Home ဆောင်းပါး ဤခရီးနီးသလား

ဤခရီးနီးသလား

Mu Emmary's FB 4

Photo: Juliet Zuzan Moe (Facebook)

မယ်သုည။               ။

အချိန်က ဇူလိုင်လ (၇) ရက်နေ့။

ဆွစ်ဇာလန်နိုင်ငံ၊ ကုလသမဂ္ဂရုံးချုပ်ကြီးထဲက အစည်းအဝေးခန်းမတခုမှာတော့ လူအုပ်စုလေးတွေ အလျှိုလျှို ဝင်ရောက်လို့ လှုပ်ရှားသက်ဝင်နေပါတယ်။ အဲဒီလူအုပ်စုတွေထဲမှာ မြန်မာနိုင်ငံက အစိုးရကိုယ်စားလှယ်အဖွဲ့တွေနဲ့ အစိုးရ မဟုတ်တဲ့ လူထုအခြေပြု (CSOs) အမျိုးသမီးအဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။

မနက်(၁၀)နာရီ အစည်းအဝေးမစတင်ခင်အချိန် အစည်းအဝေးခန်းမဆောင်ကြီးထဲမှာ မှတ်တမ်းဓာတ်ပုံ ရိုက်သူကရိုက်၊ အချင်းချင်း မိတ်ဆက်စကားပြောသူကပြော၊ တီးတိုးတီးတိုး လုပ်နေသူတွေကလုပ်လို့ အစည်းအဝေးခန်းမကြီးတခုလုံး လှုပ်လှုပ် ရွရွ ဖြစ်နေပါတယ်။

“အစည်းအဝေးမစခင် ရင်ခုန်တယ်၊ ကိုယ့်စင်ပြိုင်အစီရင်ခံစာကို စီဒေါကော်မတီက အလေးထားပါ့မလား၊ ကိုယ်တင်ထားတဲ့ issue တွေနဲ့ပတ်သက်ပြီး အစိုးရကို ဘယ်လိုမေးခွန်းထုတ်မလဲ၊ အစိုးရရဲ့အစီရင်ခံစာပေါ်မှာရော စီဒေါကော်မတီက ဘယ်လို သဘောထားမလဲပေါ့” လို့ CSOs အမျိုးသမီးအဖွဲ့အစည်းများကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့တဲ့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – (WLB) က မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့ဝင် နော်ဟဲ့လေဖောက ပြောပါတယ်။

ဒီအစည်းအဝေးကြီးကတော့ ကုလသမဂ္ဂရဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက် ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) – မြန်မာလို အတိုကောက်အခေါ် “စီဒေါစာချုပ်”ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေ အနေနဲ့ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လောက်အထိ လုပ်ဆောင်နေပါကြောင်း စီဒေါကော်မတီကို သတ်မှတ် ချက်အတိုင်း အစီရင်ခံစာတင်သွင်းရတဲ့အပေါ် စီဒေါကော်မတီက မြန်မာနိုင်ငံအတွက် သီးသန့် ကြားနာစစ်ဆေးပွဲကြီး လုပ်မယ့် အစည်းအဝေးပွဲကြီးဖြစ်ပါတယ်။

