Home မေးမြန်းခန်း အမျိုးသမီးတွေကို ခေါင်းဆောင်မှုနေရာ မရောက်လာနိုင်အောင် ခွဲခြားဆက်ဆံထားမှုကို ၂၀၀၈ ဖွဲ့စည်းပုံက တရားဝင်ခွင့်ပြုထားတယ်ဆိုတဲ့ ယိင်းလောဝ်နှင့်တွေ့ဆုံမေးမြန်းခြင်း

အမျိုးသမီးတွေကို ခေါင်းဆောင်မှုနေရာ မရောက်လာနိုင်အောင် ခွဲခြားဆက်ဆံထားမှုကို ၂၀၀၈ ဖွဲ့စည်းပုံက တရားဝင်ခွင့်ပြုထားတယ်ဆိုတဲ့ ယိင်းလောဝ်နှင့်တွေ့ဆုံမေးမြန်းခြင်း

တပ်မတော်ကို အဓိက ကိုယ်စားပြုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်တွင်းကနေ ပြင်မယ်ဆိုတဲ့ ဂတိဂဝတ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။

ပထမဆုံး ပြည်သူရွေးချယ်တင်မြှောက်ခဲ့တဲ့ အရပ်သားအစိုးရအဖြစ်တက်လာတဲ့ NLD အစိုးရ အာဏာရပြီး ၃ နှစ်ကျော်မှ လွှတ်တော်အတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီတွေဖွဲ့စည်းနိုင်ခဲ့ပြီး လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ခြေလှမ်းစနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တတ်သိပညာရှင်အများစုကတော့ NLD အစိုးရရဲ့ လွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် မယုံမရဲဖြစ်နေကြဆဲပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့် ပြင်ဆင်ဖို့ လိုအပ်တာလဲ၊ ပြည်ထောင်စုစနစ်အတွက် ဒီဖွဲ့စည်းပုံက ဘယ်လောက် အာမခံချက်ရှိလဲ၊ အမျိုးသမီးတွေအတွက် အကာအကွယ်ပေးမှုရှိရဲ့လား၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်းလဲဖို့ဆိုတာ ဖြစ်နိုင်ချေရှိပါ့မလား ဆိုတာတွေနဲ့ပတ်သက်ပြီး သံလွင်ပြည်သူ့မူဝါဒရေးရာ လေ့လာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ယိင်းလောဝ်နှင့် Hi အမျိုးသမီးစာမျက်နှာမှ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး-၂၀၀၈ ဖွဲ့စည်းပုံမှာ အဆိုးဆုံးအချက် တချက်ကို ပြောပြပါဆိုရင် ဘယ်အချက်ကိုပြောမလဲ။

ဖြေ-၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဆိုးဆုံးအချက်ကတော့ ဒီဖွဲ့စည်းပုံဖြစ်ပေါ်လာပုံ အဆင့်ဆင့်ပါဘဲ။ အဲဒါကို ရှင်းရမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အနှစ်သာရကနေ စပြောရပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆို တာ အရှင်းဆုံး၊ အလွယ်ဆုံး ပြောရမယ်ဆိုရင်တော့ အုပ်ချုပ်မယ့်သူတွေနဲ့ အုပ်ချုပ်ခံရမယ့်လူတွေ ကြားထဲမှာ ချုပ်ဆိုတဲ့ သဘောတူစာချုပ်ဖြစ်ပါတယ်။

အဲဒီတော့ အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့ဖြစ်စဉ် အဆင့်ဆင့်မှာ ဖွဲ့စည်းပုံရေးဆွဲဖို့ အခြေခံမူကို အဲဒီခေတ်က အုပ်ချုပ်ခဲ့တဲ့လူတွေက ချပေးတာဖြစ်တယ်။ ချပေးလိုက်တဲ့အချက်မှာဘဲ တက်ရောက်လာတဲ့ အုပ်ချုပ်ခဲ့တဲ့လူတွေ စိတ်ကြိုက်ရွေးခဲ့တဲ့လူတွေ၊ တကယ်စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်မဟုတ်တဲ့ လူတွေက ဆွေးနွေးရတယ်။

ဆွေးနွေးတဲ့အခါမှာလဲ အမျိုးသားညီလာခံက တာဝန်ရှိသူတွေဆီမှာ ကြိုတင်ခွင့်ပြုချက်ယူပြီးမှ ဆွေးနွေးခွင့်ရ တယ်။ ခွင့်ပြုချက်မရရင် ဆွေးနွေးခွင့်မရဘူး။ ဆင်ဆာဖြတ်တာတွေ ရှိခဲ့တယ်။ လွတ်လပ်ပွင့်လင်းတဲ့ အပြန် အလှန်ဆွေးနွေးမှုတွေ မရှိခဲ့ဘူး။ ညီလာခံ ပြင်ပမှာလဲ ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း ဆွေးနွေးခွင့် မရှိဘူး။ မရှိလို့ဘဲ ၂၀၀၅ ခုနှစ်တုန်းက ရှမ်းခေါင်းဆောင်တွေ ညီလာခံပြင်ပမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ဆွေး နွေးလို့ဆိုပြီး ဖမ်းဆီးထောင်ချခဲ့တယ်။

