Home သတင်း မိုင်ဂျာယန်အစည်းအဝေးတွင် ကျား-မ ကွဲပြားမှုဆိုင်ရာ ကိစ္စကို အလေးထားသွားရန် မူတစ်ရပ်ကိုWLB က အဆိုပြုခဲ့

မိုင်ဂျာယန်အစည်းအဝေးတွင် ကျား-မ ကွဲပြားမှုဆိုင်ရာ ကိစ္စကို အလေးထားသွားရန် မူတစ်ရပ်ကိုWLB က အဆိုပြုခဲ့

13769529_1062264133869739_877266736587328338_n

Photo: Seng Jaw (Facebook)

လုဆိုင်း

စနေနေ့၊ ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၆ ခုနှစ်။        ။

ကျားမ ကွဲပြားမှုဆိုင်ရာကို မည့်သည့်ကဏ္ဍ မည်သည့်အဆင့်တွင်မဆို အစဉ်တစိုက် အလေးထားသွားရန် ဆိုသည့် အခြေခံမူ တစ်ရပ်ကို အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB က ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်နေသော တိုင်းရင်းသား တေ်ာလှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး စတုတ္ထနေ့တွင် အဆိုတင်သွင်းခဲ့သည်။

အစည်းအဝေး စတုတ္ထနေ့တွင် ဖက်ဒရယ် ပြည်ထောင်စုမူကြမ်းတွင် အမျိုးသမီးအခွင့်အရေးပေးနိုင်ရန်အတွက် ကျားမတန်းတူရေးဆိုတာထက် ကျားမကွဲပြားမှုဆိုင်ရာကို အစဉ်တစိုက် အလေးထားဆောင်ရွက်သွားရမည်ဆိုသည့် အချက်ကို အဆိုပြုခဲ့သည်ဟု WLB မှ အထွေထွေအတွင်းရေးမှူး မဂျူလီယာမရစ်က ပြောသည်။

“ဖက်ဒရယ် ပြည်ထောင်စုမူကြမ်းထဲက အခန်း ၆ ထဲမှာ အဆိုပြုထားတာ တခုကတော့ ကျားမဆိုင်ရာကွဲပြားမှုကို အခြေခံသော ကွဲခြားဆက်ဆံမှုများကို ပိတ်ပင်ဟန့်တားရမယ်ဆိုတာရှိတယ်။ ဒါပေမဲ့ကျမတို့အနေနဲ့ ပိတ်ပင်ဟန့်တားတာက ကျမတို့အတွက် မလုံလောက်ဘူးဆိုတော့ ဒီဥပဒေအရ ကာကွယ် ပြဌာန်းပေးရမယ်ဆိုတာ ပြောထားတယ်။ နောက်တခုက တကယ့်တကယ်မှာ လုပ်ဆောင်ဖို့ဆိုရင် မည်သည့်ကဏ္ဍ မည်သည့်အဆင့်တွေမဆို ကျားမကွဲပြားမှုဆိုင်ရာကို အစဉ်တစိုက် အလေးထားသွားရမည်ဆိုတဲ့ပုံစံကိုတော့ ကျမတု့ိ ပြန်ပြီး အဆိုပြုထားတာ ရှိတယ်”ဟု သူက ပြောသည်။

ဖယ်ဒရယ် ပြည်ထောင်စု အခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ(FCDCF)က ရေးဆွဲထားသော ဖက်ဒရယ် မူကြမ်းတွင်လည်း ကျားမတန်းတူရေးနှင့် အမျိုးသမီးများ ၃၀ ရာခိုင်နှုန်း ပါဝင်ဝင်ရန်ဆိုသည့်အချက်များ ပါဝင်နေပြီး ဖြစ်၍ WLB ၏ အဆိုပြုချက်အပေါ် တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် တစ်စုံတစ်ရာ ကန့်ကွက်ခြင်း မရှိကြောင်း သူက ပြောသည်။

