Home ဆောင်းပါး မိန်းကလေးငယ်တွေကို ခြိမ်းခြောက်နေသေးတဲ့ တရုတ်-မြန်မာနယ်စပ်က လူကုန်ကူးမှုများ

မိန်းကလေးငယ်တွေကို ခြိမ်းခြောက်နေသေးတဲ့ တရုတ်-မြန်မာနယ်စပ်က လူကုန်ကူးမှုများ

Photo: ND-Burma

မလိခ။       ။

“လူကုန်ကူးခံရမှု ပိုများလာတယ်။ အားလုံးက စစ်ပွဲမှာဘဲ အာရုံရောက်နေကြတော့ လူကုန်ကူးမှုတားဆီးရေး ကို အရင်က လုပ်နေပြီဆိုပြီး ဆက်မလုပ်ကြဘူး”

ကချင်ပြည်နယ်အတွင်း လက်ရှိ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို မြစ်ကြီးနားမြို့ အခြေစိုက် ထွယ်ဂျန်ဒါ အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးစီမံကိန်းရဲ့ မန်နေဂျာ မခေါဆွမ့် ပြောပါတယ်။

“အဲဒါကို အခွင့်ကောင်းယူပြီး ပွဲစားတွေက တရုတ်နိုင်ငံကို ပို့ကြတယ်။ သူတို့ကရောင်းစားတယ်ဆိုပေမဲ့ အိမ် ထောင်ကျတယ်ဆိုပြီး အချိုသတ်သွားတယ်။ တချို့ကိုတော့ ဆိုင်မှာ အလုပ်လုပ်ခိုင်းကြတယ်”

ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား စစ်ပွဲတွေတကျော့ ပြန်ဖြစ်ပွားခဲ့တာ ၂၀၁၈ ခုနှစ် ဇွန်လမှာ (၇) နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့တဲ့ စစ်ဘေးရှောင် စုစုပေါင်း (၁၂၀,၀၀၀) ကျော်သာ ရှိရာမှ ၂၀၁၈ ခုနှစ် ဇွန်လထိ (၁၃၀,၀၀၀) ကျော်ထိရှိလာပြီ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ကနေစပြီး ဒေသခံ ပြည်သူတွေ လုပ်ကိုင်စားသောက်နေကြတဲ့ တနိုင်းမြို့နယ်က ပယင်းမှော်၊ ရွှေ့မှော်တွေမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့လို့ ပြည်သူတွေ ထောင်ချီကာ ထပ်မံ ထွက်ပြေးခဲ့ရ ပြန်ပါတယ်။

အခုဆိုရင် စစ်ဘေးရှောင်ပြည်သူတွေဟာ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်၊ မိုးကောင်း၊ နမ္မတီး၊ တနိုင်း၊ တန် ဖရဲ စတဲ့ဒေသတွေမှာ ဒုက္ခသည်စခန်းပေါင်း (၁၂၀) ကျော်မှာ ခိုလှုံနေကြရပါတယ်။

ဒီလိုတိုက်ပွဲတွေ ပြင်းထန်လို့ ကချင်ဒေသက ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အ တည်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ စစ်ရှောင်တွေအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ဒေသတွင်း လူမှု အဖွဲ့အစည်းတွေက ကူညီထောက်ပံ့မဲ့ လူသားချင်းစာနာထောက်ထားမှုတွေကို အစိုးရက ခွင့်ပြုချက်မပေး တာတွေ၊ တပ်မတော်က တားဆီးဟန့်တားမှုတွေ ရှိခဲ့ပါတယ်။

စစ်ရှောင်လူထုအတွင်း ဒီလိုအခက်အခဲ ကြုံတွေ့မှုတွေက လူကုန်ကူးမှုပစ်မှတ်တွေ ဖြစ်လာစေပါတယ်။

စစ်ဘေးရှောင်တွေသာမက ကချင်ပြည်နယ်က ပြည်သူလူထုတွေ စီးပွားရေးအကြပ်အတည်းတွေကြောင့် မိသားစုစားဝတ်နေရေးအတွက် အရွယ်ရောက်တဲ့ လူငယ်လူရွယ်တွေက တရုတ်နိုင်ငံကို သွားရောက် အလုပ် လုပ်ကိုင်ရာကနေ လူကုန်ကူးခံရမှုတွေ ကြုံတွေ့ခဲ့ကြတာလည်း ရှိပါတယ်။

