(၈လေးလုံးအရေးတော်ပုံတွင် ပါဝင်တိုက်ပွဲဝင်ရင်း ရေဆန်လမ်းကို ဆက်လျှောက်နေသူ အမျိုးသမီးများအား ဦးညွှတ်ဂုဏ်ပြုလျက်..)
ခင်စုကြည်။ ။
“တကယ့်နိုင်ငံရေးကိုလုပ်မယ်ဆိုရင်တော့ သေချာတာတခုက အဖက်ဖက်က နာကျင်ရလိမ့်မယ်။ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး နာကျင်မယ်။ ပြင်ဆင်ထားဖို့လိုတယ်”
၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံ၊ ကျောင်းသားတွေ စာသင်ခန်းတွေထဲက လမ်းမပေါ်ထွက်ကာ တိုက်ပွဲ ဝင်ချိန်မှာ အသက်(၁၈)နှစ်အရွယ် တတိယနှစ်ကျောင်းသူ မနီမိုလှိုင်တယောက်လည်း အပါအဝင်ဖြစ်ပါတယ်။
သူဟာ နောက်ပိုင်းမှာတော့ NLD ဗဟိုလူငယ်အထောက်အကူပြုအဖွဲ့ရဲ့ သင်္ဃန်းကျွန်းမြို့နယ် လူငယ်တာဝန်ခံ တယောက်လည်း ဖြစ်လာပါတယ်။ ၁၉၉၀ ခုနှစ်နောက်ပိုင်းကတည်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(ဗကသ)ရဲ့ ယူဂျီ(မြေအောက်လှုပ်ရှားသူ) တယောက်အနေနဲ့ နိုင်ငံရေးကို စတင်ပါဝင်လှုပ်ရှားလာရာက နေ NLD အတွက် လူငယ်တက်ကြွလှုပ်ရှားသူ တယောက်အဖြစ် အချိန်ပြည့် လုပ်အားပေး ကူညီခဲ့သူတယောက် ဖြစ်ပါတယ်။
၁၉၈၈ အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့လို့ အင်းစိန်ထောင်ထဲက ကျွန်းတိုက်ထဲမှာ (၂)နှစ်ကြာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပြီး ၂၀၀၇ ခုနှစ်၊ လောင်စာဆီအရေးအခင်းမှာလည်း လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့တာကြောင့် သရက် ထောင်မှာ (၅)နှစ် အကျဉ်းကျခံခဲ့ရပါတယ်။
ခန္ဓာကိုယ်ပိန်ပိန်သွယ်သွယ်နဲ့ သွက်လက်တဲ့ကျောင်းသူတယောက်မို့ ကျောင်းက ဆရာ၊ ဆရာမတွေကအစ သူမကို ချစ်စနိုးနဲ့ “အသေးလေး”လို့ ခေါ်ကြပါတယ်။
“အသေးလေး” ဆိုပေမယ့် သူမယူခဲ့ရတဲ့ တာဝန်တွေကတော့ မသေးလှပါဘူး။ မိသားစု (၆) ယောက်မှာ ဖခင် အပါဝင် အခြားမောင်နှမ(၂)ယောက်က ဦးနှောက်နဲ့အာရုံကြောရောဂါကို ခံစားနေရတာကြောင့် ကျောင်းတက် ရင်း တဖက်မှာလည်း ကျောင်းစရိတ်အတွက် ရုန်းကန်ခဲ့ရသူပါ။
ခေတ်အခြေအနေအရ စီးပွားရေးလုပ်လို့ အဆင်မပြေဖြစ်နေချိန်မှာ ဆေးဆိုးပန်းရိုက်လို့ခေါ်တဲ့ အထည်ပေါ် မှာ ပန်းချီဆွဲတဲ့ အလုပ်ကိုလုပ်ရင်း ပညာသင်ခဲ့ရပါတယ်။
