Home ဆောင်းပါး မိအေး သုံးခါနာသော ဗစ်တိုးရီးယားလေး

မိအေး သုံးခါနာသော ဗစ်တိုးရီးယားလေး

အောင်မျိုးမင်း

မကြာမီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့်ရဲအရာရှိကြီး များကိုတွေ့ဆုံပြီး လမ်းညွန်အမှာစကားပြောကြားခဲ့တာကို တွေ့ခဲ့ရပါတယ်။ သူမပြောကြားခဲ့တဲ့ အမှာစကား ထဲမှာရဲတပ်ဖွဲ့ကို ပြည်သူတွေ ယုံကြည်စိတ်ချအားကိုးတဲ့ရဲတပ်ဖွဲ့ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်း ပြောဆိုသွားတာကို တွေ့ရပါတယ်။ အထူးသဖြင့် လူ့အသိုင်းအဝိုင်းရဲ့ စိတ်ထားတွေကို ပြုပြင်ပေးဖို့အတွက် ကိုယ်တိုင်က စပြီးပြုပြင်ရမှာဖြစ်ကြောင်း တိုက်တွန်းသွားသလို မေတ္တာ၊ စေတနာ၊ ကရုဏာနဲ့ ပြည်သူလူထုရဲ့ လုံခြုံရေးကို ဆောင်ရွက်နေတာကို ပြည်သူတွေက မြင်မယ်ဆိုရင် ကျေးဇူးတင်တန်ဖိုးထားကြမှာဖြစ်တဲ့ အကြောင်း ပြောဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ့ရဲတပ်ဖွဲ့အပေါ် ပြည်သူလူထူက ယုံကြည်စိတ်ချအားကိုးမှု လျော့နည်းခဲ့တာကြာပါပြီ။ ရဲတပ်ဖွဲ့ကို ပြည်သူတွေက လေးစားအားကိုးတဲ့ ပြည်သူရဲတပ်ဖွဲ့ဖြစ်လာဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းလုပ်ဆောင်တာတွေလဲ ရှိလာခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့်ရဲအရာရှိကြီးများကို တွေ့ဆုံပြီး နောက်ပိုင်းမှာ လုပ်ဆောင်ခဲ့တဲ့ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့အပေါ် ယုံကြည်စိတ်ချအားကိုးမှု တိုးလာရမဲ့အစား ဝေဖန်သံတွေ ဆူညံခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းစာရှင်း လင်းပွဲမှာ အမှုအတွင်းပါဝင်ပတ်သက်နေတဲ့ ကလေးတွေရဲ့ အမည်တွေ ကိုယ်ရေးအချက်အလက်တွေကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့လို့ဖြစ်ပါတယ်။ ပြောကြားခဲ့ယုံတင်မကဘဲ ဒီအေကြာင်းအရာတွေကို ရဲဇာနည် ပေ့ချ်မှာလည်း တင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြန်ဖြုတ်ချခဲ့ပါတယ်။

