Home ဆောင်းပါး သဘာဝဘေးသင့်အမျိုးသမီးတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ပိုမိုကောင်းမွန်ထိရောက်စေဖို့

သဘာဝဘေးသင့်အမျိုးသမီးတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ပိုမိုကောင်းမွန်ထိရောက်စေဖို့

2015 ခုနှစ် မြောက်ဦးမြို့ ရေဘေးကယ်ဆယ်ရေး (ဓါတ်ပုံ – RWU)

မယ်လွန်း။

“ရေကြီးတဲ့အချိန်က ကျမကိုယ်ဝန်လစေ့ချိန်၊ ရေတက်လာတဲ့အချိန်မှာပဲ ကျမဗိုက်နာလာတယ်၊ ဗိုက်နာ တော့ ကျမတို့ရွာမှာက ကျေးလက်ဆေးမှူး၊ နာ့စ်မလည်း မရှိဘူး”

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ဖြစ်ပွားခဲ့တဲ့ မုတ်သုန်မိုးကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ ရေကြီးမှုတွေ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ဆိုးဝါးတဲ့ ရေကြီးမှုဖြစ်တဲ့အချိန်မှာ ကြုံခဲ့ရတဲ့အဖြစ်အပျက်ကို မနှင်းနှင်းအေးက ပြောပြခဲ့တာပါ။  မနှင်းနှင်းအေးဟာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မှင်းဇီချောင်းကျေးရွာသူဖြစ်ပါတယ်။ အဲဒီအချိန် တုန်းက သူမက အသက် (၂၄)နှစ်အရွယ်ပဲရှိပါသေးတယ်။

ကံမကောင်းစွာနဲ့ပဲ ရေတက်လာတဲ့အချိန်ကျမှ သူမ ဗိုက်စနာလာခဲ့တာပါ။ မဖွံ့ဖြိုးသေးတဲ့ ကျေးရွာဖြစ်တဲ့ အတွက် ကျေးလက်ဆေးမှူးတွေ၊ သူနာပြုတွေလည်း မရှိတာကြောင့် ညဉ့်နက်သန်းခေါင်မှာပဲ တခြားတရွာ က ဆေးမှူးကို သွားခေါ်ခဲ့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေးဆိုးဝါးမှုကြောင့် မနက်အာရုံတက်ချိန်မှပဲ ဆေး မှူးရောက်လာပြီး ကလေးမွေးဖွားနိုင်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ သမီးလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွား နိုင်ခဲ့ပေမယ့် သူမ သက်ပြင်းမချနိုင်ခဲ့ပါဘူး။

“ကလေးမွေးပြီးတာနဲ့ရေတက်လာတော့ အိမ်နီးချင်းအိမ်တအိမ်မှာ တညအိပ်ခဲ့ရတယ်၊ မနက်မိုးလင်းတော့ တောင်ပေါ်ကို ပြေးခဲ့တာ။ နေ့တဝက်လောက်နေပြီး ဆောင်းဒုံကျေးရွာကို စက်လှေနဲ့ကူး၊ ပြီးတော့ ကုန်း ပေါ်မတက်နိုင်လို့ ရေထဲစက်လှေပေါ်မှာ နေခဲ့ရတယ်” လို့ မီးတွင်းမှာပဲ နီတာရဲကလေးတဖက်နဲ့ ရေဘေး ရှောင်ခဲ့ရတဲ့ သူမရဲ့အတွေ့အကြုံကို ပြောပြပါတယ်။

သဘာဝဘေးဖြစ်နေတဲ့အချိန်မှာ ဒီလိုအခက်အခဲကို ရင်ဆိုင်ခဲ့ရတာဟာ မနှင်းနှင်းအေးတယောက်တည်း တော့ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်၊ အချို့ကျေးရွာတွေမှာလည်း ရေမကျလို့ ကလေးတွေကို ရေထဲမှာပဲ မွေးခဲ့ရတဲ့ ကိုယ်ဝန်ဆောင်တွေလည်း ရှိခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။ ၂၀၁၅ ခုနှစ်၊ ရေဘေး သင့် ပြည်သူတွေထဲမှာ နို့တိုက်မိခင်နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး(၆)သောင်းကျော် ပါဝင်ခဲ့တယ်လို့ နိုင်ငံ တော်အစိုးရရဲ့ အစီရင်ခံစာထုတ်ပြန်ချက်တွေမှာ ပါရှိပါတယ်။

