Home ဆောင်းပါး ကိုရိုနာနဲ့ ဂျင်ဒါ
https://dph.georgia.gov/

ကိုရိုနာနဲ့ ဂျင်ဒါ

အောင်မျိုးမင်း။ ။

ဒီနေ့မနက်မှာတော့ သတင်းတစ်ခုဖတ်လိုက်ရပါတယ်။ ကိုရိုနာပိုးကြောက်လို့ အိမ်ထဲမှာနေထိုင်နေတဲ့ ပြင်သစ် နိုင်ငံက အမျိုးသမီးတွေကို သူတို့ရဲ့လင်ယောက်ျားတွေက အကြမ်းဖက်တဲ့အတွက် အိမ်တွင်းအကြမ်းဖက်မှုဟာ (၃၆) % အထိမြင့်မားလာတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ကိုဗစ်ကြောင့် အိမ်မှာနေထိုင်ရင်းနဲ့ ကိုယ့်ရဲ့အိမ် ထောင်ဖက်က အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်လာကို တွေ့လိုက်ရပါတာ တော်တော်တုန်လှုပ်ဖို့ကောင်းပါ တယ်။

ဘာကြောင့် ဒီလိုအိမ်တွင်းအကြမ်းဖက်မှုတွေ တိုးလာလဲဆိုရင် ပတ်ဝန်းကျင်ကလက်ခံထားတဲ့ Gender လို့ ခေါ်တဲ့ ကျား၊ မအခြေပြုအမြင်တွေ၊ အစွဲတွေကြောင့်များလားလို့ စဉ်းစားမိပါတယ်။ ကျွန်တော်တို့ ပတ်ဝန်း ကျင်မှာ အမျိုးသားနဲ့ အမျိုးသမီးကြား လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့စံတွေ၊ ပုံစံတွေဟာ မတူညီကြ ပါဘူး။ ကျား၊ မအပေါ် သတ်မှတ်ထားချက်တွေနဲ့ သူတို့လုပ်ရမယ်လို့ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ လုပ် ငန်းတာဝန်တွေဟာ မတူညီကြပါဘူး။ အဲဒီလုပ်ငန်းတာဝန်သတ်မှတ်ချက်တွေဟာ ကျား၊ မအပေါ်သတ်မှတ်ထား တဲ့ ပုံစံခွက်အစွဲတွေ၊ ပုံစံခွက်သတ်မှတ်ချက်တွေ၊ အမြင်တွေကနေ အခြေခံပြီး ဖြစ်ပေါ်လာတာပါ။ အမျိုးသား အပေါ်မြင်တဲ့အမြင်နဲ့ အမျိုးသမီးပေါ် သတ်မှတ်ထားရှိပြီးမြင်တဲ့အမြင် မတူညီတဲ့ဂျင်ဒါအမြင်နဲ့ ကိုရိုနာ ရောဂါပိုး အခြေအနေ၊ အိမ်တွင်းအကြမ်းဖက်မှုတို့ကို ဆက်စပ်လေ့လာကြည့်ရအောင်ပါ။

တကယ်ဆိုရင် ကိုဗစ်ရောဂါပိုးက ကျား၊ မ၊ လိင်စိတ်ကွဲပြားမှု၊ အသားအရောင် ဘယ်သူ့ကိုမှ မခွဲခြားဘဲ အား လုံးကို စိန်ခေါ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်မှာသတ်မှတ်ထားတဲ့ ကျား၊ မအပေါ်မှာ ခွဲခြား သတ် မှတ်ထားတဲ့ လူမှုအသိုင်းအဝိုင်းရဲ့အမြင်တွေကြောင့် သက်ရောက်မှုက ကွဲပြားသွားစေပါတယ်။ လူသားတိုင်း ရောဂါပိုးကိုကြောက်နေရတဲ့အချိန်မှာ အမျိုးသမီးတွေကတော့ ရောဂါပိုးကိုလည်းကြောက်ရ၊ တချိန်တည်းမှာဘဲ အကြမ်းဖက်မှုတွေကိုလဲ ကြောက်နေရတာ ဘာကြောင့်လဲဆိုတာ ဂျင်ဒါအမြင်နဲ့ သုံးသပ်ပါရစေ။

