ခင်စုကြည်။ ။
လက်နက်ကိုင်အဖွဲ့တွေအကြား လက်နက်မဲ့တဲ့ အရပ်သားအမျိုးသမီးတွေရဲ့အသံဟာ လေသေနတ်လို ဖြစ်နေ တယ်လို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီမှာပါဝင်တဲ့ အမျိုးသမီးတွေက မှတ်ချက် ပြုပါတယ်။
JMC လို့ခေါ်တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဟာ ပြည်ထောင်စုအဆင့် JMC-U ကိုဖွဲ့စည်းပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့် JMC-S၊ ဒေသဆိုင်ရာအဆင့် JMC-L ဆိုပြီး အဆင့် ဆင့်ဖွဲ့စည်းထားပါတယ်။
တိုင်းဒေသကြီး/ ပြည်နယ်အဆင့်မှာတော့ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
JMC ရဲ့အဓိကလုပ်ဆောင်ရမယ့်တာဝန်ကတော့ NCA စာချုပ်ပါ တပ်ပိုင်းဆိုင်ရာကိစ္စတွေ၊ စစ်ဘက်ဆိုင်ရာကျင့် ဝတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ထိန်းသိမ်းလိုက်နာဖို့၊ ပေါ်ပေါက် လာတဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ ဘက်လိုက်မှုကင်းပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို အထောက်အကူပြုဖို့ဆိုတဲ့တာဝန်တွေနဲ့ ဖွဲ့စည်းထားပါတယ်။
ဒီလိုပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲကော်မတီတွေရဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့်၊ ဒေသဆိုင် ရာအဆင့်တို့မှာ အမျိုးသမီးတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ပါဝင်လာ သလို အရပ်သားကိုယ်စားလှယ်တွေအနေနဲ့လည်း ပါဝင်လာတာတွေလည်းတွေ့ရပါတယ်။
JMC ဟာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ အရပ်သားတွေ ပါဝင်ဖွဲ့စည်းထားပေမယ့် ဆွေး နွေးမှုပွဲတွေမှာတော့ အရပ်သားကိုယ်စားလှယ်တွေရဲ့အသံ၊ အထူးသဖြင့် အမျိုးသမီးကိုယ်စားလှယ်တွေရဲ့ အသံဟာ လျစ်လျုရှုထားခံနေရဆဲဖြစ်ပါတယ်။
“သုံးပွင့်ဆိုင်နဲ့ ဖွဲ့စည်းထားတဲ့ JMC မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေမှာက လက်နက်ရှိ တယ်။ အရပ်သားကိုယ်စားလှယ်မှာက လက်နက်မရှိဘူး။ ကရင်ပြည်နယ်ရဲ့ JMC-S မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အားကောင်းတယ်။ ဒါပေမယ့် တခါတလေကျရင် အမျိုးသားတွေက သိပ်မပြောဘူး။ အမျိုးသမီး တွေက ပိုပြီးတော့ အသံထွက်တယ်။ ကျမတို့ကိုယ်တိုင်လည်းပြောတယ်။ ကျမတို့က ကိုယ်တိုင်ပြောပေမယ့် ကျမတို့မှာ လေသေနတ်ပဲရှိတာပါ။ ကိုယ့်အပေါ်မှာ နားလည်ကြရင်တော့ သိပ်ပြဿနာမရှိဘူး” လို့ နန်းစေအွာက ပြောပါတယ်။
နန်းစေအွာကတော့ ကရင်ပြည်နယ်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲကော်မတီရဲ့ အရပ်သားကိုယ် စားလှယ်တဦးဖြစ်ပါတယ်။ NCA စာချုပ်အရ နှစ်ဖက်တပ်တွေလိုက်နာရမယ့်အချက် (၂၁)ချက်ရှိပြီး ပြည်သူ လူထုအပေါ်လိုက်နာရမယ့်ကျင့်ဝတ်၊ လုပ်ဆောင်ပေးရမယ့်ကျင့်ဝတ်က (၁၇) ချက်ရှိတယ်လို့ဆိုပါတယ်။
