ခင်စုကြည်။ ။
မြန်မာ့လူမှုအဖွဲ့အစည်းထဲကို ၂၀၁၀ ခုနှစ်နောက်ပိုင်းကာလတွေမှာ ရောက်ရှိလာတဲ့ လူ့အခွင့်အရေး(Human Rights) လှုပ်ရှားမှုတွေ၊ ကျားမတန်းတူညီမျှရေး (Gender Equlity) လှုပ်ရှားမှုတွေနဲ့အတူ နောက်ထပ်ရောက် ရှိလာတဲ့ စကားလုံးတခုကတော့ ဖီးမင်းနစ်ဇင် (Feminism) ဆိုတာပဲဖြစ်ပါတယ်။
လူအများစုကတော့ Feminism ဆိုတာ မြန်မာလို တိုက်ရိုက်ဘာသာပြန်ထားတဲ့ မိန်းမဝါဒီ၊ တနည်းအားဖြင့် မိန်း မကြီးစိုးရေးဝါဒလို့ မှတ်ထင်ကြသလို feminist ဆိုတာကိုလည်း ယောကျာ်းမုန်းတီးရေးလှုပ်ရှားသူလို့ အဓိ ပ္ပါယ်ဖွင့်ကြပါတယ်။
တကယ်တော့ Feminism ဟာ မိန်းမဝါဒီဆိုတာထက် ပိုမိုလေးနက်တဲ့ လူသားများ တန်းတူညီမျှ အခွင့်အရေး ရ ရှိပြီး လူသားအချင်းချင်းလေးစားတန်ဖိုးထားမှုတွေနဲ့ တည်ဆောက်ထားတဲ့ လူနေမှုစနစ်တရပ်ပေါ်ပေါက်လာ ဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ Rainfall Feminist မဂ္ဂဇင်းကို ထုတ်ဝေသူ မပျိုးလက်ဟန်ကဆိုပါတယ်။
“ကျမတို့ခံယူထားတဲ့ Feminist ဆိုတာကတော့ လူ့အဖွဲ့အစည်းထဲမှာ ရှိနေတဲ့ ဖိနှိပ်မှုပုံစံတွေအားလုံး အဆုံး သတ်ဖို့အတွက် လှုပ်ရှားတဲ့သူ၊ ဖိနှိပ်မှုပုံစံထဲမှာမှ အဓိက အကျဆုံး ဖိနှိပ်မှုဖြစ်တဲ့ လိင်အခြေပြုခွဲခြားတဲ့ ဖိနှိပ်မှု ကို အဓိကထား တိုက်နေတာ။”
မပျိုးလက်ဟန်ဟာ ကိုယ်တိုင်လည်း Feminist လို့ခံယူထားသူဖြစ်သလို Feminism နဲ့ပတ်သက်လို့ စာပေအ နုပညာကနေတဆင့် လူမှုအဖွဲ့အစည်းထဲကို ရောက်ရှိအောင် မျှဝေပေးနေတဲ့ စာရေးဆရာမတယောက်လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ Feminism ဆိုတဲ့ဝေါဟာရထက် Feminist ဆိုတဲ့စကားလုံးက အရင်ဦးဆုံးဝင်ရောက်လာတာ ဖြစ်ပြီး Feminism ရဲ့သဘောတရားလက္ခဏာကို လေ့လာဖို့ထက် feminist ဆိုတာကို မိန်းမဝါဒီလို့ တိုက် ရိုက်ဘာသာပြန်နားလည်ကြတော့ အယူအဆတွေကလည်း လွဲမှားသွားရတာဖြစ်တယ်လို့ မပျိုးလက်ဟန်က သုံး သပ်ပါတယ်။