“ကျောင်းဆရာမအလုပ်ရချင်တော့ ပညာရေးဝန်ကြီးဆီကို တိုက်ရိုက်သွားတွေ့တယ်။ (၃)ယောက်မှာ (၂) ယောက်က အလုပ်ရတယ်။ ကျမကတော့ အလုပ်မရဘူး။ အဲဒါနဲ့ကျောင်းကိုပြီးအောင် ဆက်တက်တယ်။ အလုပ်မရတော့လည်း ကောင်းတာပေါ့၊ နိုင်ငံရေးဆက်လုပ်ဖြစ်သွားတာပေါ့”
ပထမတကြိမ် ဖမ်းဆီးထိန်းသိမ်းခံရတုန်းက အချုပ်ခန်းဆိုတာထက် ခြောက်ခြားစရာကောင်းတဲ့ “ကျွန်းတိုက်” လို့ခေါ်တဲ့ တကျွန်းကျသူတွေ၊ သေဒဏ်ပေးခံရသူတွေကိုသာထားတဲ့ အခန်းကျဉ်းလေးထဲမှာ နေခဲ့ရပါတယ်။ ၁၀ (က)ဆိုတဲ့ နိုင်ငံတော်လုံခြုံရေးပုဒ်မနဲ့ ချုပ်နှောင်ခံခဲ့ရတာဖြစ်ပါတယ်။
ကောင်းကင်ပြင်ကို လက်တဝါးစာပဲမြင်ရတဲ့ ကျွန်းတိုက်ထဲမှာ (၂)နှစ်လုံးလုံး နေရောင်ကိုလည်း မမြင်ခဲ့ရသလို လရောင်ကိုလည်း မမြင်ခဲ့ရပါဘူး။ မနီမိုလှိုင်ကတော့ သူမနေခဲ့ရတဲ့ ကျွန်းတိုက်ရဲ့အခန်းလေးကို “အုတ်ဂူလေး” လို့ ခိုင်းနှိုင်းပြောဆိုထားပါတယ်။
“မသိရင် အုတ်ဂူလေးတွေလိုပဲ၊ အခန်းနံရံတွေက နှစ်ပေလောက်ထူတယ်၊ အင်္ဂလိပ်လက်ထက်တည်းက ဆောက်ထားတာပေါ့။ အခန်းကို ခတ်တဲ့သော့ခလောက်က (၁)ပိသာလောက်လေးတယ်။ တံခါးကလည်းနှစ် ထပ်။ သံတိုင်တံခါးရယ်၊ သစ်သားအပိတ်တံခါးရယ်။ အပေါ်မှာက မီးလုံးလေးတွဲချထားပေးတယ်။ အခန်းက တော့ (၁၂)ပေလောက်မြင့်တယ်။ အခန်းအကျယ်က ခြေလှမ်း (၁၁)လှမ်းနဲ့ (၉)လှမ်းရှိတယ်” လို့ သူမနေရခဲ့ အုတ်ဂူအခန်းကျဉ်းလေးအကြောင်း ပြန်မြင်ယောင်ရင်း ပြောပြပါတယ်။
ထောင်ဆိုတဲ့ ထုံးစံအတိုင်း အနေအထိုင်သာမက အစားအသောက်ကိုပါ စနစ်တကျနဲ့ စိတ်ပျက်စရာကောင်း လောက်အောင် စီမံကျွေးမွေးတာကိုလည်း သူမရင်ဆိုင်ခဲ့ရပါတယ်။ လက်ဖျားနဲ့ တစက်လေးမှ မထိပါပဲ လူတ ယောက်ကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပမ်းနည်းတွေကို အသားကျအောင် ဖြတ်သန်းခဲ့ရတာ မလွယ်ကူလှပါဘူး။
“ထောင်ပုံစံဆိုတဲ့ ထမင်းကိုကျွေးတယ်။ အခန်းဝမှာ လာချထားရင် အဲဒီအနံ့က ပတ်ဝန်းကျင်က ဝါဒါမပါ မခံနိုင် ဘူး။ နံစော်နေတာပဲ။ ဇွန်းနဲ့ခပ်ပြီးပါးစပ်ထဲလည်း ထည့်လိုက်ရော ထွီး…ဆိုပြီး ပြန်ထွက်ကုန်တယ်။ နေ့လည် စာကို နေ့လည်(၂)နာရီလောက်မှ လာပေးတယ်။ အဲဒီထမင်းက သိုးနေပြီ။ ကိုယ်တွေကတော့ အဲဒီဟင်းကို စဉ်းနီတုံးဟင်းလို့ခေါ်တယ်။ သူတို့ကတော့ ဟင်းနုနွယ်တဲ့။ ဟင်းနုနွယ်က ဘယ်လောက်ရင့်သလဲဆိုရင် စဉ်းနီ တုံးလိုပဲ”လို့ သူမစားသောက်ခဲ့ရတာတွေကို ပြန်ပြောပါတယ်။
