Home ဆောင်းပါး မဖြုတ်နိုင်သောအစွဲများ..

မဖြုတ်နိုင်သောအစွဲများ..

အောင်မျိုးမင်း

ဝါကျွတ်ချိန်ဆိုတော့ အများသူငါပျော်ရွှင်ကြတဲ့ ရာသီအချိန်အခါဖြစ်ပါတယ်။ ဝါလကင်းလွတ်သတင်းကျွတ် ဆိုတဲ့အတိုင်း မိုးလေတွေကင်းလွတ်ပြီး ရိုးရာရာသီပွဲများကို စတင်တော့မှာဖြစ်တဲ့အတွက် စိတ်ကူးအစုံစုံနဲ့ သူသူငါငါပျော်ရွှင်နေတတ်ကြပါတယ်။ ဘုရားကျောင်းကန်တွေမှာလည်း ကုသိုလ်ပြုသူ၊ အလှူဒါနပြုသူတွေနဲ့ စည်ကားနေတတ်သလို မီးပုံးပေါင်းစုံအလှတွေနဲ့ အလှဆင်ဖို့ ပျော်မြူးဖို့ စိတ်ကူးယဉ်ပြီး “သီတင်းကျွတ်ညလေး တစ်ည” ဆိုတဲ့ တေးသွားလေးကို လိုက်ဆိုညီးနေတတ်တဲ့သူတွေလည်း ရှိကြမှာပါ။


သီတင်းကျွတ်ကာလ အများသူငါ ဘုရားသွားကျောင်းတက် အလှူဒါနပြုကြတဲ့ အခါသမယမှာ ရွှေတိဂုံဘုရား ပေါ် နံမည်ကြီးတစ်ယောက်တက်တဲ့သတင်းပေါ်လာပြီး ထုံးစံအတိုင်းပွဲဆူသွားပြန်ပါတယ်။ ရွှေတိဂုံဘုရား အ ထက်ပစ္စယံအပေါ်ကို တက်ရောက်ခဲ့တဲ့ နာမည်ကြီးတစ်ယောက်ကို ယောကျာ်းဖြစ်တယ်၊ မိန်းမဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ဖြေရှင်းချက်တွေအမျိုးမျိုးနဲ့ ငြင်းခုန်နေကြတာကို တွေ့မြင်ကြားနေရပါတယ်။ ကျွန်တော်က တော့ သူဟာ အမျိုးသမီးဖြစ်ခြင်း၊ အမျိုးသားဖြစ်ခြင်းကို စိတ်မဝင်စားမိဘဲ ဘာကြောင့် တက်သင့်တယ် မ တက်သင့်ဘူးဆိုတဲ့အကြောင်းအရာအပေါ် ငြင်းခုန်ကြတဲ့အပိုင်းကို ပိုစိတ်ဝင်စားမိပါတယ်။


“အမျိုးသမီးများ တက်ရောက်ခွင့်မပြု” ဆိုတဲ့စာသားတွေကို ကျွန်တော်တို့ ခဏခဏမြင်နေကြရမှာပါ။ မြင်ရတာ များလို့ ထူးတောင်မထူးဆန်းတော့တဲ့ အခြေအနေမျိုးတောင် ဖြစ်နေလောက်ပါပြီ။ အထူးသဖြင့် ဘာသာရေး နဲ့သက်ဆိုင်တဲ့ ဘုရားကျောင်းကန်တွေ၊ သိမ်တွေမှာ အမျိုးသမီးများတက်ရောက်ခွင့်ကို ပိတ်ပင်ထားလေ့ရှိပါ တယ်။ ဘာကြောင့် ပိတ်ပင်ထားတာလဲဆိုတဲ့အကြောင်းရင်းကို သိပ်မစဉ်းစားမိတော့ဘဲ မတက်သင့်လို့ ပိတ်ပင် ထားတာနေမှာပေါ့ဆိုတဲ့အတွေးတွေနဲ့ ဘာသာရေးသတ်မှတ်ချက်ဆိုတဲ့အပေါ် နက်နက်နဲနဲ ဆက်စဉ်းစားဖို့ ရပ်ရပ်သွားကြပါတယ်။


