Home ဆောင်းပါး မှုန်ဝါးနေဆဲသူတို့အနာဂတ်…

မှုန်ဝါးနေဆဲသူတို့အနာဂတ်…

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း တရုတ် နှစ်သစ်ကူးနေ့တွင် လက်ပံတောင်း တောင်သူများ ဝမ်ပေါင် ကုမ္ပဏီကို ကျိန်စာတိုက်နေပုံ (ဓါတ်ပုံ – ကိုသက်အောင်စိုး)

နန်းဆိုင်နွမ်။      ။

“ ပစ်မိန့်ရှိတယ် မဟုတ်လား။ ပစ်လိုက်စမ်းပါ။ ကျမကိုပစ်သတ်။  ကျမတို့ ဒီလိုခံစားနေရမယ့်တူတူ ပစ်လိုက်ပါ”

“ ဒါကျုပ်တို့လယ်မြေ”  ဆိုပြီး အသံကုန်အော်ဟစ်နေတဲ့ အမျိုးသမီးတွေ..။ ဒီဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ် မှာ ပျံ့နှံ့နေတာကို  တွေ့ရပါတယ်။

ဒီဗွီဒီယိုထဲက မြင်ကွင်းကတော့   မတ်(၃၁)ရက်နေ့မှာ ဝက်မှေးရွာဟောင်းက နေအိမ်တွေရွှေ့ပေးဖို့ အရပ်ဝတ် ရဲမေတွေပါဝင်တဲ့ ရဲအင်အားသုံးပြီး ဝင်ရောက်လာတာကို ဒေသခံအမျိုးသမီးတောင်သူတွေက တားဆီးနေတဲ့ မြင်ကွင်းပါ။

ဒီပဋိပက္ခမှာ ဒေသခံအမျိုးသမီးတွေဟာ ရဲမေတွေကို ကိုယ်ထိလက်ရောက် ပြုမူခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က စွတ်စွဲပြီး   ဦးဆောင်သူတွေဖြစ်ကြတဲ့ မသွယ်သွယ်ဝင်း၊ မဖြူဖြူဝင်းနဲ့  မစန်းလှတို့ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

“ ရဲမေတွေကို ကျမတို့ တယောက်မှ မရိုက်ခဲ့ဘူး။ သူတို့ချင်းတိုက်လှဲကြတာပါ။ အဲဒါ ကျမတို့ကို ရိုက်တယ် ဆိုပြီး တရားစွဲဆိုထားတယ်” လို့ မသွယ်သွယ်ဝင်းက ရှင်းပြပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာလက်ပံတောင်း ကြေးနီစီမံကိန်း နယ်မြေအတွင်းမှာရှိနေတဲ့ ကျေးရွာများ မရွှေ့ပြောင်းရရေး၊ သိမ်းဆည်းထားတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေးတို့အတွက် ရှေ့တန်းထွက် တိုက်ပွဲဝင်နေကြတဲ့သူတွေ ကတော့ အမျိုးသမီးတွေပါပဲ။

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တခြားဒေသက မြေယာဆုံးရှုံးမှုတွေနဲ့မတူတဲ့ ထူးခြားမှုတခုက လက်ပံတောင်း တောင် ကြေးနီစီမံကိန်း မြေယာပဋိပက္ခမှာ အမျိုးသမီးတောင်သူတွေ ဦးဆောင်ပြီး ဆန္ဒပြမှုတွေ၊ ကျိန်စာတိုက် မှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

“တရားမျှတမှုမရှိဘူး။ ကျမတို့ကို တဖက်သတ်ဖိနှိပ်တယ်။ ဝမ်ပေါင်က အလုပ်သမားနဲ့ ကျမတု့ိနဲ့ရန်ဖြစ်ရင် တောင်မှာ ဝမ်ပေါင်အလုပ်သမားက အလိုလိုနေရင်း အခွင့်အရေးရှိနေတာ။ ကျမတို့ ရွာသားတွေက  အမြဲရှုံးနိမ့် နေတာပါ” လို့ အမျိုးသမီးတွေ ရှေ့တန်းထွက်တိုက်ပွဲဝင်နေရတဲ့ အကြောင်းရင်းကိုတော့ မသွယ်သွယ်ဝင်းက ရှင်းပြပြောဆိုပါတယ်။

