နန်းဆိုင်နွမ်။ ။
မေဒေးနေ့တွင် အမျိုးသမီးများအတွက် လုံခြုံရေးနှင့် လုပ်အားခတန်းတူညီမျှရရှိရေးတို့အတွက် ချင်းမိုင်မြို့၊ Tarin ဟိုတည်တွင်ကျင်းပသည့် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတက်ရောက်လာသော ရွှေ့ပြောင်းအလုပ်သမများ က တောင်းဆိုလိုက်သည်။
“ ရွှေပြောင်းအလုပ်သမားစခန်းက အခန်းတွေမှာ အပေါက်တွေ ရှိတယ်။ အမျိုးသမီးတွေချည်းပဲနေရင် စိတ်မချ ရဘူး။ ကောင်းအောင် ပြုလုပ်ပေးဖို့ လိုအပ်တယ်။ နောက် အမျိုးသမီးတွေဟာ အမျိုးသားနည်းတူ အလုပ်လုပ်ရ ပေမယ့် လုပ်အားခ တန်းတူမရဘူး။ တန်းတူပေးဖို့လည်း တောင်းဆိုတယ်” ဟု MAP ဖောင်ဒေးရှင်းမှ ရွှေ့ပြောင်း အလုပ်သမားများအရေးကို ဆောင်ရွက်နေသည့် ထောင်းခမ်းက ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားစခန်းများကို သွပ်ပြားအပျက်အဆွေးများ၊ အပေါက်အပြဲများဖြင့်သာ ဖြစ်သလို ယာယီပုံစံ ဆောက်လုပ်ထားပြီး၊ အမျိုးသမီးများအနေဖြင့် တယောက်တည်း အခန်းထဲတွင် အိပ်ရသည်မှာ လုံခြုံမှုမရှိကြောင်း၊ အိမ်သာ၊ ရေချိုးသည့်နေရာများမှာလည်း အများနှင့်အတူ သုံးစွဲရသဖြင့် အမျိုးသမီးများအတွက် အခက်အခဲများ ရှိနေကြောင်း ထောင်းခမ်းက ပြောသည်။
“ အမျိုးသမီးတွေ ရေချိုးတဲ့အခါ အရက်မူးတဲ့ အမျိုးသားတွေက ထိုင်ကြည့်ပြီး စော်ကားချင်တဲ့အမူအရာတွေ လုပ် ပြတယ်။ နောက် ညပိုင်းအိမ်သာသွားရင်လည်း အဲဒီလိုပဲ ကြောက်နေရတယ်” ဟု ထောင်းခမ်းက ဆိုသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားစခန်းတွင် နေထိုင်သည့် အမျိုးသမီးများကို အမျိုးသားများက လေးစားမှု မရှိသည့်အပြင် ကာအိန္ဒြေပျက်ပြားအောင် စနောက်ခြင်း၊ မုဒိမ်းမှု ကျူးလွန်ခြင်းများအထိ ရှိကြောင်း ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးများက ဆိုသည်။
“ စခန်းမှာ နေရတာကတော့ တော်တော်ခက်ခဲတယ်။ အမျိုးသားတွေက ပါးစပ်နဲ့ စနောက်တာတွေရှိတယ်။ နောက် အိမ်သာတွေ ရေချိုးခန်းတွေ သုံးစွဲရတဲ့အခါ မလုံခြုံသလို ခံစားရတယ်” ဟု ရွှေ့ပြောင်းအလုပ်သမတဦးက ပြော သည်။
ရွှေ့ပြောင်းအလုပ်သမများအနေဖြင့် အမျိုးသားများမှ စနောက်မှုနှင့် ထိကပါးရိကပါးပြုလုပ်ခံရပါက တိုင်ကြားရန် နှင့် ရှက်ကြောက်ပြီး တိတ်ဆိတ်မနေရန် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများက ပြောဆိုလိုက် သည်။
