူချောင်စေမယ်ထင်လို့ ဝင်လုပ်ခဲ့တာ လို့ မသီရိက ဆိုပါတယ်။

ဒါပေမဲ့ ဒီအလုပ်ဟာငွေမြန်မြန်ရတာမှန်ပေမယ့် ငွေကြေးရရှိမှုနဲ့ အကြမ်းဖက်ခံရမှုကို နှိုင်းယှဉ်မယ်ဆိုရင်တော့ မတန်တဆ ဖြစ်နေတယ်လို့ သူကဆိုပါတယ်။ သူတို့ရဲ့ ဝင်ငွေတွေကိုလည်း ပြည့်တန်ဆာခေါင်းတွေက ချုပ်ကိုင်တတ်ပြီး ငွေကြေးအမြတ်ထုတ်တာတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျမတို့အလုပ်ရဲ့ အရေးကြီးဆုံးအချက်က ဧည့်သည်စိတ်ကျေနပ်အောင် လုပ်ပေးဖို့ပါပဲ။ ဒါမဲ့တချို့ဧည့်သည်တွေက စိတ်ဒဏ်ရာရတဲ့အထိ အကြမ်းဖက်ကြတယ်။ ဥပမာ ရုတ်တရက်လည်ပင်းထညှစ်တာတို့၊ ဓါးနဲ့ရင်သားတွေ၊ မိန်းမကိုယ်ကို ကလိတာတွေပေါ့။ တခြားအကြမ်းဖက်မှုတွေဆိုရင် ပြောဖို့တောင်မသင့်ဘူး”လို့ မသီရိက ပြောပြပါတယ်။

ပြည့်တန်ဆာတွေကို တရားဝင်အကာအကွယ်ပေးတာမရှိသလို လိင်ဖျော်ဖြေရေးလုပ်ငန်းကို ဥပဒေနဲ့ တားမြစ်ထားပေမယ့် ဒီစျေးကွက်ဟာ ကြီးမားပြီး ငွေကြေးအမြတ်အစွန်းလည်း များတဲ့လုပ်ငန်းဖြစ်ပါတယ်။ ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးအဖွဲ့ UNAIDS ရဲ့ ၂ဝ၁၃ က ထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံမှာ ပြည့်တန်ဆာ အဖြစ်လုပ်ကိုင်နေသူ ခုနစ်သောင်း ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

နောက်ခံဇာတ်လမ်းအမျိုးမျိုး၊ အဖြစ်အပျက်အမျိုးမျိုးနဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းထဲ ရောက်လာကြတဲ့ အမျိုးသမီးတွေဟာ တရားမဝင်လုပ်ငန်း လုပ်ကိုင်နေသူတွေလို့ သတ်မှတ်ခံကြရပြီး ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေနဲ့ ထောင်သွင်းအကျဥ်းချခံရတဲ့အထိလဲ အပြစ်ပေးခံရနိုင်ပါတယ်။

အဲ့ ဒီဥပဒေအရ လိင်အလုပ်သမသာ တရားစွဲခံရပြီး ပျော်ပါးသူ အမျိုးသားကတော့ တရားခံအဖြစ် မသတ်မှတ်ခံရပါဘူး။

ဒါ့ကြောင့် လိင်အလုပ်သမတွေနဲ့ သူတို့အခွင့်အရေးဆောင်ရွက်နေသူတွေက လိင်အလုပ်သမတွေအပေါ် ဥပဒေအရအကာအကွယ်ပေးဖို့နဲ့ အကြမ်းဖက်ခံရမှုတွေအတွက် တိုင်တန်းလို့ရတဲ့နေရာတစ်ခု သတ်မှတ်ပေးဖို့ ကာလရှည်ကြာ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၁၅ ခုနှစ်လောက်က ဒါနဲ့ ပတ်သက်လို့ ဥပဒေတစ်ရပ်ပေါ်ထွက်ဖို့ လွှတ်တော်မှာ ကြိုးစားမှုတွေရှိခဲ့ပေမယ့် ဒီအပေါ်ဝေဖန်မှုက အတော်လေး မြင့်တက်ခဲ့ပြီးနောက်မှာတော့ ဒီကိစ္စက လူထုကြားမှာ ပျောက်သွားခဲ့တယ်။

သို့ပေမဲ့ ၂၀၁၈ ခုနှစ်မှာတော့ လူမူဝန်ထမ်းဦးစီးဌာနက ဦးဆောင်ပြီး အမျိုးသမီးအဖွဲ့တွေ၊ လိင်အလုပ်သမအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပြည့်တန်ဆာဆိုင်ရာ ဥပဒေသစ်ကို စတင်ပြင်ဆင်ရေးဆွဲနေတာရှိ ခဲ့ ပေမယ့် အတည်ပြုပြဌန်းတဲ့အဆင့်ထိမရောက်ခဲ့ပါဘူး။

အစကတည်းက ဥပဒေကြောင်းအရ အကာအကွယ်မရတဲ့အပြင် အာဏာသိမ်းပြီးတဲ့နောက် ပိုမိုဆိုးရွားလာတဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကြောင့် လိင်အလုပ်သမတွေဘဝဟာ ပိုမိုကျပ်တည်းလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။

“အရင်က အဲ့လိုအနိုင်ကျင့်ခံရရင် ကူပေးတဲ့အဖွဲ့ကိုပဲဖြစ်ဖြစ် တိုင်လို့ရတော့ ကျမတို့ရဲရဲတင်းတင်း ပြန်ခုခံရဲတယ်ပေါ့။ အခု ကျ အဲ့ဒီအဖွဲ့တွေလည်းမရှိတော့ ကျမတို့လည်း အရင်လိုမစွာရဲတော့ဘူး။ လုံခြုံမှုလည်းမရှိတော့ဘူး။ စိုးရိမ်စိတ်နဲ့အလုပ် လုပ်နေရတယ်” လို့ စိုးစိုးက ရှင်းပြပါတယ်။

Author:

Related Articles