အဲဒီလိုနဲ့ မူကြမ်းထွက်လာတော့ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ လုပ်တယ်။ လုပ်တဲ့အခါမှာလဲ နာဂစ်မုန်တိုင်း ဝင်ပြီးခါစ နိုင်ငံတဝှမ်းလုံးမှာ သဘာဝဘေးအန္တရာယ်တွေ၊ စစ်ပဋိပက္ခရဲ့ ဘေးအန္တရာယ်တွေ ကြားထဲမှာ ကျင်းပ ခဲ့တယ်။ ဒါတောင် ၉၇ ရာခိုင်နှုန်း ထောက်ခံမဲရတယ်ဆိုပြီး အတည်ပြုခဲ့တယ်။ အဲဒီကနေ ရွေးကောက်ပွဲလုပ် တယ်။ ဦးသိန်းစိန်အစိုးရတက်လာတယ်။ နောက် NLD အစိုးရတက်လာတယ်။ ပြန်ချုပ်ရမယ်ဆိုရင် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ အဆိုးဆုံးအချက်ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာပုံအဆင့်ဆင့် ဖြစ်ပါ တယ်။

မေး- ဒီမိုကရေစီစံနှုန်းတွေနဲ့ လွဲချော်တဲ့အပိုင်းတွေကို ထောက်ပြပေးပါဦး။

ဖြေ- ပထမဆုံးအချက်ကတော့ ဖွဲ့စည်းပုံဖြစ်ပေါ်လာပုံအဆင့်ဆင့်က ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီမှုမရှိဘူး။ အဲဒီ နောက်မှာတော့ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်း ဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်” ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေတခုလုံးကို ရိုးရိုးလေးဘဲကြည့်မယ်ဆိုရင်တောင် စစ်ရေး၊ ကာကွယ်ရေး၊ တပ်မတော် Military, Defence, Defence services ဆိုတာ (၁၇၆) ကြိမ်ဖော်ပြထားတယ်။ ဒီမိုကရေစီ (သို့မဟုတ်) ဒီမိုကရက်တစ်ဆိုတဲ့စကားလုံးကို (၈) ကြိမ်ဘဲဖော်ပြထားတယ်။

နောက်ပြီး တခြားစံနှုန်းတွေဖြစ်တဲ့ ရွေးကောက်ပွဲ election ကို အကြိမ်(၉၀)၊ ပြည်သူလူထု people ကို (၁၆) ကြိမ်၊ နိုင်ငံသား citizen ဆိုတာကို (၇၉)ကြိမ်၊ တိုင်းရင်းသား national races ကို (၃၁)ကြိမ်၊ လွတ်လပ်မှု freedom ကို ၁၁ ကြိမ်၊ တရား မျှတမှု justice ကို ၆၇ ကြိမ်၊ တန်းတူရေး၊ တန်းတူမှု equality, equal, equally ကို အကြိမ်(၂၀)နဲ့ လုပ်ပိုင်ခွင့်အာဏာများ power, powers (၁၁၂)ကြိမ် အသီးသီးဖော်ပြထားတာ တွေ့ရတယ်။ ဒါကိုကြည့်ခြင်းအား ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခဲ့တဲ့လူတွေရဲ့ တန်ဖိုးထားမှု၊ အလေးထားမှု၊ ရည် ရွယ်ချက်တွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။

လက်တွေ့ပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် စစ်ဘက်က အရပ်ဘက်အစိုးရရဲ့ အုပ်ချုပ် ကွပ် ကဲမှုအောက်မှာရှိပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က စစ်ဘက်ဆိုင်ရာ ရာထူးအဆင့်ဆင့်ကနေ တက်လာ တဲ့လူ ဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ရေးဝန်ကြီးက စစ်မှုထမ်းခဲ့ဖူးရင်တောင် လက်ရှိ စစ်မှုထမ်းမဖြစ်ရဘူး။ အဲဒီ အပြင် အရပ်ဘက်ကနေ ခန့်အပ်ဖို့လိုတယ်။ အုပ်ချုပ်ကွပ်ကဲဖို့လိုပါတယ်။ ၂၀၀၈ မှာကတော့ ဝန်ကြီးဌာန(၃) ခု က စစ်ဘက်ဆိုင်ရာရဲ့ အုပ်ချုပ်ကွပ်ကဲမှုအောက်မှာ အပြည့်အဝ ထည့်ထားတာကို တွေ့ရတယ်။ ဒါကတော့ အုပ်ချုပ်ရေးအပိုင်းပေါ့။