ပထမဆုံးပြောချင်တဲ့ ဂျင်ဒါအမြင်ကတော့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အမျိုးသမီးဆိုတာ အိမ်မှုကိစ္စ နိုင်ရမယ်၊ အိမ်မှုကိစ္စကို ထိန်းသိမ်းကာကွယ်ပေးဖို့အတွက် တာဝန်ရှိတယ်ဆိုတဲ့ သတ်မှတ်ချက်အမြင်ဖြစ်ပါတယ်။ အိမ်မှုကိစ္စဆိုရင် အမျိုးသမီးတွေနဲ့ဘဲ သက်ဆိုင်ပါတယ်၊ အမျိုးသမီးတွေဘဲ တာဝန်ရှိတယ်ဆိုပြီး မိန်းမကောင်း အိမ်ထောင်ရှင်မရဲ့ စံချိန်ကိုသတ်မှတ်ထားလေ့ရှိတဲ့ ဂျင်ဒါအမြင်မျိုးကို ဆိုလိုတာပါ။ ဒီအမြင်က အခုလို ရောဂါ ကပ်ဆိုးကျရောက်တဲ့အချိန်မှာ အမျိုးသမီးတွေအပေါ် ဘယ်လိုသက်ရောက်စေလဲ။ လေ့လာကြည့်ရအောင်။

အခုလိုအချိန်မှာဆိုရင် ရောဂါပိုးကြောင့် နေ့စဉ်သွားလာနေကျ လုပ်ငန်းတွေ ကမောက်ကမတွေဖြစ်၊ စီးပွားရေး တွေပျက်၊ အလုပ်အကိုင်တွေပျက်ပြီး အဆင်မပြေတာတွေကြုံနေရပါတယ်။ ဒီအချိန်မှာ အိမ်ရှင်မတွေအကြောက် ဆုံးဖြစ်တဲ့ ကုန်ဈေးနှုန်းတက်တာတွေ၊ ဈေးကစားတာတွေကို ရင်ဆိုင်နေကြရပါတယ်။ ဈေးသွားဝယ်ဖို့ အတွက်တောင် အခက်အခဲရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးရောက်လာရင် အိမ်ထောင်တာဝန်က အမျိုးသမီး များရဲ့ တာဝန်ဖြစ်သည်လို့ သတ်မှတ်ခံထားရရှာတဲ့ အမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုအခြေအနေ အများကြီး ဆိုးလာနိုင်ပါတယ်။

အမျိုးသမီးတွေဟာ အိမ်ထောင့်တာဝန်ကို စီမံရမယ်၊ ခန့်ခွဲရမယ်ဆိုတဲ့ ဂျင်ဒါ အမြင်တွေကြောင့် အမျိုးသမီးတွေမှာ မိသားစုရဲ့ စားရေးသောက်ရေးနဲ့ပတ်သက်လို့ ပိုမိုပြီး စိုးရိမ်ပူပန်မှုတွေရှိမှာ သေချာပါတယ်။ အိမ်ထောင့်တာဝန်ကို မထမ်းဆောင်နိုင်တော့မှာ၊ မိသားစုကို မပြုစုနိုင်မှာကို စိုးရိမ်နေရတဲ့ အတွက် အိမ်ထောင်ရှင်အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုဟာ လင်ယောကျ်ားအမျိုးသားတွေထက် ပိုမိုမြင့်မားနေတာကို တွေ့ရတတ်ပါတယ်။

