Home ဆောင်းပါး စစ်မြေပြင်မှာဖြတ်သန်းရတဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့

စစ်မြေပြင်မှာဖြတ်သန်းရတဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့

နန်းဆိုင်နွမ်။ ။

ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဖြစ်ပြီး အထိမ်းအမှတ်ပွဲတွေကို ကမ္ဘာတစ်ဝှမ်းလုံးမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာ အုပ်စုက ဒေသခံတချို့ကတော့ ဒီနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို သေနတ်သံတွေကြားနဲ့ ဆေးရုံပေါ်မှာ ဖြတ်သန်းခဲ့ကြရပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်(RCSS/SSA)နှင့်၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဖြစ်ကြတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)တို့ အကြားပစ်ခတ်တိုက်ခိုက်မှုတွေကြားထဲမှာ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပြီး ဆေးကုသမှုခံယူခဲ့ကြရတာဖြစ်ပါတယ်။

အဲ့ဒီနေ့က ညနေခင်း လယ်ယာအလုပ်တွေပြီးလို့ မီးဖိုချောင်ထဲစုဝေးပြီး စကားစမြည်ပြောကာ ညစာအတွက် ပြင်ဆင်နေချိန် ရုတ်တရက် လက်နက်ကြီးသံထွက်ပေါ်လာပြီး ကိုယ်ဝန်သည် အမျိုးသမီး အပါအဝင် အမျိုးသမီး (၃)ဦးနှင့် အမျိုးသားတဦး ကျည်စထိမှန်ဒဏ်ရာရရခဲ့ပါတယ်။

လက်နက်သံနဲ့ တပြိုင်နဲ့ မီးဖိုချောင်ထဲတွင် စကားစမြည် ပြောနေရာတဲ့ သူတွေဟာ ကျယ်လောင်တဲ့ အသံကြောင့် မီးဖိုချောင်ထဲတွင် ပုန်းခိုနေကြရပြီး မိမိခန္ဓာကိုယ်ကို ကျည်ထိမှန်ထားသည်ကို မသိရှိကြပေ။

“ ကျမ ခန္ဓာကိုယ်ကို ကျည်ထိမှန်တာ မသိဘူး။ ကျမ မောင်လေးရဲ့ဒဏ်ရာကိုမြင်ပြီး လန့်သွားတယ်။ နောက် ကျမ ခန္ဓာကိုယ်သွေးစီးကျလာမှ တယောက်ကိုတယောက်ကြည့်ပြီးသိကြတာ” ဟု ကိုယ်ဝန် ၄လ လွယ်ထားတဲ့ အသက် ၁၈နှစ် အရွယ် နန်းမွန်းကျင် က ပြောပါတယ်။

ဒီဇင်ဘာလရဲ့ တောင်ပေါ်ဆောင်းအေးခဲမှုကို သတိမေ့လျော့နေကြသလို လူ့အခွင့်အရေးနေ့ဟာလည်း ကိုယ်ဝန်သည် နန်းမွန်းကျင်တို့ မန်စံကျေးရွာအုပ်စု ပြည်သူတွေအတွက် လုံးဝ မသက်ဆိုင်တဲ့ နေ့ပါပဲ။

“ ကျမ ကံကောင်းတယ်လို့ ပြောရမှာပဲ။ လက်ပြင်ဘယ်ဘက်မှာ ကျည်ထိသွားတာ။ ခါးတို့ ရင်ဘတ်တို့ထိရင် ဗိုက်ထဲက ကလေး အန္တရာယ်ရှိနိုင်တယ်။ အခုတော့ ဗိုက်ထဲက ကလေးအတွက် မစိုးရိမ်ရဘူး” ဟု စိတ်မကောင်းစွာဖြင့် နန်းမွန်းကျင် က ဆိုပါတယ်။