၂၀၁၈ ခုနှစ် မတ်လအတွင်း ရဲအင်အားများမှ ကျေးရွာရွှေ့ပြောင်းရန် လာရောက်စဉ် တောင်သူများမှ တားဆီးနေခြင်း (ဓါတ်ပုံ – ကိုသက်အောင်စိုး)

၂၀၁၄ ခုနှစ် ဒီဇင်ဘာ(၂၂)ရက်နေ့မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ရှေ့ထွက်ဆန္ဒထုတ်ဖော်သူတဦးဖြစ်တဲ့ မိုးကြိုးပြင်အလယ်ကျေးရွာနေ ဒေါ်ခင်ဝင်းဟာ ဦး ခေါင်းခွံမှာ သေနတ်ထိမှန် သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်တခုလည်း ရှိခဲ့ပါတယ်။

လယ်ယာမြေတွေကို သိမ်းဆည်းခံရတဲ့အတွက် အခြားလယ်ယာတွေမှာ နေ့စားဘဝနဲ့ ရုန်းကန်နေကြရလို့ အခက်အခဲတွေ ကြုံတွေ့နေရတဲ့အပေါ်မှာ ကိုယ်ပိုင်လယ်ယာတွေမှာ ပြန်အလုပ်လုပ်ချင်ပါတယ်လို့ မသွယ် သွယ်ဝင်းကပြောပါတယ်။

“ကျမတို့ လယ်တွေမှာပဲ အလုပ်လုပ်ချင်တယ်။ ကျမတို့ ကိုယ့်မြေကိုယ့်ယာနဲ့ပဲ လုပ်ချင်တယ်” လို့ သူမက ဆို ပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်းကြောင့် မိသားစု စားဝတ်နေရေးမှာလည်း အဆင်မပြေမှုတွေ ရင်ဆိုင်ကြုံတွေ့ နေရပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ဘဝတွေဟာ ပိုခက်ခဲလာတယ်လို့ လက်ပံတောင်းက အမျိုးသမီးတွေ က ပြောဆိုကြတာပါ။

လက်ပံတောင်း ကြေးနီစီမံကိန်း လယ်ယာမြေသိမ်းဆည်းခံရမှုကြောင့် တောင်သူလယ်သမားတွေဟာ တရားမျှ တမှုကို အခုအချိန်ထိ မရရှိကြသလို တောင်သူတွေရဲ့ မိသားစုတွေကိုပါ ဖိနှိပ်နေတာတွေရှိတယ်လို့ မသွယ် သွယ်ဝင်းက ပြောပြပါတယ်။

မိသားစုတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေကို  အမျိုးသမီးတွေက ပိုရင်ဆိုင်နေရတဲ့အတွက် အခုလို ရှေ့ ထွက်လာရတဲ့အကြောင်း ဒေသခံတောင်သူတွေက ပြောဆိုပါတယ်။

“  အမျိုးသားတွေက ရွာပြင်ထွက် အလုပ်လုပ်ကြတယ်။  အိမ်အတွက် ကြုံရာကျပန်းလုပ်ကြတယ်။ အဲဒီမှာ အ မျိုးသမီးတွေက သူတို့နိုင်တဲ့နေရာကနေ ပံ့ပိုးကြတာ။ အမျိုးသားတွေ ရှေ့ထွက်ရင် တခုခုဖြစ်ပြီး  မိသားစု စား ဝတ်နေရေး ပိုထိခိုက်မှာစိုးလို့ သူတို့ရှေ့ထွက်လာကြတာပါ” လို့ အမျိုးသမီးတွေ ရှေ့ထွက်လာရတဲ့ အ ကြောင်းရင်းကို လက်ပံတောင်း စပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းအနီးရှိ ကံကုန်းကျေးရွာမှ ကိုသက်အောင်စိုးက ရှင်းပြပါတယ်။