နိုင်ငံပေါင်း (၁၈၅)နိုင်ငံမှာ ၁၉၉၅ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်ကြား သဘာဝဘေးအန္တရာယ် အဆိုးဝါးဆုံးကျ ရောက်ခဲ့တဲ့ နိုင်ငံအဆင့်သတ်မှတ်ရာမှာ မြန်မာနိုင်ငံက အဆင့်(၂)နေရာမှာရှိခဲ့ပြီး ၂၀၀၈ နာဂစ် ဆိုင် ကလုန်း၊ ၂၀၁၀ အပူလှိုင်းဒဏ်နဲ့ ၂၀၁၅ မှာဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမူတွေလိုမျိုး ပြင်းထန်တဲ့ ရာသီဥတု ဆိုးဝါးမှုတွေဟာ ပိုပြီး အဖြစ်များလာနိုင်တယ်လို့ ကိုလံဘီယာ တက္ကသိုလ် Worldwide Fund for Nature (WWF) နဲ့ ကုလသမဂရဲ့ Human Settlements Program (UNHSP) တို့ ထုတ်ပြန်ခဲ့တဲ့ “Assessing Climate Risk in Myanmar” ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလိုသဘာဝဘေးအန္တရာယ်တွေ ကြုံလာတဲ့အခါမှာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်တဲ့အချိန်နဲ့ ကယ်ဆယ် ရေးတွေ ပြုလုပ်တဲ့နေရာတွေမှာ ဘေးသင့်အမျိုးသမီးတွေအတွက် ထည့်သွင်းစဉ်းစားမှုတွေ အားနည်းနေ သေးကြောင်း ထောက်ပြဝေဖန်မှုတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ကြိုတင်သတိပေးမှုနည်းစနစ်တွေ အားနည်း နေသေးသလို အဲဒီထဲမှာမှ အမျိုးသမီးတွေဟာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရ အမျိုးသားတွေနဲ့ယှဉ်ရင် မီဒီယာနဲ့ အလှမ်းကွာဝေးကြတာကြောင့် သတင်းအချက်အလက်တွေကို ရေဒီယို၊ အင်တာနက်စာမျက်နှာ တွေကတဆင့် အသိပေးကြေညာတဲ့အပြင် ကျေးရွာအဆင့်ထိ သတင်းပြန်ကြားမှုတွေ ပြုလုပ်သင့်တယ်လို့ Gender & Development ဆိုင်ရာ Independent Consultant ဖြစ်သူ နန်းဖြူဖြူလင်းက ဆိုပါတယ်။

“ဟိုးအရင်တုန်းကလို မီးကင်းသံချောင်းခေါက်သလိုပဲ .. ဒီသံချောင်းခေါက်ရင်တော့ ဘာကိုသတိပေးတာ ဟေ့လို့ ရိုးရိုးရှင်းရှင်းနဲ့ ကျေးရွာကလူတွေ နားလည်အောင် လုပ်ပေးဖို့က လိုနေသေးတယ်” လို့ နန်းဖြူဖြူ လင်းက ပြောပါတယ်။

ဒီလိုဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဗဟုသုတနည်းပါးတာကြောင့် ပြေးလွှားရတဲ့အခါမှာလည်း အရေးပေါ်ပစ္စည်းတွေ သယ်ဆောင်နိုင်ခြင်းမရှိတာဟာလည်း အမျိုးသမီးတွေအတွက် ဘေးသင့်အချိန်မှာ ထပ်ဆင့် အခက်ကြုံဖို့ အကြောင်းတရားတွေထဲက တခုဖြစ်ပါတယ်။

“အပြေးအလွှား အသက်လုနေရတဲ့အနေအထားမှာ သူတို့မှာ အဝတ်အစားတွေ ပါမလာဘူး။ အတွင်းခံ ဘောင်းဘီအင်္ကျီတု့ိ၊ အဲဒီဟာတွေ ပါမလာတဲ့အခါမှာ တော်တော်လေး အခက်အခဲတွေကြုံရတဲ့ အနေအ ထားတွေရှိတယ်” လို့ ပြီးခဲ့တဲ့ ၂၀၁၅ ရေကြီးတဲ့ကာလမှာ ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်း တွေ လုပ်ခဲ့တဲ့ ရခိုင်အမျိုးသမီးများအစည်းအရုံးရဲ့ ဒုဥက္ကဌ ၁ စောစံငြိမ်းသူက ဆိုပါတယ်။

2015 ခုနှစ် မြောက်ဦးမြို့ ရေဘေးကယ်ဆယ်ရေး (ဓါတ်ပုံ – RWU)

ဒါ့အပြင် ဘေးအန္တရာယ်ကြုံလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြင်ဆင်လုပ်ဆောင်တဲ့နေရာမှာ ကျားမရေးရာ အမြင်တွေ အားနည်းနေတာဟာလည်း မနှင်းနှင်းအေးတို့လို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် မျိုး ဆက်ပွားခြင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေအတွက် အားနည်းချက်တွေဖြစ်စေသလို အခြား ကျားမရေးရာ ဆိုင်ရာ မတူညီတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရာမှာလည်း လစ်ဟာမှုတွေကို ဖြစ်စေပါတယ်။

သထုံခရိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန ဦးစီးအရာရှိကတော့ ခရိုင် အတွင်း ဘေးသင့်သူတွေကယ်ဆယ်ရေးတွက် ကြိုတင်ပြင်ဆင်ရာမှာ အမျိုးသမီးတွေအတွက် ထည့်သွင်း စဉ်းစားမှုတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

“အမျိုးသမီးအသက်အရွယ်ပေါ်မူတည်ပြီးတော့ လစဉ်သုံးပစ္စည်းတို့၊ တခြားပစ္စည်းတွေ အတွင်းခံတို့ ဘာတို့ ကတော့ ထည့်ပြီးတော့ ထောက်ပံ့ပေးတယ်” လို့ သူက ဆိုပါတယ်။

အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးလည်း အချင်းချင်း ဝိုင်းဝန်းထိန်းသိမ်းမှုတွေရှိတဲ့အပြင် အဖွဲ့ခေါင်း ဆောင်တွေ ဖွဲ့ပြီး လုံခြုံရေးအတွက် စောင့်ရှောက်တဲ့အကြောင်းကို ဦးစီးအရာရှိက ဖြေကြားခဲ့ပါတယ်။

ကူညီကယ်ဆယ်ရေးတွေ လုပ်တဲ့အခါ အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေ ထည့်သွင်းထောက်ပံ့တာ မျိုးတွေ ခုနောက်ပိုင်း ပိုမိုရှိလာပေမယ့် အစိုးရနဲ့ အစိုးရမဟုတ်တဲ့ လူမှုကယ်ဆယ်ရေးတွေမှာ  ကျားမ ရေး ရာအမြင်တွေ ဆက်ပြီး အားနည်းနေမယ်ဆိုရင် ဘေးသင့်အမျိုးသမီးတွေကို ထိထိရောက်ရောက် ကယ် ဆယ်ဖို့အတွက် ကြီးမားတဲ့ အဟန့်အတားဖြစ်နေမှာဦးမှာပါလို့ အမျိုးသမီးရေးဆောင်ရွက်သူတွေက ပြောဆိုကြပါတယ်။

“အမျိုးသားတွေပေါ့လေ။ အထုပ်တွေကို သယ်ကြတာ။ ပေါ့တယ်၊ ပေါ့တယ်၊ ဘာအထုပ်လဲပေါ့။ အမျိုးသမီး လစဉ်သုံးဂွမ်းထုပ်လို့လည်းပြောရော ဘုန်းခနဲ့ ပစ်ချတာ။ ပြီးတော့ ဘုန်းကြီးကျောင်းမှာ မထားနဲ့၊ ဘုန်းကြီး ကျောင်းမှာမထားနဲ့၊ မသင့်တော်ဘူးတဲ့” လို့ ပြီးခဲ့တဲ့ ၂၀၁၅ ရေကြီးမှုမှာ ရခိုင်ပြည်နယ်ဘက်မှာ တွေ့ကြုံခဲ့ တာကို နန်းဖြူဖြူလင်းက ပြောပြခဲ့ပါတယ်။

တချိန်တည်းမှာ အစိုးရအပါအဝင် အစိုးရမဟုတ်တဲ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေရဲ့ နည်းစနစ် အားနည်း တာကြောင့်လည်း ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့တဲ့နေရာမှာ လွဲချော်မှုတွေ အများအပြားရှိခဲ့ပြီး အချိန်နှောင့်နှေးကြန့်ကြာမှုတွေရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးလုပ်သူအချို့က ထောက်ပြခဲ့ကြပါတယ်။

“မိသားစုတစုကို ဘယ်နှစ်ထုပ်ဆိုပြီး ခွဲတမ်းနဲ့ကို ချလိုက်တာ။ အဲဒီလို ခွဲတမ်းနဲ့ချလိုက်တော့ အဲဒီပစ္စည်းက မလိုတဲ့သူတွေရှိတယ်။  ဥပမာ – အမျိုးသမီးအသုံးအဆောင်ပစ္စည်းက ယောက်ျားတွေဆီမှာ ရောက်သွား တာမျိုး” လို့ စောစံငြိမ်းသူက ပြောပါတယ်။

ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ လူမှုကယ်ဆယ်ရေးနည်းစနစ်တွေကို လုံလောက်တဲ့အနေအထားရောက် အောင် အခုချိန်မှာ မြှင့်တင်နိုင်နေပြီလားဆိုတာကလည်း စောင့်ကြည့်နေရဦးမယ့် အနေအထားဖြစ်နေဆဲ ပါ။