အမှုအခင်းမှာ ပါဝင်ပတ်သက်နေတဲ့ ကလေးသူငယ်တွေကို ကာကွယ်ပေးဖို့လိုအပ်တယ်ဆိုတာ ကိုယ်ချင်းစာ တရားရှိတဲ့ လူတိုင်းသိထားပြီး ကျင့်သုံးရမဲ့ အသိတရားဖြစ်ပါတယ်။ ကလေးတွေဆိုတာ အရွယ်မရောက်သေးတဲ့ သူတွေပါ။ သူတို့မှာ လူ့လောကထဲ ဆက်လက်ရှင်သန်ဖြတ်သန်းရမဲ့ အနာဂတ်အချိန်တွေ အများကြီးရှိကြဦးမှာပါ။ ပန်းကောင်းအညွန့်ချိုးခံရတဲ့ကလေးသူငယ်တွေကို အနာဂတ်မှာ ပြန်လည်ရှင်သန်နိုင်ဖို့အတွက် ပြန်လည်ပျိုး ထောင်ပေးရမှာ ကျနော်တို့တာဝန်ဖြစ်ပါတယ်။ သူတို့ရဲ့ အနာဂတ်မှာ အရိပ်ဆိုးတွေဆက်လက်ပါနေတာမျိုး မရှိစေဖို့ သတိထားလုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တရားအမှုအခင်းဖြစ်လာရင် သူတို့တွေရဲ့ အမည် ရုပ်ပုံတွေကို မဖော်ပြသင့်ဘူးဆိုတာ အသိတရားရှိတဲ့သူတိုင်း နားလည်ကြမှာပါ။ သူတို့လိုအပ်တာဟာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး သူတို့ကို အပြစ်မတင်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးကူညီမှု တွေသာ ဖြစ်ပါတယ်။ သူတို့အနာဂတ်မှာ ထိခိုက်နစ်နာစေမဲ့ လုပ်ဆောင်ချက်၊ ပြောဆိုချက်မျိုးမဟုတ်ပါဘူး။ ဒါကိုနားလည်ရမှာကတော့ လူကျင့်ဝတ် လူ့အသိတရားဘဲဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်မှုကို ကလေးသူငယ်အခွင့်အရေးရူထောင့်ကနေ လေ့လာကြည့်ရအောင်။ ၁၉၈၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ နိုင်ငံတကာ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာစာချုပ်ကို အခြေခံပြီးကြည့်မယ်ဆိုရင် ချိုး ဖောက်ရာရောက်နေတဲ့ အချက်(၂) ချက်ကိုတွေ့နိုင်ပါတယ်။ ပထမအချက်ကတော့ စာချုပ်ပါ အပိုဒ် (၃) ကလေးများရဲ့အကောင်းဆုံးအကျိုးကို ဦးစားပေးရန်ဆိုတဲ့အချက်ပါဘဲ။ ဒီအချက်ကတော့ စာချုပ်ရဲ့ အခြေခံမူ တခုလို့ ပြောလို့ရပါတယ်။ ဆိုလိုချက်ကတော့ မိသားစုအကျိုး၊ အဖွဲ့အစည်းအကျိုး။ နိုင်ငံတော်အကျိုး ဘယ်အကျိုးနဲ့ဘဲဖြစ်ဖြစ် ကလေးသူငယ်အကျိုးနဲ့ယှဉ်လာပြီးဆိုရင် ကလေးသူငယ်ရဲ့ အကျိုးကို ပိုပြီး ဦးစားပေး ရမယ်လို့ဆိုထားတာပါ။ ဥပမာ – မိဘတွေနဲ့ရင်သွေးအတူရှိနေတာ အကောင်းဆုံးဖြစ်ပေမဲ့ မိဘတွေနဲ့ကလေး အတူထားတာကြောင့် ကလေးအတွက် အန္တရာယ်ရှိနေပြီဆိုရင် ကလေးရဲ့အကောင်းဆုံးအကျိုးအတွက် ခွဲခြား ထားသင့်ရင် ခွဲခြားထားဖို့ ဖြစ်ပါတယ်။ ဒါဟာ ကလေးရဲ့အကောင်းဆုံးအကျိုးကို ကြည့်တာဖြစ်ပါတယ်။ အခုလို သတင်းစာရှင်းလင်းပွဲမှာ ကလေးရဲ့အမည်ကို ထုတ်ဖော်ပြောဆိုလိုက်တာဟာ အထောက်အထားခိုင်လုံဖို့ဖြစ် တယ်လို့ ရဲတပ်ဖွဲ့က ပြောကောင်းပြောနိုင်ပေမဲ့ ဒီလိုပြောလိုက်တဲ့အတွက် ကလေးအပေါ ်ဖြစ်ပေါ်နိုင်တဲ့ ဆိုး ကျိုးကို တွက်ဆရင် မနည်းလှပါဘူး။ ဒါကြောင့် တဖက်မှာ ခိုင်လုံမှုဖြစ်စေနိုင်ပေမဲ့ ကလေးရဲ့ အကောင်းဆုံး အကျိုးအရ မပြောဆိုသင့်ပါဘူး။

နောက်တချက်ကေတာ့ စာချုပ်ရဲ့ အပိုဒ် (၁၆) ပါ၊ ဒီအပိုဒ်မှာဆိုရင် “မည်သည့်ကလေး၏ ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ နေအိမ်နှင့် စာပေးစာယူ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို စိတ်ထင်တိုင်း သို့မဟုတ် တရားဥပဒေမဲ့ ဝင် ရောက်စွတ်ဖက်ခြင်းမပြုရ။ ထို့ပြင် ထိုကလေးငယ်၏ ဂုဏ်သိက္ခာအား တရားဥပဒေမဲ့ တိုက်ခိုက်ခြင်းမပြုရ။” လို့ ဖော်ပြထားပါတယ်။ ဒီမှာရေးသားထားတဲ့ “တရားဥပဒေမဲ့” ဆိုတဲ့စကားရပ်ကတော့ တရားဥပဒေက တားမြစ်ထားသော သို့မဟုတ် လုပ်ဆောင်ရန်ခွင့်မပြုသောဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒီတော့ အခုလိုတရားရင် ဆိုင်နေရတဲ့ ကလေးတယောက်ရဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုမှုကို မြန်မာနိုင်ငံရဲ့ ဥပဒေက တား မြစ်ထားတာရှိမရှိဆိုတာကို ကြည့်ရအောင်…။