လူကုန်ကူးမှုက အခုနှစ်ပိုင်းမှာ ပိုများလာပြီး အများအားဖြင့် အလုပ်အကိုင်မရှိခြင်းနဲ့ မိသားစု စားဝတ်နေရေး ခက်ခဲလို့ အခုလို လူကုန်ကူးခံရမှုတွေ ပိုများလာရတာ ဖြစ်တယ်လို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေ စိုက် ထွယ်ဂျန်ဒါ အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးစီမံကိန်းရဲ့ မန်နေဂျာ မခေါ ဆွမ့် ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်မှာ စစ်ပွဲတွေဖြစ်ပွားနေချိန်မှာ လူကုန်ကူးသူတွေက အခွင့်ကောင်းယူပြီး လူကုန်ကူး မှုတွေ လုပ်ဆောင်နေတာကြောင့် ပိုများလာနေတယ်လို့ သူက ဆက်ပြောပါတယ်။

အလုပ်သွားလုပ်ရင်း လူကုန်ကူးခံရခြင်း၊ အငှားကိုယ်ဝန်ဆောင်ပေးခြင်းနဲ့ အိမ်ထောင်ကျခြင်းစတဲ့ လူကုန်ကူး ခံရမှုတွေရှိနေပါတယ်။

ကချင်ပြည်နယ်မှာ ထူးခြားတာက မိရိုးဖလာ ဓလေ့ထုံးစံကို အခွင့်ကောင်းယူပြီး မိဘထံ တောင်းရမ်းယူကာ ကွမ်းဖိုးထည့်ပြီး တရားဝင် လက်ထပ်ထိန်းမြားယူတာတွေလည်း လူကုန်ကူးမှုတွေကို အားပေးသလို ဖြစ်နေ တယ်လို့ မခေါဆွမ့်က ပြောပါတယ်။

“တချို့ ကိုယ့်ကိုကိုယ် ရောင်းစားခံရတာကို မသိကြဘူး။ တချို့မိဘတွေက ကွန်းဖိုးနည်းနည်းများများထည့် ရင် ဝမ်းသာပြီး ပေးစားလိုက်တယ်” လို့ မခေါဆွမ့်က ပြောပြပါတယ်။ “လူကုန်ကူးမှု ဖြစ်ဖို့ အားပေးတာနဲ့ အတူတူဘဲ၊ တချို့က ကလေးတယောက်မွေးပေးရင် ကျပ်သိန်း (၂၀)နဲ့ သဘောတူပြီး သွားလိုက်တဲ့ လူတွေ လည်း ရှိတယ်”

လူကုန်ကူးမှု ပပျောက်ဖို့အတွက် အသိပညာပေးခြင်း၊ အရေးပေါ် အကူအညီပေးခြင်း၊ အကြံပေးခြင်းနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပွဲတွေ ပြုလုပ်ခြင်း၊ လူကုန်ကူးခံရမှုကနေ လွတ်မြောက်လာတဲ့ မိန်း ကလေးတွေကို ဝင်ငွေရရှိရေး အလုပ်အကိုင် ရှာဖွေပေးတာတွေ လုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး(KWAT) ကလည်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းကို တစိုက် မတ်မတ် လုပ်ဆောင်နေပေမဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် တားဆီးနိုင်ခြင်းမရှိဘဲ ပိုမိုများပြားလာနေ တယ်လို့ KWAT ရဲ့အထွေထွေမန်နေဂျာ ဒေါ်မွန်းနေလီက ပြောပါတယ်။

Photo: Getty Images

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်တဲ့အတွက် အလုပ်အကိုင်လည်း ရှားပါးလို့ တရုတ်နိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်တဲ့သူတွေ များပြားလာနေပြီး အခုဆိုရင် ကချင်ပြည်နယ်သာမက မြန်မာနိုင်ငံအောက်ပိုင်းက သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာမိန်းကလေးတွေပါ လူကုန်ကူးခံရမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“အောက်ပိုင်းက လူတွေလည်း အလုပ်အကိုင်မရှိတော့ ဝင်ငွေရဖို့ တရုတ်နိုင်ငံကို အလုပ်သွားလုပ်တော့ ရောင်းစားခံရတာ ကချင်တွေချည်း မဟုတ်တော့ဘဲ အောက်ပိုင်းက တခြားလူမျိုးတွေ ပါဝင်လာတော့ အမှုပမာဏလည်း ပိုများလာတာတွေ့ရတယ်”

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာရှိတဲ့ မြန်မာနိုင်ငံ၊ လူကုန်ကူးမှုတားဆီးရေးအဖွဲ့ကလည်း လူကုန်ကူး တား ဆီးရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေသော်လည်း အားနည်းနေသေးကြောင်း ကချင်အမျိုးသမီးအဖွဲ့ အစည်းတွေက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း လူကုန်ကူးတားဆီးမှု အသိပညာပေးလုပ်ငန်းတွေ ပုံမှန်လုပ်ဆောင်နေပေမဲ့ လူကုန် ကူးခံရမှုတွေ ဆက်လက်ရှိနေသေးတာဟာ စီးပွားရေးကြပ်တည်းမှုကြောင့် ဖြစ်တယ်လို့ မြစ်ကြီးနားမြို့ရှိ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးရေးဌာနမှ ရဲအုပ်သက်လွင်က ပြောပါတယ်။