အမျိုးသားတွေကငွေမရှာနိုင်တဲ့ကိစ္စမျိုးနဲ့ အသွားအလာ အနေ အထိုင်ပျက်တဲ့ ခံစားမှုတွေရှိတတ်ပေမယ့် အမျိုးသမီးတွေကတော့ ဒီလိုအပူတွေအပြင် မိသားစုကို ဘယ်လို ကျွေးမလဲ၊ အိမ်ထောင်ကို ဘယ်လိုထိမ်းသိမ်းရမလဲ၊ အိမ်အသုံးစရိတ်ကို ဘယ်လိုချွေတာသုံးစွဲကြမလဲဆိုတဲ့ အိမ်ရှင်မဆိုတဲ့ လက်ခံထားချက်တွေကြောင့် အိမ်ထောင်ရှင်အမျိုးသမီးများရဲ့စိတ်ဖိစီးမှုက ပိုများကြရှာပါတယ်။ အမျိုးသားတွေနည်းတူ ပူရတဲ့ ရောဂါအပူအပြင် မိသားစုစားဝတ်နေရေးနဲ့ ပတ်သက်တဲ့အပူတွေက အိမ်ထောင် ရှင်အမျိုးသမီးတွေမှာ ပိုပြီးတော့များတတ်ပါတယ်။

အိမ်ထောင်တာဝန်ကို စိတ်ပိုင်းဆိုင်ရာပူပင်မှုအပြင် ဒုတိယအချက်ကတော့ အိမ်ထောင့်တာဝန်ဆိုင်ရာ ဝန်ထုတ် ဝန်ပိုးဖြစ်မှုအပိုင်းဖြစ်ပါတယ်။ ဂျင်ဒါအရ အမျိုးသမီးတွေက အိမ်ထောင်တာဝန်ကို လုပ်ဆောင်ဖို့ သတ်မှတ်ခံ ထားပြီးသားပါ။ မိုးလင်းက မိုးချုပ်အထိ အိမ်ထောင်တာဝန်တွေကို ထမ်းဆောင်ရင်း တနေ့တနေ့ အချိန်ကုန် ဆုံးသွားတဲ့ အိမ်ထောင်ရှင်မတွေ ဒုနဲ့ဒေးပါ။ အရင်ကထဲကမှ အိမ်ထောင်တာဝန်ကို ထမ်းဆောင်နေရတဲ့ အမျိုးသမီးတွေဟာ အခုလို ကိုဗစ်ကြောင့် မိသားစုတွေ အလုပ်ပိတ်၊ ကျောင်းပိတ်နဲ့ အိမ်တွင်းအောင်းနေရတဲ့ အခုလိုအချိန်မျိုးမှာဆိုရင် အိမ်ထောင့်တာဝန်ကို အရင်ကထက် ပိုပြီးထမ်းဆောင်ကြရပါတယ်။

အရင်ကကျောင်း သွားတဲ့သူတွေကလည်း အိမ်မှာနေရတယ်၊ အလုပ်အကိုင်သွားတဲ့သူကလဲ အိမ်မှာနေရတယ်ဆိုတဲ့ အခြေ အနေမျိုးမှာ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ အိမ်မှုကိစ္စဆိုတာ အမျိုးသမီးနဲ့ဘဲသက်ဆိုင်တယ်ဆိုတဲ့အမြင် ကြောင့်မို့လို့ အိမ်ထောင့်တာဝန်က အမျိုးသမီးတွေအတွက် ပိုကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုးဖြစ်စေပါတယ်။ ပြီးတော့ ထမ်းဆောင်ရပါတယ်။ ကျောင်းမသွားတဲ့သားသမီးတွေရှိမယ်။ အလုပ်မသွားနိုင်တဲ့ အခြားမိသားစုဝင်တွေရှိမယ်၊ အဲဒီအခါမှာ သူတို့စားဖို့အရေး၊ နေထိုင်ဖို့အရေး၊ ချက်ပြုတ်လျှော်ဖွတ်သန့်ရှင်းရေးဆိုတဲ့ အမျိုးပေါင်းများစွာသော အိမ်မှုအလုပ်တွေဟာ သူမရဲ့ခေါင်းပေါ်မှာ အားလုံးရောက်လာပါပြီ။