“ဒီ issue (အကြောင်းအရာ)ကတော့ သူတို့အတွက် အစိမ်းသက်သက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တကယ့်တကယ် လက်တွေ့မှာ အကောင် အထည်ဖော်လာဖို့ လိုအပ်နေပြီလေ။ ဒါကြောင့်ကျမတို့က ကျားမတန်းတူရေးဆိုတာထက် ကျားမကွဲပြားမှုဆိုင်ရာကို အစဉ်တစိုက် အလေးထားရမယ် ဆိုတာ ပြောတာ။ ခေါင်းဆောင်တွေက တစုံတရာ ကန့်ကွက်တာ မရှိပါဘူး”ဟု မဂျူလီယာ မရစ်က ပြောသည်။

ထို့ပြင် တတိယနေ့ အစည်းအဝေးတွင် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်၍ ညီညွတ်သော တိုင်းရင်းသားလူမျုးိများ ဖက်ဖက်ဒရယ်ကောင်စီ(UNFC)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်း ၈ ဖွဲ့တို့ တင်သွင်းသော စာတမ်းနှစ်စောင်ကို ဆွေးနွေး၍ ဘုံသဘောထားများ စုစည်းရန်အတွက် ဖွဲ့စည်းထားသော အလုပ်အဖွဲ့တွင် WLB မှ ကိုယ်စားလှယ်အဖြစ် မဂျူလီယာမရစ်နှင့် WLB မှ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် လိုည်းချယ်ရီတို့ ၂ ဦး ပါဝင်သည်ဟု သူက ဆိုသည်။

ဇူလိုင်လ ၂၇ ရက် အစည်းအဝေး ဒုတိယနေ့တွင် ဆွေးနွေးခဲ့သော ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ ဥပဒေ မူကြမ်းတွင် ပါဝင်သော အချက် ၈ ချက်တွင်လည်း အခြေခံ အခွင့်အရေးနှင့် ကျားမ တန်တူညီမျှမှု ဟူသော အချက်တစ်ချက် ပါဝင်သည်။

ထို့ပြင် WLB က ငြိမ်းချမ်းရေးဖြစ်စဉ်တွင် WLB ၏ ကိုယ်စားပြုမှုအပြင် EAOs များနှင့်အတူ ကဏ္ဍအသီးသီးတို့တွင် တက်ကြွ လှုပ်ရှားနေကြသည့် အမျိုးသမီးများ ပိုမိုပါဝင်ရန် မူများ အပါအဝင် အချက် ၉ ချက်ပါ စာတမ်းတစ်စောင်ကို ဇူလိုင်လ ၂၆ ရက်တွင် တင်သွင်းခဲ့သေးသည်။

တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် အမျိုးသမီးများ ပါဝင်မှုကို တစ်စုံတစ်ရာ အသိအမှတ်ပြုလာပြီဟု ယူဆသော်လည်း ရှေ့ဆက် လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်နေသေးကြောင်း မဂျူလီယာ မရစ်က ပြောသည်။

“လက်ရှိမှာ ကျမတို့ အမျိုးသားခေါင်းဆောင်တွေကတော့ ဒီအမျိုးသမီးတွေ ပါဝင်မှုကို တစုံတရာ အသိအမှတ်ပြုလာတယ်ဆိုတဲ့ အနေအထားကတော့ ကျမတို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ပြီး လက်ခံတယ်။ အသိအမှတ်ပြုတယ်ဆိုတာ မကဘဲနဲ့ လက်တွေ့ လုပ်ငန်းစဉ်တွေ လက်တွေ့ အကောင်အထည်ဖော်ဖို့အပိုင်းတွေ ဆက်လက်ပြီးလိုအပ်သေးတာပေါ့နော်။ ကျမတို့လည်း ဒီခေါင်းဆောင်တွေ လက်တွေ့လုပ်ငန်းအပေါ်မှာ ပိုပြီးမှ အကောင်အထည်ဖော်ဖြစ်လာအောင် ကျမတို့ တိုက်တွန်းသွားပြီးမှ အတူတူအလုပ်လုပ်သွားဖို့ရန် ရှိတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးတွင်WLB က ကိုယ်စားလှယ် ၅ ဦးနှင့် အကျုးိဆောင် ၁ ဦး စုစုပေါင်း ၆ ဦး တက်ရောက်နေသည်။

Related Articles