ထောင်ထဲကို ရောက်ရောက်ချင်း(၃)ရက်အထိ ရေမချိုးရ၊ မိလ္လာမချရဆိုပြီး ထားပါတယ်။ အဝတ်အစားလည်း အပိုမပေးထားပါဘူး။ အကျီအပိုတထည်နဲ့ ရေလဲထမီတထည်သာရှိပါတယ်။ အမျိုးသမီးသဘာ၀ ရာသီလာရင် လည်း လစဉ်သုံးပစ္စည်းတွေ မပေးထားပါဘူး။
ဒါကြောင့် အကျဉ်းထောင်ကျသူတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေးပြားနဲ့ ဆက်စပ်တဲ့ရောဂါတွေကိုလည်း မနီမိုလှိုင် တယောက် ခံစားရပြန်ပါတယ်။
“အဝတ်အစားမပေးဘူး။ ရာသီလာတယ်။ ဒီတိုင်းပဲနေရတယ်။ တကိုယ်လုံးလည်း ညှင်းတွေပေါက်တာ။ ခေါင်း မှာလည်း ယားလို့ကုတ်လိုက်ရင် လက်သည်းထဲမှာ သန်းတွေပါလာတာ…။ ညဆိုမအိပ်ရဘူး။ ခေါင်းက ယား နေလို့”
ဒါတင်မဟုတ်သေးပါဘူး။ အမျိုးသမီးတယောက်ဖြစ်တာကြောင့် သံတိုင်တွေကြား အကျဉ်းကျနေတာတောင် မလုံခြုံနိုင်တဲ့ အဖြစ်အပျက်တွေလည်း ကြုံတွေ့ခဲ့ရပါသေးတယ်။
ထောင်စောင့်တဲ့ ဝါဒမတွေ အိပ်ပျော်နေတဲ့အချိန် သူမနေတဲ့ ကျွန်းတိုက်အခန်းရှေ့မှာ လိင်စိတ်လာဖြေကြတဲ့ သူတွေကြောင့် ညဘက်ဆို အိပ်တောင် မအိပ်ရဲဘူးလို့ဆိုပါတယ်။
“သူတို့ထမင်းထုပ်တွေ ဘာတွေပို့ခိုင်းတဲ့ စစ်ပြေးတွေဆို အခန်းရှေ့မှာလာတယ်။ ဝါဒါမတွေက တခါတလေ ကျ အိပ်ပျော်နေတာ။ အဲဒီတော့ သူတို့က အခန်းရှေ့မှာလာရပ်ပြီး သူတို့အပြာကားတွေ ကြည့်လာပြီး သူ့စိတ် သူ ဒီမှာလာဖြေတယ်။ သူပြန်သွားတော့ အဲဒီနေရာမှာ အကွက်လိုက်ကျန်ခဲ့တယ်။ သူ့မျက်လုံးဆိုလည်း နီရဲပြီး ကြောက်စရာကြီး။ အဲဒီလိုမျိုးလာလာလုပ်နေတော့ ဝါဒါမကို ပြောတယ်။ သူကလည်း မပြောရဲဘူးတဲ့။ ကိုယ် တွေကလည်း တုံးတာ။ အဲဒီကောင်က ဒီမှာ တဏှာစိတ်လာဖြေနေမှန်း အစက မသိခဲ့ဘူး။ ကိုယ်လှဲအိပ်နေရင် သူတို့က ကြည့်နေတော့ မလုံခြုံလို့ လှဲတောင် မလှဲရဲဘူး” လို့ ပြောပါတယ်။
၂၀၀၀ ခုနှစ်၊ ထောင်ကပြန်ထွက်လာတဲ့အချိန်မှာတော့ NLD က အဖွဲ့ဝင်အဖြစ် လုပ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ PC ပါဆင်နယ်ကွန်ပျုတာကိုင်တဲ့သူတယောက်အဖြစ် တာဝန်ယူပေးဖို့ ကမ်းလှမ်းလာပါတယ်။ ဗဟို လူငယ်မှာလည်း အချိန်ပြည့် အကြံပေးအနေနဲ့ လုပ်ဆောင်ခဲ့သလို သတင်းနဲ့ ပြန်ကြားရေးဌာနမှာလည်း လုပ် ကိုင်ခဲ့ပါတယ်။
နိုင်ငံရေးလှုပ်ရှားသူအနေနဲ့ ဆက်လက်ဖြတ်သန်းရင်း သူမလုံးဝမမျှော်လင့်ထားတဲ့ အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်လိုက်ရပြီး ရုတ်တရက်ဆိုသလို တခုလပ်ဘဝကိုလည်း ဆက်လက်ပိုင်ဆိုင်လိုက်ရပြန်ပါတယ်။