အစိုးရမဟုတ်တဲ့ လူထုအခြေပြုအမျိုးသမီးအဖွဲ့အစည်းတွေဖြစ်တဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ CEDAW Action Myanmar (CAM)၊ အမျိုးသမီးအဖွဲ့များကွန်ယက် (မြန်မာ) (WON)၊ ကျားမရေးရာ တန်းတူညီမျှရေးကွန်ယက် (GEN) နဲ့ Karen Human Rights Group (KHRG) အဖွဲ့ဝင်ကိုယ်စားလှယ်တွေဟာ ၎င်းတို့တင်သွင်းထားတဲ့ စင်ပြိုင်အစီရင်ခံစာ (၅) စောင်ပါ အမျိုးသမီးတွေရဲ့အခြေအနေကို ဇူလိုင်လ (၄)ရက်နဲ့ (၅) ရက်တွေမှာလုပ်တဲ့ စီဒေါကော်မတီနဲ့ အလွတ်သဘော အစည်းအဝေးမှာ တင်ပြဆွေးနွေးပြီးဖြစ်ပါတယ်။ အစိုးရနဲ့ လူထုအခြေပြုအဖွဲ့တွေ နှစ်ဖက်စလုံးက တင်ပြလာတဲ့ အစီရင်ခံစာ တွေကို ရှုမြင်သုံးသပ်ပြီး စီဒေါကော်မတီအနေနဲ့ ဇူလိုင်လ(၇)ရက်နေ့ အစည်းအဝေးမှာ အစိုးရကို မေးခွန်းတွေထုတ်ပြီး ကြားနာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးစစချင်းမှာ အစည်းအဝေး ဥက္ကဌက အစည်းအဝေးဆိုင်ရာ သဘောတရားကို မိတ်ဆက်ပြီးတာနဲ့ ချက်ချင်း ဆိုသလို “အမျိုးသမီးတွေအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအတွက် လူ့အခွင့်အရေးကာကွယ်ရေးနှင့် မြှင့်တင်ရေးတွေ ကို အမြင့်ဆုံးအဆင့်ထိ လုပ်ဆောင်နိုင်ခဲ့သည်…..” ဆိုပြီး အစိုးရကိုယ်စားလှယ်က အမျိုးသမီးအခွင့်အရေးအတွက် အစိုးရ အနေနဲ့ ဆင့်ကဲလုပ်ဆောင်မှုတွေ၊ ဥပဒေပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တာကို မဆိုင်းမတွ တင်ပြခဲ့ပါတယ်။

Photo: မယ်စုစုဆွေ (Facebook)

မနက်(၁၀)နာရီကနေ စတင်တဲ့အစည်းအဝေးမှာ အစိုးရကိုယ်စားလှယ်တွေရဲ့ အမျိုးသမီးများအခြေအနေအပေါ် အနှစ် ချုပ်တင်ပြပြီးတာနဲ့ ညနေ(၅)နာရီလောက်အထိ မြန်မာအစိုးရကို စီဒေါကော်မတီက မေးခွန်းပေါင်းများစွာနဲ့ ကြားနာစစ်ဆေး ခဲ့ကြပါတယ်။ စီဒေါကော်မတီရဲ့ပထမမေးခွန်းမှာတင် အစိုးရရဲ့တုန့်ပြန်ဖြေကြားမှုက လိုရင်းမရောက်ခဲ့တာတွေ့ရပါတယ်။

“စီဒေါစာချုပ်နဲ့ မကိုက်ညီတဲ့ တည်ဆဲဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ အစိုးရကလုပ်ဆောင်နေတာ ကျမတို့သိပါတယ်။ ဒါပေမဲ့ ခွဲခြားဆက်ဆံနေတဲ့ပုဒ်မတွေပါတဲ့ ဥပဒေတွေကို ဆန်းစစ်သုံးသပ်တဲ့ဖို့အတွက် အချိန်ကာလသတ်မှတ်ချက်၊ အထူးသဖြင့် အမျိုး သမီးတွေအတွက် အရေးကြီးလှတဲ့ ခွဲခြားဆက်ဆံမှုပပျောက်ရေးဥပဒေ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေတွေ၊ မသန်စွမ်းတဲ့သူတွေရဲ့အခွင့်အရေးကို ကာကွယ်ပေးတဲ့ဥပဒေတွေကို အတည်ပြုပြဌာန်းနိုင်မယ့် အချိန်ကာလ သတ် မှတ်ချက်ကို သိချင်ပါတယ်….” ဆိုပြီး စီဒေါကော်မတီဝင်တဦးက မေးမြန်းခဲ့တာကို “ကျမတို့ဥပဒေတွေကို အတည်ပြုနိုင်ဖို့အ တွက် သေချာပြန်လည်ဆန်းစစ်သုံးသပ်ဖို့ရှိပါတယ်” ဆိုပြီး မေးခွန်းနဲ့ပတ်သက်လို့ မရေရာတဲ့အဖြေကိုသာ ထပ်တလဲလဲ တင်ပြ ခဲ့တာတွေ့ရပါတယ်။

