Home ဆောင်းပါး အမျိုးသမီးအရေးနှင့် လူမျိုးစုအရေး ဘာတွေကွာသလဲ

အမျိုးသမီးအရေးနှင့် လူမျိုးစုအရေး ဘာတွေကွာသလဲ

ဤကမ္ဘာပေါ်တွင် အမျိုးသမီးနှင့် အမျိုးသားတို့သည် တပြိုင်တည်း ပေါ်ပေါက်လာသော လူသား “ဓာတ်ဖို” နှင့် “ဓာတ်မ” များ ဖြစ်ကြသည်။

လျှပ်စစ် (သို့မဟုတ်) သံလိုက် (သို့မဟုတ် အခြားအခြားသော သဘာ၀၀တ္ထုရုပ်ပစ္စည်းမှန်သမျှနီးပါးတွင် ရှိနေသော ဓာတ်ဖိုဓာတ်မများ၌ ဓာတ်ဖိုက အဆင့်မြင့်၍ ဓာတ်မက အဆင့်နိမ့်သည်ဟု ခွဲခြားခံရခြင်းမရှိပါ။ ဥပမာအားဖြင့် ဓာတ်ခဲတလုံးတွင် ရှိနေသော အဖိုစွန်းကို အမစွန်းထက်ပို၍ အဆင့်မြင့်သည်ဟူသော အူကြောင်ကြောင်အမြင်မျိုး မည်သူ့တွင်မျှမရှိပါ။ သို့သော် လူသားများတွင် အဖိုက အမထက်မြင့်သည်ဟု ခံယူမှုများရှိနေသည်မှာ မရိုးသားသည့် ကိစ္စဖြစ်နေသည်။ ရှေးဟောင်းပယောဂများဟုလည်း ဆိုနိုင်သည်။

ရိုးရာယဉ်ကျေးမှုအစဉ်အလာ အတွေးအခေါ်ယုံကြည်မှုများတွင် မှန်ကန်သည်များရှိသလို မမှန်သည်များလည်း ရှိနေသည်။ အရာတခုခုကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ ယင်းအရာနှင့်ပတ်သက်သည့် အဖက်ဖက်က အချက်အလက်များ ရှိရမည်ထင်ပါသည်။ မှားယွင်းသော အချက်အလက်များကို အခြေခံပြီး ဖြစ်ပေါ်ပြန့်ပွားလာသည့် မတရားသော အတွေးအခေါ်နှ့် ဓလေ့များကို ခေတ်လူတို့ လက်ခံရန် မထိုက်တန်ပေ။ ကမ္ဘာကြီးပြားသည်ဟု ထင်သော သူတို့၏ တလောကလုံးဆိုင်ရာ အမြင်များတွင် ချွတ်ချော်မှားယွင်းမှုများ မလွဲမသွေ ရှိနေမည်ဖြစ်သည်။ ခေတ်လူသားများသည် လူမျိုး၊ ဘာသာနှင့် ရှေးဟောင်းအတွေးအခေါ် ဓလေ့ထုံးတမ်းများကို လေးစားမှုပေးသူများ ဖြစ်သင့်သော်လည်း ထိုအရာများ၏ ကျေးကျွန်များ မဟုတ်ကြပါ။ ကောင်းတာကိုလက်ခံ၍ မကောင်းတာ၊ မမှန်တာ၊ မတရားတာတွေအားလုံးကို ပြုပြင်ပြောင်းလဲပိုင်ခွင့် အပြည့်အဝရှိပါသည်။

ဤလုပ်ပိုင်ခွင့်ကို အမျိုးသားထုကြီးက ငြင်းဆန်နေသေးလျှင်သော်လည်းကောင်း၊ အမျိုးသမီးထုကိုယ်၌ “အင်တင်တင်” လုပ်နေသေးလျှင်သော်လည်းကောင်း အမျိုးသမီး အမျိုးသား တန်းတူရေး ဖြေရှင်းမှုများမှာ ပြဿနာ၏ အရင်းအမြစ်ကို ရှောင်ကွင်းလုပ်ကိုင်နေကြခြင်းသာ ဖြစ်နေပေမည်။