နာကျင်စရာတွေ၊ ရင်မောစရာတွေနဲ့ မနက်မိုးလင်းချိန် မျက်လုံးနှစ်လုံးပွင့်ကတည်းက နိုင်ငံရေးဆိုတဲ့စိတ်နဲ့ သာ ရှင်သန်လာသူ…၊ ညဘက်မျက်လုံးနှစ်လုံးပိတ်တဲ့အချိန်ထိ နိုင်ငံရေးစိတ်နဲ့သာ ဖြတ်သန်းခဲ့သူ..၊ သူမ စိတ်လှုပ်ရှားတတ်လာချိန်မှာ သူမထက် အသက်(၁၄)နှစ်ငယ်တဲ့ အမျိုးသားနဲ့ ကြုံဆုံပြီး လက်ထပ်ခဲ့ကြပါ တယ်။
မမျှော်လင့်ပဲ ကြုံခဲ့ရတဲ့အိမ်ထောင်ရေးဘဝမို့ စိတ်ချမ်းသာစရာ ကြည်နူးစရာတွေရှိသလို အမျိုးသားရဲ့ လူမှု ရေးဖောက်ပြန်မှုကြောင့် အိမ်ထောင်ရေးပြိုလဲရတဲ့အထိလည်း ဖြစ်ခဲ့ရပါတယ်။
နိုင်ငံရေးကြောင့် ပြေးလွှားနေရတဲ့အချိန်မှာပဲ အိမ်ထောင်ရေးမှာလည်း ပြဿနာဖြစ်ကာ အမျိုးသားဆီကနေ ကွာရှင်းလိုမှုဆိုတဲ့ အချက် (၁၂) ချက်ပါတဲ့ စာတစောင်ရောက်လာခဲ့ပါတယ်။ ဒီအချက် (၁၂)ချက်ထဲက ပထမ ဆုံး (၃)ချက်ကတော့ သူမနိုင်ငံရေးလုပ်လို့ အမျိုးသားဖြစ်သူမှာ စိတ်ဆင်းရဲရကြောင်း၊ အရှက်ရရကြောင်း စတဲ့ အချက်တွေပဲဖြစ်ပါတယ်။
“ ကိုယ်ကကွာရှင်းချင်တယ်ဆိုပြီး တရားရုံးမှာလျှောက်တော့ ဒါဟာ သာမန်လင်မယားချင်းရန်ဖြစ်တဲ့ ပြဿနာ ဆိုပြီး တရားရုံးက အမိန့်ချပေးပြီးသွားပြီ။ အခုကျတော့ သူကကွာရှင်းလိုမှုတဲ့။ သေချာတယ်၊ စစချင်း (၃)ချက် မှာ နိုင်ငံရေးကြောင့်ဆိုကတည်းက ထောက်လှမ်းရေးဘက်က လှည့်ဝင်လာတာဆိုတာသိလိုက်တယ်။ ကိုယ်က အိမ်ထောင်ပျက်မှာကို အရမ်းကြောက်တာက သူတို့သိတာကိုး”
တခုလပ်ဖြစ်ရတာကို အရမ်းနာကျည်းခဲ့ပေမယ့် တခုလပ်ဘဝကပဲ သူမရှေ့ဆက်လျှောက်မယ့် နိုင်ငံရေးခရီး လမ်းကို စိုးရိမ်ပူပန်မှုမရှိစေပဲ လျှောက်လှမ်းနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးလောက မှာ ကျင်လည်နေသရွေ့ သူမဟာ တချိန်မဟုတ် တချိန်ဖမ်းခံရမယ်ဆိုတာကို ကြိုတွေးပြီးသားဖြစ်ပါတယ်။
ဒါကြောင့် အကျဉ်းသားဘဝနဲ့ အကျဉ်းထောင်ပြင်ပက အသက်ငယ်တဲ့ အိမ်ထောင်ဖက်ခင်ပွန်းသည်အတွက် ပူပန်နေရမယ့် သောကကနေ ကင်းလွတ်သွားတဲ့အတွက် သူမကတော့ အိမ်ထောင်ကွဲသွားတာကို ကံကောင်း ခြင်းတခုအဖြစ် ခံယူနိုင်ခဲ့ပါတယ်။
သူမကြိုတင်မှန်းဆထားတဲ့အတိုင်းပါပဲ။ ၂၀၀၇ အရေးအခင်းမှာတော့ လမ်းမပေါ်ထွက်လာတဲ့သူတွေထဲမှာ သူမ လည်း ပါဝင်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် (၅)နှစ် ကျခံခဲ့ရပါတယ်။