ဒါ့အပြင်၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတဲ့ဥပဒေတွေ၊ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို ကျူးလွန်ခွင့်ပြုထားသောစနစ်၊ အမျိုးသမီးတွေအနေနဲ့ တရားမျှတမှုကို ရယူဖို့ ခက်ခဲနေတဲ့အခြေအနေ၊ အမျိုးသမီးဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံတော်အသုံးစရိတ် လွန်စွာနည်းပါးမှု၊ ၂၀၀၈ စီဒေါကော်မတီရဲ့ အကြံပြုချက်တွေကို ထင်ဟပ်စေတဲ့ လုပ်ဆောင်မှုတွေ မရှိမှု စသဖြင့် မေးခွန်းပေါင်းများစွာကို စီဒေါကော်မတီဝင်တွေက အစိုးရကို မေးမြန်းထောက်ပြခဲ့ပေမယ့် အစိုးရကိုယ်စားလှယ်များကတော့ မေးခွန်းတိုင်းအတွက် တိကျတဲ့အဖြေမပေးနိုင်ခဲ့သလို ကျူးလွန်ခွင့်ပြုထားသောစနစ်နဲ့ ပတ် သက်တဲ့မေးခွန်းလို မေးခွန်းများစွာကိုလည်း မဖြေကြားခဲ့ကြတာတွေ့ရပါတယ်။

“တချို့မေးခွန်းတွေကို သူတို့တွေမဖြေနိုင်ဘူး။ မဖြေနိုင်တော့ စီဒေါကော်မတီက ၄၈ နာရီအတွင်း စာနဲ့ရေးပြီးပို့လာပါ ဆိုပြီးတော့ ပြောတာတွေရှိတယ်။ ဒါဟာ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တာပေါ့” လို့ ကြားနာစစ်ဆေးပွဲမှာ နားထောင်ခဲ့တဲ့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)-(WLB) ရဲ့ မူဝါဒဦးဆောင်အဖွဲ့ဝင်၊ ထားဝယ်အမျိုးသမီးသမဂ္ဂက မယ်စုစုဆွေက ပြောပါတယ်။

ကြားနာစစ်ဆေးမှုကြီးမှာ စီဒေါကော်မတီရဲ့မေးခွန်းတွေဟာ CSOs ကိုယ်စားလှယ်အမျိုးသမီးတွေ မျှော်လင့်ထားတဲ့ အတိုင်း ကျေနပ်အားရမှုရှိပေမယ့် အစိုးရရဲ့တုန့်ပြန်မှုကတော့ စိတ်ပျက်ဖွယ်ဖြစ်ခဲ့ပါတယ်။

“ကျူးလွန်ခွင့်ပြုထားတဲ့စနစ် (Impunity) နဲ့ပတ်သက်ပြီးလည်း မေးတယ်။ စစ်တပ်က ကျူးလွန်တဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုတွေနဲ့ပတ်သက်ပြီးလည်း စီဒေါကော်မတီကမေးတာကို အစိုးရဖက်က ဝေ့လည်ကြောင်ပတ်ဖြေသွားတာတွေ့ရတယ်။ ပြီးတော့ အစိုးရက တခုခုဖြစ်ရင် တိုင်ကြားလို့ရတယ်လို့ ပြောသွားပေမယ့် တကယ့်လက်တွေ့မှာတော့ အမျိုးသမီးတွေက တရားရုံးနဲ့ ရင်းနှီးမှုမရှိတာရော၊ တခုခုတိုင်ကြားမယ်ဆိုရင် အောင်မြင်တဲ့လမ်းကြောင်းက အရမ်းကိုနည်းပါးတာရောကြောင့် နယ်စပ်ဒေသနဲ့ တိုင်းရင်းသားဒေသက အမျိုးသမီးတွေအတွက် အလှမ်းဝေးနေတုန်းပဲဖြစ်တယ်” လို့ ကြားနာပွဲကိုတက်ရောက်ခဲ့သူ WLB ရဲ့မူဝါဒ ဦးဆောင်အဖွဲ့ဝင်၊ ပလောင် (တအောင်း) အမျိုးသမီးအစည်းအရုံးက လိုည်းချယ်ရီက ပြောပါတယ်။