အခြားသော ပြဿနာတခုဖြစ်သော လူမျိုးစုအရေးသည်လည်း အမျိုးသမီးအရေးနည်းတူ ရှေးအယူအဆအမြင်များ၏ နားလည်မှုမပေးနိုင်ခြင်းအောက်တွင် ထွက်လမ်းမမြင် ဖြစ်နေဆဲဖြစ်သည်။ ကွာခြားမှုမှာ အမျိုးသမီးများကို ဖိနှိပ်သည့် အမြင်မှာ လူ့သမိုင်းစကတည်းက ဖြစ်သော်လည်း လူမျိုးစုအရေးကို နားမလည် လက်မခံသည့်အမြင်မှာ ဒုတိယကမ္ဘာစစ်ပြီးစ (သို့မဟုတ်) နိုင်ငံသစ်များ လွတ်လပ်ရေးရခဲ့သည့်ကာလမှ စတင်ခဲ့ခြင်းဖြစ်သည်။

မဟာမိတ်နိုင်ငံများက ဝင်ရိုးတန်းနိုင်ငံများကို စစ်နိုင်ရေးအတွက် မိမိတု့ိနှင့်ပူးပေါင်းသော လူမျိုးတိုင်းကို စစ်ပြီးလျှင် လွတ်လပ်ရေးပေးမည်ဟု ချုပ်ဆိုခဲ့သော အတ္တလန္တိတ်ချာတာစာချုပ်အရ ထိုခေတ်တွင် နိုင်ငံသစ်များစွာ ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။

ထိုနိုင်ငံသစ်များ၏ နယ်နိမိတ်များကို ပိုင်းခြားရာတွင် ထိုနိုင်ငံကို ပိုင်စိုးခဲ့သော ကိုလိုနီအစိုးရတို့က သတ်မှတ်ခဲ့ကြသည့် မျဉ်းကြောင်းကို အခြေခံသဖြင့် ရှေးခေတ်က ရှိခဲ့ဖူးသော အကျယ်အဝန်းပမာဏနှင့် မတူကွဲပြားသည်ကို တွေ့ရသည်။ ထို့ပြင် ထိုနိုင်ငံများ၏ နယ်စပ်ဒေသများအပေါ်တွင် ဟိုဖက်တပိုင်း၊ ဒီဖက်တပိုင်း ပိုင်းခြားခံလိုက်ရသော သူ့ဘာသာသူ လွတ်လွတ်လပ်လပ်နေခဲ့ကြဖူးသည့် မူလဌာနေ လူမျိုးစု လူ့အဆောက်အအုံများ၏ ဘဝဓလေ့ဆုံးရှုံးမှု ပြဿနာလည်း ပေါ်ပေါက်လာခဲ့သည်။ မျက်မှောက်ကမ္ဘာတွင် ထိုအလားတူအနေအထားသို့ ကျရောက်နေသော လူမျိုးစု ၃၀၀ ကျော်ခန့်ရှိသည်ဟု ကမ္ဘာ့ကုလသမဂ္ဂ ဌာနေ လူမျိုးစုလူ့အခွင့်အရေးဆိုင်ရာ သုတေသန စာတမ်းတခုတွင် ဖော်ပြထားသည်။

အမျိုးသမီးနှင့် အမျိုးသားတန်းတူရေး ပြဿနာကို ရှေးပဝေသနီ အယူအဆများဖြင့် ဖြေရှင်းနိုင်မည်မဟုတ်သလို လူမျိုးစုပြဿနာများကိုလည်း ဒုတိယကမ္ဘာစစ်က ထွန်းကားခဲ့သည့် အမျိုးသားရေးအမည်ခံ လူမျိုးခြားနှင့် ရန်တိုက်ပေးလေ့ရှိသော လူမျိုးရေးစိတ်ဓာတ်များဖြင့် အဖြေရှာ၍ မရနိုင်သည်ကို တွေ့ရသည်။

အမျိုးသားရေးအမည်ခံ လူမျိုးရေးစိတ်ဓာတ်ဟု နားလည်နိုင်ရခြင်းမှာ ထိုခေတ်က နယ်ချဲ့နိုင်ငံများကို ဆန့်ကျင်သူ အများစုမှာ တချိန်က မိမိတို့လူမျိုးများ နယ်ပယ်ချဲ့ထွင်နိုင်ခဲ့ခြင်းကိုမူ သမိုင်းတင်ကာ ဂုဏ်ယူ၍မဆုံး ဖြတ်နေကြသေးသည်ကို တွေ့မြင်နေရသောကြောင့်ပင်ဖြစ်သည်။

