Home ဆောင်းပါး ကယားပြည်နယ်မှ ရေရှားပါးမှုပြဿနာနှင့် အမျိုးသမီးများဘဝ

ကယားပြည်နယ်မှ ရေရှားပါးမှုပြဿနာနှင့် အမျိုးသမီးများဘဝ

ဓါတ်ပုံ – ကောကော် (HI)

 

ကောကော်။        ။

ကယားပြည်နယ်၊ ဒီမောဆိုမြို့မှ စတင်ပြီး ကန်ခုနှစ်ဆင့်အနီးရှိ လမ်းတလျှောက် ဒေါတမကြီးသို့ သွားရာ လမ်းသည် ကတ္တရာခင်းထားသည့်အတွက် လမ်းကြမ်းသည်ဟု မဆိုနိုင်ပေ။ သို့သော် တောင်တက်တောင် ဆင်းလမ်းဖြစ်သဖြင့် အကွေ့အကောက်များလှပေသည်။

လမ်းမကြီးဘေးရှိ တောင်တန်းများမှာ သစ်ပင်များ၊ ချုံနွယ်များ၊ ထူထပ်လျက်ရှိပြီး ခြောက်သွေ့လျက်ရှိကာ နေကလည်း အလွန်ပူပြင်းနေသည်။

ခရီးမိုင်ပေါင်း(၂၅)မိုင်ခန့် ရောက်ရှိသွားချိန်တွင် လမ်းမဘေးတောင်တန်းများနှင့် ရွာများကို တွေ့ရပြီး အိမ် တိုင်းလိုလိုတွင် (၅)ဂါလံဆန့် ဆီပုံးအဝါရောင်များကိုတွေ့ရကာ သွားလာနေသော ဆိုင်ကယ်များ၏ဘေး နှစ်ဖက်တွင်လည်း ပုံးဝါများချိတ်ပြီး တင်ဆောင်လာကြသည်။

ပိုပြီးထူးခြားသည်မှာ အမျိုးသမီးများက ထိုပုံးဝါများကို ပလိုင်းထဲထည့်ကာ ခေါင်းပေါ်တွင် ရွက်လာကြ ခြင်းဖြစ်သည်။

တောင်တက်လမ်း အကွေ့အကောက်အတိုင်း အမျိုးသမီးများသည်  ပလိုင်းကို ခေါင်းပေါ်ရွက်ကာ ဖြည်း ဖြည်းချင်းတက်လာနေကြသည်ကို တွေ့ရသည်။

သူတို့သည် သောက်သုံးရေ၊ ချက်ပြုတ်ရေ ရရှိရန် တောင်အောက်ရှိ ချိုင့်ထဲမှ ရေများကို သယ်ယူလာကြ ခြင်း ဖြစ်သည်။

အသက် (၃၀) နှစ်အရွယ်ရှိ ဒေါ်ရီးမိုမှာ ဒေါဖုကျေးရွာမှာ နေထိုင်ပြီး ရေရှားပါးမှုကြောင့် အိပ်ရေးပျက်သည့် ဒဏ်ကို တနွေလုံးခံရသည်ဟု ဆိုသည်။

῝နောက်တလလောက်ဆို ရွာအပြင် တောင်အောက်ချိုင့်ထဲမှာ ရေသွားခပ်ရတော့မယ်၊ မနက် (၃)နာရီ လောက် ထသွားရတာပေါ့၊ ရေရှားပြီဆို အိပ်ရေးတောင် မဝတော့ဘူး၊ ကိုယ်က အစောကြီးမထနိုင်ရင် သူများဦးသွားတော့ ရေရဖို့ အကြာကြီးစောင့်ရတယ်῎

ထို့အပြင် ယခုလို မနက်စောစောထပြီး ရေခပ်ရာလမ်းတွင် မြွေများရှိသည့်အတွက် မြွေအန္တရာယ်ကိုလည်း သူမတို့ ကြုံရသည်။

ပုံးအဝါထဲတွင် ရေအပြည့်ထည့်ပြီး ပလိုင်းထဲထည့်ရွက်ကာ တချို့အမျိုးသမီးများမှာ လက်တဖက်စီတွင် နောက်ထပ် ပုံအသေးလေးများကို ဆွဲထားသေးသည်ဟု ဆိုသည်။

