Home ဆောင်းပါး စိုင်းသီဟ (သို့မဟုတ်) ဇနီးသည်နိုင်ငံရေးလုပ်နိုင်ရန်အတွက် အောင်မြင်သော လုပ်ငန်းခွင်ကိုကျောခိုင်းခဲ့သူ

စိုင်းသီဟ (သို့မဟုတ်) ဇနီးသည်နိုင်ငံရေးလုပ်နိုင်ရန်အတွက် အောင်မြင်သော လုပ်ငန်းခွင်ကိုကျောခိုင်းခဲ့သူ

ခရီးသည်တင်အဝေးပြေးကားများ တစီးပြီးတစီးရပ်နားနေသည့် မြို့ကလေး၏ စားသောက်ဆိုင်တခုတွင် ခရီး သွားဧည့်သည်များက ဆိုင်လေးတခုထဲဝင်သွားပြီး အချို့က စားစရာများ မှာယူစားသောက်နေကာ တချို့ မှာတော့ ဒေသထွက်ကုန်များကို လက်ဆောင်ပစ္စည်းများအဖြစ် ဝယ်ယူနေကြသည်။

အများစုမှာ ဒေသထွက်ကုန်များအနက် အူကိုအခွေလိုက်ကင်ထားသော စားစရာတမျိုးကို ပါဆယ်ထုတ်ဖြင့် ဝယ်ယူနေသည်ကိုတွေ့ရပြီး ဆိုင်ရှင်ကိုယ်တိုင်က ပြုံးရွှင်စွာ နှုတ်ဆက်စကားပြောရင်း ထုတ်ပိုးပေးနေ သည်။

ထိုဆိုင်ရှင်မှာ ကယားပြည်နယ်၏ နာမည်ကြီးအစားအစာတခုဖြစ်သည့် “ကယားဝက်အူချောင်း”ကို ကိုယ် တိုင်ကိုယ်ကျပြုလုပ်ကာ စားသုံးသူများလက်ထဲအရောက် ပို့ပေးနေသည့် “စိုင်းသီဟ”ဖြစ်ပြီး သူ၏ဇနီးမှာ ကယားပြည်နယ်၊ ရှားတောမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်း ဖြစ်သည်။

ဇနီးဖြစ်သူ ကိုယ်ဝန်(၆)လလွယ်ထားသည့်အချိန် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ခင်ပွန်းဖြစ်သူ “စိုင်းသီဟ”က ဝင်ငွေကောင်းသော သူ၏အလုပ်ကို  စွန့်လွှတ်ခဲ့သည်။

῝၂၀၁၅ တုန်းက ကျွန်တော့်အမျိုးသမီးက ရွေးကောက်ပွဲဝင်မယ်ဆိုပြီး တိုင်ပင်တယ်။ ကျွန်တော်က အဲဒီ အချိန်တုန်းက ရန်ကုန်မြို့က ကုမ္ပဏီတခုမှာ အလုပ်လုပ်နေတယ်၊ လျှပ်စစ်အင်ဂျင်နီယာထဲမှာ အကြီးဆုံး ပေါ့။ လစာလည်းကောင်းခဲ့တယ်။ သူက ကိုယ်ဝန်(၆)လနဲ့ဆိုတော့ ကျွန်တော်က သူ့ကို ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်῎

ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံရန် ပါတီမှ လာရောက်စည်းရုံးချိန်တွင်  ဇနီးသည်ဝင်ရောက်ယှဉ်ပြိုင် ရေးနှင့် ခင်ပွန်းသည် အလုပ်ထွက်စာတင်ရေးကို နှစ်ဦးသားအကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးတော့ ခင်ပွန်းသည်ကိုယ်တိုင် ဇနီးသည်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံရန် ဆုံးဖြတ်လိုက်ပြီး သူ၏ဝင်ငွေကောင်းသောအလုပ်ကို စွန့်လွှတ်ခဲ့သည်။

