Home ဆောင်းပါး လစ်လျူရှုခံနေရတဲ့ ရှမ်းမြောက်ဒေသအမျိုးသမီးများလုံခြုံရေး

လစ်လျူရှုခံနေရတဲ့ ရှမ်းမြောက်ဒေသအမျိုးသမီးများလုံခြုံရေး

နန်းဆိုင်နွမ်။ အောက်တိုဘာ ၁၄၊ ၂၀၁၉

ရှမ်းပြည်၏ အေးချမ်းသည့် ဆောင်းငွေ့နှင့်အတူ အိပ်ယာမှနိုးထလာပြီး၊ အေးချမ်းမှုကို မခံစားရသူကတော့ နန်း တင့်တင့်ထွန်းဖြစ်သည်။

အိပ်ခန်းထဲမှအထွက် “ ဒုန်း ဒုန်း ဒိုင်း ဒိုင်း” ဟူသော မမျှော်လင့်ထားသည့် ပေါက်ကွဲသံများ ကျယ်လောင်စွာ သူမကြားလိုက်ရပြီး သူမလဲကျသွားသည်။

“ အဲဒီနေ့က ကျမတို့သားအမိအတွက် ပြဿဒါးနေ့ပဲ” ဟု အသက် (၂၅) နှစ်အရွယ်သူမက ပြောသည်။

အောက်တိုဘာလ(၉)ရက်နေ့၊ မနက်(၆)နာရီခွဲတွင် ကျယ်လောင်သောလက်နက်ကြီးသံများနှင့်အတူ ရှမ်းပြည် နယ်မြောက်ပိုင်း သိန္နီမြို့နေပြည်သူများ လန့်နှိုးလာခဲ့ကြပြီး နေအိမ်များကို လက်နက်ကြီးကျမှန်ကာ အရပ်သား(၇) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ထို(၇)ဦးအနက် အမျိုးသမီး(၅)ဦးပါဝင်ကာ၊ ထိုအထဲတွင် နန်းတင့်တင့်ထွန်း (ခေါ်) ကျားမိန့်ကြူးတို့ သားအမိ(၃) ဦးလည်း ပါဝင်သည်။

“ အဲဒီနေ့က ကျမအိပ်ယာထခါစ၊ အိပ်ခန်းကအထွက်မှာ လက်နက်ကြီးက အိမ်ရှေ့ညောင်ပင်ကို ငြိပြီးပေါက်ကွဲ တယ်။ ကျည်စက ကျမကို လာမှန်တယ်။ အမေက ဘုရားရှိခိုးနေရာကနေ ကျမဆီပြေးလာလို့ အမေ့ကို ထပ်ထိ တာ။ နောက် ကျမအစ်မက အဝတ်လျှော်နေတာ သူ့ကိုလည်းထိတယ်” ဟု သူမက ဖြစ်စဉ်ကို ပြန်လည်ပြော ပြသည်။

မိခင်ဖြစ်သူသည် ဘုရားရှိခိုးနေရာမှ ချက်ခြင်းထပြေးလာကာ ကျည်စထိမှန်သည့်သမီးကို ပြေးကြည့်ရာမှ မိခင်ဖြစ် သူကိုလည်း ကျည်စထပ်မံ ထိမှန်ခဲ့ခြင်းဖြစ်သည်။

သမီးဇောဖြင့် ပြေးလာသော အသက်(၅၅)နှစ်အရွယ် (ဒေါ်)နန်းအုံးစိန်သည် ခြေထောက်တွင် ကျည်စထိမှန်ခဲ့ပြီး လားရှိုးဆေးရုံသို့ ပို့ဆောင်ထားရသည်။

“ အမေ့ဒဏ်ရာက သိပ်တော့မပြင်းဘူး။ ဒါပေမယ့် ကျည်စက ခြေထောက်ထဲ တော်တော်နက်ဝင်တော့ ခွဲထုတ်ရ မယ်။ အမေက သွေးတိုးလည်းရှိတော့ အခုထိ မခွဲရသေးဘူး” ဟု နန်းတင့်တင့်ထွန်းက ပြောပြသည်။

(ဒေါ်)နန်းအုံးစိန်သည် သွေးတိုးရောဂါရှိသဖြင့် ကျည်စကို ခွဲထုတ်ရန် စောင့်ကြည့်နေရစဉ် ဦးခေါင်း၊ ပုခုံးနှင့် ပေါင် တွင် ကျည်စထိမှန်ခဲ့သူ နန်းတင့်တင့်ထွန်းကတော့ ဦးခေါင်းဒါဏ်ရာအတွက် စိတ်ပူနေသည်။

