Home သတင်း နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု နှစ်နှစ်ပြည့်အဖြစ် လောင်းလုံးမြို့နယ်တွင် အမျိုးသမီးများဦးဆောင် ဆန္ဒထုတ်ဖော်

နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု နှစ်နှစ်ပြည့်အဖြစ် လောင်းလုံးမြို့နယ်တွင် အမျိုးသမီးများဦးဆောင် ဆန္ဒထုတ်ဖော်

နွေဦးမောင်

ထားဝယ်ခရိုင်အတွင်း “နှင်းဆီရောင် အမျိုး သမီးထုလှုပ်ရှားမှု” နှစ်နှစ်ပြည့်အဖြစ် အမျိုး သမီးများဦးဆောင်ပြီး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ-ထားဝယ်(RWU)က ယမန်နေ့ သြဂုတ် ၂၈ တွင် ထုတ်ပြန်သည်။

အဆိုပါလှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ‘ဒို့အမျိုးသမီးတွေရှေ့ထွက် အာဏာရှင်စနစ်ကို
တိုက်ဖျက်’ဟူသည့်ကြွေး ကြော်သံစာသားပါ ဘန်နာကိုင်ဆွဲကာ စစ်အာဏရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ဓာတ်ပုံ-RWU-Dawei

“ရည်ရွယ်ချက်ကတော့ တော်လှန်ရေးမှာ/နိုင်ငံရေးမှာ အမျိုးသမီးတွေ တပ်ဦးကနေ ဦးဆောင်ပါဝင်လာကြဖို့နဲ့ တော်လှန်ရေးကာ လအတွင်း အမျိုးသမီးတွေ နည်းပေါင်းစုံနဲ့ အကြမ်းဖက်ခံနေရတာတွေကို ဆန့်ကျင်သွားကြဖို့နဲ့ အပြစ်ကျူးလွန်သူတွေကို ထိရောက်တဲ့အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းတာလည်းဖြစ်တယ်”ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(RWU)မှ တာဝန် ရှိသူတစ်ဦးက Hi News သို့ ပြောသည်။

    ယခုလိုကြားကာလတွင် အမျိုးသမီးများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အဓမ္မပြုကျင့်ခြင်း၊ အကြမ်းဖက်ခြင်းများ အများဆုံးခံနေရသကဲ့သို့ တော်လှန်ရေးအင် အားစုများအနက်မှ လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့နှင့် အာဏာရှိသူတချို့၏ အဓမ္မပြုကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်းများလည်း မြေ ပြင်၌ အမှန်တကယ်ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

    ဓာတ်ပုံ-RWU-Dawei

    ထို့ကြောင့် နှင်းဆီရောင်အမျိုးသမီးများ သမဂ္ဂအနေဖြင့် စစ်အာဏာရှင်စနစ်နှင့်အတူ မဟာဖိုဝါဒကြီးစိုးမှုအပါအဝင် အမျိုးသမီးများအပေါ် အကြမ်းဖက်သည့်လုပ်ရပ်မှန်သမျှကို ပြင်းပြင်းထန်ထန်ဆန့်ကျင် တော်လှန်‌သွားမည်ဖြစ်ကြောင်း သမဂ္ဂထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    “ကျမတို့ RWU ဟာ တော်လှန်ရေးကာလမှာ တော်လှန်ရေးရဲဘော်အမျိုးသမီးတွေနဲ့ ဖွဲ့ စည်းထူထောင်ထားတာဖြစ်ပြီး စစ်အာဏာ ရှင်စနစ်အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုက်ပွဲဝင်သွားဖို့လည်း ရည်ရွယ်ပါတယ်”ဟု RWU မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

    ဓာတ်ပုံ-RWU-Dawei

    “နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု”ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ် ၂၈ ရက်က စတင်ပြီး လှုပ်ရှားမှုပြုလုပ်ခဲ့ရာ ယနေ့တွင် နှစ်နှစ်ပြည့်ပြီဖြစ်သည်။

    အဆိုပါ ပထမဆုံးအကြိမ် လှုပ်ရှားမှုတွင် ‘တော်လှန်နှင်းဆီရဲရဲနီ အာဏာရှင်ကို အမြစ်ဖြတ်မည်၊ အမျိုးသမီးပေမယ့် အားမနွဲ့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး’ စသည့် ကြွေးကြော်သံများဖြင့် အမျိုးသမီးများဦးဆောင်၍ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

    Author:

    Related Articles