Home ဆောင်းပါး ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးရဲ့ “ကိုတာစနစ်”အပေါ် အမျိုးသားခေါင်းဆောင်များ၏ အမြင် သဘောထားများ

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးရဲ့ “ကိုတာစနစ်”အပေါ် အမျိုးသားခေါင်းဆောင်များ၏ အမြင် သဘောထားများ

        

မယ်လွန်း။

ပြီးခဲ့တဲ့တပတ်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ၊ တတိယအစည်းအဝေး မှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့သဘာဝပတ်ဝန်းကျင်ဆိုပြီး ကဏ္ဍကြီး (၅)ခုကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီအစုအဖွဲ့၊ တိုင်းရင်းသားအစုအဖွဲ့တို့မှ အမျိုးသားအဆင့် ေဆွေးနွေးပွဲများက ရရှိလာတဲ့ အဆိုပြုလွှာများအပါ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။  ကဏ္ဍကြီး (၅)ခုထဲက နိုင်ငံရေးကဏ္ဍနဲ့ လူမှုရေးကဏ္ဍတို့ရဲ့ ကျားမဆိုင်ရာ တန်းတူညီမျှမှု ခေါင်းစဉ်ထဲမှာတော့ အမျိုးသမီးတွေ တောင်းဆိုနေတဲ့ ကျားမဆိုင်ရာ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတွေ မရှိရေးအတွက် မူတွေ ချမှတ်နိုင်ခဲ့ သလို ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမျိုးသမီးတွေ အနည်းဆုံး (၃၀)ရာခိုင်နှုန်း ပါဝင်ရမယ်ဆိုတဲ့ အချက်ကိုလည်း ဆွေးနွေးအောင်မြင်ခဲ့တယ်လို့ ယေဘူယျ သုံးသပ်နိုင်ပါတယ်။

ဒါပေမဲ့ လူမှုရေးကဏ္ဍရဲ့ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးမှာတော့ အမျိုးသမီးများ အ နည်းဆုံး (၃၀)ရာခိုင်နှုန်း ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်ဆိုတဲ့ တိကျတဲ့အချက် ပါဝင်ခဲ့ပေမယ့် နိုင်ငံ ရေးကဏ္ဍရဲ့ ဒုတိယအချက်မှာတော့ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး (၃၀)ရာခိုင်နှုန်း ပါဝင် ရေးကို အားပေးရန် ဆိုတဲ့အချက်ကြောင့် အမျိုးသမီးအစုအဖွဲ့နဲ့ အချို့ တိုင်းရင်းသားအစုဖွဲ့တွေကြားမှာ အားမရတဲ့ အနေအထားတွေ ရှိခဲ့ကြပါတယ်။

ဒါကြောင့် တတိယအကြိမ် (၂၁)ရာစု ပင်လုံအစည်းအဝေးရဲ့ အမျိုးသမီးပါဝင်ရေးဆိုင်ရာ မူချမှတ်ခဲ့တဲ့ အပေါ်နဲ့  လူမှုရေးကဏ္ဍနဲ့ နိုင်ငံရေးကဏ္ဍပါ အမျိုးသမီးအနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်နိုင်ရေးဆိုင်ရာ အခြေခံမူအချက်တွေအပေါ် တိုင်းရင်းသားခေါင်းဆောင်များနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ပါဝင်သူ ပညာရှင်များရဲ့ အမြင်သဘောထားများကို စုစည်းတင်ပြလိုက်ပါတယ်။