῝သူအရွေးခံမယ်ဆိုတော့ ကျွန်တော်ကိုယ်တိုင် ရန်ကုန်ကို ပြန်လာပြီး ထွက်စာတင်လိုက်တယ်။ ထွက်စာ ကျလာဖို့လည်း (၆)လလောက်တောင် စောင့်ရတယ်။ အဲဒီကြားထဲ(၃)ခေါက်လောက် ထပ်တင်ရတယ်။ အလုပ်ရှင်ဖက်ကကြည့်ရင် မမှားပါဘူး။ ပညာရှင်ကို သူတို့မွေးထုတ်ပေးခဲ့တာဆိုတော့ ပေးမထွက်ချင်ဘူး လေ῎

အလုပ်မှ ထွက်စာရရှိပြီးသည့်နောက် စိုင်းသီဟတယောက် သူ့ဇာတိဖြစ်ရာ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့လေးသို့ ပြန်လာခဲ့သည်။

မြို့လေးကို ပြန်ရောက်ရောက်သည့်အချိန်သည် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် (၅) ရက်သာလိုတော့သည့်အတွက် ဇနီးသည်ဝင်ရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ်၊ ရှားတောမြို့နယ်သို့ အပြေးအလွှားသွားရောက်ကာ လူထုစည်းရုံးရေးကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်ပေးခဲ့သည်။

῝မှတ်မှတ်ရရပါပဲ။ ကျွန်တော်ရှားတောကို ရောက်သွားတဲ့အချိန်မှာ῝ မေမေနိုင်ရမယ်၊ မေမေနိုင်ရမယ် ῎ဆိုတဲ့ သီချင်းသံတွေက အတိတ်နိမိတ်ပါပဲ။ ကျွန်တော့်ဇနီး နိုင်ကိုနိုင်ရမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ကိုယ်တိုင်ကိုယ်ကျ စည်းရုံးရေးမှာ ပါဝင်ခဲ့တယ်῎

ရွေးကောက်ပွဲနေ့တွင် မဲရုံသို့ စိုင်းသီဟကိုယ်တိုင် သွားရောက်စောင့်ကြည့်လေ့လာမှုပြုလုပ်ခဲ့သည်။

ယခင်က သူသည် နိုင်ငံရေးကို စိတ်မဝင်စားခဲ့သလို လွှတ်တော်ကိုယ်စားလှယ်ဆိုသော ဝေါဟာရကိုပင် သေချာနားမလည်ခဲ့ဟုဆိုပါသည်။

သူသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုးရေးကျောင်းမှ ဆင်းသက်လာသူဖြစ်ပြီး စစ်အုပ်ချုပ်ရေးစနစ် နှင့် အလိုက်သင့်ကြီးပြင်းလာခဲ့သူလည်းဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဇနီးဖြစ်သူ မဲအပြတ်အသတ်အနိုင်ရရှိခဲ့သည့်  အခြေအနေကိုလည်း ဝမ်းမြောက်ဝမ်းသာ ပြန်ပြောပြသည်။

῝ကျွန်တော့်အမျိုးသမီးက မဲအပြတ်အသတ်နိုင်တဲ့အချိန်မှာ ကျွန်တော်ဝမ်းသာပြီး ဖုန်းဆက်မယ်လုပ်တော့ ဖုန်းလိုင်းက မရှိဘူး။ တောင်ပေါ်ကို (၁၅)မိနစ်လောက်တက်ပြီး အမျိုးသမီးနဲ့ နောက်ထပ် ကိုယ်စားလှယ် လောင်း(၃)ယောက်ဆီကို တယောက်နိုင်ရင်တခါ၊ မှောင်မဲနေတဲ့တောင်ပေါ်ကို ခေါက်တုံ့ခေါက်ပြန်တက်ပြီး အကြောင်းကြားရတယ်῎

မဲရေတွက်ပြီးသည့်အထိသာမက နောက်နေ့အထိပင် ရွေးကောက်ပွဲကျင်းပသည့် စာသင်ကျောင်းတွင် လျှပ် စစ်မီးမပါပဲ ညလုံးပေါက် အမှောင်ထဲမှ ဇနီးသည်၏ မဲရလဒ်သိရှိနိုင်ရေးနှင့် မသမာမှုများမရှိရေးအတွက် အားသွန်ခွန်စိုက်စောင့်ကြည့်ခဲ့သူဖြစ်သည်။

