Home သတင်း LWF Myanmar က အမျိုးသမီး ၄၃ ဦးအပါ အဝင် ဝန်ထမ်း ၈၀ ဦးကို လစာမပေးဘဲ အလုပ်ထုတ်

LWF Myanmar က အမျိုးသမီး ၄၃ ဦးအပါ အဝင် ဝန်ထမ်း ၈၀ ဦးကို လစာမပေးဘဲ အလုပ်ထုတ်

မီးဖွားခါနီးကိုယ်ဝန်ဆောင်လေးဦးနှင့် နို့တိုက်မိခင်လေးဦးပါဝင်

နွေဦးမောင်

စက်တင်ဘာ ၁၀၊ ၂၀၂၃။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်နေသော ဆွစ်ဇာလာနိုင်ငံ၊ ဂျနီဖာမြို့အခြေစိုက် လူသာရမ်ဖက်ဒရေးရှင်း(Lutheran World Federation – LWF)မြန်မာက စစ်တွေရုံးခွဲမှ ဝန်ထမ်း ၈၀ ဦးအား အလုပ်မှထုတ်ပယ်ခဲ့ရာ အမျိုးသမီးဝန်ထမ်း ၄၃ ဦးပါဝင်ကြောင်း အလုပ်မှထုတ်ပယ်ခံရသောဝန်ထမ်းများက ဆိုသည်။

ယခုကဲ့သို့ အလုပ်မှ ထုတ်ပယ်လိုက်ခြင်းကို စက်တင်ဘာ ၄ ရက်က ဝန်ထမ်းများထံ အီးမေလ်းမှတဆင့် အကြောင်းကြားစာပေးပို့လာခြင်းဖြစ်သော်လည်း ပြီးခဲ့သည့် သြဂုတ်လအတွက် လုပ်ခလစာများကိုလည်း ပေးအပ်ခြင်းမရှိသေးကြောင်း အလုပ်ထုတ်ခံ အမျိုးသမီးဝန်ထမ်းများက ပြောသည်။

LWF မှဝန်ထမ်းများကို လစာငွေပေးရာတွင် ယူရိုငွေမှ မြန်မာကျပ်ငွေလဲလှယ်၍ ပေးအပ်ရာတွင် စျေးကွက်ပေါက်စျေးအတိုင်းမပေးဘဲ စစ်ကောင်စီဘဏ်ကသတ်မှတ်သော ငွေလဲလှယ်နှုန်းအတိုင်းပေးသည့်အပေါ် မကျေနပ်၍ ပေါက်စျေးအတိုင်းပေးရန် တောင်းဆိုရာမှ ယခုကဲ့သို့ ဝန်ထမ်းများအား အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းဝန်ထမ်းများက ပြောသည်။

“ဝန်ထမ်းတွေသည် ရပိုင်ခွင့်ရှိတာကို တောင်းဆိုတာဖြစ်တဲ့အတွက် code of conduct ကို ချိုးဖောက်တေ(တယ်) ဆိုတာက လက်သင့်ခံစရာ မရှိတာရေနဲ့ သူတို့ဘက်က ညှိနှိုင်းစကား မပြောတာတွေက ဝန်ထမ်းကျင့်ဝတ် ချိုးဖောက်၊ လူသားချင်း စာနာထောက်ထားမှုတွေကို သူတို့ ကိုယ်တိုင် ချိုးဖောက်

တာဖြစ်ကြောင်း ပြောလိုပါတယ်”ဟု LWF Myanmar စစ်တွေရုံးခွဲမှ အလုပ်ထုတ်ခံ အမျိုးသမီးဝန်ထမ်းတစ်ဦးက HI သို့ ပြောသည်။

ထို့ကြောင့် စစ်တွေရုံးခွဲမှ ဝန်ထမ်းများသည် တစ်ယူရို ပြင်ပပေါက်စျေး ကျပ် ၃,၇၀၀ ကျော်ပေးရမည့်အစား စစ်ကောင်စီဘဏ်များသတ်မှတ်နှုန်းထား တစ်ယူရို ကျပ် ၂,၂၀၀ ကျော်ဖြင့်သာ ရှင်းပေးသည့်အတွက် လုပ်ခလစာများနစ်နာနေမှုအပေါ် သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ ရုံးတွင်း အသံတိတ်သပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းသို့ အသံတိတ်သပိတ်တွင် ပါဝင်သော ဝန်ထမ်း ၈၀ ဦးကို LWF Myanmar က အလုပ်မှထုတ်ပယ်ခဲ့ရာ ၎င်းဝန်ထမ်းများတွင် အမျိုး သမီး ၄၃ ဦးပါဝင်ပြီး မီးဖွားခါနီးကိုယ်ဝန်ဆောင်လေးဦးနှင့် နို့တိုက်မိခင်လေးဦးပါဝင်ကြောင်း အလုပ်ထုတ်ခံ အမျိုးသမီးဝန်ထမ်းများက ရှင်းပြသည်။

ထို့အပြင် ယခုကဲ့သို့ အလုပ်မှထုတ်ပယ်လိုက်သော ဝန်ထမ်းများအား LWF Myanmar က ကြိုတင်အသိပေးမှု မရှိခြင်း၊ ဝန်ထမ်းကာလတလျောက်ပေးသွင်းခဲ့ရသော စုဆောင်းငွေများအား ပြန်လည်ထုတ်ပေးမှု မရှိခြင်း၊ သြဂုတ်လအတွက် လုပ်ခလစာ ထုတ်မပေးခြင်း စသည့် အခွင့်အရေးများကို ချိုးဖောက်ခံနေရကြောင်း ထုတ်ပယ်ခံလိုက်ရသော ဝန်ထမ်းများက ပြောသည်။

အထက်အကြောင်းအရာပါ LWF စစ်တွေရုံးခွဲမှ ဝန်ထမ်းအငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ရန်ကုန်မြို့ရှိ LWF Myanmar ရုံးချုပ်ထံ HI က တယ်လီဖုန်းမှတဆင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

Author:

Related Articles