Home ဆောင်းပါး အပစ်ပယ်ခံအမျိုးသမီးတွေနဲ့ နာဂဒေသက ဘေးအန္တရာယ်ဆိုး

အပစ်ပယ်ခံအမျိုးသမီးတွေနဲ့ နာဂဒေသက ဘေးအန္တရာယ်ဆိုး

14089185_1112846268753601_2509321947763751052_n

နန်းခမ်း။        ။

မြန်မာနိုင်ငံအနောက်မြောက်ဖျားက နာဂဒေသမှာ နေ့စဉ်နဲ့အမျှ ကူးစက်ရောဂါနဲ့ ကလေးငယ် (၈၀)ကျော် သေဆုံးပြီး ရောဂါကူးစက်ခံနေရတဲ့ ကလေးတွေကတော့ ရာနဲ့ချီရှိနေပါပြီ။

လက်ရှိဖြစ်ပွားနေတဲ့ နေရာကတော့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့ နယ်ရှိ ကျေးရွာ (၁၅)ရွာက ကလေးငယ်တွေဖြစ်ပြီး၊ ကျေးရွာသို့ သွားရောက်ရန်အတွက် လမ်းပန်းဆက်သွယ် ရေးအကြောင်းပြပြီး ထောက်ပံ့မှုမရှိသဖြင့် သေဆုံးမှုနှှုန်းမြင့်တက်နေရပါတယ်လို့လည်း နာဂလူမှုအရင်းအမြစ် ဖွံ့ဖြိုးရေးစင်တာ နာယက ဒေါ်ဝေါင်စေရှီးက ပြောပါတယ်။

အဲဒီဒေသဟာ တောတောင်တွေ ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ဖွံ့ဖြိုးမှုမရှိတဲ့အတွက် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။

ကလေးငယ်တွေနဲ့ နေ့စဉ်ထိတွေ့နေတဲ့ မိခင်တွေကိုယ်တိုင်က ကျန်းမာရေးဗဟုသုတ အလွန်နည်းပါးနေပြီး မိခင်နဲ့ကလေးဆိုင်ရာ အသိပညာပေးမှုတွေ လုံးဝမရှိသေးတဲ့ နေရာတခုဖြစ်ပါတယ်။

ရောဂါကူးစက်မှုကတော့ လဟယ်မြို့နယ်မှာ အပြင်းစားဝက်သက်ရောဂါလို့ ခေါ်ဆိုနေပြီး နန်းယွန်းမြို့နယ်မှာ တော့ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါတမျိုးဖြစ်ကြောင်း သိရပါတယ်။

ကူးစက်ရောဂါအမည်ကို တိကျတဲ့အဖြေထုတ်နိုင်မှု အခုထိ မရှိသေးကြောင်း၊ နန်းယွန်းမြို့နယ်ရှိ ကူးစက်ခံရတဲ့ ကလေးတွေဟာ သလိပ်ချွဲတွေများလာပြီးတော့ အသက်ရှူကြပ်လာကာ ချောင်းဆိုးရင်သွေးတွေပါကြောင်း လည်း သိရပါတယ်။

“ အခုဖြစ်တဲ့အထဲမှာ အမျိုးသမီးနဲ့ ကလေးတွေက ပိုအခြေအနေဆိုးပါတယ်။ ယောကျ်ားတွေကျတော့လည်း ဘာပဲဖြစ်ဖြစ် သွားလာပြီး ပတ်ဝန်းကျင်ကို လေ့လာခွင့်ရတော့ နည်းနည်းဗဟုသုတရှိတာပေါ့” ဟု ဒေါ်ဝေါင်စေ ရှီးက ဆိုပါတယ်။

နာဂလူမျိုးတွေဟာ မိန်းကလေးမွေးဖွားလာရင် ပညာသင်ကြားမှုအတွက် အားပေးခြင်း မရှိပဲ ယခုအထိ ရှေးရိုးစွဲ အယူအဆတွေ လက်ခံထားတာကြောင့် မိန်းကလေးငယ်တွေဟာ မိသားစုစားဝတ်နေရေးအတွက် တောင်ယာ ခုတ်တဲ့အလုပ်ကိုသာ လုပ်ကိုင်ကြရတယ်လို့ ဆိုကြပါတယ်။