လက်ရှိ လက်ပံတောင်းက ဆုံးရှုံးလယ်ယာမြေပြန်ရဖို့အရေး ရှေ့ထွက်ဆန္ဒပြတဲ့ အမျိုးသမီးတွေဟာ လေးစား စရာကောင်းတဲ့သူတွေဖြစ်ပြီး၊ တရားမျှတမှုကို လိုလားတဲ့ အမျိုးသမီးတွေဖြစ်တယ်လို့ လက်ပံတောင်း ကြေးနီ စီမံကိန်းမှာ တရားရင်ဆိုင်တဲ့ တောင်သူတွေကို လိုက်လံကူညီပေးနေတဲ့ ရှေနေ့များကွန်ရက်က တရားလွှတ် တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ရွာသူတွေက ပိုပြီးသတ္တိကောင်းတယ်။ ရဲရင့်တယ်။ အရင်စစ်အစိုးရ လက်ထက်ကတည်းက သတ္တိရှိရှိနဲ့ လုပ်ရဲ တာ  အမျိုးသမီးတွေပါပဲ။ အမျိုးသမီးတွေက ပိုပြီးစည်းလုံးကြတယ်။ လက်ပံတောင်းမှာ အမျိုးသမီးထုက ဦး ဆောင်နေတာပါ” လို့ ဦးသိန်းသန်းဦးက မှတ်ချက်ပြုလိုက်ပါတယ်။

“ တခြားရွာက မြေလွှတ်တွေကို ကျမတို့အငှားလိုက်နေရတယ်။ ဟိုအရင်က ကိုယ့်လယ်ယာတွေရှိတော့ သူများ ဆီ အငှားမလိုက်ရဘူး။ အခုတော့ ကိုယ့်မြေပိုင်ရှိပါရက်နဲ့ သူများလယ်အငှားလိုက်နေရတာ ကျွန်ဘဝရောက် နေတာပါပဲ” လို့  မရီဝင်းက ကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောပြပါတယ်။

ကျေးရွာကို ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီ မရောက်လာမီ၊ လယ်ယာမြေတွေ သိမ်းဆည်းမခံရမီ၊ လက်ပံတောင်း တောင်ဒေသခံတွေက ကိုယ့်မြေကိုယ့်ယာမှာ လယ်ယာစိုက်ပျိုးရေးအလုပ်ကို ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်ခဲ့ကြ သလို မိသားစုစားဝတ်နေရေးကိုလည်း ဒီလယ်ယာစိုက်ပျိုးမှုနဲ့သာ ဖြေရှင်းခဲ့ကြတာပါ။

“ တောင်သူလုပ်တုန်းကတော့ ဆန်ကိုအိတ်လိုက် စားနိုင်တယ်။ အခုတော့ ဆန်ကို တခွက်ချင်း စားနေရတယ်။ အလုပ်လက်မဲ့လည်းဖြစ်သွားတော့ စားဝတ်နေရေးက တော်တော်အခက်အခဲဖြစ်ပါတယ်”  လို့ မသွယ်သွယ်ဝင်း က ဆိုပါတယ်။

လက်ရှိမှာတော့ တနေ့လုပ်တနေ့စားပြီး သူများလယ်ယာတွေမှာ နေ့စားအဖြစ် မိသားစုစားဝတ်နေရေး ဖြေရှင်း နေရတဲ့အတွက် အလှူအတန်းလည်း မပြုလုပ်နိုင်သလို ကလေးတွေရဲ့ ပညာရေးနဲ့ မိသားစုကျန်းမာရေးအ တွက် အမြဲစိတ်ပူပန်နေရတယ်လို့ သူမက ပြောပါတယ်။

၂၀၁၈ ခုနှစ် မတ်လအတွင်း ရဲအင်အားများမှ ကျေးရွာရွှေ့ပြောင်းရန် လာရောက်စဉ် တောင်သူများမှ တားဆီးနေခြင်း (ဓါတ်ပုံ – ကိုသက်အောင်စိုး)