ဥပဒေပြုရေးအပိုင်းဖြစ်တဲ့ လွှတ်တော်ကို ကြည့်လိုက်မယ်ဆိုရင်လဲ ပြည်သူ့လွှတ်ထော်ကိုယ်စားလှယ်(၁၁၀)  ယောက်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၅၆) ယောက်တို့ဟာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ  ရွေးကောက်တင်မြှောက်ထားတာမဟုတ်ဘဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းလာ သူတွေဖြစ်တယ်။ ပြောမယ်ဆိုရင်တော့ အများကြီးပါ။ ဒါပေမယ့် ဒါတွေက အကယ့် အဓိကကျတဲ့အချက်တွေ  ဖြစ်ပါတယ်။

မေး- ဖက်ဒရယ်ပြည်ထောင်စုစံနှုန်းနဲ့မကိုက်တဲ့အချက်တွေက ဘာတွေဖြစ်မလဲ။

ဖြေ- ဖက်ဒရယ်ပြည်ထောင်စုစနစ်ရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့အချက်တွေကတော့ အများကြီးပါဘဲ။ ဒါပေမယ့် ဒီနေ ရာမှာတော့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ရဲ့ မဏ္ဍိုင်ကြီးတွေထဲက အချက် (၂)ချက်ကို အခြေခံပြီး ဆွေးနွေးလို ပါတယ်။ အဲဒါကတော့ အချုပ်အခြာအာဏာကို ခွဲခြားကျင့်သုံးခြင်း (သို့) ပိုင်းခြားကျင့်သုံးခြင်း Separation of power နဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စု အဖွဲ့ဝင်နယ်မြေ (ပြည်နယ်နှင့် တိုင်းဒေသကြီး)တွေ အကြား လုပ်ပိုင်ခွင့်အာဏာတွေ ခွဲဝေကျင့်သုံးခြင်း Division/Distribution of power ဖြစ်ပါတယ်။

အချုပ်အခြာ အာဏာခွဲခြားကျင့်သုံးခြင်းဆိုတာ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးတွေ ကို ခွဲခြားကျင့်သုံးတာကို ပြောတာဖြစ်ပါတယ်။ အဲဒီ အာဏာကြီးသုံးရပ်ကို ခွဲခြား/ပိုင်းခြားထားရတဲ့ မူလအ ကြောင်းရင်းကတော့ သူတို့အချင်းချင်း အပြန်အလှန် ထိန်းညှိနိုင်ဖို့အတွက် ဖြစ်တယ်။ အဲဒါမှ အာဏာပိုင် အဖွဲ့အစည်းတဖွဲ့ဖွဲ့က အာဏာအလွဲသုံးစားလုပ်တာတွေကို ကန့်သတ်ဟန့်တားနိုင်မှာဖြစ်တယ်။ မဟုတ်ရင် အာ ဏာရှင်စနစ်ကို ရောက်သွားအောင် တွန်းပို့နေတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါက ဖက်ဒရယ်ပြည်ထောင်စုစနစ် အတွက်ဘဲ မဟုတ်ဘူး။ ဒီမိုကရေစီစနစ် ရှင်သန်ရေးအတွက်ပါ အရမ်းအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၀၈ မှာ ကျမတို့ ကွက်ကွက်ကွင်းကွင်းမြင်နေရတာကတော့ ဥပဒေပြုအာဏာကျင့်သုံးတဲ့ လွှတ် တော်နဲ့ အုပ်ချုပ်ရေးအာဏာကျင့်သုံးတဲ့ အစိုးရအဖွဲ့တို့ရဲ့ အခန်းကဏ္ဍက ရှင်းရှင်းလင်းလင်း ခွဲခြားထားတာ မရှိ ဘူး။ ဥပမာ သမ္မတကို လွှတ်တော်မှာ အနိုင်ရတဲ့ပါတီက ရွေးချယ်တင်မြှောက်ပြီး အစိုးရအဖွဲ့ကိုလည်း လွှတ် တော်မှာ အနိုင်ရတဲ့ပါတီက ရွေးချယ်တင်မြှောက်တာဖြစ်တယ်။ အဲဒီတော့ ဥပဒေပြုလွှတ်တော်က  ရွေးထားတဲ့ အစိုးရက လွှတ်တော်ကို ပြန်ပြီးထိန်းညှိနိုင်မလား။ လွှတ်တော်ကိုယ်တိုင် စိတ်ကြိုက် ရွေးထားတဲ့ အစိုးရကို လည်း  လွှတ်တော်က ပြန်ပြီးထိန်းညှိတာလုပ်မှာလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ အဲဒီတော့ အာဏာကြီး ၃ ရပ်ကို ခွဲခြား/ပိုင်းခြားထားရခြင်းရဲ့ ရည်ရွယ်ချက် မမြောက်ဘူးလို့ ယူဆလို့ရပါတယ်။