“ ကျမက ဦးခေါင်းကိုထိတော့ နည်းနည်းစိုးရိမ်ရတယ်။ ဒါပေမယ့် ကျမရဲ့အမေက သွေးတိုးရှိတော့ သူစိတ်ပူမှာ စိုးလို့ သိပ်မပြောရဲဘူး” ဟု နန်းတင့်တင့်ထွန်းက ပြောသည်။

“ ခေါင်းထိမှန်ပြီးတော့ ခဏခဏခေါင်းကိုက်တယ်။ အခု ပေါင်က ကျည်ထိတဲ့အနာလည်း ပြည်တည်နေတယ်” ဟု သူမက ဆက်ပြောပြသည်။

လက်နက်ကြီးစထိမှန်သည့် အခြားအမျိုးသမီး(၂)ဦးမှာ လားရှိုးဆေးရုံတွင် ကျည်စခွဲထုတ်ရန် ရောက်ရှိနေသည်။

အောက်တိုဘာလ(၁၀)ရက်နေ့တွင်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လက်နက်ကြီးစထပ်မံထိမှန်ပြီး လား ရှိုးဆေးရုံသို့ သွားရောက်ကုသခဲ့ရသည်။

ထ့ိုနည်းတူ အောက်တိုဘာလ(၁၁)ရက်နေ့တွင် ကလေးငယ်နှင့် နောက်ထပ်အမျိုးသမီးတဦးလည်း လက်နက်ကြီးစ ထိမှန်ကာ သိန္နီဆေးရုံသို့ တက်ရောက်နေရသည်။

“ ဒီရက်ပိုင်းပစ်ခတ်မှုတွေကြောင့် အမျိုးသမီးတွေအများဆုံးထိခိုက်တယ်။ အမျိုးသမီးတွေက အိမ်ထဲမှာနေလည်း ပစ်ခံနေရတယ်။ ဘယ်မှာနေနေ မလုံခြုံတဲ့ဘဝဖြစ်နေတယ်” ဟု သိန္နီမြို့၊ ရပ်ကွက်(၃)တွင်နေထိုင်သည့် နန်းလှစိန် က ပြောသည်။

သီန္နီပစ်ခတ်မှုတွင် အမျိုးသမီး(၅)ဦး ထိမှန်ခံရသည်ဟုသိရပြီးနောက် မည်သည့်နေရာတွင်မဆို မလုံခြုံသလို ခံစား လာရပြီး ကံတရားကိုသာ အားကိုးနေရသည်ဟု နန်းလှစိန်က ဆက်ပြောသည်။

“ အိမ်မှာနေတာတောင် လက်နက်ထိတာဆိုတော့။ ကျည်ဆံက အိမ်တွင်း၊ အိမ်ပြင် မခွဲသလို မိန်းမ၊ ယောကျ်ား လည်း မခွဲဘူး။ ကျမလည်း ဘယ်နေ့ထိမလဲ မသိဘူး။ ကံတရားပါပဲ” ဟု နန်းလှစိန်က ဆိုသည်။

ယခုရက်ပိုင်း သိန္နီမြို့တွင်း မြန်မာ့တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ပစ်ခတ်မှု ဖြစ်ပွားကာ အမျိုးသမီးဦးရေ (၈)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ ဒီတခါမြို့ထဲပစ်ခတ်မှုက အမျိုးသမီးတွေကို ထိတာများတယ်။ ရှမ်းပြည်နယ်အစိုးရနဲ့ အုပ်ချုပ်ရေးမှူးတွေအနေ နဲ့တော့ ထိခိုက်ဒဏ်ရာရသူတွေကို ထောက်ပံ့ငွေတစ်သိန်းစီပေးပါတယ်” ဟု သိန္နီမြို့၊ အမှတ်(၁)မဲဆန္ဒနယ်၊ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီက ပြောသည်။

လက်ရှိပစ်ခတ်မှုများတွင် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အမျိုးသမီးများကို ဦးတည်ပြီး ပစ်ခတ်မှုပြုလုပ်ခြင်း မဟုတ်သော်လည်း ထိခိုက်သူအများစုမှာ အမျိုးသမီးများဖြစ်နေသဖြင့် အရပ်သားများ၊ အထူးသဖြင့် အမျိုးသမီး များ လက်နက်ကိုင်တိုက်ပွဲများအတွင်း လုံခြုံမှုရရှိစေရေး အရေးကြီးလာသဖြင့် ပြည်သူများနှင့်ဝေးရာတွင်သာ ပစ်ခတ်မှုများ ပြုလုပ်ကြရန် နန်းခင်ထားရီက တောင်းဆိုလိုက်သည်။