ဦးအောင်ကြည်ညွှန့် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ဦးအောင်ကြည်ညွှန့် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာအပါအဝင် တိုင်းရင်းသားတွေအားလုံးရဲ့ အစဉ်အလာနဲ့ ဥပဒေရေးရာ အချက် အလက်အရတော့ မြန်မာနိုင်ငံမှာ အရင်တုန်းက အမျိုးသမီးများကို သီးခြားကန့်သတ်ပြီးတော့ ခွဲခြား ပိတ်ပင်ထားတဲ့ ဥပဒေတွေ၊ ပြဌာန်းထုတ်ပြန်တာတွေ မရှိဘူး။ သဘာဝအားဖြင့်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေက အခြားပရဟိတလုပ်ငန်းတွေ၊ ဘာသာရေးဆိုင်ရာလုပ်ငန်းတွေ၊ အခုလက်ရှိအခြေအနေ မှာဆိုရင် ဌာနဆိုင်ရာဝန်ထမ်းအကြီးအကဲလုပ်ငန်းရပ်တွေနဲ့ ပညာရေးလောကတွေမှာဆိုရင် အမျိုးသမီး တွေဟာ အမျိုးသားတွေထက်ပိုပြီးတော့ ပါဝင်မှုများတာတွေ တွေ့ရတယ်။ ဒါပေမဲ့ ဘာမတွေ့နေရသေး ဘူးလဲဆိုတော့ တကယ့်နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဒီအပိုင်းတွေမှာ ကျတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုက နည်းနေသေးတယ်လေ။ နည်းနေသေးတဲ့အတွက်ကြောင့် ရိုးရိုးလူမှု ရေးအပြင်ကို ပိုပြီးတော့ ကျယ်ပြန့်တဲ့ ဒီနိုင်ငံရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရဲ့ အဆုံးအဖြတ်ပြုတဲ့ ကိစ္စရပ် တွေမှာ အမျိုးသမီးတွေ ပါဝင်လာဖို့ရန်အတွက် အမျိုးသမီးတွေအနေနဲ့လည်း ပိုပြီး နိုးနိုးကြားကြားဖြစ် လာသလို နိုင်ငံတော်ကလည်း အလေးအနက်ထားတယ်ဆိုတဲ့ ပုံသဏ္ဍာန်ကို ဒီ ၂၁ ရာစု တတိယပင်လုံ အစည်းအဝေးမှာ ဒီအမျိုးသမီးတွေရဲ့ကဏ္ဍတွေ အဓိကပါလာခြင်းအားဖြင့် မှန်းဆလို့ရတယ်လို့ သုံးသပ် ချင်တယ်။

အခုပင်လုံညီလာခံကနေပြီးတော့ ထွက်လာတဲ့ ဒီစကားရပ်တွေဟာ ပထမဆုံး ဘယ်မှာပါသွားမှာလဲဆို တော့ ပြည်ထောင်စုသဘောတူညီချက်မှာ ပါသွားမယ်။ နောက်ပိုင်းမှာ လိုအပ်လာရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဒီစကားလုံးတွေက ပါသွားမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီအသုံးအနှုန်းတိုင်း ပါသွားတယ်ဆို ရင်ကိုပဲ အဲဒါက အခြေခံမူတွေအဖြစ် အကျုံးဝင်သွားတယ်။ အင်အားရှိသွားတယ်။ တာဝန်ခံခြင်း ဖြစ်သွား တယ်။ ကတိကဝတ်ဖြစ်သွားတယ်လေ။ အဲဒီတော့ ဒီမှာနိုင်ငံရေးကဏ္ဍရဲ့ အပိုင်း ၂ မှာပေါ့နော်၊ ကဏ္ဍအသီး သီးတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရေးကို အားပေးရန်ဆိုတော့ အနည်းဆုံး ၃၀ ရာခိုင် နှုန်းပါလာရအောင် လက်ရှိ အဆင်သင့်မဖြစ်သေးပေမယ့်လည်း တဖြေးဖြေးနဲ့ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါသွားရအောင် အားပေးဖို့ဆိုတာက လိုလာတယ်။ အဲဒါက တချိန်မှာဆိုရင် ပြည်ထောင်စု သဘောတူ ညီချက်မှာရယ်၊ ဖွဲ့စည်းပုံမှာသော်လည်းကောင်း ပါလာမယ်ဆိုရင်  အဲဒီပါလာတဲ့အပေါ် မှာ မူတည်ပြီးတော့ ရှေ့ကို တဆင့်ချင်း ရှိနေတဲ့အခွင့်အလမ်းပေါ်မှာ မူတည်ပြီးတော့ ဖန်တီးဖော်ဆောင်သွားနိုင်တဲ့ အနေ အထားမျိုးမှာရှိတယ်လေ။ တပြိုင်နက်တည်းမှာပဲ လူမှုရေးကဏ္ဍမှာ ဘာပါလာတာ တွေ့ရလဲဆိုတော့ လူမှုရေးကဏ္ဍရဲ့ အပိုဒ် ၁ မှာလည်းလေ ဘယ်လိုထိပါလာလဲဆိုရင် ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေး၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်တဲ့နေရာမှာ ဆုံးဖြတ်ချက်ချတဲ့ အဆင့်တိုင်း အကောင်အထည်ဖော်တဲ့အဆင့်တိုင်းမှာ အမျိုးသမီးအနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရေးကို ကြိုးပမ်းဆောင် ရွက်သွားမယ်ဆိုတာ ပါလာပြန်တယ်လေ။ အဲတော့ ဒီ ၂ ခုကိုကြည့်လိုက်ရင် နိုင်ငံရေးကဏ္ဍရဲ့ အဆုံး အဖြတ်နဲ့ လူမှုရေးကဏ္ဍရဲ့ ဆုံးအဖြတ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် လူမှုရေးကဏ္ဍမှာကျတော့ သူ့ရဲ့ အဓိပ္ပါယ်က ဘယ်လိုလဲဆိုတော့ အမျိုးသမီးတွေကိုယ်တိုင်က ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်သလို နိုင်ငံရေးမှာပါဝင်တဲ့ ဆုံးဖြတ်ချက်အရဆိုရင် နိုင်ငံတော်အနေနဲ့ အားပေးသွားမယ်ဆိုတဲ့ အဓိပ္ပါယ် ရှိတယ်။ ဒီနှစ်ခုကို ဆက်စပ်ကြည့်လိုက်မယ်ဆိုရင် နောင်အနာဂတ်အတွက် အမျိုးသမီးတွေရဲ့ အခန်း ကဏ္ဍမှာ နိုင်ငံတော်အနေနဲ့ရော အမျိုးသမီးတွေအနေနဲ့ရော ပူးပေါင်းဆောင်ရွက်သွားနိုင် တဲ့အခွင့်အလမ်း တွေ ရရှိသွားစေနိုင်တယ်လို့ သုံးသပ်လို့ရတာပေါ့။