အဲဒီတော့ ပြည်ထောင်စုတဝှမ်းလုံးရဲ့ ဘုံအကျိုးစီးပွားအတွက် ပြည်ထောင်စုအဆင့်မှာ စီမံခန့်ခွဲလုပ်ဆောင်ရမှာ  ဖြစ်ပြီးတော့ အဖွဲ့ဝင်နယ်မြေ (သို့မဟုတ်) ပြည်နယ်တွေရဲ့ နယ်နိမိတ်အတွင်းထဲက အရေးကိစ္စတွေကိုတော့ နယ်မြေအသီးသီးက စီမံခန့်ခွဲလုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို့အတွက် ပြည်ထောင်စု အဆင့်မှာ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတွေကို ကျင့်သုံးပိုင်ခွင့်ရှိတဲ့ ယန္တရား တွေ ရှိဖို့လိုအပ်သလိုဘဲ ပြည်နယ်အဆင့်မှာလဲ အဲဒီအာဏာကြီး(၃)ရပ်လုံးကို ကျင့်သုံးပိုင်ခွင့်ရှိတဲ့ ယန္တရားရှိဖို့ လိုအပ်ပါတယ်။

ဒုတိယအချက်က ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုအဖွဲ့ဝင် နယ်မြေတွေအကြား အာဏာခွဲဝေကျင့်သုံးခြင်း ကိစ္စ ဖြစ်ပါတယ်။ စုပေါင်းအုပ်ချုပ်ခြင်း shared rule နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခြင်း self-rule ဆိုတာ ပြည်ထောင်စု စနစ်ရဲ့အသက်ဖြစ်တယ်။ ပြည်ထောင်စုတရပ်လုံးနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတွေကို စုပေါင်းလုပ်ဆောင်ကြပြီး ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသနဲ့ဆိုင်တဲ့ကိစ္စတွေကို ကိုယ့်ဟာကိုယ် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါက ကျမတို့  ပြောပြောနေကြတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် (သို့မဟုတ်) ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရဲ့ အခြေခံအကျဆုံးအချက် ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ လွှတ်တော်တွေ ရှိတယ်။ အစိုးရတွေရှိလို့ အလွယ်ပြောလို့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်တရားရုံးတွေ မရှိဘူး။ ပြည်နယ်တွေမှာ ရှိနေတဲ့ တရား ရုံးတွေက ပြည်ထောင်စု တရားရုံးရဲ့ အဆင့်ဆင့်ရုံးတွေဖြစ်တယ်။ ရှိနေတဲ့ (၂)ခုကို ကြည့်မယ်ဆိုရင်လည်း  ပြည်နယ်လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်တွေကို ဇယား(၂)မှာ ဖော်ပြထားတာရှိပေမယ့် အဲဒီအရေးကိစ္စတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ဘဏ္ဍာငွေတွေကျတော့ ပြည်ထောင်စုအစိုးရရဲ့ ဘတ်ဂျက်ကို မှီခို နေတာတွေ တွေ့ရတယ်။

ပြည်နယ်အစိုးရတွေကို ကြည့်လိုက်မယ်ဆိုရင်လဲ ဝန်ကြီးချုပ်တော့ရှိတယ်။ ဒါပေမယ့် အဲဒီပြည်နယ်ဝန်ကြီးချုပ်  တွေကို ပြည်နယ်သူ/သားတွေက တိုက်ရိုက်ရွေးထားတာမဟုတ်ဘူး။  ပြည်နယ်လွှတ်တော်က တိုက်ရိုက်ရွေး ထားတာမဟုတ်ဘူး။ ပြည်ထောင်စုသမ္မတက စိတ်ကြိုက်ရွေးထားတဲ့ လူတွေဖြစ်တယ်။ ပြည်နယ်တွေရဲ့ အရေး ကိစ္စတွေကို လွှတ်တော်ဖြစ်စဉ်မှာရော၊ အစိုးရဖြစ်စဉ်မှာရော  ပြည်ထောင်စုက ပါဝင်စီမံနေရာရောက်ပါတယ်။ အဲဒီတော့ အစောက ပြောခဲ့တဲ့ shared rule နဲ့ self-rule တို့ရဲ့ အနှစ်သာရတွေ ပျက်ပြယ်သွားတယ်။ ပြော မယ်ဆိုရင်တော့ အများကြီးပါဘဲ။ တခြားအချက်တွေလဲ အများကြီး ရှိပါသေးတယ်။  

မေး- အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတယ်လို့ပြောလို့ ရတဲ့အချက်တွေက ဘာတွေလဲ။ သက်ရောက်မှု ဘယ် လောက်ထိကြီးလဲ။

ဖြေ- ခွဲခြားမှု မရှိတာကို အရင်ပြောမယ်။ ပုဒ်မ (၃၄၇)မှာ မည်သူမဆို တန်းတူညီမျှ အခွင့်အရေး ရှိတယ်၊ ဥပဒေရဲ့ အကာအကွယ်ကိုလဲ တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမယ်လို့ ပြောထားပါတယ်။ ပုဒ်မ (၃၄၈) မှာကျတော့ နိုင်ငံသားတွေကို လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာ အကြောင်းပြပြီး ခွဲခြားဆက်ဆံခြင်းမပြုရဘူးလို့ ပြောထားပါတယ်။ ပုဒ်မ(၃၄၈)အရ နိုင်ငံသားမဖြစ်တဲ့လူတွေကို ကြိုက်သလို ခွဲခြားလို့ရတယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ အဲဒီအပြင် တိုင်း ရင်းသားတွေရဲ့ ရှုထောင့်ကနေကြည့်မယ်ဆိုရင် အခုလက်ရှိအခြေအနေမှာ ဘယ်သူတွေက နိုင်ငံသား  ဖြစ် တယ်၊ မဖြစ်ဘူးဆိုတာကို တိတိကျကျ ဖော်ပြလို့မရသေးတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။