အမျိုးသမီးပြဿနာနှင့် လူမျိုးစုပြဿနာတို့တွင် အခြားကွဲပြားချက်တခုကို တွေ့ရသေးသည်။ ၎င်းမှာ အမျိုးသမီးအရေးသည် တကမ္ဘာလုံးဆိုင်ရာ အရေးအဖြစ်သို့ တက်လှမ်းသွားနိုင်ပြီဖြစ်သော်လည်း လူမျိုးစုအရေးမှာမူ ယင်းတို့နေထိုင်ရာ နိုင်ငံများအတွင်းတွင်သာ ဖြေရှင်းရမည့်ပြဿနာအဖြစ် ကန့်သတ်ခြင်း ခံနေရဆဲဖြစ်သည်။ ဤအရေးနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများမှသော် လည်းကောင်း ကုလသမဂ္ဂကမှသော်လည်းကောင်း စာတမ်းထုတ်ပြန်သည်ကလွဲ၍ ရေရာသော လုပ်ဆောင်မှုများကို ထင်ထင်ရှားရှား မမြင်ရသေးပေ။ ထိုသို့ဖြစ်ရခြင်းတွင် အရေးပါသော အချက်တချက်မှာ နိုင်ငံအတော်များများက ခေတ်မီအတွေးအခေါ်ဖြစ်သော လူ့အခွင့်အရေးကို စွဲကိုင်လျက် ပြဿနာကို ဖြေရှင်းနိုင်နေကြသောကြောင့် ဖြစ်သည်။

ကျွနု်ပ်တို့နိုင်ငံတွင် အမျိုးသမီးရေးပြဿနာနှင့် လူမျိုးစုရေးပြဿနာတို့ကို ဖြေရှင်းနိုင်လောက်သည့် ခေတ်မီသော တွေးခေါ်ခံယူမှုများ လိုအပ်နေသေးသည်ဟု အားမနာတမ်း ဝေဖန်လိုသည်။ အမျိုးသမီးရေးလှုပ်ရှားမှုများကို နိုင်ငံခြားက မြှောက်ပေးလို့ဟူ၍ နိမ့်ကျစေသော စွပ်စွဲသမုတ်မှုများရှိသလို လူမျိုးစုထကြွမှုများကိုလည်း မိမိကို မနာလိုဖြစ်နေသော နိုင်ငံခြား၏ သွေးထိုးမှုကြောင့်ဟု အထင်အမြင်သေးစွာ တံဆိပ်ကပ်ကြသည်များ ရှိနေသေးသည်။

အမျိုးသမီးအခွင့်အရေးကို အိမ်ထောင်ပြိုကွဲစေမည်ဟု အကြောင်းပြယူဆသူတွေ များစွာရှိနေသေးသကဲ့သို့ လူမျိုးစုအခွင့်အရေးကိုလည်း နိုင်ငံပြိုကွဲစေမည်ဟု အကြောင်းပြကာ ခါးသီးသူတွေများစွာ ရှိနေသေးသည်။ နိုင်ငံသည် လူအတွက် တည်ရှိနေခြင်းမဟုတ်ပဲ သက်ရှိလူသားကသာလျှင် သက်မဲ့နိုင်ငံအတွက် အသက်ရှင်နေခြင်းဖြစ်သည်ဆိုသော ရှေးဟောင်းအယူအဆများ အရိုးစွဲနေသေးသမျှ အဆိုပါအတွေးအခေါ်များ ခေတ်စားနေဦးမည်ပင်။

အမျိုးသမီးတို့၏ နစ်နာချက်မှာ အမျိုးသားများထက် နိမ့်ကျသည်ဟူသော ယူဆခွဲခြားခံရမှုများဖြစ်ပြီး မြန်မာပြည်ရှိ လူမျိုးစုတို့၏ နစ်နာချက်မှာမူ မိမိ အဓိက အမျိုးသားလက္ခဏာဖြစ်သည့် ဘာသာစကားစာပေများကို မိမိတို့၏ ပြည်နယ်များရှိ ကျောင်းများ ရုံးများတွင်ပင်လျှင် တရားဝင်သုံးစွဲခွင့် မရှိခြင်း ဖြစ်နေသည်။ မြန်မာပြည်ကို အုပ်စိုးခဲ့သူမှန်သမျှသည် လူမျိုးစု ဘာသာစကားများ၊ ၎င်းတို့ အစုလိုက် အပြုံလိုက် ပေါက်ဖွားရှင်သန်ရာ နယ်မြေများတွင် ထိန်းသိမ်းအသုံးပြုခွင့် တန်းတူမှုကို အသည်းအသန် ငြင်းဆန်ကြသည်။ လူမျိုးစု ဘာသာစကားများ၏ အသုံးမဝင် တိမ်ကောပပျောက်မှုသည် လွတ်လပ်ရေးရသည့်အချိန်မှစ၍ ကနေ့တိုင် အရှိန်အဟုန်ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်။ အစိုးရအဆက်ဆက်သည် လူမျိုးရေးမခွဲခြားပါဟု အသံကောင်းဟစ်နေရင်းပင် ထိုခွဲခြားမှုများကို တပြည်လုံးအတိုင်းအတာဖြင့် အတိအလင်းလုပ်ကြသည်။ အမှန်တွင် လူမျိုးခွဲခြားခြင်းနှင့် လူမျိုးမခွဲခြားခြင်းအကြားရှိ ကွဲပြားသော အဓိပ္ပာယ်ကို နားမလည်၍ဖြစ်သည်။