“ တောင်ယာထဲမှာ အမျိုးသမီးတွေ အဓိကလုပ်ကြတယ်။ ကလေးတွေ စောင့်ရှောက်မှုအပိုင်းမှာလည်း မရဘူး။ သူတို့ကိုယ်တိုင်ကလည်း အသိအမြင်တွေမရှိတော့ ကလေးကိုဘယ်လို ပြုစုရမယ်ဆိုတာ မသိကြဘူး”ဟု လည်း ဒေါ်ဝေါင်စေရှီးက ဆိုပါတယ်။

ယခု ဖြစ်ပွားနေတဲ့ရွာတွေက အလွန်ခေါင်ပြီး၊ အမျိုးသမီးတွေ ကိုယ်တိုင်က ကျန်းမာရေးစောင့်ရှောက်မှုလည်း မရ၊ ကျန်းမာရေးဗဟုသုတလည်း မရှိတော့ ကလေးငယ်တွေကို ဘယ်လိုပြုစုရမလဲဆိုတာ မသိကြကြောင်း နာဂလူမှု အဖွဲ့အစည်းများကလည်း ပြောဆိုကြပါတယ်။

နာဂဒေသမှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါက ဇွန်လဆန်းပိုင်းမှာ စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လကုန်ပိုင်းမှ အစိုးရ တာဝန်ရှိသူတွေ ကြားသိခဲ့ပေမယ့် လက်ရှိအချိန်အထိ ဖြစ်ပွားနေတဲ့ဒေသကို  သက်ဆိုင်ရာ အစိုးရဝန်ထမ်း တွေက သွားရောက်ကူညီမှု အားနည်းနေသေးတယ်လို့ နန်းယွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးစိမ်မောင်က ဆိုပါတယ်။

“ ကျနော်တို့ ဒေသမှာဆရာဝန်တွေ အရမ်းလိုအပ်နေတယ်။ ကလေးတွေက သေဆုံးမှုနှုန်းကလည်း အရမ်းများ နေတယ်။ အခုလည်း နေမကောင်းတဲ့ကလေး (၆၀၀) ကျော်လောက် ကျန်သေးတယ်။ ဖြစ်ပွားတဲ့ဒေသမှာ ဆရာဝန်တွေ ရောက်လာတာ မရှိသေးဘူး” ဟုဦးစိမ်မောင်က ပြောပါတယ်။

နာဂဒေသ၊ နန်းယွန်းမြို့နယ်ရှိ ကျေးရွာဟာ စားဝတ်နေရေး အလွန်ခက်ခဲနေသလို ကလေးတွေ အဟာရပြတ် နေကြပြီး၊ ရောဂါကူးစက်နေတဲ့ ကျေးရွာတွေကို သွားဖို့အတွက် ခက်ခဲကာ စေတနာ့ဝန်ထမ်းတွေ၊ အစိုးရ ဝန်ထမ်းတွေ အရောက်အပေါက်နည်းတဲ့ဒေသတွေ ဖြစ်ပါတယ်။

“ စပါးတွေက ပိုးကျနေတယ်။ ဒီနှစ် စပါးတွေ မဖြစ်ဘူး။ သစ်သီးသစ်ဥတွေ စားနေရတယ်။ အဓိကတော့ က လေးတွေက အဟာရပြတ်နေတာပါ။ အမျိုးသမီးတွေလည်း နေ့စဉ်အခက်အခဲတွေ ကြုံနေရပါတယ်” လို့လည်း ဦးစိမ်မောင်က ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွ့ဲက နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ကူးစက်ရောဂါဖြစ်ပွားမှုနဲ့ ပတ် သက်ပြီး အကူအညီပေးနေတာတွေ ထိရောက်မှု မရှိဘူးလို့ နာဂဒေသခံတချို့ကလည်း ပြောဆိုနေပါတယ်။

နာဂဒေသမှာ ကလေးသေဆုံးမှုနှုန်း မြင့်တက်နေရခြင်းမှာ အမျိုးသမီးများအား အသိပညာပေးသည့်အခန်း ကဏ္ဍအားနည်းနေသည့်အပြင် ပညာရေး၊ ဖွံ့ဖြိုးရေး အစစအရာရာ နှောင့်နှေးနေသေးကြောင်း၊ အမျိုးသမီးနှင့် ကလေးငယ်များ ပညာသင်ကြားသည်ကို အမျိုးသားများက မလိုလားကြောင်း၊ အမျိုးသမီးများနှင့် ပတ်သက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် လူမှုရေးအဖွဲ့အစည်းများလည်း မရှိသေးကြောင်း သိရပါတယ်။