ဒီနေရာမှာ ကျား-မ ကွဲပြားမှုအပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုကိုဘဲ အဓိကပြောရမယ်ဆိုရင် ပုဒ်မ (၃၅၂)ကို  ထောက်ပြရမှာ ဖြစ်ပါတယ်။ ပုဒ်မရဲ့ ပထမစာကြောင်းမှာတော့ အလုပ်အကိုင် ခန့်ထားတာတို့၊ နိုင်ငံ့ဝန်ထမ်း  ရွေးချယ်တာဝန်ပေးတာတို့တွေမှာ ဘယ်နိုင်ငံသားကိုမှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ၊ အမျိုး သား၊ အမျိုးသမီးဖြဟ်မှုကို အကြောင်းပြုပြီး ခွဲခြားမှု မပြုရဘူးလို့ ပြောထားပါတယ်။ အဲဒီလောက်ဆို လက်ခံလို့ ရတယ်။

ဒါပေမယ့် ဒုတိယစာကြောင်းမှာ “အမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရ အဟန့်အတား မဖြစ်စေရ” လို့ ဆက်ပြောထားတယ်။ ဆိုလိုတာကတော့ မခွဲခြားရဘူးလို့ပြောပြီး အမျိုးသားတွေနဲ့ဘဲ လျော်ကန်သင့်မြတ်တဲ့ ရာထူးတာဝန်ကို အမျိုး သားတွေကို ပေးရင်တော့ ရတယ်ပေါ့။ အဲဒီတော့ အမျိုးသားတွေနဲ့ဘဲ လျော်ကန်သင့်မြတ်တဲ့ ရာထူးတာဝန် ဆိုတာ ဘယ်လိုရာထူးတာဝန်တွေလဲဆိုတာ မေးစရာဖြစ်လာတယ်။ ဒါက အရည်အချင်းသတ်မှတ်ချက်တွေနဲ့ ဘာမှမဆိုင်ဘူး။ အမျိုးသားဖြစ်မှသာ ဒီအလုပ်ကို လုပ်လို့ရမယ်ဆိုတဲ့ သတ်မှတ်ချက်ဖြစ်တယ်။ ဒါက အမျိုး သား၊ အမျိုးသမီးကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံတာကို တရားဝင် ခွင့်ပြုထားရာရောက်ပါတယ်။

သက်ရောက်မှုကတော့ နိုင်ငံခြားကိုသွားရမှာ၊ ဝေးလံခေါင်ဖျားတဲ့နယ်တွေကို သွားရမှာ၊ မိုးချုပ်ထိ လုပ်ရမှာတွေ က အမျိုးသမီးတွေအတွက် လျော်ကန်သင့်မြတ်မှုမရှိဘူးလို့ ပြောလာမယ်ဆိုရင် အမျိုးသမီးတွေရဲ့ လုပ်ငန်း တာဝန်တွေမှာ ကန့်သတ်မှုတွေရှိလာမယ်။ ရာထူးအဆင့်ဆင့် တိုးမြှင့်ခံရတယ်ဆိုရာ လုပ်ငန်းဆောင်ရွက်မှု၊ လုပ်ငန်းကျွမ်းကျင်မှုတွေကနေ အကဲဖြတ်ရတာဖြစ်တဲ့အတွက် အဲဒီလို လုပ်ငန်းတာဝန်မျိုးတွေ လုပ်ခွင့်ရှိမှ ရာထူးတိုးမြှင့်ခံရာမှာဖြစ်တယ်။ အမျိုးသမီးတွေအတွက် လျော်ကန်သင့်မြတ်မှုမရှိလို့ မလုပ်နဲ့လို့ပြောတော့ လုပ် ငန်းဆောင်ရွက်မှုတွေ လျော့နည်းလာမယ်။ လုပ်ငန်းအတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေ အကန့်အသတ် ရှိ လာမယ်။ အဲဒါနဲ့ဘဲ ရာထူးအဆင့်ဆင့် တိုးမြှင့်တာတွေမှာ အမျိုးသမီးတွေက ပါမလာတော့ဘူး။ အဲဒါနဲ့ ဝန်ကြီး ဌာနတွေ၊ ဦးစီးဌာနတွေမှာ အမျိုးသမီးအကြီးအကဲတွေ၊ ညွှန်မှူးတွေ၊ ညွှန်ချုပ်တွေ နည်းလာမယ်။ ဒါက အမျိုး သမီးတွေကို ခေါင်းဆောင်မှုနေရာမှာ ရောက်မလာနိုင်အောင် စနစ်တကျနဲ့ စီမံထားတဲ့ ခွဲခြားဆက်ဆံမှု  ဖြစ် တယ်။ ဒါကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တရားဝင်ခွင့်ပြုထားပါတယ်။