မြန်မာပြည်တွင် ယေဘုယျအားဖြင့် လူအားလုံး လူအရ တန်းတူဖြစ်သော်လည်း လူမျိုးအားလုံး၏ လက္ခဏာဖြစ်သော ဘာသာ စာပေ တန်းတူမှုမှာမူ လုံး၀ မရှိသေးပေ။ တန်းတူမှုဆိုရာ၌ ထိန်းသိမ်းဖြန့်ချိရေးစနစ်နှင့် အသုံးချခွင့် စသည်တို့၌ ဥပဒေအရ တန်းတူခြင်းမျှကိုသာ ဆိုလိုသည်။ လူမျိုးတိုင်းတို့၏ စာပေတိုင်း လူအများသုံးရာတွင် တန်းတူရမည်ဟု အသားလွတ် သတ်မှတ်ယူရန်တော့ မဖြစ်နိုင်ပါ။

အမှန်က ဒီအချက်ကို ဖြေရှင်းရန်မခက်ပါ။

ပြည်ထောင်စုအဖြစ် ဖွဲစည်းမှသာ (သို့မဟုတ်) ဒီမိုကရေစီရှိမှသာ ဖြေရှင်းနိုင်သည် မဟုတ်ပါ။ တပြည်ထောင်စနစ်၊ အာဏာရှင်စနစ်များနှင့်လည်း ဒီအပိုင်းတွင် စေတနာရှိလျှင် ဖြေရှင်း၍ရနိုင်ပါသည်။ ပကတိအမှန်တရားများကို ဆောင်ရွက်ရာတွင် အများပြည်သူဆန္ဒကိုယူရန် လိုလေ့မရှိပါ။ သက်ဆိုင်ရာ ကျွမ်းကျင်သူတို့၏ လုပ်ပိုင်ခွင့်မျိုးဖြစ်သည်။  ဥပမာ စကားလုံးအသစ်တလုံးကို အဘိဓမ္မာထဲသို့ တရားဝင် ထပ်၍ ဖြည့်ကြရာတွင် ဆိုင်ရာပညာရှင်များကသာ ဆုံးဖြတ်လေ့ရှိပြီး အများပြည်သူ၏ ဆန္ဒကို ခံယူရမည်ဟု သဘောထားမရှိသကဲ့သို့ပင်ဖြစ်သည်။ အကြောင်းရင်း  အပြည့်အစုံမသိသော၊ မတတ်သော လူတွေကို လျှောက်မေးနေရမည့် ကိစ္စမျိုးမဟုတ်ဟု သတ်မှတ်ထားလေ့ရှိကြသည်။

အမျိုးသမီးအခွင့်အရေးကိစ္စကိုလည်း အထက်ပါ နည်းအတိုင်း သဘောထားဖြေရှင်းရမည်သာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အမျိုးသမီး အမျိုးသား တန်းတူခွင့်သည် ပကတိအမှန်တရားလည်းဖြစ်၊ လူ့အခွင့်အရေးလည်းဖြစ်သည်။ ဒီမိုကရေစီနည်းဖြင့် မဲခွဲပြီးမှ  လုပ်ပိုင်ခွင့်ရှိသော ကိစ္စမျိုးမဟုတ်။ အမျိုးသမီးတို့ကို တန်းမတူစေလိုသော သဘောထားရှိသည့် အသိုင်းအဝန်းများအတွင်းမှ ဒီမိုကရေစီနည်းဖြင့်ရလာသော မဲအများစုမှာ အမျိုးသမီးနှင့် အမျိုးသားတန်းတူမှုကို ဆန့်ကျင်သော မဲများသာ ဖြစ်နေလိမ့်မည်။ ဒါကို လူမျိုးစုတို့ကလည်း မိမိတို့၏ ကိုယ်တွေ့အတွေ့အကြုံအရ နှိုင်းယှဉ်နားလည်နိုင်ကြသည်။