ကျည်ထိသည့် အချိန်တွင် ဗိုက်ထဲက ၄ လသားအရွယ်ကလေးအတွက် စိုးရိမ်ပူပန်မှုရှိခဲ့ပြီး၊ ကျည်ထိမှန်သည့်နေရာသည့် ကလေးအတွက် အန္တရာယ်ဖြစ်စေသည့်နေရာ မဟုတ်သည့်အတွက် စိတ်သက်သာရသွားကြောင်း နန်းမွန်းကျင် က ပြောပါတယ်။

သူမဟာ ဒီဇင်ဘာ ၁၅ ရက်မှာ ဆေးရုံဆင်းခွင့်ရခဲ့သော်လည်း ကျည်ထိမှန်ဒဏ်ကြောင့် သက်တောင့်သက်သာ မဖြစ်သေးကာ ညအိပ်ရင် ဒုက္ခရောက်ကြောင်း ပြောပြပါတယ်။

“ လက်ပြင်ဆိုတော့ တည့်တည့်အိပ်လို့မရဘူး။ တဖက်ပဲစောင်းအိပ်ရတော့ ဒုက္ခရောက်တယ်။ ကိုယ်ဝန်နဲ့ဆိုတော့ပိုဆိုးတယ်။ ဒဏ်ရာက ကိုက်နေတုန်း နာနေတုန်းပါပဲ” ဟု သူမ ပြောပါတယ်။

ထိုနေ့တွင် နန်းမွန်းကျင် ရဲ့ အသက် (၆၅)နှစ် အရွယ် မိခင်နဲ့ ဆယ်ကျော်သက်အရွယ် မောင်လေးကလည်း ကျည်ထိမှန်ဒဏ်ရာရခဲ့သလို သူမအိမ်ကို အလည်လာတဲ့ အသက် (၅၀)ကျော် ပါ့နုလည်း ဦးခေါင်းတွင် ကျည်ထိမှန်ကာ နားတဖက် မကြားရတော့ပေ။

“ ကျည်စက ခေါင်းတဲ့ ပခုံးကို ထိတယ်။ ခေါင်းဒဏ်ရာကြောင့် ဘယ်ဘက်နားမကြားရတော့ဘူး။ ခုထိတော့ ခေါင်းမူးနောက်နောက် ဖြစ်နေသေးတယ်” ဟု ပါ့နုက ကျည်စထိမှန်တဲ့ဒဏ်ရာကို ပြောပြပါတယ်။

ပါ့နုဟာ လက်နက်ကြီးသံကြားကြားချင်း ရှောင်ပုန်းခဲ့ကာ မိမိကျည်စထိမှန်မှုကို မသိရှိ အာရုံမရခဲ့ဘဲ တခြားသူရဲ့ ဒဏ်ရာကိုမြင်ပြီး ထိတ်လန့်ခဲ့ချိန် မိမိရဲ့ ဦးခေါင်းမှ သွေးစီးကျမှုကို တွေ့ချိန်မှာ စိုးရိမ်ထိတ်လန့်မှုတွေ ကြောက်ရွံ့မှုတွေ ဖြစ်လာကြောင်း ထိုနေ့ဖြစ်ပျက်ခဲ့တာတွေကို ပြောပြပါတယ်။

လက်ရှိမှာတော့ ပါ့နုရဲ့ ခေါင်းဒဏ်ရာကြောင့် နားတဖက် မကြားရတော့တဲ့အတွက် ဝမ်းနည်း စိတ်မကောင်းဖြစ်နေကြောင်း လည်း သူမက ပြောပါတယ်။

“ အဲ့နေ့ က ခေါင်းထိတော့ ကျမ သေပြီထင်ခဲ့တာ” လို့ ဝမ်းနည်းစွာဖြင့် ပါ့နုက ဆိုပါတယ်။