မေး- NLD အစိုးရတက်လာပြီးနောက်ပိုင်း ဥပဒေအတော်များများ ရေးဆွဲလာနိုင်တာလည်းတွေ့ရတယ်။ ဥပမာ သက် ငယ်မုဒိမ်းမှုအတွက် ဥပဒေတွေ၊ မြေယာဥပဒေ စသဖြင့်။ အဲဒီအပေါ် အားရမှုရှိလား၊ ဒါတွေက အကြပ်အ တည်းတွေကြားထဲက လုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေလို့ပြောနိုင်လား။ ဘယ်လိုသုံးသပ်မလဲ။

ဖြေ- NLD အစိုးရမဖြစ်ခင်တုန်းက ပြောခဲ့တဲ့အရာတွေထဲမှာ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်  မြတ်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးတွေပါတယ်။ သက်ငယ်မုဒိမ်းမှုတွေ တိုးများလာတဲ့ကိစ္စက တရားဥပဒေစိုးမိုးရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ဥပဒေတွေ အများကြီး ပြဌာန်းနိုင်ခဲ့လည်း တရားဥပဒေစိုးမိုးရေးမရှိရင် ရည်ရွယ်ချက် မအောင်မြင်ပါဘူး။ တရားဥပဒေစိုးမိုးရေးအတွက် ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေ မတွေ့ရဘူး။ တရားဥပဒေစိုးမိုးရေး အတွက် အဓိက တာဝန်ရှိတာ ရဲတပ်ဖွဲ့ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ ရှိတော့ တပ် မတော် ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားတဲ့ တပ်မတော်သားဝန်ကြီးရဲ့ ဦးဆောင်မှုအောက်မှာ ရှိပါတယ်။ အဲဒီ အတွက် NLD အစိုးရက ဘာမှ မလုပ်နိုင်ဘူးလို့ ပြောနေတာတွေ ရှိပါတယ်။

မြေယာဥပဒေကို ကြည့်မယ်ဆိုရင် ရည်ရွယ်ချက်က ဘာလဲဆိုတာ ကြည့်ရပါမယ်။ အထူးသဖြင့် စာရွက်ပေါ်မှာ ထည့်မရေးထားတဲ့ ရည်ရွယ်ချက်ပေါ့။ အဲဒါကတော့ မြေယာဥပဒေတွေ တိတိကျကျရှိမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု  တွေ ဝင်လာမှာဖြစ်တယ်။ ဒေသဖွံ့ဖြိုးရေးအကြောင်းပြပြီး နိုင်ငံခြားကုမ္ပဏီတွေ၊ ပြည်တွင်းကုမ္ပဏီတွေကို လုပ် ပိုင်ခွင့် မြေကွက်တွေ ချပေးနိုင်မှာဖြစ်တယ်။ အဲဒီလို ချပေးနိုင်ဖို့အတွက် မြေလွတ်၊ မြေရိုင်းတွေ ရှိဖို့လိုတယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ မြေယာဥပဒေကို ပြဌာန်းထားတယ်လို့ယူဆပါတယ်။ အဲဒီတော့ ဥပဒေတော့ ရလာ တယ်။ ပြည်သူလူထုတွေအတွက်၊ အခြေခံလူတန်းစားတွေအတွက် အကျိုးရှိတဲ့ ဥပဒေဖြစ်သလားဆိုတာ သုံး သပ်ရမှာဖြစ်ပါတယ်။  

မေး- ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်တွင်း/လွှတ်တော်ပ လုပ်နေက အားရစရာကောင်းသလား။ အကြံပြုစရာ တွေ ရှိရင်ပြောပြပေးပါလား။

ဖြေ- ကျမတို့ အလွတ်သဘောဆွေးနွေးကြတဲ့အခါမှာ ကျမပြောလေ့ရှိတဲ့ စကားတခွန်းရှိပါတယ်။ အဲဒါကတော့ တဲ ဆောက်ဖို့ ရည်ရွယ်ထားတဲ့ ဖောင်ဒေးရှင်းနဲ့ မိုးမျှော်တိုက်ဆောက်ဖို့ မျှော်လင့်လို့မရဘူးဆိုတာပါ။ ကျမတို့ လို ချင်တာက ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ပါတယ်။ အဲဒီပန်းတိုင်ကို ရောက်ဖို့ဆိုရင် တိုင်းရင်းသား  တန်းတူရေးနဲ့ ပြည်ထောင်စုအဖွဲ့ဝင်နယ်မြေတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်မယ့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်။ အဲဒါ ကျမတို့ လိုချင်တဲ့ မိုးမျှော်တိုက်ပါ။ ဒါပေမယ့် အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ကျမတို့လိုလားတဲ့ မိုးမျှော်တိုက်ကို ရေရှည်ခံနိုင်အောင် တည်ဆောက် ပေးနိုင်မယ့် ဖောင်ဒေးရှင်းလုံးဝမရှိပါဘူး။ အစောက ကျမတို့ ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့ ဖက်ဒရယ်ပြည် ထောင်စုစနစ်ရဲ့ စံချိန်စံနှုန်းတွေကို ထောက်ပြထားပြီးသားဖြစ်ပါတယ်။