တရားရင်ဆိုင်နေရတဲ့ကလေးသူငယ်ကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ပြတာ စာစောင်နဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေမှာထုတ်လွင့်တာဟာ မြန်မာနိုင်ငံရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေရဲ့ အပိုဒ် (၉၆) ကို ချိုးဖောက်ရာရောက်ပါတယ်။ အပိုဒ် (၁၀၁) (က-၂) အရ အနည်းဆုံး ထောင်ဒဏ် ၄ လကနေ တနှစ်အထိ၊ ငွေဒဏ်လေးသိန်းကနေ ခြောက်သိန်းအထိ ချမှတ်နိုင်ပါတယ်လို့ ပြဌာန်းထားပြီးသားပါ။ ဒါကြောင့်မို့လို့ ပြဌာန်း ထားတဲ့ ဥပဒေကို ချိုးဖောက်ရာလဲ မြောက်နေပြန်ပါတယ်။

အခုလို ကလေးရဲ့ အမည်နဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုလိုက်တဲ့သူက သာမန် ပြည်သူတယောက်မဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေးတာဝန်ကို ထမ်းဆောင်ဖို့ တာဝန်ရှိတဲ့ တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့က တာဝန်ကြီးကြီးမားမားယူထားတဲ့သူတွေဖြစ်နေတဲ့အတွက် တော်တော့်ကို ဆိုးရွားသွားခဲ့ပါတယ်။ သာမန်ပြည်သူတွေက ပြဌာန်းထာတဲ့ ဥပဒေကို လေးစားဖို့၊ ချိုးဖောက်ကျုးလွန်တဲ့သူတွေကို ဥပဒေအတိုင်း အရေးယူနိုင်ဖို့အတွက် တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ ကိုယ်တိုင်က မလေးစားတာ ချိုးဖောက်တာဖြစ်တာဟာ လုံးဝမဖြစ် သင့်သောအရာဖြစ်ပါတယ်။

ဒီလိုပြောကြားမှုကလည်း တရားဝင်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတာဖြစ်ပါတယ်။ သာမန်ရဲတပ် ဖွဲ့ဝင်တဦးက အမှတ်မထင်ပြောတာမျိုးမဟုတ်ဘဲ တာဝန်ရှိသူတယောက်က တရားဝင်ပြောကြားတာဖြစ်ပါတယ်။ ကလေးအခွင့်အရေးကို မသိနားမလည်မှုက အထင်းသားပေါ်လွင်နေပါတယ်။ ပြည်သူလူထုက ယုံကြည်စိတ်ချ အားကိုးနိင်တဲ့ပြည်သူရဲတပ်ဖွဲ့အဖြစ်မြင်ချင်တဲ့ ပြည်သူ့မျှော်လင့်ချက်တွေဟာ အဝေးကြီးကို ရောက်သွားခဲ့ရပါပြီ။

“မိအေးနှစ်ခါနာ”ဆိုတဲ့ စကားလေးကို နားထဲမှာ ပြန်ကြားမိပါတယ်။ တပူပေါ်တပူဆင့်တဲ့သူတွေကို တွေ့တိုင်း သုံးဖြစ်တဲ့စကားလေးပါ။ အခုအဖြစ်အပျက်ကို ကြည့်ရင်တော့ ဗစ်တိုးရီးယားလေးဟာ လိင်စော်ကားမှုခံရတယ်။ ဒါ့အပြင် တရားဥပဒေရဲ့ ကုစားမှုကို မရရှိသေးဘူး။ အခုနောက်တခါ သူ့ရဲ့ကိုယ်ရေးအချက်အလက်တွေကို လူ သိအောင် ထုတ်ဖော်ပြောတာ ခံရပြန်ပါတယ်။ ဒီတော့ မိအေးသုံးခါနာတဲ့ အဖြစ်မျိုးကျရောက်နေပါပြီ။

သုံးခါနာရတဲ့ ဗစ်တိုးရီးယားလေးအတွက် အမှန်တရားနဲ့ စစ်မှန်တဲ့ တရားစီရင်မှုတွေ လိုအပ်နေပါပြီ။ ပြဌာန်း ထားတဲ့ တရားဥပဒေကို ချိုးဖောက်တဲ့တာဝန်ရှိသူတွေကို ကလေးသူငယ်အခွင့်အရေးဥပဒေအရ အရေးယူဖို့ လို အပ်နေပါပြီ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလဲ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါပြီ။

Author:

Related Articles