ဆက်လက်ပြီး ထိုင်းနိုင်ငံ အလုပ်သမားဆိုင်ရာဥပဒေတွင် လိင်အလုပ်သမား၊ အိမ်အကူနှင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမများအတွက် ဥပဒေအရ အာမခံပေးရန် ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အ စည်းများကလည်း တောင်းဆိုလိုက်သည်။
ယနေ့ကျင်းပသည့် ချင်းမိုင်မြို့ Tarin ဟိုတည်မှ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံ၊ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်သူများ၊ ထိုင်းနိုင်ငံ အစိုး ရအဖွဲ့များက ရွှေ့ပြောင်းအလုပ်သမားများ၏ လက်ရှိအလုပ်သမားရေးဆိုင်ရာမူဝါဒများကို ဆွေးနွေးခဲ့ကြသည်။
” ပေါ်လစီရှိလာရင် ရိုးရိုးရှင်းရှင်းဖြစ်ဖို့နဲ့ နောက်နှစ်အလုပ်သမား မှတ်ပုံတင်စာရင်း တင်သွင်းရမယ်ဆိုရင် ဘာ တွေလုပ်ရမယ်ဆိုတာ သတ်မှတ်ထားပေးဖို့။ လုပ်ငန်းစဉ်တွေကို လိုရင်းတိုရှင်း လွယ်ကူစေတဲ့အစီအစဉ်တွေ ချပေး ဖို့ တောင်းဆိုတယ်” ဟု ထိုင်းနိုင်ငံတွင် (၁၀)နှစ်ကျော် ရွှေ့ပြောင်းအလုပ်သမအဖြစ် အလုပ်လုပ်နေသည့် နန်း ကိန်က ပြောသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရသည့် အမျိုးသမီးများအနေဖြင့် အခက်အခဲများစွာရှိကြောင်း၊ အဓိကအားဖြင့် ထိုင်း အလုပ်သမားဥပဒေတွင် အိမ်အကူများနှင့်ပတ်သက်ပြီး တိကျစွာ ထည့်သွင်းပေးထားခြင်းမရှိသဖြင့် အိမ်အကူ အလုပ်ကိုလည်း ဥပဒေတရပ်အနေဖြင့် အာမခံပေးဖို့ လိုအပ်နေကြောင်း နန်းကိန်က ဆိုသည်။
“ နောက်ပြီး ကလေးတွေနဲ့ပတ်သက်ပြီး လွတ်လွတ်လွတ်လပ်လပ် ကျောင်းတွေပေးတက်စေချင်တယ်။ အဆင့် မြင့်တဲ့ကျောင်းတွေ သွားချင်တယ်ဆိုရင်လည်း မရဘူး” ဟု သူမက ထပ်လောင်းပြောသည်။
ကမ္ဘာ့အလုပ်သမားနေ့သည် ၁၉ ရာစုနှစ်က အမေရိကန် ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့သည့် အလုပ် ရှင်၊ အလုပ်သမားပဋိပက္ခမှ စတင်ဖြစ်ပေါ်လာခဲ့သည်။ ထိုအချိန်က အလုပ်သမားအများစုသည် တနေ့လျှင် (၁၆) နာရီမှ နာရီ(၂၀)အထိ အလုပ်လုပ်ကိုင်ခဲ့ကြရပြီး၊ အလုပ်သမားများ၏ လူနေမှုဘဝများ၊ ကျန်းမာရေး၊ လူမှုရေး အဆင့် အတန်းများကို အလုပ်ရှင်များက ခေါင်းပုံဖြတ်ခဲ့သည်။
၁၈၈၄ ခုနှစ်တွင် အမေရိကန် အလုပ်သမားအဖွဲ့ချုပ်ညီလာခံကို ကျင်းပခဲ့ပြီး ထိုညီလာခံတွင် ၁၈၈၆ ခုနှစ်၊ မေ (၁) ရက်မှ စတင်ကာ တနေ့လျှင် အလုပ်ချိန် (၈)နာရီအထိသာ အလုပ်လုပ်ရန် သတ်မှတ်ခဲ့သည်။ မေ(၁)ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် ၁၈၈၉ ခုနှစ်၊ ပါရီမြို့တွင် ကျင်းပခဲ့သည့် ဆိုရှယ်လစ်အလုပ်သမားများ ဒုတိယညီ လာခံတွင် သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021