“အဓိက စီးပွားရေးပါဘဲ။ ဒီကချင်ပြည်နယ်တခုဘဲ ဖြစ်တာတော့ မဟုတ်ပါဘူး။ ကျန်တဲ့ အရပ်ဒေသတွေ လည်း စီးပွားရေး အဆင်မပြေဘူး။ ဥပမာအားဖြင့် မကွေး၊ မန္တလေး၊ ဧရာဝတီဘဲဖြစ်ဖြစ် အလုပ်အကိုင်တွေ ရှားလာမယ်။ အလုပ်ပေါတဲ့နေရာတွေသွားမယ်။ အပေါင်းအသင်းအမျိုးမျိုးနဲ့တွေ့မယ်။ အဲဒီမှာ အကြံသမားနဲ့ တွေ့မယ်။ အဲဒီလိုမျိုးတွေရှိတာပေါ့” လို့ ရဲအုပ်သက်လွင်က ပြောပါတယ်။

များသောအားဖြင့် တရုတ်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ရာကနေ အလုပ်အဆင်မပြေဘဲ နောက် ဆက်တွဲ ပြဿနာအဖြစ် လုပ်အားခ ခေါင်းပုံဖြတ်ခံရတာတွေ၊ တရားမဝင် လုပ်ကိုင်ခြင်းကြောင့် အတင်း အဓမ္မ လက်ထပ်ပေါင်းသင်းခံရတာတွေ စတဲ့ လူကုန်ကူးခံရမှုတွေ ပိုများတယ်လို့ သူက ပြောပါတယ်။

မြစ်ကြီးနားမြို့က လူကုန်ကူးတားဆီးကာကွယ်ရေးဌာနကတော့ လူကုန်ကူးတားဆီးရေး အသိပညာပေးလုပ် ငန်းတွေကို တရုတ်-မြန်မာနယ်စပ် ဂိတ်တွေ၊ မီးရထား၊ လေကြောင်း၊ စာသင်ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်းရှိ အခမ်းအနားတွေ စတဲ့နေရာ၊ စစ်ရှောင်စခန်းတွေမှာ အသိပညာပေး ဟောပြောခြင်း၊ လက် ကမ်းစာစောင်တွေ ဖြန့်ဝေခြင်းတွေ ပြုလုပ်နေပြီး အရေးကြုံလာပါက ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွေကို မျှဝေပေးပြီး မြန်မာ့အသံကနေလည်း စနေနေ့တိုင်း လူကုန်ကူးမှုနဲ့ပတ်သက်ပြီး တပတ်အတွင်း ဖြစ်ပွားတဲ့ အမှုတွေ၊ လူကုန်ကူးခံရသူတွေရဲ့ ရင်ဖွင့်သံတွေကို ထုတ်လွင့်နေတယ်လို့ သူကပြောပါတယ်။

“ဒီလောက်လုပ်နေတာတောင် လူကုန်ကူးမှုတွေက ရှိနေတုန်းပါဘဲ။ လူကုန်ကူးတဲ့ ပွဲစား၊ တရားခံ အသိုင်း အဝိုင်းကတော့ တချို့ဆိုရင် ကိုယ်ကိုယ်တိုင် လူကုန်ကူးခံရပြီးနောက်ပိုင်းမှာ သူက ဒီလမ်းကြောင်းကို သိ သွားတော့ လူကုန်ကူးသူအဖြစ်ကို ပြောင်းသွားတာတွေလည်းရှိတယ်။ ဘာကြောင့်လည်းဆိုတော့ စီးပွားရေး ပေါ့နော်။ ငွေကြေးအခက်အခဲကို အလွယ်တကူ ဖြေရှင်းတဲ့သဘောပေါ့”လို့ ရဲအုပ်သက်လွင်က ပြောပါတယ်။

လူကုန်ကူးခံရသူတွေဟာ မိမိတို့ဆန္ဒနဲ့ အလုပ်ရှာရင်း တရုတ်နိုင်ငံသို့ ရောင်းစားခံကြရသူတွေများပေမယ့် တချို့ တရုတ်အမျိုးသားတွေက မြန်မာနိုင်ငံမှာ တရားဝင်ဇနီးမယားအဖြစ် လက်ထပ်ပြီးမှ တရုတ်နိုင်ငံ ရောက်မှ နောက်တဆင့် ရောင်းစားတာမျိုးတွေလည်း ရှိနေပြီး ရင်သွေးတယောက် ရတဲ့အထိ ပေါင်းသင်း ရတဲ့ ပေါက်ဈေးငွေ အနည်းဆုံး ကျပ်သိန်း (၂၀)ကနေ အများဆုံးကျပ်သိန်း (၅၀) ခန့်ထိ ရှိပါတယ်။