မြန်မာပြည်ကဲ့သို့ လူမျိုးစုံပိုင်ဆိုင်သော နိုင်ငံတခုတွင် ဗမာဘာသာစာပေအပါအဝင် လူမျိုးစုဘာသာစာပေအားလုံးကို တန်းတူစေသော နည်းမှာ ဗမာစာပေကို ပညာရေးဌာနအောက်တွင် မထားပဲ အခြားလူမျိုးစုစာပေများနည်းတူ လူမျိုးစုဆိုင်ရာ ယဉ်ကျေးမှုဌာနအောက်သို့ ပြောင်းလိုက်ရုံမျှဖြင့် မြန်မာပြည်တွင်းရှိ လူမျိုးတိုင်း၏ လူမျိုးလက္ခဏာတန်းတူမှုသည် ချက်ချင်းပုံပေါ်လာမည်ဖြစ်သည်။ ဒါက လူ့အခွင့်အရေးမူကို ကိုင်စွဲပြီး လုပ်သော နည်းဖြစ်သည်။ အဆင့်တွေ အလွန်များပြီး အရစ်တွေ အလွန်ရှည်သော နိုင်ငံရေးနည်းကို မျှော်လင့်နေလျှင်တော့ “ဒရက်ကူလာ”လို အသက်ရာထောင်ရှည်ဖို့ လိုအပ်ပေမည်။

ရှေ့ဆောင်အဖွဲ့အစည်းများက တိုက်ပွဲဝင်နေသည့်တိုင် အမျိုးသမီးလူထုကြီးသည် အမျိုးသားများနှင့် တန်းတူသည့် လူမှုဆက်ဆံရေး ယဉ်ကျေးမှုဓလေ့ကို မရရှိသေးပဲရှိလျှက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေးအတွက် အမျိုးသားများနှင့ ်ပြဿနာဖြစ်နိုင်သည့် အပြောအဆို၊ အပြုအမူ၊ အကျင့်အကြံများကို များသောအားဖြင့် ရှောင်ရှားနေသည်ကို တွေ့ရှိနေရသည်။

အလားတူပင် ရှေ့ဆောင်အဖွဲ့အစည်းများက တိုက်ပွဲဝင်နေသည့်တိုင် တိုင်းရင်းသားလူထုကြီးသည် ဘာသာစာပေ တန်းတူသည်ဟု သတ်မှတ်ကာကွယ်ပေးခြင်း မခံရပဲရှိလျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေးအတွက် ပြဿနာဖြစ်နိုင်သည့် အပြောအဆို အပြုအမူ အကျင့်အကြံများကို ရှောင်ရှားနေကြရသည်ကိုလည်း တွေ့ရှိနေရပေသည်။

မြန်မာပြည်တွင် လူဖြစ်လာရခြင်းအတွက် အမျိုးသမီးများ စိတ်မည်မျှချမ်းသာသည်၊ မချမ်းသာသည်ဆိုသည့် ခံစားချက်မျိုးနှင့် အလားတူ မြန်မာပြည်တွင် လူလာဖြစ်နေရသည့် တိုင်းရင်းသား လူမျိုး ပြည်သူများကလည်း ခံစားနေကြရမည်ပင် ဖြစ်တော့သည်။

မှန်ကန်သော နားလည်မှုများ ပေါက်ပွားပါစေ၊ ဖြူစင်သော စာနာမှု စေတနာများ ရှင်သန်ပါစေ။

မြန်မာ့အမျိုးသမီးသမဂ္ဂမှ စီစဉ်ထုတ်ဝေသော ချိုးလင်းပြာ အမျိုးသမီးစာစောင်၊ အမှတ် ၇/၂၀၀၇ ခုနှစ် နိုဝင်ဘာလထုတ်တွင် ထည့်သွင်းဖော်ပြခဲ့သော စာရေးသူ အဂ္ဂမိုးနင်း၏ “အမျိုးသမီးအရေးနှင့် လူမျိုးစုအရေး ဘာတွေကွာသလဲ” ဆိုသည့် ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။

Related Articles