“၂၀၀၇ အရေးအခင်းပြီးလို့ အဖမ်းခံရတဲ့အခါကျတော့ စစ်ကျောရေးမှာ လုံးဝပေးမအိပ်ဘူး။ ထမင်းလာ မကျွေး ဘူး။ ရေလဲမချိုးရဘူး။ အိမ်သာက ဘိုထိုင်အိမ်သာရှိတယ်။ ရေပိုက်အောက်မှာ ဇလုံတလုံးရှိတယ်။ ရေလဲ ပေးမ သောက်ဘူး။ သောက်ချင်ရင် အဲဒီကသောက်ဆိုတဲ့သဘောပေါ့လေ။ ကိုယ်ကလည်းမသောက်ဘူး။ နောက် (၇) ပေလောက်မြင့်တဲ့ ခွေးခြေပေါ်မှာ လက်သုံးလုံးလောက်ပဲ ထိုင်စရာသစ်သားပြားရှိတယ်။ အဲဒီပေါ်မှာ တညလုံး ထိုင်ခိုင်းတာ။ (၂၄)နာရီပြည့်တော့ “ဆင်း”ဆိုတဲ့အချိန်မှာ ခြေထောက်တွေကတောင့်နေပြီ။ အဲဒီခြေထောက် အတောင့်လိုက်ကို ရအောင်ဆင်းရတယ်”
အမျိုးသမီးအကျဉ်းသူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရရုံသာမက အရှက် သိက္ခာကိုပါ ထိပါးစော်ကားတာမျိုးတွေလည်း သူမကြုံတွေ့ခဲ့ရပါတယ်။ ထောက်လှမ်းရေး၊ စစ်ဗိုလ်တွေ (၅) ယောက်လောက်ကို သူမရှေ့မှာ တန်းစီခိုင်းထားပြီး ကြိုက်တဲ့သူလက်ညှိုထိုးဆိုပြီး ပေးစားတာ၊ စော်ကားမော်ကား ပြောဆိုတာမျိုးတွေကိုလည်း ခံခဲ့ရတာပါ။
သူမရဲ့ဝါသနာကတော့ ကျောင်းဆရာမအလုပ်ဖြစ်ပေမယ့် နိုင်ငံရေးလောကထဲ စတင်ဝင်ရောက်ခဲ့စဉ်ကတည်း က သူမရဲ့ ကျောင်းဆရာမအလုပ်ကို စွန့်လွှတ်ခဲ့ပါတယ်။ သတင်းသမားတယောက်အနေနဲ့ ဖြတ်သန်းခဲ့သလို နိုင်ငံရေးကို တက်တက်ကြွကြွလုပ်ဆောင်ရင်း ဘဝကို ဆက်လက်ဖြတ်သန်းခဲ့ပါတယ်။
အခုချိန်မှာတော့ သူမဟာ နှစ်(၃၀)ကာလကတည်းက အစပြုခဲ့တဲ့ ဒီမိုကရေစီရေးအတွက် နိုင်ငံရေးသမား တယောက်အနေနဲ့ ဆက်လက်တိုက်ပွဲဝင်နေသလို နိုင်ငံရေးလှုပ်ရှားမှုတွေကို ထင်ကျန်နေဆဲဖြစ်အောင် ကလောင်သွားနဲ့ မှတ်တမ်းတင်နေတဲ့ စာရေးဆရာမ (ဒေါ်) နီမိုလှိုင်အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါပြီ။
(ဒေါ်) နီမိုလှိုင်ကတော့ နိုင်ငံအတွက် ဆက်လက်တိုက်ပွဲဝင်မယ့် မျိုးဆက်တွေအတွက် သူမရဲ့အတွေ့အကြုံကို မျှဝေရင်း အခုလိုပြောဆိုလိုက်ပါတယ်။
“နိုင်ငံရေးလုပ်တယ်လို့ ကိုယ့်ကိုကိုယ်ခံယူချင်ရင် တကယ့်နိုင်ငံရေးက ဘာလဲဆိုတာ ဒီခေတ်ကာလရဲ့ ဒီခေတ် အခြေအနေမှာ လေ့လာဖို့လိုတယ်။ နိုင်ငံရေးသမားမစစ်မှန်ရင်တော့ ကျန်ခဲ့မှာပဲ။ တကယ့်နိုင်ငံရေးကို လုပ် မယ်ဆိုရင်တော့ သေချာတာတခုက အဖက်ဖက်က နာကျင်ရလိမ့်မယ်။ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး နာကျင်မယ်။ ပြင်ဆင်ထားဖို့လိုတယ်”
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021