ဆက်လက်ပြီး မသွယ်သွယ်ဝင်းက “ ကျမတို့နေတဲ့အိမ်ရွှေ့မပေးရင် ကျမတို့အစ်ကိုကို အလုပ်ကနေ ရပ်ဆိုင်း မယ်ဆိုတဲ့ ဖိအားတွေလာတယ်။  အစ်ကိုက တခြားနေရာမှာ သူ့မိသားစုနဲ့နေတာ။ ကျမတို့ အိမ်မရွှေ့ပေးရင် အစ်ကိုကို အလုပ်ဖြုတ်မယ်၊ တခြားနေရာ အဝေးကို ပို့မယ်ဆိုတဲ့ ဖိအားတွေပေးပါတယ်” လို့ မိသားစုအတွင်း ကြုံတွေ့ရတဲ့ ခြိမ်းခြောက်မှုတွေကိုလည်း  ပြန်ပြောပြပါတယ်။

တောင်သူအမျိုးသမီးခေါင်းဆောင်တွေကို ပုဒ်မမျိုးစုံတပ်ကာ တရားစွဲဆိုကြသလို တချို့တွေကို တရားဝင်စာ မပို့ဘဲ နှုတ်နဲ့ မကြာခဏ စွဲဆိုကြတာမျိုးလည်း ရှိတယ်လို့ တောင်သူအမျိုးသမီးတွေက ပြောပါတယ်။

လက်ရှိ လက်ပံတောင်းကိစ္စမှာ အမျိုးသမီးတွေ  တရားစွဲဆိုခံရတာတွေ ရှိနေပြီး  တချို့အမှုတွေမှာ မတရား ပုဒ် မတွေတပ်ကာ တရားစွဲဆိုထားတယ်လို့ ရှေ့နေဦးသိန်းသန်းဦးကလည်း အတည်ပြုပြောဆိုပါတယ်။

“တောင်သူလယ်သမားဆိုတော့ ကိုယ်မြေယာ မတရားသိမ်းလို့ မခံချင်လို့ ကျမတို့လုပ်တာ မှန်တယ်ထင် တယ်။ ဒါပေမယ့် အာဏာပိုင်တွေက ဝတ္တရားနှောက်ယှက်မှုဆိုပြီး ပုဒ်မတွေ အမျိုးမျိုးတပ်တယ်။ ကျမတို့က မကြောက်ဘူး။ ကျမတို့အမှန်တရားရဖို့ပဲလေ” လို့ မရီရီဝင်းက အားမာန်အပြည့်နဲ့ ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်တက်လာတာ (၂)နှစ်ပြည့်တော့မှာဖြစ်ပေမယ့် ဒေသခံတွေရဲ့ အကြိမ်ကြိမ်တောင်းဆိုမှုတွေကို ဖြေရှင်းမပေးနိုင်သေးတဲ့အပေါ် အားမလိုအားမရမှုတွေ ဖြစ်နေကြတယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လယ်ယာသိမ်းဆည်းခံရတဲ့ တောင်သူတွေက ပြောဆိုလိုက်ပါတယ်။

ဒေသခံတွေတောင်းဆိုနေတဲ့ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး၊ စီမံကိန်းပိုလျှံမြေထဲက အစားထိုးမြေဧက (၁၉၀၀) ဖော်ထုတ်ပေးရေးအတွက် ပုံစံအမျိုးမျိုးနဲ့ ဆက်လက်တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ မြေအစား မြေဧက (၁၉၀၀) အစားထိုး ဖော်ထုတ် ပေးမယ်ဆိုပေမယ့် ကျေးရွာနဲ့ အလှမ်းဝေးတဲ့နေရာမှာ ဖော်ဆောင်ပေးတဲ့အတွက် တောင်သူများက လျော် ကြေးမယူကြသေးတာပါ။

“ ကျမတို့ သိပ်ဝေးတဲ့နေရာကို မသွားနိုင်ဘူး။။ မြေဧက (၁၉၀၀) ကို အနီးအနားမှာ ဖော်ဆောင်ပေးရမယ်။ နောက်ပြီး ပိုလျှံမြေလည်း ပေးရမယ်။ မြေယာလျော်ကြေး မယူတဲ့သူတွေကလည်း မြေယာ အစီရင်ခံစာပါ အချက်အတိုင်း ပေးမယ်ဆိုရင် မြေယာလျော်ကြေး စဉ်းစားကောင်းစဉ်းစားမယ်”လို့ မရီရီဝင်းက ဆိုပါတယ်။