စိုင်းကျော်ညွှန့် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)

စိုင်းကျော်ညွှန့် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တွဲဖက်အထွေထွေအတွင်းရေးမှူး )

နိုင်ငံရေးကဏ္ဍမှာ ကျားမဆိုင်ရာ တန်းတူညီမျှမှု ဆွေးနွေးတယ်ပေါ့လေ။ အဲဒီမှာ သဘောတူညီမှု ၄ ချက် ရပါတယ်။ ပထမအချက်မှာက ကျားမဆိုင်ရာ လိင်ကွဲပြားမှုနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုမရှိစေရေးနဲ့ တန်းတူညီမျှရေးပေ့ါ။ ဒုတိယအချက်မှာက အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရေးပေါ့။ တတိယအချက်မှာက လိင်မှုအခြေပြုအကြမ်းဖက်တဲ့ ကိစ္စတွေပေါ့ဗျာ။ အဲဒီကိစ္စတွေကို ကာကွယ်တားဆီး တဲ့ အစီအစဉ်တွေ ချမှတ်ရမယ်ဆိုတဲ့ ပုံစံဖြစ်ပါတယ်။ စတုတ္ထအချက်ကတော့ အမျိုးသမီးများရဲ့ စွမ်းဆောင် ရည်မြှင့်တင်ပေးမယ်ပေါ့လေ။ ခြုံကြည့်မယ်ဆိုရင်တော့ ဒီနိုင်ငံမှာ ခါတိုင်းမကျင့်သုံးဖူးတဲ့၊ သဘောတူညီမှု မရဖူးတဲ့ ပြီးတော့ ဆွေးနွေးမှုမရှိဖူးတဲ့ အကြောင်းအရာတွေကို ဒီမှာဆွေးနွေးပြီး အတည်ပြုချက်ရယူနိုင်ခဲ့ တယ်ဆိုတဲ့ သဘောရှိပါတယ်။ ကျွန်တော့်အမြင်နဲ့ပြောရရင် ဒါတွေဟာ အရေးကြီးပါတယ်။ ဒီနိုင်ငံမှာ အမျိုးသမီးထုက ၅၀ ကျော် ၆၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အဲဒီတော့ ဒီအမျိုးသမီးထုရဲ့ အခွင့်အရေးတွေ၊ တန်းတူညီမျှမှုတွေကို ဒီသဘောတူညီမှုကနေတဆင့် နောက်နောင်ကျရင် ဥပဒေတွေ၊ မူဝါဒတွေ ပြဌာန်း ပြီးတော့ ကာကွယ်တာတို့၊ နောက်ပြီးတော့ အားပေးတာတို့၊ အကုန်လုံးပေါ့လေ လုပ်ဆောင်ပေးနိုင်မယ်လို့ မြင်ပါတယ်။