“ကျမထင်တာတော့ Feminism ဆိုတာကို သေချာမလေ့လာရခင်မှာ အဆင့်ကျော်ပြီးတော့မှ Feminist ဆို တာနဲ့ အရင်စလိုက်တော့ ပြဿနာရှိသွားတာဖြစ်တယ်။ မိန်းမဝါဒီလို့ပြောကြတဲ့အတွက်ကြောင့် မိန်းမတွေက ကြီးစိုးမှာလား။ မိန်းမတွေက လက်ရှိအနေအထားတွေကို ပြောင်းပြန်လှန်ပစ်မှာလားပေါ့။ ကျမတို့လူ့အဖွဲ့အ စည်းထဲမှာ မိန်းမမုန်းတီးရေး လှုံ့ဆော်တဲ့ အတွေးအခေါ်တွေ၊ အရေးအသားတွေကလည်း အများကြီးရှိတယ်။ ဥပမာ “မိန်းမဖျက် ပြည်ပျက်”တို့လိုမျိုးပေါ့”
မြန်မာ့လူ့အဖွဲ့အစည်းမှာ “အမျိုးသမီး”ဆိုတာကို ပုံဖော်အသက်သွင်းထားတဲ့စံနှုန်းတွေကတော့ ယဉ်ကျေး သိမ်မွေ့ပြီး ကိုယ့်မိသားစုအတွက်၊ ကိုယ့်ချစ်သူခင်ပွန်းအတွက်၊ ကိုယ့်ရိုးရာယဉ်ကျေးမှုတွေအတွက် စွန့်လွှတ် အနစ်နာခံရမယ့်သူတွေအဖြစ် သတ်မှတ်ထားကြပါတယ်။ အဲဒီလိုစံနှုန်းတွေမရှိတဲ့ အမျိုးသမီးဆိုရင်တော့ “မိန်းမဆိုး” ဆိုတဲ့ ခေါင်းစဉ်အောက် သွတ်သွင်းလိုက်ကြပါတယ်။
မပျိုးလက်ဟန်ကတော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ မိန်းမအဖြစ် လက်ခံထားတဲ့နေရာမှာ ကောင်းတာနဲ့ ဆိုးတာ (၂)ခုပဲရှိပြီး ဒီနှစ်ခုရဲ့ကြားမှာ “လူသားဆန်မှု”ဆိုတာ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
“ကျမငယ်ငယ်တည်းက မှတ်မိနေတာတခုက ဝေသန္တရာဇာတ်တော်ဖတ်ပြီး စိတ်ထဲမှာ လုံးဝမကျေနပ်ဘူး။ သူ က သူ့မိန်းမနဲ့ကလေးတွေကို လှူလိုက်တယ်။ အဲဒီလိုလှူလိုက်တော့ သူကမြင့်မြတ်တဲ့သူဖြစ်သွားတယ်။ မိန်းမနဲ့ကလေးတွေကို စွန့်လွှတ်နိုင်တဲ့၊ မြင့်မြတ်တဲ့လူသားလို့ သတ်မှတ်ကြတယ်။ ကျမအနေနဲ့တော့ အဲဒီ တုန်းက ကလေးအတွေးနဲ့တောင် ဘယ်လိုမှ လက်မခံနိုင်ဘူး။ လူကြီးတွေကို မေးတဲ့အခါမှာလည်း ကျမသိ ချင်တဲ့ တိကျတဲ့အဖြေကို မရခဲ့ဘူး။ “မိန်းမဆိုတဲ့အရာကို ပိုင်ဆိုင်တဲ့ပစ္စည်းတခုလိုမျိုး ပက်ကနဲလှူလိုက်လို့ ရသလား” ဆိုတဲ့မေးခွန်းက အဖြေလည်း မရှိဘူး။ လက်လည်းမခံနိုင်ဘူး။ တရားမျှတတယ်လို့လည်း မထင် ဘူး”
ဖီးမင်းနစ်ဇင်အကြောင်းပြောရင် မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့်စနစ် ဒါမှမဟုတ် တော်လှန်ရမယ့်စနစ်တခု လည်း ရှိပါတယ်။ အဲဒါကတော့ ပက်ထရီအာခီ(Patriarchy) လို့ခေါ်တဲ့ ဖခင်ကြီးစိုးရေးစနစ်၊ ဖိုကြီးစိုးရေးဝါဒဖြစ်ပါ တယ်။ တချို့ကလည်း ကျားပဓါနပြုဝါဒလို့ ဘာသာပြန်ဆိုကြပါတယ်။