လက်ရှိ အစိုးရလက်ထက်မှာ ထိုင်းနိုင်ငံနဲ့ ပတ်သက်တဲ့ လူကုန်ကူးမှု ပြဿနာတွေကို အများအပြား လျော့ချ တားဆီးနိုင်ခဲ့ပေမဲ့လည်း တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ အမှုတွေကိုတော့ ဖြေရှင်းဖို့ အခက်အခဲတွေရှိသေးလို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး သက်နောင်က ၂၀၁၇ ခုနှစ်၊ ဇွန်လ (၉) ရက်က နေပြည်တော်မှာ ကျင်းပတဲ့ (၉)ကြိမ်မြောက် ပြုလုပ်တဲ့ လူကုန်ကူးခံရသူတွေကို စွမ်းရည်မြှင့်တင် ပေးခြင်းနဲ့ တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်တခုမှာ ပြောဆိုခဲ့ပါတယ်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပြဌာန်းချက်မှာ မည်သူမဆို အမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ်များအား လူကုန်ကူးမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် (၁၀) နှစ်မှ အများဆုံးထောင်ဒဏ် တသက်အထိ ချမှတ်မယ့်အပြင် ငွေဒဏ်လည်းချမျတ်နိုင်တယ်လို့ ၂၀၀၅ ခုနှစ် စက်တင်ဘာလက ပြဌာန်းထားပါတယ်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပြဌာန်းလိုက်ပေမဲ့ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တာတွေ၊ လူကုန်ကူးမှု ပပျောက်ရေး လုပ်ဆောင်နေတဲ့ ရဲတပ်ဖွဲ့တွေကလည်း ထိထိရောက်ရောက် မလုပ်နိုင်ဘဲ အားနည်းနေပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ရံပုံငွေတွေကလည်း လက်တွေ့လုပ်ဆောင်နေတဲ့ အဖွဲ့အ စည်းတွေထံ တိုက်ရိုက်မရောက်နိုင်တဲ့အတွက် အားနည်းချက်တွေရှိနေတယ်လို့ အမျိုးသမီးအဖွဲ့တွေက ပြောပါတယ်။

“အစိုးရက ၂၀၀၅ နှစ်မှာ လူကုန်ကူးတားဆီးရေး ဥပဒေထုတ်လိုက်တယ်။ ဒါပေမဲ့ အမျိုးသမီးတွေရဲ့ အခွင့် အရေးနဲ့ ပတ်သက်တဲ့ လူကုန်ကူးမှု ပပျောက်ဖို့လုပ်တဲ့ ရဲတပ်ဖွဲ့တွေထားပေမဲ့ အလုပ်လုပ်ဖို့ မဖြစ်နိုင်ဘူး။ ငွေရေးကြေးရေးကအစ မလုံလောက်ဘူး။ အဲဒီမှာ ဦးဆောင်နေတဲ့ လူတွေကလည်း အမျိုးသမီးအခွင့်အရေး ဆိုတာကို သေချာမသိဘူး။ ဒီလို လူကုန်ကူးမှုပပျောက်ဖို့ အစိုးရဘက်က လုပ်ဆောင်တာတွေ အားနည်း တယ်”လို့ KWAT က ဒေါ်မွန်းနေလီက ထောက်ပြပါတယ်။

အခြေအနေအရပ်ရပ်က လူကုန်ကူးခံရမှုကို တွန်းပို့နေတဲ့ကြားက မရပ်တန့်နိုင်သေးတဲ့ စစ်ပွဲတွေကလည်း ဒါကိုအခြေအနေပိုဆိုးစေတယ်လို့ ဒေါ်မွန်းနေလီက ပြောပါတယ်။

“ကျမတို့ ကချင်ပြည်နယ်ဒေသမှာက စစ်ပွဲကြောင့် စစ်ရှောင်တွေလည်း များလာတယ်။ လုပ်ကိုင်စားသောက် ရခက်လာတယ်။ အိုင်ဒီပီစခန်းရောက်လာတဲ့လူတွေကလည်း ရိက္ခာ မဖူလုံတော့ ငွေရှာရတော့ လူကုန်ကူး ခံရတာတွေ ရှိလာတယ်။ မိန်းကလေးတွေအတွက် လူကုန်ကူးခံရဖို့ စိန်ခေါ်မှုကြီး ဖြစ်လာတယ်”

Related Articles