အဲဒီတော့ ထပ်ပြီး စဉ်းစားစရာ ဖြစ်လာတာက အခုလက်ရှိ လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်  ရေးလုပ်နေတာ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာလဲဆိုတဲ့ မေးခွန်းပါဘဲ။ တကယ်ဘဲ မိုးမျှော်တိုက်ကို တည် ဆောက်ချင်တဲ့ရည်ရွယ်ချက်နဲ့ လုပ်တာလား။ ဒါမှမဟုတ် ရွေးကောက်ပွဲကာလတုန်းက ပေးခဲ့တဲ့ကတိကို  ဖြည့် ဆည်းဖို့အတွက် ကြိုးပမ်းပြနေတာလားဆိုတာ ခုထိတော့ သဲသဲကွဲကွဲ မမြင်ရသေးဘူးလို့ ပြောချင်ပါတယ်။

 မေး- ၂၀၀၈ ဖွဲ့စည်းပုံက ပြင်ဆင်ဖို့ ဖြစ်နိုင်ချေရှိလား။

ဖြေ- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့ရနိုင်ပါတယ်။ တကယ်က အဲဒါက အဓိကမဟုတ်ဘူး။ အဓိက အလေးထားရမယ့်အချက်က ဘယ်အချက်တွေကို ပြင်မှာလဲ။ ပြင်ပြီး ဘာရလာမလဲဆိုတဲ့ အချက်ဖြစ်တယ်။ အ စောက ပြောသလိုဘဲ မိုးမျှော်တိုက်ဆောက်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ပြီးသွားရင် မိုးမျှော်တိုက် ရလာမှာလားပေါ့။

ကျမအမြင်မှာတော့ ဘယ်လောက်ပြင်ပြင် မိုးမျှော်တိုက်ရလာဖို့ အရမ်းခက်ပါတယ်။ အကြောင်းအမျိုးမျိုး  ကြောင့် ရခဲ့မယ်ဆိုရင်တောင် ရေရှည်တည်တံ့ခိုင်မြဲမှု ရှိမှာမဟုတ်ဘူးလို့ ယူဆပါတယ်။ တဲအိမ်လေးဆောက် ဖို့အတွက် ဖောင်ဒေးရှင်းရဲ့ကြံ့ခိုင်မှုက မိုးမျှော်တိုက်ကြီးရဲ့ အလေးချိန်ဒါဏ်ကို ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ပါ ဘူး။ အဲဒီလိုအခြေအနေဖြစ်လာရင် လူတွေက ဖောင်ဒေးရှင်းရဲ့ အားနည်းချက်ကို မမြင်တော့ဘဲ ဖက်ဒရယ် ပြည်ထောင်စုဖြစ်တဲ့ မိုးမျှော်တိုက်ကြီးက မကောင်းပါဘူးကွာဆိုပြီး  ကောက်ချက်ချလိုက်တာမျိုးတွေ ဖြစ်လာ နိုင်တယ်။

မေး- လွှတ်တော်အတွင်းမှာ ကျားမတန်းတူရေးအမြင် ဘယ်လောက်ရှိနေလဲ။ အဲဒါက၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်  ကြိုးပမ်းရာမှာ အမျိုးသမီးတွေကို ခွဲခြားထားတဲ့ ဥပဒေပုဒ်မတွေ ပြင်ဆင်ပြောင်းလဲဖို့အတွက် ဘယ်လို သက် ရောက်နိုင်လဲ။

လောကကြီးမှာ အဖိနှိပ်ခံတွေကသာ ဖိနှိပ်မှုရှိနေတာကို မြင်ကြတာများတယ်။ ခွဲခြားဆက်ဆံမှု ရှိနေတာကို ခွဲခြားဆက်ဆံခြင်းခံရတဲ့လူတွေကဘဲ မြင်ကြတာများတယ်။ မတရားမှုတွေ ဖြစ်နေတာကို မတရားပြုမူဆက်ဆံ ခံရတဲ့လူတွေကဘဲ မြင်ကြတယ်။ ဒါက လူ့သဘာဝလို့ ပြောရမှာဖြစ်ပါတယ်။ ကျား-မ တန်းတူရေး အမြင်မှာ လည်း ကျား-မ တန်းတူရေး မရှိခြင်းရဲ့ အကျိုးဆက်ကို ရင်ဆိုင်ရတဲ့လူတွေကဘဲ ပိုမြင်နိုင်ပါလိမ့်မယ်။ အဲဒီလို အကျိုးဆက်တွေနဲ့ ရင်ဆိုင်နေရတဲ့ လူတွေထဲမှာတောင်မှ ကျား-မ ကွဲပြားမှုအပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှု တွေရှိနေတယ်။ တန်းတူရေးတွေ မရှိနေဘူးဆိုတာကို  မြင်တဲ့လူတွေရှိသလို၊ အရည်အချင်းရှိရင် ရောက်လာ မှာပါ။ ကျမတို့တောင်မှ ကြိုးစားခဲ့လို ဒီနေရာကို ကိုယ့်အရည်အချင်းနဲ့ကိုယ် ရောက်လာကြတာဘဲလို့ မြင်တဲ့ လူတွေလဲ ရှိကြပါတယ်။