“ပက်ထရီအာခီ”ဆိုတဲ့ စကားလုံးစတင်ပေါ်ပေါက်ခဲ့ပုံကတော့ ရိုးရှင်းပါတယ်။ ရှေးယခင် လူ့ယဉ်ကျေးမှု စတင် ထွန်းကားခဲ့စဉ်ကာလတွေက မိသားစုရဲ့ဦးစီးဦးဆောင်ပြုသူတွေက ဖခင်တွေပဲဖြစ်ပါတယ်။ ဖခင်ရဲ့ တသွေးတ သံတမိန့်ဆိုတဲ့ သြဇာလွှမ်းမိုးမှုကနေတဆင့် ရပ်ရွာအုပ်ချုပ်မင်းလုပ်တဲ့နေရာအထိ ရောက်ရှိလာပြီး ဖခင်ကြီးစိုး ရေးစနစ်ကနေ ဖန်တီးထားတဲ့ အယူအဆ၊ အတွေးအခေါ်တွေဟာ နိုင်ငံရေးစနစ်၊ လူမှုရေးစနစ်နဲ့ ဘာသာရေး အပေါ်မှာ လွှမ်းမိုးမှုတွေ ရှိလာခဲ့ပါတယ်။
ဒါကြောင့် အမျိုးသမီးဖြစ်ခြင်း၊ အမျိုးသားဖြစ်ခြင်း စတဲ့လူသားဖြစ်ခြင်းကို တိုင်းတာတဲ့စနစ်တွေဟာလည်း အမျိုးသားတွေရဲ့အမြင်နဲ့ အယူအဆတွေအပေါ်မှာသာ အခြေတည်ပြီး စံနှုန်းသတ်မှတ်လာခဲ့ကြပါတယ်။
ပက်ထရီအာခီစနစ်အောက်မှာ နေထိုင်ကြီးပြင်းလာကြတာကြောင့် ဖိုဝါဒကြီးစိုးရေးကို ဆက်လက်တွန်းအား ပေးနေသူတွေက အမျိုးသမီးရော အမျိုးသားရော ဖြစ်နိုင်တယ်လို့ မပျိုးလက်ဟန်က သုံးသပ်ထားပါတယ်။
“အမြဲတမ်း ကျမတို့တွေက ကျမတို့ရဲ့ မျက်လုံးနဲ့ကြည့်တာထက် ပက်ထရီအာခီက သတ်မှတ်ထားတဲ့ စံနှုန်း တွေနဲ့ပဲ ကြည့်တာမျိုးပေါ့။ ဥပမာ ကျမတို့မွေးကတည်းက လူတွေရဲ့ကံကြမ္မာက ပြဌာန်းပြီးသားဖြစ်သွားတယ်။ ယောကျ်ားလိင်အင်္ဂါနဲ့မွေးလာတော့ သားလေးဖြစ်တယ်။ သားဆိုတော့ ဘုန်းရှိတယ်။ သားမွေးမှ မြတ်တယ်ဆို တာမျိုး။ ဒါသည်ဖိုဝါဒပဲ။ အဲဒီအမြင်တွေကနေ ဆက်ပြီးသွားလိုက်တာက နိုင်ငံရေးစနစ်မှာလည်း ကြည့်လိုက်ရင် နိုင်ငံအုပ်ချုပ်တဲ့သူက အမျိုးသမီးဖြစ်နေတယ်ဆိုရင် မိန်းမတက်တယ်၊ ပြည်ပျက်တော့မယ်ဆိုတဲ့အမြင်မျိုး အထိ ဖြစ်လာခဲ့တယ်”
အမျိုးသမီးအရေးလှုပ်ရှားမှုကတော့ (၁၈)ရာစုလောက်က စတင်ခဲ့တာဖြစ်ပြီး အမျိုးသမီးတွေလည်း လူသားတွေ ဖြစ်တယ်ဆိုတာကို စတင်ပြောလာကြတာဖြစ်ပါတယ်။ (၁၉)ရာစုနှောင်းပိုင်းလောက်မှာတော့ အမျိုးသမီးတွေက နိုင်ငံရေးအရ မဲပေးခွင့်ရဖို့ စတင်လှုပ်ရှားလာခဲ့ပါတယ်။ ဒါကြောင့် သမိုင်းပညာရှင်တွေကတော့ အမျိုးသမီး အရေး စတင်လှုပ်ရှားမှု ပထမလှိုင်းလို့ သတ်မှတ်ခဲ့ကြပါတယ်။