“နှစ်ဖက်တပ်များလိုက်နာရမယ့်ကျင့်ဝတ်တွေရှိသလို ပြည်သူလူထုအပေါ် လိုက်နာရမယ့်ကျင့်ဝတ်တွေ၊ လုပ် ဆောင်ပေးရမယ့်ကျင့်ဝတ်တွေဆိုပြီးရှိတယ်။ အဲဒါတွေကို သူတို့တွေအားလုံးသိနိုင်ဖို့အတွက် ကျေးရွာလူထု တွေဆီကို ကျမတို့က ပုံမှန်အနည်းဆုံး တလတကြိမ်သွားပြီး အသိပေးပြောကြားတွေလုပ်ရတယ်။ လူထုနဲ့ တွေ့ဆုံရတယ်။ နောက်ပြီးတော့ နှစ်ဖက်တပ်တွေ၊ တပ်ပိုင်းဆိုင်ရာကျတော့ နှစ်ဖက်စလုံးကအရာရှိတွေကို ခေါ်ပြီးတော့ သူတို့ရဲ့ယုံကြည်မှု ပိုမိုတည်ဆောက်နိုင်အောင် အားကောင်းလာအောင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် တဖက်နဲ့တဖက် ယုံကြည်မှုက အဓိကကျတာကိုး။ ယုံကြည်မှု တည်ဆောက် နိုင်ဖို့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပေးတယ်” လို့ နန်းစေအွာက JMC-S ရဲ့ အဓိကတာဝန်တွေကို ပြောပြ ပါတယ်။
အရပ်သားကိုယ်စားလှယ်တွေအနေနဲ့ အရပ်သားတွေဆီ အသိပညာပေးဆွေးနွေးမှုတွေလုပ်ဆောင်ရသလို နှစ် ဖက်တပ်အကြားဆွေးနွေးသုံးသပ်မှုတွေကို လုပ်ဆောင်ရပါတယ်။ ပြည်သူတွေဆီက တိုင်တန်းလာတဲ့ စာတွေ ကို စိစစ်ပြီး ကွင်းဆင်းလေ့လာအတည်ပြုပေးရပါတယ်။
JMC ကို တိုင်တန်းတဲ့စာတွေထဲမှာတော့ လူသတ်မှု၊ လူသစ်စုဆောင်းမှုနဲ့ ဆက်ကြေးကောက်တဲ့အမှုတွေက အများဆုံးဖြစ်တယ်လို့ဆိုပါတယ်။ JMC ရဲ့လုပ်ဆောင်မှုတွေက နှောင့်နှေးပြီး ထိရောက်မှုမရှိဘူးလို့ ဝေဖန်မှု တွေရှိနေတဲ့အပေါ်ကိုတော့ ရှမ်းပြည်နယ် JMC-S က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စား လှယ်တယောက်ဖြစ်တဲ့ နန်းဖြူပြာက အခုလို ပြန်လည်ပြောဆိုပါတယ်။
“သတင်းတွေ ထွက်လာတဲ့အချိန်မှာ မီဒီယာတွေက တအားမြန်တယ်။ ကျမတို့က ဘာမှမဖြေရှင်းရသေးဘူး။ ပြီးရင် သူတို့က JMC ကိုပဲ ဝိုင်းပြီးအပြစ်တင်ကြတယ်။ JMC ကိုဖွဲ့ထားပြီး ဘာမှမလုပ်ပေးနိုင်ဘူးဆိုပြီး ပြော ကြတယ်။ ဖြစ်ပြီဆိုရင် ကျမတို့က တိုင်းမှူးကို အရင်ဆုံးဆက်သွယ်ရတယ်။ ပြီးရင် စွတ်စွဲထားတဲ့အဖွဲ့ကို ဖုန်း ဆက်ပြီး ညှိရတယ်။ ဖြစ်ဖြစ်ချင်း အရေးပေါ်အစည်းအဝေးခေါ်ရတယ်။ ဒါပေမယ့် ရာခိုင်နှုန်းပြည့်မှ အစည်း အဝေးဖြစ်တာလေ။ ကျမတို့က မလုပ်တာ မဟုတ်ဘူး၊ ပြောတယ်၊ ခေါ်တယ်။ ဆော်သြတယ်။ ဒါပေမယ့် စွတ်စွဲ ခံရတဲ့အဖွဲ့တွေက မလုပ်ချင်ကြဘူး။ အပြစ်ရှိတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတော့ ရက်တွေရွေ့နေရင်း ကြန့်ကြာ သွားတယ်။ ဒါပေမယ့် လုပ်တဲ့သူကိုတော့ တကယ်ပြစ်ဒဏ်ပေးတယ်။ ထောင်ချတယ်။ ဒါပေမယ့် JMC-U က ဆုံးဖြတ်ချက် မကျမချင်း ကျမတို့က ကိုယ့်သဘောနဲ့လည်း လုပ်လို့မရဘူး”