ဒီစာသားတွေကိုမြင်တိုင်း စိတ်ထဲမှာ တွေးမိနေတာ ခဏခဏပါဘဲ၊ “ငါ သူတပါး ယောကျ်ား မိန်းမ မရှိ ရုပ် နာမ်ဘဲရှိတယ်” ဆိုတဲ့ဆုံးမစကားကို အမြဲနှလုံးသွင်းဆင်ခြင်မိနေတော့ ယောက်ျားမို့လို့၊ မိန်းမဖြစ်လို့ဆိုတဲ့ သတ်မှတ်ချက်တွေ (ခေတ်အခေါ် ဂျင်ဒါအစွဲအမြင်တွေ) ကို သိပ်အစာမကြေချင်ပါဘူး။ ဘာကြောင့် ဒီလိုဖြစ်ရ တာလဲဆိုတဲ့ မေးခွန်းအတွက် အဖြေရှာကြည့်မိတယ်။


တချို့ကပြောတယ်။ ရှင်းရှင်းလေးပါဘဲတဲ့။ မိန်းမတွေဟာ ယောကျာ်းတွေလောက် မမြင့်မြတ်လို့၊ တနည်းအား ဖြင့်ဆိုရရင် မိန်းမတွေဟာ “ဘုန်း” နိမ့်ပြီး ယုတ်ညံ့လို့ပါတဲ့။ မစင်ကြယ်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့အတွက် မြင့်မြတ်တဲ့နေရာတွေကို တက်ရောက်ခွင့်မရှိပါဘူးတဲ့။ “ဘုန်းနိမ့်လို့” “ယုတ်ညံ့လို့” “ညစ်ညမ်းလို့” ဆိုတဲ့ စကားစုတွေအောက်မှာ အမျိုးသမီးတွေ ခေါင်းငုံ့ခံနေရပါတယ်။ ပြန်ချေပမယ်ဆိုပြန်ရင်လည်း ဘာသာရေးကို မလေးစားတဲ့သူ၊ အစဉ်အလာတွေကို မလိုက်နာတဲ့သူတွေဆိုပြီး အမည်တပ်ခေါ်ဝေါ်သမုတ်ခံရမှာစိုးတဲ့အတွက် အသံတွေလည်း မထွက်လာနိုင်ကြပါဘူး။

လတ်တလောဖြစ်ခဲ့တဲ့အဖြစ်ကိုကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ အတွေးတခုက စူးစူးနက်နက်ဝင်ရောက်လာ ပါတယ်။ လူတစ်ယောက်ကို “ကျား” ဖြစ်မှု “မ” ဖြစ်မှုပေတံတခုထဲနဲ့ တိုင်းတာပြီး မြင့်မြတ်တယ်၊ နိမ့်ကျတယ်လို့ ဘာကြောင့် သတ်မှတ်လိုက်ကြတာလဲ။ လူတစ်ယောက်ဟာ လူ့ဘဝထဲကို ယောက်ျားအဖြစ် မွေးဖွားလာ လိုက်တာနဲ့ သူ့ဘဝတခုလုံးမှာ တသက်လုံး မြင့်မြတ်သွားပြီလား။ ဒီလိုဘဲ ရွေးချယ်ရတာမဟုတ်ဘဲ လူ့ဘဝမှာ မိန်းကလေးအဖြစ် မွေးဖွားလာခဲ့ရတာကြောင့် တသက်လုံးနိမ့်ကျသွားပြီလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ လူတယောက်ရဲ့မြင့်မြတ်ခြင်းဆိုတဲ့စံသတ်မှတ်ချက်ကို သူ့ရဲ့သီလ၊ သမာဓိ၊ ကိုယ့်ကျင့်တရားနဲ့ မတိုင်းတာဘဲ မွေးရာပါ ယောကျာ်းဖြစ်မှု၊ မိန်းမဖြစ်မှုတခုထဲနဲ့ တိုင်းတာဆုံးဖြတ်မှုကို စောဒကတက်ချင်မိပါတယ်။