ကယ်ဆယ်ရေးလုပ်ဆောင်သူတွေအနေနဲ့ ကျားမကွဲပြားမှုအပေါ်မှာ အမျိုးသမီးတွေအတွက် ထူးခြားပြီး တော့ လိုအပ်ချက်တွေရှိနေတယ်ဆိုတဲ့အချက်ကို နားလည်သဘောပေါက်ဖို့လိုသလိုမျိုး ကယ်ဆယ်ရေး ကိစ္စတခုခုကို စီမံမလုပ်ဆောင်ခင်မှာ အဲဒီနေရာမှာရှိနေတဲ့ ဘေးဒုက္ခကြုံနေရသူတွေရဲ့ သဘောဆန္ဒကို အရင်ဆုံးမေးပြီး စီမံခန့်ခွဲသင့်တယ်လို့ စောစံငြိမ်းသူကပဲ ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာလည်း ကျားမရေးရာ တန်းတူညီမျှရေးကွန်ယက် (GEN) မှ ၂၀၁၅ ခုနှစ် ရေဘေး အန္တရာယ်နဲ့ပတ်သက်ပြီး “မိုးစက်ငယ်လေးများ” ခေါင်းစဉ်နဲ့ လေ့လာသုံးသပ်မှုစာတမ်းတခုကို ကျားမ အမြင်ရှုထောင့်မှ သုံးသပ်ရေးသားခဲ့ပါတယ်။ အဲဒီစာတမ်းမှာလည်း အစိုးရနဲ့ ကယ်ဆယ်ရေးဆိုင်ရာ လူထု ဖွံ့ဖြိုးရေးအဖွဲ့အစည်းများအနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ၊ အရေးပေါ် တုံ့ပြန်မှု တွေမှာ ကျားမရေးရာ အမြင်ရှုထောင့် ထည့်သွင်းရေးနဲ့ အရေးပေါ်တုံ့ပြန်မှုတွေမှာ ကျားမရေးရာ ဘတ်ဂျက် ချထားမှုများ သေချာစေရမယ်ဆိုတဲ့ အကြံပြုချက်တွေကို ထောက်ပြပြောဆိုထားပါတယ်။

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) မှာ အမျိုးသမီးနဲ့  အရေးပေါ်အကူအညီဆိုတဲ့အချက် ပါဝင်ပြီး ဒီမဟာဗျူဟာစီမံကိန်းကို နိုင်ငံတော်ဘတ်ဂျက်နဲ့ သေချာလုပ် ဆောင်မှု မရှိသေးဘူးလို့ နန်းဖြူဖြူလင်းက ဆိုပါတယ်။

“ ပြောရမယ်ဆိုရင် ဖြစ်တော့မှ လုပ်တာမဟုတ်ဘူး။ အခု ဘာမှမဖြစ်ခင်ကတည်းက Emergency Response  (အရေးပေါ်ကူညီကယ်ဆယ်မှု) တွေကို ဘယ်လိုမျိုး စနစ်တကျလုပ်မလဲ၊ ဘယ်လိုမျိုး အမှား နည်းနည်းနဲ့ လုပ်မလဲဆိုတာကို သေသေချာချာ စီမံကိန်းချပြီး လုပ်သင့်တယ်” လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်က ကျေးရွာသူ မနှင်းနှင်းအေးရဲ့ သမီးလေးကတော့ အခုဆိုရင် (၃)နှစ်အရွယ် ရှိနေပါပြီ။ ရေ ဘေးအန္တရာယ်ကြားမှာ သမီးလေးကို အောင်မြင်စွာ ကျန်းကျန်းမာမာမွေးဖွားနိုင်ခဲ့ပေမယ့် မီးတွင်းကာလမှာ နီတာရဲသမီးငယ်နဲ့အတူ အသက်လုပြီး ရေဘေးအန္တရာယ်ကနေ ပြေးလွှားခဲ့ရတဲ့ အခိုက်အတန့်ကိုတော့ သူမဘဝတလျှောက် အိပ်မက်ဆိုးတခုအဖြစ် အမှတ်ရနေဦးမှာပါ။

“ဒီလိုမျိုးအခက်အခဲတွေကြုံရတဲ့အချိန်ဆို ရွာမှာဆေးခန်းတွေနဲ့ ဆေးမှူးတွေ၊ နာ့စ်မတွေ (သူနာပြု) တွေ လိုချင်ပါတယ်။ သူတို့ရှိရင် ကျမတို့အမျိုးသမီးတွေအတွက် တစုံတရာ အဆင်ပြေမှာပါ”

Related Articles