Photo: Namtu Youth

တိုင်းရင်းသားအချင်းချင်းဖြစ်ပွားတဲ့တိုက်ပွဲကြောင့် အရပ်သားပြည်သူတွေ ကျည်စထိမှန်ခဲ့သော်လည်း နှစ်ဖက် တပ်ဖွဲ့ ရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို ကျည်စထိမှန်ခံရသူတွေ မရရှိခဲ့ကြပေ။ အရပ်သား ကျည်စထိမှန်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိုက်ပွဲဖြစ်ပွားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား အပြန်အလှန် ငြင်းဆိုမှုကိုလည်း ခံခဲ့ရကာ ပိုင်ရှင်မဲ့ကျည်ဖြစ်နေပါတယ်။

စစ်ပဋိပက္ခ ဖြစ်ပွားမှုဟာ လက်နက်ကိုင်တပ်ဖွဲ့ တွေကြားဖြစ်တဲ့ ကိစ္စ ဖြစ်သော်လည်း တိုက်ပွဲဖြစ်ပွားပါက အရပ်သား၊ ပြည်သူတွေနဲ့ ဝေးတဲ့နေရာတွင်ဖြစ်ပွားစေချင်ကြောင်း၊ ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသမီးတွေနဲ့ ကလေးတွေ အပေါ်များစွာ ထိခိုက်ကြောင်း နမ္မတူမြို့နယ် အမျိုးသမီးအရေးတက်ကြွဆောင်ရွက်နေသည့် နန်းခမ်းက ပြောပါတယ်။

“ လက်နက်ကိုင် ၂ ဖွဲ့ကတော့ တိုက်ပွဲဖြစ်၊ ရန်ဖြစ်ကြပြီး အရပ်သားကိုကျည်ထိမှန်တယ်။ ဒါပေမယ့် ဖြစ်လာရင် ၂ဖက်လုံးက တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိကြဘူး။ သူကြောင့် ကိုယ့်ကြောင့် နဲ့ ငြင်းခုံနေကြတယ်” လို့ နန်းခမ်း က ဆိုပါတယ်။

စစ်ပဋိပက္ခကြောင့် အရပ်သားထိခိုက်နစ်နာမှုတွေဖြစ်ပါက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အမျိုးသမီး အခွင့်အရေးကိုလည်း လက်နက်ကိုင်တပ်ဖွဲ့တွေ နားလည်သဘောပေါက်ရန်လိုအပ်ကြောင်း နန်းခမ်းက ထောက်ပြလိုက်ပါတယ်။

“ကျမတို့ အမျိုးသမီးအခွင့်အရေးကို လက်နက်ကိုင်တွေ လေးစားဖို့ကျမတို့က တောင်းဆိုချင်ပါတယ်။ မဖြစ်မနေ ဖြစ်သွားပြီဆိုရင် လက်နက်ကိုင် ၂ဖွဲ့လုံးက တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။ နောက်ဆုံးအမျိုးသမီးအခွင့်အရေးကိုလည်း ၂ ဖွဲ့စလုံးက နားကိုနားလည်ရမယ်။ အဲ့လိုတောင်းဆိုချင်တယ်”လို့ နန်းခမ်းက ပြောဆိုလိုက်ပါတယ်။

စစ်ပွဲဖြစ်ပွားပါက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက ဓားစားခံ အဖြစ်အများဆုံး ခံရသဖြင့် တိုင်းရင်းသားအချင်းချင်း ဖြစ်ပွားနေတဲ့ စစ်ပဋိပက္ခတွေ ရပ်တန့်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲ က ပြောဆိုလိုက်သည်။

အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ တိုက်ပွဲကြောင့် စစ်ပြေးရှောင်ရချိန်ကြုံရတဲ့ ပြဿနာများစွာရှိတဲ့အပြင် စစ်ကြောင့် ဆိုးကျိုးများစွာခံစားရင်ဆိုင်ရသည်။

မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းပဲဖြစ်ဖြစ် စစ်ကြောင့်ခံရတဲ့ပြည်သူတွေကို တာဝန်ယူမှု တာဝန်ခံမှု မရှိကြကြောင်း၊ လူမှုအဖွဲ့အစည်းကသာ တာဝန်ယူဖြေရှင်းနေရကြောင်းလည်း နော်ဆဲဆဲက ပြောဆိုလိုက်သည်။