“ အမျိုးသမီးအတွက်ပဲပြောတာမဟုတ်ပါဘူး။ ဘယ်သူကိုပဲထိထိပါ။ လက်နက်ကိုင်တွေကို ပြောချင်တာက ပြည် သူတွေကို ငဲ့ညှာသောအားဖြင့် ဖြစ်ရင်တောင် ကိုယ့်ပြည်သူရှိတဲ့နေရာ မဖြစ်စေချင်ဘူး” ဟု နန်းခင်ထားရီက ပြော ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နှင့် သိန္နီမြို့တွင် ဖြစ်ပွားသောတိုက်ပွဲများတွင် အမျိုးသမီးများနှင့် ကလေး ငယ်များ ထိခိုက်လာမှုသည် ပိုမိုဆိုးရွားလာသဖြင့် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အများပြည်သူနှင့် ဝေးသည့် နေရာတွင်သာ ပစ်ခတ်မှုများပြုလုပ်ရန် ရှမ်းမြောက်ဒေသခံများက တောင်းဆိုနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ(၃၁)ရက်နေ့တွင်လည်း ကွတ်ခိုင်မြို့နယ်၊ မော်ဟိတ်စုစည်းကျေးရွာတွင် လက်နက်ကြီးကျ ကာ အမျိုးသမီးများနှင့် လသားကလေးငယ်တစ်ဦးအပါအဝင် (၅)ဦး သေဆုံးခဲ့သည်။

ထိုလသားကလေးငယ်နှင့် အမျိုးသမီးများသေဆုံးမှုကြောင့် အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့် အရေးလှုပ်ရှားသူများက တိုက်ပွဲများရပ်တန့်ရန်နှင့် တိုက်ပွဲဖြစ်ပွားပါကလည်း ပြည်သူနှင့်ဝေးသည့်နေရာတွင် ဖြစ် ပွားကြရန် တောင်းဆိုမှုများပြုလုပ်ခဲ့ကြသေးသည်။

“ ကျွန်တော်တို့ပြောနေရတာက လက်နက်ကိုင်တပ်ဖွဲ့တွေက ပြည်သူတွေကို မငဲ့ညှာဘူး။ အထူးသဖြင့် အမျိုးသ မီးနဲ့ ကလေးငယ်တွေကိုလည်း ဂရုမစိုက်ဘူး။ ပစ်ခတ်မှုတွေကိုကြည့်ရင် သိသာတယ်” ဟု သိန္နီဒေသခံတဦးဖြစ် သည့် စိုင်းလှအောင်က ပြောသည်။

ယခုလို မြို့လယ်ခေါင်တွင် လာရောက်ပစ်ခတ်ခြင်းသည် ပြည်သူကို ဂရုမစိုက်၊ မလေးစားကြောင်း ပြသလိုက် ခြင်းဖြစ်သည်ဟု စိုင်းလှအောင်က ပြောဆိုခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထောက်ခံသူများ ကလည်း နှစ်ပေါင်းများစွာ တိုင်းရင်းသားဒေသ၊ နယ်စပ်ဒေသမှ တိုင်းရင်းသားပြည်သူများ၊ ကျေးရွာများ ပြင်းထန် သည့် တိုက်ပွဲများကြောင့် သေကျေပျက်စီးနေရသည်ကို မြို့နေပြည်သူများလည်း သိနားလည်ရန်လိုအပ်သည်ဟု ပြောဆိုနေကြသည်။

နန်းတင့်တင့်ထွန်းကတော့ လက်နက်ကြီးကြောင့် ပြည်သူအများထိခိုက်နစ်နာသည့်အပေါ် သက်ဆိုင်ရာ လက်နက် ကိုင်တပ်ဖွဲ့များမှ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်လိုအပ်သည်ဟု ပြောဆိုလိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့မှ ပြည်သူအများနေထိုင်သည့် ကျေးရွာများ၊ မြို့နယ်များ တွင် စစ်ဆင်ရေးများမပြုလုပ်ကြရန် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါး က ပြောဆိုလိုက်သည်။

အမျိုးသမီးနဲ့ကလေးငယ်တွေ တိုက်ပွဲမှာ ထိခိုက်ဒါဏ်ရာရသေဆုံးမှုများကို မည်သို့ကိုင်တွယ်ရမည်ကို မသိရှိ ကြောင်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းများကို တရားစွဲဆိုရန်လည်း မဖြစ်နိုင်ကြောင်း လွေးချီဆငါးက ဆက်လက် ပြောဆိုသည်။

လက်ရှိအခြေအနေတွင် ရှမ်းပြည်မြောက်ပိုင်းဒေသများမှ အမျိုးသမီးများအနေဖြင့် နေအိမ်ထဲတွင်နေရင်း ကျည်ဆံ ထိမှန်မည်ကို စိုးရိမ်နေရသည့်အခြေအနေသို့ရောက်နေသဖြင့် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အစီ အစဉ်များ ရှမ်းမြောက်ဒေသတွင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးရန်လိုအပ်နေသည်ဟု လေ့လာသူများက သုံးသပ်နေကြသည်။

Author:

Related Articles