အိမ်တွင်းမှာ အိမ်တွင်း တာဝန်ခွဲဝေမှု ရှိရင်တော့ သက်သာကောင်းသက်သာနိုင်ပေမယ့် အိမ်ထောင်တာဝန်မှန်သမျှဟာ အိမ်ထောင်ရှင်မအမျိုးသမီးရဲ့ တာဝန်ဖြစ်တယ်လို့ သတ်မှတ်ထားတဲ့မိသားစုနဲ့ ပတ်ဝန်းကျင်မှာဆိုရင်တော့ အမျိုးသမီးခမျာမှာ ဝန်နဲ့အား မမျှတော့ဘဲနဲ့ တစ်ယောက်တည်း အိမ်ထောင့်တာဝန်လုပ်ရမယ်၊ ကလေးတွေကို စောင့်ရှောက်ရမယ်၊ ယောက်ျား ကိုလည်း ပြုစုရမယ်၊ တကယ်လို့သာ မိသားစုထဲမှာ သက်ကြီးရွယ်အိုတွေ ရှိရင်လဲ အထူးစောင့်ရှောက်ရပါမယ်။ ဒါကြောင့် ဒီအိမ်ထောင်ရှင်မတွေအတွက် ဒီလိုအချိန်မျိုးမှာ နားချိန်မရှိလောက်အောင် ရုပ်ပိုင်းဆိုင်ရပင်ပန်းတဲ့ သဘောမျိုးရှိပါတယ်။

ကိုဗစ်နှိပ်စက်နေတဲ့ အခုလိုအချိန်မှာ အမျိုးသမီးတွေအပေါ်သက်ရောက်စေတဲ့ တတိယဂျင်ဒါအစွဲ ဂျင်ဒါအမြင် ကတော့ အမျိုးသမီးတွေဆိုတာ မျိုသိပ်တတ်ရမယ်။ သူများကို ဦးစားပေးညှာတာရမယ်ဆိုတဲ့ သတ်မှတ်ချက် ပါဘဲ။ “သားကိုသခင်၊ လင်ကိုဘုရား” ဆိုတဲ့ စကားပုံလိုပေါ့။ အမျိုးသမီးတွေကိုယ်တိုင် ကျေကျေနပ်နပ် လက်ခံထားလေ့ရှိတတ်ပါတယ်။ အစားအစာအိမ်မှာစားတဲ့အခါမျိုးမှာ အမျိုးသမီးဆိုတာသူများကို ဦးစားပေးရ မယ်၊ မိခင်၊ အစ်မဆိုတာ ကိုယ့်ထက်ငယ်တဲ့သူ၊ အိမ်ထောင်ဖက်ကို ဦးစားပေးရမယ်ဆိုတဲ့ ဂျင်ဒါအစွဲတွေ ရှိကြပါတယ်။ အိမ်မှာနေထိုင်ကြရင်း ရှိစုမဲ့စုအစားအစာတွေကို မျှဝေစားကြတဲ့အခါမှာ အစားအစာကို အမျိုး သားတွေနဲ့ အခြားမိသားစုတွေကို ဦးစားပေးပြီး အမျိုးသမီးတွေကတော့ ကျန်တာဘဲစားမယ်ဆိုတာတွေ ပတ် ဝန်းကျင်မှာ အများကြီးကြုံတွေ့ရပါတယ်။ အမျိုးသမီးတွေရဲ့ ညှာတာမှုတွေ၊ ဦးစားပေးမှု၊ ချစ်ခြင်းမေတ္တာကို ပြသပေမယ့် ဒီလိုအမြဲဖြစ်လာတဲ့အခါမှာ အဟာရမလုံလောက်တဲ့ကိစ္စမျိုးကြောင့် အမျိုးသမီးတွေမှာ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ကိုယ်ခံအားကျလာနိုင်တဲ့အတွက် ရောဂါပိုးကလဲ ပိုဝင်လာနိုင်ပါတယ်။ ဂျင်ဒါ အစွဲအမြင် ကြောင့် အမျိုးသမီးရဲ့ ကျန်းမာရေးကိုတောင် ထိခိုက်သွားနိုင်တဲ့ကိစ္စအထိ ဖြစ်သွားနိုင်ပါတယ်။