IMG_5897

Photo: WLB

စီဒေါကော်မတီအနေနဲ့ မြန်မာနိုင်ငံ အမျိုးသမီးတွေရဲ့ တရားမျှတမှုနဲ့ လုံခြုံရေးဆိုင်ရာ အခွင့်အရေးရှုထောင့်က စေ့စပ်သေချာပြီး လက်တွေ့ကျတဲ့ မေးခွန်းများမေးခဲ့ပေမယ့် မြန်မာအစိုးရကိုယ်စားလှယ်တွေဖက်က တိကျသေချာစွာ ဖြေဆို နိုင်ခြင်းမရှိတာဟာ တိုင်းပြည်အတွက်လည်း အရှက်ရစရာဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့တွေက ဆိုကြပါတယ်။ ဒါပေမဲ့လည်း အစိုးရရဲ့ ယခုအကြိမ် စီဒေါကော်မတီ မေးခွန်းတွေကို ဖြေဆိုမှုနဲ့ အစိုးရနဲ့ CSOs တွေကြား ဆက်ဆံမှုဟာ ၂၀၀၈ ခုနှစ်က ကြားနာစစ်ဆေးမှုနဲ့ မတူဘဲ သိသိသာသာကွာခြားလာတာကတော့ အသိအမှတ်ပြုရမယ့် အခြေအနေတရပ်ဖြစ်ပါတယ်။ တချိန် တည်းမှာပဲ အစိုးရတွေရဲ့ အခက်အခဲတွေ တင်ပြမှုတွေရှိလာတာကလည်း အပေါင်းလက္ခဏာဆောင်တဲ့အခြေအနေတရပ်အဖြစ် GEN အဖွဲ့မှ ကိုယ်စားလှယ် မမေစံပယ်ဖြူက ပြောပါတယ်။

“အရင်အစိုးရတွေလက်ထက်တုန်းကလို အားလုံးကောင်းပါသည်ဆိုပြီး လက်ရှိဖြစ်နေတာတွေကို မျက်စိမှိတ်ငြင်းတာမျိုးတော့ တော်တော့်ကို နည်းသွားတယ်လို့ပြောရမယ်။ အစိုးရအနေနဲ့ သူတို့ဘက်မှာ အားနည်းချက်တွေရှိနေသေးတာ၊ အထူးသဖြင့် အမျိုးသမီးရေးရာလုပ်ငန်းရပ်တွေအတွက် ဘတ်ဂျက်မရှိတာ၊ တချို့ကိစ္စတွေမှာ အစိုးရအနေနဲ့ အလုံးစုံကောင်းမွန်အောင် မလုပ် ပေးနိုင်သေးတာတွေကို ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံသွားတာတွေရှိတယ်”

ကြားနာစစ်ဆေးမှုက ရရှိတဲ့ရလာဒ်အပေါ် မူတည်ပြီး စီဒေါကော်မတီက မြန်မာအစိုးရကို အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်သင့်တဲ့ အကြံပြုချက်တွေကို နောက်ပိုင်းရက်တွေမှာ ပေးသွားမှာဖြစ်ပါတယ်။ ကြားနာစစ်ဆေးမှု အတွင်းမှာသာမက ကြားနာစစ်ဆေးမှုပြီးနောက်ပိုင်း အစိုးရအဖွဲ့နဲ့ CSOs အမျိုးသမီးအဖွဲ့တွေ တွေ့ဆုံမှုမှာ အစိုးရကိုယ်စားလှယ် တွေအနေနဲ့ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခွင့်အရေးကာကွယ်ရေးအတွက် လိုအပ်ချက်တွေ ရှိနေသေးကြောင်း၊ လုပ် ဖို့တွေ အများကြီးလိုအပ်ကြောင်းနဲ့ အမျိုးသမီးအဖွဲ့တွေအနေနဲ့လည်း ပူးပေါင်းကူညီသွားဖို့လိုကြောင်း ကမ်းလှမ်းပြောဆိုမှု တွေဟာ အနာဂတ်အမျိုးသမီးရေးအတွက် အလားအလာကောင်းတခုအဖြစ် မျှော်လင့်နိုင်ဖွယ်ဖြစ်နေပါတယ်။

“အစိုးရကပြောတာက သူတို့လုပ်မယ့် ကျားမတန်းတူရေး ပညာပေးသင်တန်းတွေကို ပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့ ခေါင်းဆောင် တွေ၊ အစိုးရကလူတွေကို သင်တန်းပေးမယ်ပေါ့၊ အဲဒီပေါ်မှာလည်း အားဖြည့်ပေးကြပါဆိုပြီး သူတို့က ကမ်းလှမ်းတာတော့ ရှိတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ဘယ်လောက်အထိ အကောင်ထည်ဆက်ဖော်မလဲဆိုတာ ကျမတို့စောင့်ကြည့်ရမှာပဲ”လို့ မယ်စုစုဆွေက အစိုးရကိုယ်စားလှယ်များနဲ့တွေ့ဆုံစဉ်က ဆွေးနွေးချက်ကို ပြောပြပါတယ်။

ဒါပေမဲ့လည်း ခွဲခြားဆက်ဆံထားတဲ့ဥပဒေတွေ၊ ယာယီအထူးစီမံချက်တွေနဲ့ ပတ်သက်တဲ့မေးခွန်းတွေအပေါ် အစိုးရ ကိုယ်စားလှယ်တွေရဲ့ လွဲမှားစွာဖြေတဲ့အဖြေတွေကို ကြည့်ခြင်းအားဖြင့် အစိုးရယန္တရားကြီးတခုလုံးမှာ အမျိုးသမီးရေး ကျားမ တန်းတူရေးကို သေချာစွာ နားလည်မှု မရှိကြတာ ထင်ရှားစွာ တွေ့ရှိရပါတယ်။ ဒီလိုအခြေအနေအောက်မှာ စီဒေါကော်မတီဆီက ရရှိလာမယ့် အကြံပြုချက်တွေကို ဘယ်လောက်အတိုင်းအတာအထိ အကောင်အထည်ဖော်နိုင်မလဲဆိုတာ မေးခွန်းထုတ်စရာပါ။

“ယာယီအထူးစီမံချက်နဲ့ပတ်သက်ပြီး ဘာအစီအစဉ်တွေလုပ်ထားသလဲမေးတဲ့အခါမှာလည်း မိန်းကလေးငယ်တွေကို အသက် မွေးဝမ်းကျောင်းပညာရပ်တွေ သင်ပေးနေတယ်ဆိုပြီး အစိုးရဘက်ကဖြေတယ်။ အမှန်တကယ်က “ယာယီအထူးစီမံချက်” ဆို တာ ဥပမာ – ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးပါဝင်ရေးအတွက် ကိုတာစနစ်အရ (အချိုးကျကိုယ်စားပြုစနစ်) အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါအောင် လုပ်ဆောင်ပေးထားတာမျိုးလို စီစဉ်လုပ်ဆောင်ချက်တွေကို မေးတာ၊ ဒါပေမဲ့ အစိုးရဖက်က အဲဒါကို နားမလည်ဘူး”လို့ မယ်စုစုဆွေက ထောက်ပြပါတယ်။