“ စစ်ပွဲတွေ ရပ်ပေးဖို့အချင်းချင်း ပြန်လည်တည်ဆောက်ဖို့ အချင်းချင်း ညှိနှိုင်းဖြေရှင်းဖို့ တိုက်တွန်းနေတယ်။တိုက်ပွဲက ရွာအနီးဖြစ်တော့ အထူးသဖြင့် ရပ်ရွာရှိပြည်သူလူထုတွေစိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စိုးရိမ်ပူပန်မှု တွေအများကြီးဖြစ်ရတယ်” လို့ နော်ဆဲဆဲ က ဆိုသည်။

လက်နက်ကိုင်အားလုံး တိုက်ပွဲများရပ်တန့်ပေးပြီး အချင်းချင်း နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာရန် တိုက်တွန်းစေချင်ကြောင်း နော်ဆဲဆဲက ပြောဆိုလိုက်ပါတယ်။

အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် သက်ရောက်သော ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေအတွက် ပထမဆုံးချမှတ်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) ဟာ လက်နက်ကိုင် တပ်ဖွဲ့တိုင်း လိုက်နာရန် ကတိကဝတ်ဖြစ်ပေမယ့် လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ အလေးထားလိုက်နာကျင့်သုံးမှု အားနည်းနေဆဲလို့ အမျိုးသမီးအဖွဲ့အစည်းတွေက စဉ်ဆက်မပြတ်ထောက်ပြဝေဖန်ကြပါတယ်။

လက်ရှိအချိန်ထိ သျှမ်းမြောက်ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းဖြစ်တဲ့ RCSS/SSA နဲ့ TNLA တို့ တိုက်ပွဲ ပြင်းထန်ကာ စစ်ဘေးရှောင်များ ၇၀၀ ကျော် ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ထိုစစ်ရှောင် (၇၀၀)ကျော်ထဲတွင်လည်း အသက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ မွေးကင်းစ ကလေးငယ်တွေပါဝင်ပြီး သျှမ်းပြည်ဆောင်းရာသီရဲ့အေးချမ်းမှုကို အံတုကာ စစ်ဘေးရှောင်နေရပါတယ်။

သျှမ်းမြောက် ကျောက်မဲမြို့နယ်၊ နမ္မတူမြို့နယ်မှ နေထိုင်တဲ့ အမျိုးသမီးတွေဟာ ယခုနှစ်အတွင်း စစ်ဘေးကို မကြာခဏရှောင်နေရပြီး၊ စစ်ပွဲ ဘယ်ချိန် ဆက်ဖြစ်မှာကို မသိရှိသဖြင့် စိုးရိမ်ပူပန်မှုနဲ့ နေနေရပြီး တိုက်ပွဲတွေ ထပ်မဖြစ်ပွားဖို့ ဆုတောင်းရုံ၊ စိုးရိမ်ရုံမှ တပါး မည်သည့်အရာမှ မတတ်နိုင်ကြပါဘူး။

“ ကျမ တို့ဒီလအတွင်း စစ်ပွဲ၂ကြိမ်ရှောင်ရပြီ၊ တိုက်ပွဲငြိမ်ရင်ပြန်လိုက် အသံကြားရင်ပြန်လာလိုက်ပဲ။ တိုက်ပွဲတွေ ဆက်မဖြစ်ဖို့ တောင်းဆိုချင်တယ်” ဟု ကျည်ထိမှန်တဲ့ ပါ့နုက စိတ်မကောင်းစွာဖြင့် ပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ပြဌာန်းခဲ့တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ်(၃)မှာ “ လူတိုင်း၌ အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ရှိသည်” ဟုဆိုသော်လည်း မြန်မာနိုင်ငံက ဒေသခံအချို့ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ မှာတောင် လွတ်လပ်မှုနဲ့ လုံခြုံစိတ်ချစွာ အသက်ရှင်သန်ခွင့် မရကြသေးဘဲရှိနေပါတယ်။

Related Articles