ဇနီးသည်နိုင်ငံရေးတွင် ပါဝင်နိုင်ရန် မိမိ၏ဝင်ငွေကောင်းပြီး တက်လမ်းရှိသော အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ရ ခြင်းသည် ဘဝကို သုညမှ ပြန်စရသလိုဖြစ်သည့်အတွက် အစပိုင်းတွင် ဝမ်းနည်းမိခဲ့သည်ဟုဆိုသည်။

အလုပ်ထွက်ခဲ့ရသော်လည်း မိသားစုဝင်ငွေ လိုအပ်သည့်အတွက် စားသောက်ဆိုင်လုပ်ငန်းကို လုပ်ကိုင်ခဲ့ ရသည်။

῝ကျွန်တော်ဈေးသည်ဘဝကနေ ပြန်စရတော့ သူများတွေရဲ့ လက်ညိုးထိုးခံရတဲ့ အခြေအနေရောက်သွား တယ်။ အင်ဂျင်နီယာဘဝတုန်းကတော့ ကိုယ်ကအေးဆေးပဲ။ အဲဒီဘဝကို ပြန်သွားချင်တဲ့စိတ်တွေ တခါ တလေ ပြန်ပေါ်လာတယ်῎

သို့သော် သူသည် မိသားစုအပေါ် ခင်တွယ်မှုရှိသည့် ခင်ပွန်းသည်တယောက်ဖြစ်သည့်အပြင် ဇနီးသည်၏ နိုင်ငံရေးလုပ်ငန်းအတွက် ကူညီပံ့ပိုးဖို့ စိတ်ပိုင်းဖြတ်လိုက်သဖြင့် မွေးလာသည့်ရင်သွေးလေးကို ရင်နှင့်မကွာ စောင့်ရှောက်ရသည့် တာဝန်ကိုပါ ယူလိုက်ရသည့် ဖခင်တယောက်ဖြစ်လာခဲ့သည်။

῝ခုချိန်ထိ ကျွန်တော့်အမျိုးသမီးရဲ့လစာကို ဘယ်လောက်ကျန်သလဲလို့ တခါမှမမေးဖူးသေးဘူး။ ကျွန်တော် နေပြည်တော်ရောက်ရင်လည်း သူ့အခန်းခတွေကို ရှင်းပေးရတယ်။ ကလေးထိန်းပေးတဲ့ ကလေးမလေးရဲ့ ကလေးထိန်းခအပါအဝင် ရှားတောကနေ ဖယ်ခုံကို ပြန်လာရင်လည်း ကျွန်တော်ပဲ အစစအရာရာ အကုန် လုံးတာဝန်ယူ စီစဉ်ပေးပါတယ်῎ ဟု ဇနီးသည်လွှတ်တော်အမတ်ကို ပံ့ပိုးကူညီနေသည်ကို ပြောပြသည်။

ထို့အပြင် ဇနီးသည်၏အလုပ်အတွက် လိုအပ်သောအချက်အလက်များ ရှာဖွေရာတွင် စိုင်းသီဟမှ နည်း ပညာကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်သည့်အလျောက် အချက်အလက်များ ရှာဖွေပေးခြင်းဖြင့်လည်း ကူညီနေသူဖြစ်သည်။

တခါတလေတွင် အလုပ်အဆင်မပြေမှုများရှိသော်လည်း အိမ်ထောင့်တာဝန်၊ မိသားစုတာဝန်ကို ထမ်း ဆောင်နေရသည်ကို စိတ်မပျက်ပဲ ဇနီးသည်ကို ပံ့ပိုးနေရသဖြင့် ကျေနပ်ပါသည်ဟု သူကပြောသည်။

῝ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်မလုပ်နိုင်တာကို ကျွန်တော်ဇနီးက လုပ်နေတော့ ဝမ်းသာတယ်῎

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအပြီး NLD အစိုးရတက်လာပြီးနောက် ပထမဆုံးလွှတ်တော် အစည်း အဝေးတက်ချိန်တွင် သားဦးကလေးမွေးဖွားခဲ့ကာ ကလေးကို စိုင်းလွှတ်တော်ဟု အမည်ပေးခဲ့သည်။