“၁၉၆၀ နောက်ပိုင်းကာလမှာဆိုရင် Feminist ဆိုပြီး ပီပီပြင်ပြင်ဖြစ်လာပြီ။ အမျိုးသမီးလွတ်မြောက်ရေးက ကျမတို့နားလည်ခဲ့သလို မီးဖိုချောင်ထဲကထွက်မှ အပြင် Public ကို ရောက်လာမှ အမျိုးသမီးလွတ်မြောက်ရေး ဆိုပြီးပြောတယ်။ ဒါကိုလည်း လူလတ်တန်းစား အမျိုးသမီးတော်တော်များများက လက်ခံတယ်။ ဒါပေမယ့် တဖက်မှာလည်း အဓိကက အမျိုးသမီးတွေကို ဖိနှိပ်ထားတာက အမျိုးသားတွေပဲဆိုတာမျိုး၊ အဲဒီအချိန် တုန်းကဆို တော်တော်ပြင်းထန်တယ်။ အမျိုးသမီးတွေရဲ့ ရန်သူက အမျိုးသားတွေပဲဆိုတာမျိုးတွေ။ အဲဒီ တုန်းကတောင်းဆိုတာက Reproductive Rights ပေါ့။ နောက်တခုက ယောကျာ်းမိန်းမ လုပ်ခလစာ တန်း တူရဖို့နဲ့ နိုင်ငံသားအခွင့်အရေးတွေ တောင်းလာကြတယ်။ တတိယလှိုင်းမှာကျတော့ feminism ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောလာပြီ။ ငါတို့ကို ဖိနှိပ်ထားတာ ယောကျာ်းတွေ မဟုတ်ဘူး။ ငါတို့ကိုဖိနှိပ်ထားတာ “ပက်ထရီအာခီ”ဆိုတဲ့စနစ်ပဲ။ မညီမျှတဲ့ အာဏာဖွဲ့စည်းမှုပဲဆိုတာ ကျယ်ကျယ်ပြန့်ပြန့်ပြောလာကြတယ်။ အဲဒီ အချိန်မှာ အမျိုးသားဝန်းရံအားပေးသူတွေလည်း အများကြီးပေါ်လာတယ်”
မြန်မာနိုင်ငံမှာတော့ အမျိုးသမီးအရေးလှုပ်ရှားမှုတွေက အခုမှ စတင်တဲ့ ကာလဖြစ်တယ်လို့ မပျိုးလက်ဟန်က ဆိုပါတယ်။
သူမခံယူထားတဲ့ Feminist ဆိုတာဟာ ဆရာမကြီး Bell Hooks ရဲ့အယူအဆတခုဖြစ်တဲ့ အမျိုးသမီးတ ယောက်ဟာ အမျိုးသမီးလိင်အင်္ဂါနဲ့မွေးလာမှုအပေါ်မှာ Feminist ဖြစ်တယ်လို့ ခံယူတာမျိုးမဟုတ်ပဲ ဒါဟာ မိမိ ရဲ့လိင်အင်္ဂါအပေါ်၊ အမျိုးသမီးဖြစ်ခြင်းအပေါ်မှာ အခွင့်ထူးယူတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် Feminist ဆိုတာ အမျိုးသားဖြစ်ခြင်း အမျိုးသမီးဖြစ်ခြင်းအပေါ် မူတည်မနေပဲ အမျိုးသားဖြစ်ဖြစ် အ မျိုးသမီးဖြစ်ဖြစ် ကိုယ်တိုင် Feminist လို့ခံယူနိုင်ပြီး တန်းတူညီမျှမှုမရှိတဲ့ လူမှုအဖွဲ့အစည်းကို တွန်းလှန်ဖို့ အတွက် လုပ်ဆောင်နေတဲ့သူတွေကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ Feminist တွေအပေါ် တခြားသူတွေ မြင်တဲ့အမြင်ကိုလည်း မပျိုးလက်ဟန်က အခုလို ပြောပါတယ်။
“လူတွေအမြင်က Feminist လို့ပြောရင် ပုဂ္ဂလိကအမြင်နဲ့ချိတ်ပြီးတော့ တံဆိပ်ကပ်လိုက်တာပဲ။ ကျမသည် feminist ဖြစ်လို့ ကျမရဲ့ ချစ်ရေးချစ်ရာ ကိစ္စအဆင်ပြေဘူးလို့မြင်တာတွေ။ အဲဒါကတော့ လုံးဝကို အဓိပ္ပါယ် မရှိတဲ့ကိစ္စလို့မြင်တယ်။ Feminist ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ မဆိုင်ဘူး။ ကျမရဲ့အကျင့်ကြောင့်ပဲလို့ ထင်တယ်။ တ ချို့အမျိုးသမီးတွေက အစပေါ့လေ၊ ချစ်ရေးချစ်ရာ အဆင်မပြေလို့ Feminist ဖြစ်လာတာလားလို့ပြောကြ တယ်။ တော်တော်ဆိုးတဲ့အမြင်တွေပေါ့”