“ပြဿနာရှိတယ်ဆိုတာကို လက်ခံမှ ပြေလည်အောင် ဖြေရှင်းနိုင်မှာဖြစ်တယ်။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံထားတဲ့ ဥပဒေ တွေ၊ မူဝါဒတွေနဲ့ ရှေးရိုးစွဲလူမှုသတ်မှတ်ချက်တွေ ရှိနေတယ်ဆိုတာကို အစိုးရအနေနဲ့ အသိအမှတ်မပြုရင် တန်းတူညီမျှအခွင့် အရေးအတွက် အလှမ်းဝေးနေဦးမယ်” လို့ မမေစံပယ်ဖြူက ဆိုလိုက်ပါတယ်။

တဖက်မှာ အစိုးရအပြောင်းအလဲ ဖြစ်သွားပေမယ့် စစ်တပ်က အခုချိန်အထိ အာဏာသက်ရောက်မှု ရှိနေသေးတာဟာလည်း လက်ရှိအရပ်သားအစိုးရအနေနဲ့ အနာဂတ်မှာ အမျိုးသမီးတွေအတွက် တရားမျှတမှု ဖော်ဆောင်ဖို့အတွက် ခြိမ်းခြောက်မှုကြီး ဖြစ်နေဦးမလားဆိုတာ အမျိုးသမီးအဖွဲ့တွေကြားမှာ သံသယဖြစ်နေပါတယ်။

“အခုလက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့အခန်းကဏ္ဍက တော်တော်လေးအာဏာရှိနေတုန်းလို့ ကျမတို့မြင်တယ်။ စစ်တပ်က ကျူးလွန်တဲ့ကိစ္စရပ်တွေကို နည်းနည်းလေးပြောလိုက်တာနဲ့ စစ်တပ်က ပြန်တရားစွဲမယ်ဆိုမယ်ဆိုတာမျိုး ဖြစ်နေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ စစ်တပ်ကို အာဏာပေးထားတဲ့ပုဒ်မတွေကို ဖယ်ရှားနိုင်မယ်ဆိုရင်တော့ ရေရှည်မှာ တက်လာတဲ့ အစိုးရသစ် တွေအနေနဲ့ ပြစ်မှုကျူးလွန်နေသူတွေကို အရေးယူပေးနိုင်မှုက အဲဒီအပေါ်မှာ အများကြီးမူတည်မယ်လို့ထင်တယ်”လို့ လိုည်း ချယ်ရီက ပြောပါတယ်။

“လက်ရှိအရပ်သားအစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲမှုအချို့နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေကို တွေ့မြင် လာရပေမယ့် အစိုးရအတွင်းမှာ အမျိုးသမီးရေးကို ယုံကြည်သက်ဝင်မှုနဲ့ ကျားမဆိုင်ရာအခန်းကဏ္ဍများ ကျွမ်းကျင်သူတွေနည်း ပါးတာ၊ အမျိုးသမီးတန်းတူရေးကို အဟန့်အတားဖြစ်စေတဲ့ဥပဒေတွေ ရှိနေသေးတာ၊ စစ်တပ်ရဲ့အာဏာ လွှမ်းမိုးမှုရှိနေသေးတာ တွေကြောင့် အမျိုးသမီးတွေရဲ့အခြေအနေ၊ အဆင့်အတန်းမြင့်မားဖို့အတွက် အချိန်တွေအများကြီးစောင့်ရဦးမယ်”လို့ မယ်စုစုဆွေ က သုံးသပ်ပြောဆိုခဲ့ပါတယ်။

“ကျမတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှာ ထုတ်ထားတဲ့ စင်ပြိုင်အစီရင်ခံစာ နာမည်ကိုက “ဝေးနေသေးသည့်ဤခရီး” လေ။ ကျမတို့အနည်းဆုံး(၁၀)နှစ်လား..(၁၅)နှစ်လား…အနည်းဆုံး.. အနည်းဆုံးစောင့်ဦးမှာပဲ”

Related Articles