အမျိုးသားဖြစ်ပေမယ့် ကိုယ်ကျင့်တရားမကောင်းတဲ့ အမျိုးသားတွေ အများကြီးပါ။ “ယောက်ျားတို့ဘုန်းလက် ရုံး” ဆိုပြီး လက်ရုံးဆန့်တမ်းလိုက်လို့ စစ်ပွဲတွေအကြိမ်ကြိမ်တွေဖြစ်ခဲ့ရ၊ ဖြစ်ခဲ့တဲ့စစ်ပွဲတွေအတွင်းမှာလဲ မျက် ရည်ချောင်းစီးရမတတ် ရင်နာစရာအဖြစ်ဆိုးတွေကို ကျူးလွန်ခဲ့ရသူ စစ်အာဏာရှင်တွေကလည်း အမျိုးသား တွေဖြစ်တတ်ပါသေးတယ်။ လူ့အခွင့်အရေးမျိုးစုံကို ချိုးဖောက်ပြီး သူတပါးရဲ့မျက်ရည်နဲ့ ခြေဆေးတတ်တဲ့ စစ် ဝါဒီအမျိုးသားတွေကို မြင့်မြတ်ဂုဏ်ရှိတယ်လို့ သတ်မှတ်နိုင်ပါ့မလား။ အမျိုးသမီးဖြစ်ပေမယ့် အများအကျိုး အတွက် စွန့်လွှတ်အနစ်နာခံပြီး လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေလည်း ဒီနေ့ခေတ်မှာ ဒုနဲ့ဒေးပါ။ တိုင်းပြည်နဲ့ လူမျိုးအတွက်သာမက တကမ္ဘာလုံးငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွပ်ရွပ်ချွံချွံ ကြိုးပမ်းထမ်းဆောင် နေတဲ့ အမျိုးသမီးတွေကိုရော သူတို့ဟာ မိန်းမအဖြစ် မွေးဖွားလာခဲ့အတွက်ကြောင့် တသက်လုံး ယုတ်ညံ့နိမ့်ကျ နေတယ်လို့ပြောရင် တရားပါ့မလား။


ဒီနေရာမှာ သမိုင်းမှတ်တမ်းများအရ မုဆိုးမတစ်ဦးရဲ့ ဆောင်ရွက်မှုကို ပြောပြချင်တာရှိပါတယ်။ အမျိုးသမီးများ တက်ရောက်ဝတ်ပြုဖို့ ခွင့်မပြုတဲ့ တန်ခိုးကြီးဘုရားစေတီတွေထဲမှာ မွန်ပြည်နယ်၊ ကျိုက္ခမီမြို့မှာရှိတဲ့ ဆုတောင်း ပြည့်ရေလယ်ဘုရားလည်း ပါဝင်ပါတယ်။ ဘုရားဝတ်ကျောင်းပေါ်ကို အမျိုးသမီးများမတက်ရ၊ တက်ခဲ့လျှင် အခါ မဲ့ လေပြင်းမုန်တိုင်းကျတာတွေ၊ မိုးသည်ထန်းစွာ ရွာတာတွေဖြစ်တတ်တယ်လို့ ဆိုရိုးစကားရှိခဲ့ပါတယ်။ ဒါ ကြောင့် အမျိုးသမီးများဟာ ရုပ်ပွားတော်ရဲ့ အရှေ့ဖက်မှာ ဆောက်လုပ်ထားတဲ့ အာရုံခံဇရပ်ပေါ်ကသာ ဖူးမျှော် ကြည်ညိုလေ့ရှိကြပါတယ်။