῝မနက်အစောကြီးဆိုတာက ရွာမှာ မီးလဲမရ၊ တောလမ်းအတိုင်းသွားရတာဆိုတော့ မှောင်တယ်လေ။ မြွေ တွေဆို အကြီးကြီးပဲ၊ တွေ့ဖူးတယ်῎

ရွာမှ ရေခပ်သွားရာ ရေကန်သို့ အသွားအပြန် လမ်းခရီးမှာ (၁)နာရီခွဲခန့်ကြာပြီး တောင်တက်တောင်ဆင်း လမ်းများဖြစ်သည့်အတွက် အမျိုးသမီးများသည် ရေခပ်သည့်အလုပ်ကို လုပ်ရာတွင် တနေကုန်အချိန်ပေးရ သည်။

ရေသယ်နေရသဖြင့် အိမ်မှုကိစ္စများ၊ နေ့စားအလုပ်များ၊ တောင်ယာအလုပ်များ လစ်ဟင်းကုန်ကာ စားရေး သောက်ရေးပင် ထိခိုက်လာသည်ဟုဆိုသည်။

ဓါတ်ပုံ – ကောကော် (HI)

ထိုမိုးရေကန်ကို ရွာပေါင်း(၃)ရွာလောက်က စုပေါင်းခပ်ယူကြပြီး ရေသိုလှောင်ရာကန်မှရေသည် မိုးရာသီ တွင် လှောင်ထားခြင်းဖြစ်ပြီး ရွာအောက်ဖက်ရှိ ချိုင့်ထဲတွင် အလိုအလျောက်အိုင်နေသော မိုးရေများကိုသာ အသုံးပြုရန်ခပ်ယူကြရသည်။ အဝတ်လျှော်ရန်နှင့် ရေချိုးရန် ထိုနေရာအနီးတွင်သာ လုပ်ဆောင်ကြပြီး ချက်ပြုတ်ဆေးကြောသောက်သုံးရန်အတွက်မူ အိမ်သို့ထမ်းပြန်ရသည်ဟု ရပ်မိရပ်ဖတဦးဖြစ်သူ ဦးပိုးရယ်က ပြောသည်။

ရေကန်ထဲရှိရေသည် သန့်ရှင်းမှုမရှိပဲ တခါတလေ ကျောက်မှုန့်၊ သဲမှုန့်များပါတတ်ပြီး ဝမ်းလျှောဝမ်းပျက် ရောဂါများ ဖြစ်ခဲ့ဖူးသလို တချို့အမျိုးသမီးများ ဓမ္မတာလာစဉ်တွင် တကိုယ်ရေသန့်ရှင်းမှုများ မပြုလုပ်နိုင် သည့်အတွက် အမျိုးသမီးများရောဂါ ဖြစ်ပွားမှုများလည်း ရှိသည်ဟု ဦးပိုးရယ်က ပြောသည်။

῝အထူးသဖြင့် အမျိုးသမီးတွေ ရာသီလာတဲ့အချိန်ဆို တကိုယ်ရေသန့်ရှင်းမှုက မလုပ်နိုင်တော့ တချို့ဆို အမျိုးသမီးရောဂါဖြစ်ကြတယ်၊ သန့်ရှင်းတဲ့ရေမရလို့ တခါကလည်း ရွာထဲမှာရွာလုံးကျွတ် ဝမ်းလျှောဝမ်း ပျက်ဖြစ်သေးတယ်῎

မိုးရာသီတွင် မိုးရေခံပြီး အိမ်မှ အုတ်စည်ထဲ သိုလှောင်ထားသော်လည်း တမိုးနှင့် တဆောင်းစာအတွက်သာ လုံလောက်ပြီး နွေရာသီမှာတော့ ဝေးလံသော ရေတွင်းရေကန်သို့ ရွာတိုင်းအိမ်တိုင်းလိုလို ရေခပ်သွားကြ ရသည်။

ဒေါပဲရွာနေ ဒေါ်ဝီမြာသည် ကိုယ်ဝန် (၇)လရသည့်တိုင် ရေထမ်းနေရသည့်အတွက် ခြေထောက် ညောင်း ညာ ကိုက်ခဲသည့်ဒဏ်ကို ခံစားရသည်ဟု ဆိုသည်။