JMC-S အနေနဲ့ ပြဿနာတစုံတရာဖြစ်ပေါ်လာတဲ့အပေါ် သုံးပွင့်ဆိုင်ဆွေးနွေးဖြေရှင်းဖို့ အစည်းဝေးခေါ်ယူတဲ့ အခါ နှစ်ဖက်တပ်တွေရဲ့ ပျက်ကွက်မှုတွေကြောင့် အချိန်နှောင့်နှေးတာတွေရှိသလို JMC-S မှာ ဆုံးဖြတ်ပိုင်ခွင့် မပေးထားတာကြောင့် ပြည်ထောင်စုအဆင့် JMC-U ရဲ့ ဆုံးဖြတ်ချက်အတိုင်းကို စောင့်ဆိုင်းပြီးမှသာ လုပ် ဆောင်ရတာဖြစ်ပါတယ်။
NCA လက်မှတ်ရေးထိုးတားတဲ့အဖွဲ့တွေအနေနဲ့ကလည်း လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းဟာ အပစ်ရပ်လက်မှတ်ရေးထိုးထားရုံသာရှိနေပြီး စားပွဲဝိုင်းပေါ်မှာသာ ယုံကြည်မှုတည်ဆောက်နေရသေးတဲ့ အခြေ အနေသာရှိနေပါသေးတယ်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ နှစ်ပွင့်ပဲဆိုင်ဆိုင်၊ သုံးပွင့်ပဲဆိုင်ဆိုင် သူလျော့မယ်၊ ကိုယ်လျော့မယ်ဆိုမှ အောင်မြင်နိုင်မယ်။ ဒီလိုပုံစံမျိုးနဲ့ ဆက်သွားမယ်ဆိုရင်တော့ မအောင်မြင်နိုင်ဘူး။ သူတို့လည်း ပြောကြတယ်။ တယောက်နဲ့တယောက် ယုံကြည်မှ ငြိမ်းချမ်းရေးရမယ်ဆိုပြီး၊ တကယ့်တကယ် သေချာလေ့လာကြည့်ရင် တယောက်နဲ့တယောက် မယုံကြည်ဘူး။ တိတ်တခိုးလူစုတယ်။ လက်နက်ဝယ်တယ်။ ဒီလိုမယုံကြည်မှတော့ ဘယ်လိုလုပ်ပြီး ကြာရှည်ခံမှာလဲ” လို့ နန်းဖြူပြာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အရေးကြီးတဲ့ ကဏ္ဍတခုဖြစ် တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(ပြည်နယ်အဆင့်)မှာ လုပ်ဆောင်နေ တဲ့ ကာလတလျှောက် သူမလေ့လာခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပါတယ်။
NCA လက်မှတ်ရေးထိုးအပြီး လုပ်ဆောင်ပေးရမယ့် နယ်မြေပိုင်းခြားသတ်မှတ်မှုကိုလည်း အခုချိန်ထိ စနစ်တ ကျ မလုပ်ဆောင်နိုင်သေးပါဘူး။ ဒါဟာလည်း နှစ်ဖက်တပ်တွေကို ထိတွေ့မှုတွေ ပြန်လည်ဖြစ်စေနိုင်တဲ့အချက် တခုဖြစ်သလို အခုချိန်ထိ နယ်မြေသတ်မှတ်မှု လုပ်ဆောင်ဖို့ရာမှာ စိန်ခေါ်မှုတွေရှိနေသေးတယ်လို့ နန်းစေအွာက ထောက်ပြပြောဆိုလိုက်ပါတယ်။
“ Ceasefire ရဲ့ သဘောတရားကိုကြည့်မယ့်ဆိုရင် ပျက်လွယ်တယ်။ ထိရှလွယ်တယ်။ လိုက်နာရမယ့်အချက် တွေကို တကယ့်တကယ် လိုက်နာဖို့ရာ အခက်အခဲရှိတာကို တွေ့ရတယ်။ နယ်မြေပိုင်းခြားသတ်မှတ်မှုတွေက တကယ်တော့ NCA ထဲမှာ ပါရှိပေမယ့် မလုပ်ဆောင်နိုင်သေးဘူး။ ၂၀၁၅ အောက်တိုဘာကတည်းက လက် မှတ်ထိုးထားပေမယ့် တကယ့်လက်တွေ့မှာ လုပ်ဆောင်လို့မရသေးဘူး။ တကယ်လို့သာ နယ်မြေပိုင်းခြား သတ်မှတ်မှုကို သေချာစနစ်တကျလုပ်မယ်ဆိုရင် သူ့နေရာကိုယ့်နေရာကတော့ ရှင်းသွားမယ်။ ဒါပေမယ့် အဲဒါ က တအားကို ထိခိုက်လွယ်တယ်။ အခန့်မသင့်ရင် ချက်ချင်းထပြီးတော့ ပေါက်ကွဲနိုင်တယ်။ အစိုးရ၊ တပ် ဖက်ကလည်း ဒါငါတို့ရဲ့ တခုတည်းသောတပ်မတော်၊ ငါတို့ရဲ့နိုင်ငံမှာ ဒီမြန်မာ့တပ်မတော်ပဲရှိရမယ်၊ ဒါ ကိုယ့်နိုင်ငံအတွက်ဆိုတဲ့ပုံစံမျိုး ခံယူထားသလို တဖက်ကကျတော့လည်း တိုင်းရင်းသားတွေခံယူထားတာက ဥပမာ ကရင်ပြည်နယ်ဆိုရင်လည်း ဒါ KNU ရဲ့နယ်မြေ၊ အဲဒီတော့ နှစ်ပေါင်း (၆၀)လောက် တိုက်လာ ခိုက်လာတော်လှန်လာခဲ့တယ်။ အဲဒီတော့ ဒါကလည်း သူတို့ရဲ့နယ်မြေဆိုပြီ အငြင်းပွားမှုတွေဖြစ်လာနိုင်တယ်။ အဲဒါကလည်း စိန်ခေါ်မှုတခု ဖြစ်နေတယ်”
JMC ရဲ့ အရပ်သားကိုယ်စားလှယ်တွေအနေနဲ့ အရပ်သားတွေနဲ့တွေ့ဆုံဆွေးနွေးရသလို တပ်ပိုင်းဆိုင်ရာကိစ္စ ရပ်တွေကိုလည်း နှစ်ဖက်တပ်က ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ရ ပါတယ်။ အဲဒီလို လုပ်ဆောင်ရတဲ့အခါ နှစ်ဖက်တပ်ခေါင်းဆောင်အမျိုးသားတွေအကြား အမျိုးသမီးကိုယ်စား လှယ်တွေရဲ့ ဆွေးနွေးတင်ပြမှုတွေက သိပ်အရာမရောက်ဘူးလို့ အမျိုးသမီးကိုယ်စားလှယ်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရှေးရိုးစွဲအမြင်တွေအရ အမျိုးသမီးဆိုတာ နိုင်ငံရေး၊ ငြိမ်းချမ်းရေး စတဲ့တိုင်းပြည်ရေးရာတွေနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူးလို့ ယူဆထားကြသလို အမျိုးသမီးတွေဟာ နိုင်ငံရေးအသိအမြင်၊ အတွေးအခေါ်၊ အယူအဆပိုင်းတွေမှာလည်း အမျိုးသားတွေလောက် နားမလည်ကြဘူးလို့ ယူဆနေကြဆဲပါ။
ဒါကြောင့် အမျိုးသမီးတွေရဲ့ တင်ပြချက်၊ ဆွေးနွေးချက်တွေဟာ အစည်းအဝေးခန်းမရဲ့ လေထုထဲမှာပဲ လွင့်ပါး ပျောက်ကွယ်သွားတတ်ပါတယ်။
“ယောကျာ်းတွေက အမျိုးသမီးတွေပါလာပြီဆိုရင် ရှုပ်တယ်လို့ထင်ကြတာ။ အလုပ်လုပ်ရတာနှောင့်နှေးတယ် လို့ ထင်နေကြတယ်။ သူတို့က အမျိုးသမီးတွေရဲ့အသံကို စိတ်မဝင်စားဘူး။ အစည်းအဝေးမှာ ပြောလိုက် တယ်။ ပြောလိုက်တဲ့စကားက သူတို့ဦးနှောက်ထဲမဝင်ဘူး။ လျှောက်ပြောနေတယ်လို့ သူတို့က ထင်နေတယ်။ မှတ်တမ်းအနေနဲ့ပဲထားတယ်။ ဆုံးဖြတ်ချက်အနေနဲ့မထားဘူး။ ပြောစကားတွေက အရာမရောက်ဘူး။ ပါဝင်ရ တာပဲရှိသေးတယ်။ အမျိုးသမီးတွေ ဆုံးဖြတ်ပိုင်ခွင့်မရှိသေးဘူး” လို့ နန်းဖြူပြာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍနဲ့ပတ်သက်ပြီးပြောပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးပါဝင်မှုဟာ အရင်ထက်ပိုမိုများပြားလာပေမယ့် ဆုံးဖြတ်ချက်ချနိုင်တဲ့အဆင့် တွေမှာတော့ အမျိုးသမီးပါဝင်မှုအားနည်းနေသေးသလို ပြီးခဲ့တဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ လည်း နိုင်ငံရေးကဏ္ဍမှာ အမျိုးသမီး(၃၀)ရာခိုင်နှုန်း ပါဝင်ဖို့ ဆွေးနွေးခဲ့ကြပေမယ့် အမျိုးသမီးတွေ မျှော်လင့် ထားတဲ့ ရလာဒ်ကိုတော့ မရရှိသေးပါဘူး။