ထိုနာမည်ကို သားလေးအရွယ်ရောက်ပြီး မှတ်ပုံတင်ရသည်အထိ ဒီအတိုင်းထားမည်ဟုလည်း စိုင်းသီဟက ဆိုသည်။

သားလေးနှင့်အတူ တွေ့ရစဉ်

သားဖြစ်သူ မွေးကင်းစမှ တနှစ်ကျော်အထိ ဖခင်ကိုယ်တိုင် ပြုစုထိန်းကျောင်းလာခဲ့ပြီး ကလေးမှာ မိခင် နို့စို့ရသည့်အချိန် မရှိသဖြင့်  ဖခင်မှ နို့ဗူးတိုက်မွေးခဲ့ရသည်ဟု သူကပြန်ပြောပြသည်။

῝အဲဒီအချိန်တုန်းက ကျွန်တော့်အမျိုးသမီးမဝါက ရုံးတက်တယ်။ ညညဆို (၂)နာရီအထိ စာဖတ်တယ်။ လွှတ် တော်တက်ရင်လည်း ကျွန်တော်ကိုယ်တိုင်လိုက်ပို့တယ်။ ပြီးရင် ဖယ်ခုံကနေ နေပြည်တော်ကို တပတ်(၂) ကြိမ်လောက်သွားနေပေးတယ်῎

ထို့အပြင် ကလေးနေမကောင်းသည့်အချိန်နှင့် ကာကွယ်ဆေးထိုးရမည့်အချိန်များတွင်လည်း ကလေး၏ ကျန်းမာရေးကိစ္စအဝဝကို ဖခင်ကပင် တာဝန်ယူလုပ်ဆောင်ခဲ့သည်။

ဇနီးသည် ဒေါ်ဝင့်ဝါထွန်း တာဝန်ကျရာ ရှားတောမြို့သည် အလွန်ပူအိုက်သောကြောင့် ကလေးကို သူတို့၏ ဇာတိမြို့ဖြစ်သည့် ဖယ်ခုံမှာပင် ခေါ်ထားရပြီး ကလေးမှာ မိခင်နှင့်နေရသည့်အချိန် အင်မတန်နည်းသည်ဟု ဆိုပါသည်။

စိုင်းသီဟသည် နိုင်ငံရေးကို အစကတည်းကပင် စိတ်ဝင်စားသူမဟုတ်သည့်အတွက် ဘယ်ပါတီကိုမှ ဝင် ထားခြင်းမရှိပဲ ဝင်ငွေရသည့် စီးပွားရေးအလုပ်ကိုသာ တစိုက်မတ်လုပ်သွားမည်ဟုဆိုသည်။

ဇနီးသည် နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်နေပြီဖြစ်သည့်အတွက် ဇနီးကို ပံ့ပိုးသွားရန်သာ စိတ်အားထက် သန်သူလည်းဖြစ်သည်။

῝ကျွန်တော်တို့ မိသားစုရေရှည်ဆက်သွားဖို့တော့ နားလည်မှုတွေ တည်ဆောက်ရမယ်။ ပြီးတော့ ၂၀၂၀ ရွေး ကောက်ပွဲအတွက် ငွေကြေးကုန်ကျမှုတွေလည်း ပြင်ဆင်ထားရမယ်။ ကလေးထပ်ယူမယ်ဆိုရင်လည်း ရွေး ကောက်ပွဲကို ထပ်ပြီး ဝင်ပြိုင်ဖြစ်ပါ့မလားမသိဘူး။ ကျွန်တော်လိုချင်တာကတော့ မိသားစုဘဝပဲ῎

၂၀၂၀ ခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲတွင် ဇနီးဖြစ်သူဆက်ပြီး ကိုယ်စားလှယ်လောင်းအဖြစ် ဝင် ရောက်အရွေးခံဦးမည်လားဆိုသည့်မေးခွန်းကိုတော့ ဇနီးသည်၏ စိတ်ဆန္ဒအပေါ်တွင်သာ မူတည်ပြီး ဖြည့် ဆည်းသွားမည်ဟု သူက သွက်လက်စွာ ပြောဖြေခဲ့သည်။

Author:

Related Articles