မြန်မာနိုင်ငံမှာ Feminism ဆိုတဲ့အကြောင်းအရာကို သေချာသိနားလည်ဖို့ လိုအပ်သလို feminist တယောက် အပေါ် မြင်တဲ့အမြင်တွေကိုလည်း ပြောင်းလဲဖို့ လိုအပ်နေပါသေးတယ်။ ကျားမတန်းတူ ညီမျှရေးအတွက် လှုပ်ရှားဆောင်ရွက်သူလို့ဆိုရင် အမျိုးသားရော အမျိုးသမီးရော နားလည်လက်ခံကြပေမယ့် Feminist ပါလို့ ဆိုလိုက်ရင်တော့ လက်ခံသူအတော်နည်းပါးပါတယ်။
တကယ်တော့ Feminist ဆိုတာဟာလည်း ကျားဖြစ်ခြင်း မဖြစ်ခြင်းနဲ့မသက်ဆိုင်ပဲ တန်းတူညီမျှမှုမရှိပဲ ဖိနှိပ် ထားတဲ့ စနစ်ပုံစံအားလုံးကို အဆုံးသတ်ဖို့ လှုပ်ရှားသူတယောက်လို့ အဓိပ္ပါယ်ဖွင့်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် လူမှုပတ်ဝန်းကျင်မှာ သိမြင်ထားတဲ့ ကျားမတန်းတူညီမျှရေးဆိုတဲ့ အသိကိုလည်း ပြန်ဆန်းစစ်ဖို့ လိုအပ်တယ်လို့ မပျိုးလက်ဟန်က ထောက်ပြပြောဆိုထားပါတယ်။
Feminist တွေရဲ့ အဓိကစိန်ခေါ်မှုက အမျိုးသမီးဆိုတာ မီးဖိုချောင်အလုပ်လုပ်လို့ နှိမ်ထားတာလား၊ အမျိုး သားဆိုတာ ဝင်ငွေရှာတဲ့အလုပ်လုပ်လို့ တန်ဖိုးထားတာလားဆိုတာကို အဓိကမစဉ်းစားပဲ မီးဖိုချောင်အလုပ်က မိသားစုအတွက် တန်ဖိုးမရှိဘူးလား၊ အရေးမကြီးဘူးလားဆိုတာမျိုးကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေတာဖြစ် ပါတယ်။
“ကျမတို့ရဲ့ ပက်ထရီအာခီဆိုတဲ့စနစ်ကြီးထဲမှာ မီးဖိုချောင်အလုပ်ကို တန်ဖိုးနိမ့်ချထားပြီးတော့ အပြင်ထွက်ပြီး ပိုက်ဆံရှာတဲ့အလုပ်မှ တန်ဖိုးရှိတယ်ဆိုတဲ့ တန်ဖိုးစနစ်နှစ်ခုကို တည်ဆောက်ထားတယ်။ ဒါတွေကိုပဲ ကျမတို့ Feminist တွေကစိန်ခေါ်ရမှာ။ မီးဖိုချောင်အလုပ်လုပ်တယ်။ ပိုက်ဆံမရတဲ့ အလုပ်ဖြစ်တော့ကော ဘာဖြစ်လို့ တန်ဖိုးနိမ့်ရမှာလဲဆိုတာ ကျမတို့က ပြန်ရှင်းရမှာလို့ထင်တယ်”
အရင်က တန်းတူညီမျှရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေဟာ မီးဖိုချောင်ထဲမှာ ပိတ်လှောင်ခံထားပြီး အိမ်မှု ကိစ္စတွေပဲလုပ်နေရတာကြောင့် ခွဲခြားဖိနှိပ်ခံနေရတယ်လို့ ယူဆခဲ့တာကြောင့် အမျိုးသမီးတွေ မီးဖိုချောင်ထဲက ထွက်ပြီး ပြင်ပလူမှုပတ်ဝန်းကျင်နဲ့နီးစပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။