ငြိမ်းချမ်းရေးညီလာခံမှာ ကျားမကဏ္ဍကို ဦးစားပေးဆွေးနွေးတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါ သေးတယ်။ နိုင်ငံအတွက် အရေးတကြီးတဲ့ နိုင်ငံရေးဆွေးနွေးရမယ့် ညီလာခံမှာ ကျားမကဏ္ဍဟာ ဘယ် လောက်အထိ အရေးပါနေလို့လဲဆိုတဲ့ မေးခွန်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။
“ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ ကျားမကဏ္ဍက အရေးမကြီးဘူးဆိုတာ မဟုတ်ဘူး။ အရေးအကြီးဆုံးလို့လည်း မပြောချင်ဘူး။ ဒါပေမယ့် အရေးပါတဲ့ ကဏ္ဍတခုအဖြစ် လက်ခံရမယ်။ ပဋိပက္ခတွေဖြစ်ပြီဆို အရင်ဆုံးထိခိုက် ခံစားရတာက အမျိုးသမီးနဲ့ နောက်ဆက်တွဲက ကလေးသူငယ်တွေဖြစ်တယ်။ သူတို့တွေက စစ်ပွဲပဋိပက္ခဒဏ် ကို အခံရဆုံးသူတွေဖြစ်တယ်။ အဲဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ်က အဆင်ပြေတယ်။ ချောမွေ့တယ်ဆိုရင် ဒါဟာ အမျိုးသမီးတွေအတွက်လည်း အင်မတန်မှ ဝမ်းသာစရာကောင်းတဲ့အရာတခုဖြစ်တယ်” လို့ မွန်ပြည်နယ် JMC-S က အရပ်သားကိုယ်စားလှယ် နော်ဆာထူးက ပြောဆိုလိုက်ပါတယ်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC – U မှာ အမျိုး သမီးကိုယ်စားလှယ်တွေ ပါဝင်တာမတွေ့ရပေမယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် JMC-S မှာတော့ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးမှာဆိုရင် အမျိုးသမီးတဦးနှုန်း၊ မွန်ပြည်နယ်မှာ အမျိုးသမီး(၂)ဦး၊ ကရင် ပြည်နယ်မှာ အမျိုးသမီး (၄)ဦးနဲ့ ရှမ်းပြည်နယ်မှာ အမျိုးသမီး (၅)ဦး စသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အစု အဖွဲ့များက ကိုယ်စားလှယ်အဖြစ်နဲ့ အရပ်သားအမျိုးသမီး ကိုယ်စားလှယ်တွေအဖြစ် ပါဝင်လာတာကို တွေ့ရပါ တယ်။
ငြိမ်းချမ်းရေးခရီးကိုလျှောက်လှမ်းတဲ့အခါ အမျိုးသမီးတွေကို ဟန့်တားထားတဲ့အတားအဆီးတွေ အများကြီး ရှိနေပေမယ့်လည်း အမျိုးသမီးတွေကတော့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျရာအခန်း ကဏ္ဍကနေ ပါဝင်ဆောင်ရွက်ဖို့ အသင့်ရှိနေကြပါတယ်။
“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ NCA ထိုးပြီးနောက်ပိုင်း၊ NCA ကို တကယ်တမ်း လမ်းပြမြေပုံလို့လည်း ပြောလို့ရပါ တယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဒီလမ်းကြောင်းကို ဆက်သွားမယ့်အခါ ပစ်ခတ်တိုက်ခိုက်မှုတွေ စောင့်ကြည့် ဖို့ JMC တို့၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ UPDJC တို့၊ ရှိတဲ့အပေါ် ဘယ်နေရာမှာ ပါဝင်ဖို့ဆိုတာ အဓိကမဟုတ်ပဲနဲ့ လိုအပ်တဲ့နေရာတွေမှာ ပါဝင်ဖို့အဆင်သင့်ရှိနေပါတယ်” လို့ နော်ဆာထူးက ပြောလိုက်ပါ တယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021