မြေပိုင်ရှင်ဘဝမှ လယ်ယာမဲ့ဘဝရောက်နေပြီး မြေယာလျော်ကြေးငွေကို ကာလပေါက်ဈေးနဲ့ ပေးမယ်ဆိုရင် လည်း ရှေ့ဆက်အခက်အခဲတွေ ဆက်ရင်ဆိုင်ရမှာကို တောင်သူတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

မြေယာအစားထိုးမှုကိုသာ အဓိကတောင်းဆိုမှုပြုနေတဲ့ တောင်သူတွေအနေနဲ့ကတော့ အနာဂတ် သားစဉ်မြေး ဆက်အတွက် စိတ်ချချင်ကြသလို မြေယာလျော်ကြေးငွေပေးခဲ့ပါက တောင်သူတွေဖြစ်တဲ့အလျောက် ရင်းနှီး မြှပ်နှံမှုတွေ မပြုလုပ်တတ်ဘူးလို့ တောင်သူအမျိုးသမီးတွေက ပြောဆိုကြပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း တရုတ် နှစ်သစ်ကူးနေ့တွင် လက်ပံတောင်း တောင်သူများ ဝမ်ပေါင် ကုမ္ပဏီကို ကျိန်စာတိုက်နေပုံ (ဓါတ်ပုံ – ကိုသက်အောင်စိုး)

“ ကျမတို့မွေးထားတဲ့မြေးတွေ ကလေးတွေ ရှိသေးတယ်။ နောင်လာမယ့် ကလေးတွေ အနာဂတ်က မတွေး ဝံ့စရာဘဲ။ ဒါကြောင့် အစားထိုးမြေဧက (၁၉၀၀) ဖော်ထုတ်ပေးဖို့။ မြေပြန်ပေးရင်တော့ ကျမတို့ သားသမီး တွေကို လက်ဆင့်ကမ်းပေးလို့ရတယ်” လို့ မြေယာလျော်ကြေးကို လက်မခံပဲ ငြင်းဆိုရတဲ့အကြောင်းကို ရှင်းပြပါတယ်။

မြေယာလျော်ကြေးငွေအတွက် ကျေးရွာဒေသခံတွေနဲ့ ပြေလည်အောင်ညှိနှိုင်းဖို့ ၂၀၁၃ ခုနှစ်ထုတ် လက်ပံ တောင်းတောင်ကြေးနီစီမံကိန်း အစီရင်ခံစာမှာ ဖော်ပြခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ ဆောင်ရွက်ပေးခြင်း မရှိသေးပါဘူး။

ဥပဒေမဲ့သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးရရှိရေးတို့ကို ဥပဒေ နဲ့အညီဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့နဲ့ ညှိနှိုင်းတိုင်ပင်သွားမယ်လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မြန်မာနှစ်သစ်ကူးနှစ်ဆန်း (၁)ရက်နေ့ မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။

တောင်သူလယ်သမားတွေရဲ့ လူနေမှုဘဝ တိုးတက်မြင့်မားရေး ဆောင်ရွက်ရာမှာလည်း  တောင်သူ လယ်သမား တွေရဲ့ မြေပိုင်ဆိုင်ခွင့်လက်မှတ်တွေ တနိုင်ငံလုံးမှာ (၁)နှစ်အတွင်းရရှိဖို့ အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သမ္မတဦးဝင်းမြင့်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပေမယ့် လက်ပံတောင်း တောင် ဒေသခံတောင်သူတွေရဲ့ အနာဂတ်ဘဝတွေက မရေရာ၊ မသေချာ၊ မှုန်ဝါးနေဆဲလို့ ဆိုနိုင်ပါတယ်။

“ အခု လယ်ယာမရှိတော့ မတွေးဝံ့စရာပါပဲ။ အနာဂတ်ဆိုတာ ဘာလဲတောင် မရေရာတော့ဘူး” ဆိုတဲ့ မသွယ် သွယ်ဝင်းရဲ့ ပြောဆိုချက်က စဉ်းစားစရာဖြစ်နေပါတယ်။

Related Articles