Home ဆောင်းပါး “ကျမညီမနန်းမိုဟွမ်လိုမျိုး နောက်ဘယ်သူမှ မဖြစ်ဖို့ ဆုတောင်းပါတယ်..”

“ကျမညီမနန်းမိုဟွမ်လိုမျိုး နောက်ဘယ်သူမှ မဖြစ်ဖို့ ဆုတောင်းပါတယ်..”

Photo: Tai Htun Mai’s Facebook

 

နန်းဆိုင်နွမ်။          ။

“ ကျမယုံကြည်တယ်။ ကျမမှာ အပြစ်မရှိဘူး။ ကျမတနေ့ပြန်လွှတ်မယ်ဆိုတာသိပါတယ်” ဟု နန်းမိုဟွမ် က ပြောသည်။

တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA) မှ သူမကို (၂)လကျော်ကြာ ဖမ်းဆီးချုပ် နှောင်ထားခဲ့ပြီး  အောက်တိုဘာ (၁၅)ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

နန်းမိုဟွမ်သည် TNLA အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်း ဆောင်စဉ် ဝန်ထမ်းများအား အပြင်းအထန် ထိခိုက်သေဆုံးသည့်အထိ တာဝန်ဝတ္တရား နှောက်ယှက်ခဲ့ သည့်အတွက် TNLA ဗဟိုတရားရုံးမှ  အောက်တိုဘာလ(၅)ရက်နေ့တွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၃၃)ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားဖြင့် ထောင်ဒဏ်(၃)နှစ်ကျခံစေရန် TNLA ၏ ဗဟိုတရားရုံး ချုပ်မှ အမိန့်ချမှတ်ခဲ့သည်။

သူမကို ဖမ်းဆီးသွားချိန်တွင် TNLA ၏ မူးယစ်ထောင်တွင် ထားရှိကြောင်းနှင့် အဆင်ပြေအောင် စီစဉ် ထားပေးကြောင်းလည်း နန်းမိုဟွမ်က ပြောသည်။

“ ကျမကို သူတို့ရဲ့ မူးယစ်ထောင်မှာ ထားပါတယ်။ နိုင်ငံရေးထောင်မှာက အမျိုးသမီးမရှိလို့ အမျိုးသမီး တွေရှိတဲ့ မူးယစ်ထောင်မှာ ထားတာပါ။ ကျမကို အကျယ်ချုပ်ပဲထားပါတယ်” ဟု နန်းမိုဟွမ်က ဆိုသည်။

တောင်ပေါ်ဒေသဖြစ်သည့်အလျောက် ချမ်းအေးသဖြင့် သူမလိုအပ်သည့် အဝတ်အစားများကိုလည်း စီစဉ်ပေးကြောင်းနှင့် တောထဲတွင် ဖြစ်သောကြောင့် ဆေးဝါးအခက်အခဲတော့ရှိသည်ဟုလည်း သူမက ပြောပြသည်။

ဆက်လက်ပြီး နန်းမိုဟွမ်က TNLA အကျဉ်းထောင်တွင် နေထိုင်ခဲ့ရသည့်အတွေ့အကြုံကို “ ဆေးဝါးက တော့ ပါလာစီတမောတောင် မရှိသလောက်ပါပဲ။ အိမ်ပြန်ရင် ကျန်းမာအောင် ကိုယ့်ကိုကိုယ် အားရှိ အောင်နေရတယ်။ ကိုယ်နေကောင်းဖို့ အစာကို စားချင်၊ မစားချင် စားရမှာပဲ။ အိမ်ပြန်ရင် ကောင်းကောင်း ပြန်ရဖို့လိုတယ်” ဟု ပြန်ပြောပြသည်။

TNLA မှ သူမအား ရိုက်နှိက်ခြင်း မရှိကြောင်း၊ TNLA မှ စစ်ဆေးချိန်တွင်လည်း ဖြစ်ရပ်မှန်ကိုသာ ပြော ကြားခဲ့ကြောင်း  နန်းမိုဟွမ်ကပြောသည်။

Photo: Linda Linda’s Facebook

“ မနှစ်က ကျမတို့အိမ်ကို အခွန်လာကောက်ပြီးအပြန် သူတို့ လူ(၂)ယောက်ကို တပ်မ (၈၈) က ချောင်း ပစ်လို့ သူတို့လူသေရတယ်လို့ပြောတယ်။ ကျမက  အစိုးရတပ်ကို မတိုင်ခဲ့ဘူး”  ဟု နန်းမိုဟွမ်က ဆို သည်။

နန်းမိုဟွမ်သည် ကလေး(၃)ယောက်မိခင်ဖြစ်သည့်အလျောက် နေအိမ်တွင်ကျန်ရစ်ခဲ့သည့် သားသမီးများ ကိုလည်း စိုးရိမ်ပူပန်နေခဲ့ရသည်။

“ သားအငယ်က ကျမနဲ့တခါမှ မခွဲဖူးတော့ သူ့ကို ပိုပြီးတော့ စိတ်ပူတယ်။ စိုးရိမ်တယ်” ဟု နန်းမိုဟွမ်က ဆိုသည်။

အောက်တိုဘာလ(၁၈)ရက်၊ နေ့လည် (၁)နာရီခွဲအချိန်တွင်တော့ သူမနေအိမ်သို့ ပြန်ရောက်လာခဲ့ပြီဖြစ် သည်။