စတုတ္တအချက်ကတော့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ဆက်စပ်နေပါတယ်။ အခုဆိုရင်ဥရောပမှာ (Mask 19)မျက် နှာဖုံး ၁၉ ဆိုတဲ့အသုံးနှုန်းတစ်ခုဟာ ထင်ရှားလာပါတယ်။ ဒါကဘာကို ဆိုလိုလဲဆိုရင် (Mask 19) မျက်နှာဖုံး၁၉ လို့ပြောလိုက်တာနဲ့ အိမ်တွင်းအကြမ်းဖက်ခံနေရတယ်၊ ကူညီပေးကြပါတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုဟာ နေရာတိုင်း၊ အချိန်တိုင်းမှာ ဖြစ်တတ်တယ်ဆိုပေမဲ့ သဘာဝဘေးဒဏ်၊ စစ်ဘေးဒဏ်၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကပ်ရောဂါတွေဖြစ်တဲ့အချိန်မျိုးမှာ ကစင့်ကလျားဖြစ်သွားတဲ့ လူ့အသိုင်းအဝိုင်း မျိုးမှာ မိုမိုဖြစ်တတ်တာ လေ့လာရပါတယ်။ ဒီလိုအခြေအနေဆိုးမျိုးမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တွေဟာ အိမ်ပြင်အမှာ ရှိနိုင်သလို အိမ်တွင်းမှာလဲ ရှိနေတတ်ပါတယ်။ အိမ်တွင်းအကြမ်းမှုတွေပိုဖြစ်စေတဲ့ အကြောင်းတွေကို လေ့လာကြည့်မိတဲ့အခါ စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ကို တွေ့ရပါတယ်။ ဘာ လဲဆိုတော့ စိတ်ဖိစီးမှုတွေ အများကြီးကြုံတွေ့ရတဲ့ အမျိုးသားတွေမှာ တခါတလေမှာ စိတ်ဖိစီးမှုကို ဖြေ ဖျောက်ဖို့အတွက် အရက်သေစာ သောက်စားတာ၊ မူးယစ်ဆေးဝါးသုံးစွဲတာတွေ ရှိတတ်ပါတယ်။ စိတ်ဖိစီးမှု လျော့ချနိုင်ဖို့ အရက်သောက်ကြတယ်၊ အရက်မူးတဲ့အခါမှာ စိတ်ထွက်ပေါက်အနေနဲ့ မိန်းမကို အကြမ်းဖက် လာကြတာ တွေ့ရပါတယ်။

အမျိုးသမီးတွေကြားထဲမှာ စိတ်ဖိစီးမှုကို အချင်းချင်းရင်ဖွင့်ခြင်းအားဖြင့် ဖြေရှင်းနိုင်ပေမယ့် အမျိုးသားတွေ ကြားထဲမှာ စိတ်ဖိစီးမှုကို ဘယ်လိုမျိုးနည်းနဲ့ဖြေရှင်းရမယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာနည်းလမ်းတွေ သိပ်မရှိ ကြပါ ဘူး။ အများစုဟာ နောက်ဆုံးမှာ အကြမ်းဖက်ခြင်းနဲ့ဘဲ စိတ်ပိုင်းဆိုင်ရာဖြေသိမ့်မှုတွေကို ကျူးလွန်တတ်ကြ ပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အများကြီးတိုးတက်လာတာရှိပါတယ်။ အိမ် တွင်းအကြမ်းဖက်တဲ့ပုံစံတွေကလည်း ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသာမက လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုတွေလည်းဖြစ်လာပါတယ်။ အမှန်တော့ တရားဝင်လက်ထပ်ထားသူဖြစ်သည့်တိုင်အောင် အမျိုးသမီးဖက်က ဆန္ဒမရှိရင် လင်ယောကျ်ားတော်စပ်သည့်တိုင်အောင် မုဒိမ်းမှုမြောက်ပါတယ်။ ဒါဟာ အိမ်တွင်းမုဒိမ်းမှုဖြစ် သလို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ပါတယ်။