မှန်ပါတယ်။ သူတို့အရည်အချင်းနဲ့၊ ကြိုးစားမှုနဲ့ အဲဒီနေရာကို ရောက်နေကြတာပါ။ ဒါပေမယ့် သေချာဆန်းစစ် ကြည့်လိုက်မယ်ဆိုရင် အဲဒီအမျိုးသမီးတွေမှာ ရှိနေတဲ့ ကြိုးစားမှုနဲ့၊ အရည်အချင်းနဲ့ဆို ခွဲခြားဆက်ဆံမှုတွေသာ မရှိခဲ့ရင်၊ တန်းတူမှုတွေသာ ရှိခဲ့ရင် အဲဒီထက်မက ပိုမြင့်တဲ့၊ ပိုပြီးအရေးပါတဲ့ နေရာတွေ၊ ခေါင်းဆောင်မှုအပိုင်း  တွေမှာ ပိုပြီးပါလာကြမယ်လို့ယူဆပါတယ်။

ချုပ်ပြောရမယ်ဆိုရင်တော့ လွှတ်တော်ထဲမှာ ကျား-မ တန်းတူရေးအမြင်တွေ အရမ်းနည်းပါသေးတယ်။ လွှတ် တော်ထဲမှာ ရောက်နေတဲ့ အမျိုးသမီးတွေထဲမှာတောင်မှ ကျား-မ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်လို့ ယူဆတဲ့ လူတွေနဲ့၊ မရှိဘူးလို့ ယူဆတဲ့လူတွေနဲ့ ကွဲနေတာကို တွေ့ရတယ်။ ကျား-မ တန်းတူရေးအမြင်ရှိတဲ့ အမျိုးသား လွှတ်တော်အမတ်တွေဆိုတာလည်း ရှိခဲ့မယ်ဆိုရင်တောင် တော်တော်ရှားပါးပါတယ်။

အဲဒီတော့ လွှတ်တော်ထဲမှာ ဘယ်လို ဥပဒေတွေဘဲ ပြုပြု၊ ဥပဒေတွေ၊ ပြန်ဌာန်းချက်တွေဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအပေါ် အကျိုးသက်ရောက်မှုတွေ မတူဘူးဆိုတာ ထည့်စဉ်းစားဖို့ ပျက်ကွက်တာမျိုးတွေ ရှိလာ နိုင်ပါတယ်။ ဒီနေရာမှာ ကျမတို့ ထပ်စဉ်းစားရမှာက ဥပဒေတရပ်က အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို တန်း တူဆက်ဆံမယ်။ ရလာတဲ့ အကျိုးရလာဒ်ကတော့ တန်းတူချင်မှ တူမယ်လို့သတ်မှတ်မလား။ ဒါမှမဟုတ် အမျိုး သားတွေနဲ့ အမျိုးသမီးတွေအတွက် တန်းတူတဲ့ အကျိုးရလာဒ်တွေကို ဖန်တီးပေးနိုင်မယ့် ဥပဒေမျိုးကို ပြဌာန်းမ လားဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်၊ တန်းတူညီမျှမှုတွေ ပျက်သုဉ်းနေတယ်ဆိုတာကို လက်ခံတဲ့၊ အဲဒီလို စနစ်မျိုး၊ အလေ့အထမျိုးတွေကို ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့လူတွေ လွှတ်တော်ထဲမှာ များများပါလာမှ ထိရောက်မှုရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလက်ရှိအခြေအနေမှာ လွှတ်တော်ကိုယ်စားလှယ် အများစုက အဲဒီလိုအမြင်တွေ မရှိကြတဲ့အခါကျတော့ ကျမတို့တွေ မျှော်လင့်နေကြတဲ့ ကျား-မအပေါ် အခြေခံ တဲ့ခွဲခြားဆက်ဆံမှုတွေ ပပျောက်ပြီး ကျား-မ တန်းတူရေးတွေကို ဖော်ဆောင်လာနိုင်မယ့်နေ့ရက်တွေကတော့ ဝေးနေဦးမှာပါဘဲ။

အိမ်ဦးခင် စီစဉ်သည်။

Related Articles