နာဂအမျိုးသမီးများအတွက် လူနေမှုအဆင့်အတန်း၊ အမျိုးသမီးဆိုင်ရာအခွင့်အရေး၊ လူ့အခွင့်အရေး စသည်တို့ နှင့် သက်ဆိုင်သည့် ပညာပေးမှုများ ပြုလုပ်ပေးသင့်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လဟယ်မြို့နယ်၊ နာဂ တောင်တန်းသို့ သွားရောက် တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတွေက ပြောပါတယ်။

“နာဂမှာ အမျိုးသမီးတွေကို အမျိုးသားတွေက နှိမ်ပြီး ဆက်ဆံတယ်။ မိန်းကလေးတွေကို ကျောင်းမလွှတ်ဘူး။ မိန်းကလေးတွေ ငယ်ငယ်ကတည်းက အိမ်အလုပ်လုပ်ရတယ်။ တောင်ယာအလုပ်လုပ်ရတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ အခိုင်းအစေတွေလို နေထိုင်ကြရတယ်” လို့ နာဂဒေသ၊ ဒုံဟီးမြို့နယ်ခွဲရှိ ကျေးရွာမှာ တာဝန် ကျခဲ့ဖူးတဲ့ ဒေါ်ထားငွေက ဆိုပါတယ်။

နာဂဒေသက အမျိုးသမီးတွေဟာ “ကိုယ်ဝန်ဆောင်နေတဲ့ ကာလမှာတောင် ရေခပ်ရတာတွေ၊ ဆန်ဖွတ်ရတာ တွေ၊  မီးဖွားပြီးနောက်နေ့ဆိုရင် တောင်ယာသွားရတာတွေနဲ့ ကိုယ်မွေးတဲ့သားသမီးကို အချိန်ပြည့်မကြည့်နိုင် သလို ကလေးတွေ နေမကောင်းရင်လည်း ဆေးမြီးတိုနဲ့သာ ကုကြပါတယ်” လို့ ဒေါ်ထားငွေက ပြောပြပါတယ်။

လူထုဖွံ့ဖြိုးမှု ရပ်ရွာဖွံ့ဖြိုးမှု လုပ်မည်ဆိုပါက အဓိက မိသားစုနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အမျိုးသမီးတွေကို ပညာပေးမှု  က အလွန်အရေးကြီးပြီး အမျိုးသမီးတွေအနေနဲ့ ကျန်းမာရေးဗဟုသုတတွေ သိလာပြီဆိုရင်တော့ ကလေးငယ် တွေလက်ရှိဖြစ်နေတဲ့ ရောဂါတွေက ဘယ်လိုကာကွယ်ရမလဲ၊ ကလေးတွေကို ဘယ်လိုပြုစုရမလဲဆိုတာတွေ  သိလာပြီး ကူးစက်ရောဂါ ပြန်နှံ့မှုနှုန်းတွေ လျော့လာမယ်လို့ ဒေါ်ဝေါင်စေရှီးက သုံးသပ်ပြောပါတယ်။

“ ကလေးတွေကို ဆေးတိုက်မယ်၊ ကာကွယ်ဆေးထိုးမယ်ဆိုရင် အခုလိုရောဂါတွေ ဖြစ်လာမှာ မဟုတ်ဘူး။ တခါတလေ ပညာပေးဝန်ထမ်းတွေက သူတို့ကို ပေးတဲ့ဆေး၊ ကျွေးတဲ့ဆေးတွေတောင် သူတို့က သောက်ရ ကောင်းမှန်း မသိဘူး။ လွှင့်ပစ်တာတွေရှိတယ်။ ဒါတွေက အမျိုးသမီးတွေကို အမြင်ဖွင့်ဖို့ အရေးတကြီး ထောက်ပြနေပါတယ်” ဟု ဒေါ်ဝေါင်စေရှီးက ဝမ်းနည်းစွာ ပြောပြပါတယ်။

နာဂတောင်တန်းဒေသမှာ နာဂတိုင်းရင်းသားဦးရေ(၂)သိန်းကျော်ရှိပြီး နာဂလူမျိုးအများစုသည် စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ် စတဲ့ အလွန်ခေါင် တဲ့ နေရာများမှာ နေထိုင်လျက်ရှိကြပါတယ်။

Related Articles