῝ကလေးကတော့(၃)ယောက်ရပါပြီ၊ တသက်လုံး ဒီလိုပဲ ရေရှားတော့ ရေသွားထမ်းရတယ်။ အန္တရာယ်တော့ မရှိဘူး။ တခါတလေ တရက်ကို (၃)ခေါက်လောက် သွားနိုင်တယ်။ တခါကြာချိန်က (၁)နာရီဝန်းကျင်ပေါ့῎

ကယားပြည်နယ်ရှိ ရေအရှားပါးဆုံးဒေသမှာ ဒီမောဆိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့ဖြစ်ပြီး ဒုတိယမှာ ဖရူ ဆိုမြို့နယ်မှ ကျေးရွာများဖြစ်သည်။ ရေရှားပါးသည့် ဒေါဖူးကျေးရွာအုပ်စုမှာ ကျေးရွာ(၆)ရွာရှိပြီး ရေအရှား ဆုံးနေရာများဖြစ်ကြသည်။

နွေဦးကာလမှစပြီး မိုးဦးကျသည့်အထိ တနွေလုံး ရေရှားပါးသည့်ဒဏ်ကို ခံရကာ သောက်သုံးရေများအဖြစ် မိုးရေလှောင်ကန်မှရေကို အသုံးပြုရသည့်အတွက် သန့်ရှင်းသောရေကို သုံးနိုင်ခြင်း မရှိပေ။

῝နွေရာသီမှာဆို ပိုပူတဲ့အတွက် ရေကန်ထဲက ရေတွေ အလိုအလျောက်ခမ်းသွားနိုင်တဲ့ အခြေအနေမှာ ရှိတယ်၊ အဝီစိတွင်းတူးကြည့်မလားဆိုပြီး အစိုးရဖက်ကို တင်ပြသေးတယ်၊ သူတို့က နည်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး ရွာထဲအထိ ဝင်လာဖို့ လမ်းကျဉ်းတဲ့အတွက် စက်တွေနဲ့ အဆင်မပြေသေးဘူး ပြောတယ်῎ ဟု ဒီမောဆိုမြို့နယ် ဒေါဖုကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရီရယ်က ပြောသည်။

သူစတင်တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၅ ခုနှစ်မှစပြီး ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးရုံးသို့ ရေရရှိနိုင်ရေး တင်ပြခဲ့ပြီး အဝီစိတွင်းတူးပေးရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သေးသည်ဟု ဆိုသည်။ ရှေ့ဆက်ပြီးတော့လည်း ပြည်နယ်လွှတ်တော်အမတ်များနှင့်တွေ့ဆုံကာ သန့်ရှင်းသော သောက် သုံး ရေရရှိရန် တင်ပြသွားမည်သည်ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ယခုနှစ်ထဲတွင် ကယားလူမျိုးတို့၏ ရိုးရာဖြစ်သော တိုက်နယ်တံခွန်တိုင်ပွဲ ဒေါဖုရွာတွင် ကျရောက်မည် ဖြစ် သောကြောင့် သောက်သုံးရေ၊ ချက်ပြုတ်ရန်ရေတို့အတွက် စိတ်ပူနေကြပြီး ရေသိုလှောင်ရန် လူထု ဗဟိုပြု စီမံကိန်းအဖွဲ့မှ လှောင်ကန်အတွက် အကူအညီပေးမည်ဟု ရပ်မိရပ်ဖတဦးက ပြောပြသည်။

ကျေးရွာမှ ပြည်သူလူထုများ တကိုယ်ရေသန့်ရှင်းမှုအတွက် ရေအသုံးပြုနည်းကို သင်ကြားပေးသော်လည်း ရေရှားပါးမှုကြောင့် ထိရောက်မှု မရှိဟု ကျေးလက်ကျန်းမာရေးဆရာမတဦးကလည်း ဆိုသည်။

῝အိမ်သာတက်ရင် ဘယ်လိုဆေးကြောရမယ်၊ တက်ပြီးရင် လက်ဘယ်လိုဆေးရတယ်၊ ဒါတွေကို ပြောပြပေမဲ့ သူတို့က ရေမှမရှိတာ ဆရာမ၊ ချွေတာသုံးနေရတာဆိုတော့ ကျမတောင် ဘယ်လို ပြန်ပြောရမှန်းမသိဘူး῎

Related Articles