“ သူ(နန်းမိုဟွမ်)ပြန်ရောက်တာ နေ့လည်(၁)နာရီခွဲပါ။ ရောက်တဲ့အချိန်မှာ ကလေးတွေက ပြေးပြီးကြိုကြ တယ်။ သူ့ကျန်းမာရေးလည်း ကောင်းပါတယ်” ဟု နန်းမိုဟွမ်၏ အစ်မဖြစ်သူ နန်းမိုခမ်းက ပြောသည်။

နန်းမိုဟွမ် ပြန်လည်လွှတ်မြောက်ရေးအတွက် အစစရာရာ ကူညီပေးသည့်အဖွဲ့များကိုလည်း ကျေးဇူးတင် ကြောင်း၊ ဝမ်းသာကြောင်း နန်းမိုခမ်းက ဆက်ပြောသည်။

ဆက်လက်ပြီး နန်းမိုခမ်းက “ လောဆယ်တော့ သူဘာဖြစ်ချင်လဲ။ သူစိတ်ပျော်အောင်တော့ ထားရမယ်” ဟု နန်းမိုခမ်းက ဆိုသည်။

နန်းမိုဟွမ်အိမ်ကိုပြန်ရောက်ချိန်တွင် သူမ၏ သမီးနှင့် သားများက ငိုယိုပြီး ကြိုဆိုခဲ့ကြသည်။

“ သူအိမ်ပြန်ရောက်တော့ သားနဲ့သမီးတွေနဲ့ ပွေ့ပိုက်ပြီးငိုကြ။ နောက် သူကြုံခဲ့ရတဲ့အတွေ့အကြုံတွေကို ပြောကြ။ အချင်းချင်းမေးကြ၊ ငိုလိုက်ကြပါပဲ။ သူအိမ်ပြန်ရောက်လာတာ အရမ်းပျော်ပါတယ်”  ဟု နန်းမို ဟွမ်၏ သူငယ်ချင်းနန်းလင်းက ပြောပြသည်။

နန်းမိုဟွမ်သည် စိတ်ဓာတ်အလွန်ခိုင်မာသည့်သူတယောက်ဖြစ်ပြီး အမျိုးသားများနှင့်ယှဉ်ကာ အလုပ်လုပ် နိုင်သည့်သူတယောက်လည်းဖြစ်သည့်အတွက် သူမကို ပြန်တွေ့ရသည့်အခါတွင် ကျန်းမာရေးကောင်း မွန်နေသည်ကို မြင်တွေ့ရသည်ဟု နန်းလင်းက  ပြောပါသည်။

နမ့်ခမ်းသူနန်းမိုဟွမ်ကို FPNN ခေါ် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုအရသော် လည်းကောင်း၊ မဟာမိတ်အဖွဲ့အစည်းတခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၏ မေတ္တာ ရပ်ခံချက်အရသော်လည်းကောင်း၊ ပြစ်ဒဏ်မှ ချွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်းTNLA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Photo: Linda Linda’s Facebook

“ ကျနော်တို့ မဟာမိတ်အဖွဲ့ SSPP/SSA ရဲ့ မေတ္တာရပ်ခံချက်နဲ့ FPNN ကြားဝင်စေ့စပ်ညှိနှိုင်းတာလည်း ပါတယ်။ နောက် တအာင်းနဲ့ ရှမ်းလူမျိုးတွေရဲ့ ရေရှည်ချစ်ကြည်ရေးအတွက်လည်း ပါပါတယ်”  ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူး မိုင်အိုက်ကျော်ကပြောသည်။

TNLA မှ နန်းမိုဟွမ်ကို ဖမ်းဆီးသွားသည့်အချိန်တွင် သူမပြန်လွှတ်လာရေးအတွက် နမ့်ခမ်းဒေသခံများ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး သက်ဆိုင်ရာအာဏာပိုင်များမှ ကြေညာချက်ထုတ်ပြန်ကြသကဲ့သို့ ရှမ်းနိုင်ငံရေး အသိုင်းအဝန်းမှလည်း ဝိုင်းဝန်းကူညီခဲ့ကြသည်။

“ ကျမညီမနန်းမိုဟွမ်လိုမျိုး နောက်ဘယ်သူမှ မဖြစ်ဖို့ ဆုတောင်းပါတယ်” ဟု နန်းမိုဟွမ်၏အစ်မ ဖြစ်သူ နန်းမိုခမ်းက ဆိုသည်။

အစိုးရအနေဖြင့် အမျိုးသမီးများ၏ လုံခြုံရေးကို အလေးထားပြီး ကာကွယ်ပေးရန်၊ မိမိတို့ပတ်ဝန်းကျင်တွင် အမျိုးသမီးများ လုံခြုံအေးချမ်းစွာနေနိုင်ရန် လုံခြုံရေးအစီအမံများ ကြိုတင်ပြင်ဆင်ထားရှိသင့်ကြောင်း နမ့်ခမ်းဒေသအမျိုးသမီးများက ဆိုသည်။

လက်နက်ကိုင်အဖွဲ့များရှိနေပြီး စစ်ပွဲများရှိနေသရွေ့ ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးတို့မှာ စိုးရိမ် ဖွယ်ဖြစ်နေသဖြင့် စစ်ပွဲများရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် အားလုံးပါဝင်ရန် ဦးစားပေးလုပ်ဆောင် သင့်ကြောင်းလည်း အမျိုးသမီးအဖွဲ့အစည်းများက တိုက်တွန်းလျက်ရှိသည်။

 

Related Articles