ဒီလိုတန်ခိုးကြီးတဲ့ ကျိုက္ခမီရေလယ်ဘုရားသမိုင်းကို ခေတ်အဆက်ဆက်က ပန်းချီပညာရှင်တွေက ပန်းချီကား အဖြစ်သရုပ်ဖော်ပြီး ဘုရားတန်ဆောင်းမှာ ရေးဆွဲထားတာကို တွေ့နိုင်ပါတယ်။ ဒီရှေးဟောင်းပန်းချီအကိုး အကားတွေအရဆိုရင် ကျိုက္ခမီရေလည်ဘုရားဟာ သီဟိုဌ်ကျွန်းက ဒေဝါနံပိယတိသမင်းကြီးက အဓိဌာန်ဖြင့် မျှောခဲ့သည့် ရုပ်ပွားတော် (၄)ဆူအနက် တဆူဖြစ်ကြောင်း တွေ့နိုင်ပါတယ်။ မြတ်စွာဘုရားကို မဖူးမြင်လိုက်ရ တဲ့ ရှင်လူအပေါင်းတို့ ကြည်ညိုအားထားကုသိုလ်ပွားစေနိုင်ဖို့အတွက် သိကြားမင်းဖန်ဆင်းပေးတဲ့ ရုပ်ပွားတော် လေးဆူကို ပင်လယ်ရေပြင်မှာ မျှော်တော်မူခဲ့တယ်လို့ စောင်းတန်းမှာ ဆွဲထားတဲ့ပန်းချီကားတွေမှာ ဖော်ပြထား ပါတယ်။ ရှေးပန်းချီလက်ရာတွေနဲ့ရေးဆွဲထားတဲ့ ပန်းချီကားကသမိုင်းတွေအရ ကျောက်လှည်းခံတဲ့ ရုပ်ပွား တော်ဟာ ကျိုက်ထိုမြို့ကို ရောက်ရှိသွားပြီး ကျိုက်ပေါလေလာဘွဲ့အမည်နဲ့ ထင်ရှားတဲ့ဘုရားဖြစ်လာခဲ့ပါတယ်။ ကျွန်းတုံးခံတဲ့ရုပ်ပွားတော်ကတော့ ရခိုင်ပြည်ကို ဆိုက်ရောက်တယ်လို့ ဆိုထားပါတယ်။ သင်္ကန်းကျွန်းခံသော ရုပ်ပွားတော်တဆူကတော့ ထားဝယ်မြို့ကို ရောက်ရှိသွားပြီး နောက်တဆူကတော့ ကျိုက္ခမီမြို့ကို ရောက်ရှိ လာတယ်လို့ စာဆိုရှိပါတယ်။ ကျိုက္ခမီကို ရောက်လာတဲ့ရုပ်ပွားတော်ဟာ ရှေးမင်းအဆက်ဆက်က တည်ထား ခဲ့တဲ့ ဧကာဒသစေတီတော်တည်ရှိရာ ရေလယ်ကျောက်ဆောင်ကို ဆိုက်ရောက်လာပါတယ်။ အဲဒီအချိန်မှာ မြို့သူမြို့သားအပေါင်းတို့က ရုပ်ပွားတော်မြတ်ကို ပင့်ဆောင်ဖို့ အမျိုးမျိုးကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုမှ ရွေ့လျားခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ ငါးပါးသီလကို ခါးဝတ်ကဲ့သို့ မြဲမြဲကျင့်ကြံစောင့်ထိန်း သူတယောက်က အဓိဌာန်ပြုပြီး ပင့်ဆောင်ခဲ့မှသာ ရုပ်ပွားတော်ကို ပင့်ဆောင်နိုင်တယ်လို့ ကျိုက္ခမီဘုရား သမိုင်းက ဖော်ပြထားပါတယ်။ ပင့်ဆောင်နိုင်တဲ့နေ့ကတော့ သာသနာတော်နှစ် (၂၃၇) နတ်တော်လဆန်း (၁၅) ရက်နေ့ဖြစ်တယ်လို့ ဆိုထားပါတယ်။ အခုလို ရုပ်ပွားတော်ကို ငါးပါးသီလစောင့်ထိန်းပြီး အဓိဌာန်နဲ့ ပင့်ဆောင် နိုင်ခဲ့တဲ့သူကတော့ မုဆိုးမတစ်ဦးလို့ မှတ်တမ်းတင်ထားတာကို တွေ့နိုင်ပါတယ်။


ဒီအဖြစ်အပျက်ကို ပြန်တွေးကြည့်ရင် သီလသမာဓိဆောက်တည်မှုအားကောင်းသူဆိုတာ ယောက်ျားများသာ မဟုတ် မိန်းမများလည်း ဖြစ်နိုင်တယ်ဆိုတာ သက်သေပြခဲ့တာပါဘဲ။ သီလသမာဓိနဲ့ ကိုယ်ကျင့်တရား ကောင်း ရင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သာသနာ့အကျိုးကို မျှော်ကိုးထမ်းဆောင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု အတွက် သက်သေပါဘဲ။ စိတ်မကောင်းစရာကောင်းတာကတော့ သီလသမာဓိကိုယ်ကျင့်တရား ကောင်းတဲ့ မုဆိုးမတယောက်ရဲ့အဓိဌာန်နဲ့ ပင့်ဆောင်လာခဲ့တဲ့ ကျိုက္ခမီဘုရားပေါ်ကို အခုအခါ အမျိုးသမီးတွေ တက် ရောက်ဝတ်ပြုခွင့်မရှိတာပါဘဲ။


ဘာသာရေးဆိုတာ လူတွေကို သွန်သင်ဆုံးမမှုတွေ ပေးပါတယ်။ ဘုရားဟောကျမ်းဂန်တွေနဲ့ အကျင့်သီလ ကောင်းအောင် ဆုံးမပေးကြပါတယ်။ ဒါပေမယ့် တခါတရံ လိုသလိုအဓိပ္ပါယ်ဆွဲယူမူတွေက မူလတရားရဲ့ သဘောအမှန်ကို ထိခိုက်ပျက်စီးစေတာ သတိပြုသင့်ပါတယ်။ ဘာသာရေးသွန်သင်ဆုံးမချက်တိုင်းကို လက်မခံ ရဘူးလို့ ပြောတာမျိုးမဟုတ်ဘဲ ဘာသာတရားရဲ့ သွန်သင်ဆုံးမပညတ်ချက်တွေကို လိုရာအဓိပ္ပါယ်ကောက်တဲ့ အယူအဆမှားတွေကို သတိပြုကြဖို့ တိုက်တွန်းပါရစေ။

Author:

Related Articles