အိမ်တွင်းလိင်အကြမ်းဖက်မှုတွေနဲ့ဆက်စပ်နေတဲ့ နောက်ထပ်ကွင်းဆက်ကတော့ မိသားစုစီမံကိန်းနဲ့ပတ်သက်ပြီး ဒီကာလမျိုးမှာ လက်လှမ်းမမှီနိုင်တဲ့အတွက် မကာကွယ်နိုင်ဘဲ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ ရရှိလာတဲ့ ပြဿနာ တွေ အများကြီးဖြစ်နိုင်ပါတယ်။

ဒါတွေကတော့ ကျား၊ မခွဲခြားမှုအမြင်ကြောင့် ဖြစ်တတ်သော ကပ်ရောဂါအန္တရာယ် ဖြစ်တဲ့ကာလတွင်းမှာ အိမ်ထဲမှာနေရတဲ့အခါ ဂျင်ဒါအစွဲအမြင်တွေကြောင့် သက်ရောက်မှုတွေဖြစ်ပါတယ်။ အထူးသဖြင့် ဂျင်ဒါအစွဲအမြင် တွေကြောင့် အမျိုးသမီးတွေ ပိုပြီးကြုံတွေ့ရတဲ့ အခက်အခဲတွေ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုအရာတွေလျော့ကျနိုင်ဖို့အတွက် အသိပညာပေးမှုတွေအများကြီး လိုအပ်ပါတယ်။ အမျိုးသမီး တွေကို ကာကွယ်ဖို့အတွက် အမျိုးသမီးတွေကို လေးစားပြီးတော့ အကြမ်းဖက်မှုကို အားမပေးတဲ့မိသားစုတွေ ၊ ရပ်ရွာတွေ ဖြစ်လာဖို့ ပညာပေးမှုတွေအများကြီးလိုအပ်ပါတယ်။ အထူးသဖြင့် အိမ်ထဲက မထွက်နိုင်သူတွေ အတွက် ဆိုရှယ်မီဒီယာကတဆင့် အသိပညာပေးသင့်ပါတယ်။ တဖက်မှာလဲ ဒါမျိုးအကြမ်းဖက်မှုတွေကို ရင် ဆိုင်ကြုံတွေ့ရတဲ့ အမျိုးသမီးတွေအတွက် တစ်ခုခုဖြစ်လာရင် ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ အကြောင်းအရာကို သိရှိနိုင်ဖို့အတွက် ဝန်ဆောင်မှုတွေ ဘယ်နေရာမှာရှိလဲဆိုတဲ့အရာတွေ သိရှိအောင်လုပ်ဆောင်ဖို့လည်း လိုအပ် ပါတယ်။

Covid 19 ကြောင့် စိတ်ဖိစီးမှုရှိလာရင် အခြားသူကို အကြမ်းဖက်တဲ့နည်းကိုသုံးပြီး ထွက်ပေါက်ရှာတာမျိုး မလုပ်ဘဲ ငြိမ်းချမ်းသောနည်းနဲ့ ဖြေရှင်းကြပါ။ တစ်ယောက်ကို တစ်ယောက် စာနာသောနည်းနဲ့ ဖြေရှင်းကြပါ။ ဂျင်ဒါအမြင်တွေကြောင့် တစ်ယောက်ကိုတစ်ယောက် အကြမ်းဖက်တာကို ရှောင်ရှားပြီး မေတ္တာတရားနဲ့ ဆက် ဆံကြစေလိုပါတယ်။

Author:

Related Articles