ဒါပေမယ့် အခုချိန်မှာတော့ မီးဖိုချောင်အလုပ်လုပ်လို့ နှိမ်ထားတယ်ဆိုတာထက် မီးဖိုချောင်အလုပ်ဟာလည်း တန်ဖိုးရှိတဲ့အလုပ်ဆိုတာမျိုးကို ပြောင်းလဲမြင်တတ်လာရင် မီးဖိုချောင်အလုပ်လုပ်တဲ့ အိမ်ရှင်မတွေကိုလည်း တန်ဖိုးထားတတ်လာမယ်ဆိုတဲ့ အယူအဆကို ပြောင်းလဲရှုမြင်လာကြပါတယ်။
“ကျမတို့လည်း အရင်တုန်းကထင်ခဲ့တာက အမျိုးသမီးတွေက မီးဖိုချောင်ထဲကထွက်လိုက်ရင်ကိုပဲ အမျိုးသမီး တွေ လွတ်မြောက်ပြီလို့ထင်ခဲ့ကြတာ။ ဒါပေမယ့် အခုချိန်မှာ ကျမတို့အဲဒီအတွေးအခေါ်တွေကို မယုံတော့ဘူး။ လူတယောက်နဲ့တယောက် ပြုစုစောင့်ရှောက်တဲ့အလုပ်၊ ကလေးတွေ၊ အဖိုးအဖွားတွေ အဖေအမေတွေကို ပြုစု စောင့်ရှောက်တဲ့အလုပ်ဟာ ဘာလို့တန်ဖိုးနိမ့်နေရမှာလဲ။ လူသားချင်းတန်းတူဆိုရင် ဘယ်အလုပ်ကမှ တန်ဖိုး နိမ့်နေတာ၊ တန်ဖိုးမြင့်နေတာ မရှိရဘူး” လို့ဆိုပါတယ်။
မပျိုးလက်ဟန်ကတော့ သူကိုယ်တိုင်လက်ခံထားတဲ့ Feminism ဆိုတာကို လက်ကိုင်ထားရင်း သူမရဲ့ ယုံကြည် ချက်တွေအတိုင်း ဆက်လက်ရပ်တည်သွားဖို့ Feminist တယောက်အနေနဲ့ အသင့်ရှိနေပါတယ်။
“လူ့အဖွဲ့အစည်းထဲမှာရှိနေတဲ့ ဖိနှိပ်မှုပုံစံတွေအားလုံးကို အဆုံးသတ်ဖို့အတွက် လှုပ်ရှားတဲ့သူ။ ဖိနှိပ်မှုပုံစံ တွေထဲမှာ အဓိကအကျဆုံးဖိနှိပ်မှုဖြစ်တဲ့ လိင်အခြေပြုခွဲခြားတဲ့ဖိနှိပ်မှုကို အဓိကထားတိုက်နေတာ။ ကျားက တန်ဖိုးမြင့်တာ၊ မကတန်ဖိုးမြင့်တာ၊ ဘယ်လိုအလုပ်ကမှ တန်ဖိုးမြင့်တာ၊ နိမ့်တာ စတဲ့သတ်မှတ်ချက်တွေကို ကျ မတို့တွေ ဖြေထုတ်ရမှာဖြစ်တယ်။ အဲဒီသတ်မှတ်ချက်တွေ မရှိတဲ့လူ့အဖွဲ့အစည်း ဖြစ်အောင်လုပ်ရမယ်။ အဲဒီ လိုလုပ်နိုင်မှသာလျှင် ကျမတို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ လူသားအချင်းချင်းတန်းတူရှိတဲ့ လူ့အဖွဲ့အစည်းကိုသွား နိုင်မယ်လို့ ကျမတို့က ယုံကြည်တယ်”
- အရိုးကွဲအောင်ရိုက်တာ အသည်းစွဲအောင်ချစ်ဖို့တဲ့လား - 29/09/2020
- အိမ်အကူမိသားစုအတွက် ဈေးကြီးလွန်းတဲ့ တရားမျှတမှု - 04/09/2020
- မုဒိမ်းမှုနဲ့ သဘောတူခွင့်ပြုချက် - 17/04/2020