တကယ်တမ်းကျတော့ အမျိုးသမီးများကတော့ တကယ့် အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်လာအောင် မူဝါဒ တိကျစွာ ချမှတ်ဆောင်ရွက်ရမယ်ဘာညာဆိုပြီးတော့ အဲလိုပုံစံဆွေးနွေးတော့ ကျွန်တော်တို့ကိုယ်တိုင် လည်း အဲဒီအပေါ်မှာ ရပ်တည်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။ တကယ့်ကို မူဝါဒတွေ ချမှတ်ပြီး လုပ်ရမယ် ပေါ့လေ။ ဒါပေမဲ့ အစိုးရပိုင်းတို့၊ တပ်မတော်ပိုင်းတို့ကကျတော့ အဓိကက ဒါ ဖြစ်နိုင်ချေမရှိဘူး ဘာညာ ဆိုပြီးတော့ သူတို့ဖက်ကနေ ပြောတာပေါ့လေ။ ကျွန်တော်တို့ စေ့စပ်ညှိနှိုင်းတဲ့အခါကတော့ ဟိုဘက်သည် ဘက်ကို စေ့စပ်ရတယ်၊ ညှိနှိုင်းရတယ်ဆိုတော့ကာ။ ဒါပေမဲ့ အားပေးရန်ပဲပြောပြော၊ ကြိုးပမ်းရန်ပဲပြော ပြော၊ မြှင့်တင်ရန်ပဲပြောပြော တကယ်တမ်း ဒီဟာက ပြည်ထောင်စု သဘောတူစာချုပ်ဖြစ်တယ်။ ပြည် ထောင်စုသဘောတူစာချုပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့ Mandate က ကြီးပါတယ်။ သဘောကတော့ဖြင့် ဗျာ၊ မဂ္ဂဇင်းစာအုပ်တအုပ်ထဲမှာ ဒါမှမဟုတ် တနေရာရာမှာ ရေးထားတဲ့ ကြိုးစားရန်၊ အားပေးရန်ဆိုတဲ့ အရာနဲ့ ပြည်ထောင်စုသဘောတူစာချုပ်မှာ ရေးသားထားတဲ့ ကြိုးပမ်းရမယ်တို့၊ အားပေးရမယ်တို့က မတူပါဘူး။ ဒါက တကယ့်ကို အခြေခံမူဖြစ်သွားမှာပါ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကျရင်လည်း ဒါတွေဟာ ထည့်သွင်းပြဌာန်းလိုက်မယ်ဆိုရင် အားပေးရန်လို့ပြောတာက ဟုတ်ပြီ၊ ဘယ်လိုအားပေးမလဲဆိုတဲ့ အစီ အစဉ်တွေ၊ မူဝါဒတွေ ဥပဒေတွေအကုန်လုံး လုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ကတော့ ဘယ်လိုပဲရေးထားရေးထား အားကောင်းပါတယ်လို့ပဲ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။

ဦးသိန်းနိုင် (တိုင်းရင်းသားပညာရေးအကြံပေး)

ဦးသိန်းနိုင် (တိုင်းရင်းသားပညာရေးအကြံပေး)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ၊ တတိယအစည်းအဝေးမှာ ကဏ္ဍကြီး ၅ ခုကို ဆွေးနွေး ကြပါတယ်။ နိုင်ငံရေးကဏ္ဍရဲ့ ကျား၊ မ ဆိုင်ရာ တန်းတူညီမျှမှုခေါင်းစဉ်ထဲမှာ မူဝါဒသဘောတူဆုံးဖြတ် ချက် ၄ ချက်နဲ့ လူမှုရေးကဏ္ဍရဲ့ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုဖွံ့ဖြိုးရေး ဆိုင်ရာ ခေါင်းစဉ်ထဲမှာ ကိုတာစနစ်ကို ထည့်သွင်းခဲ့ကြပါတယ်။ အနာဂတ် ဖက်ဒရယ် လူမှုအသိုက်အမြုံအတွက် ဂျန်ဒါဆိုင်ရာ အလားအလာကောင်းတွေအနေနဲ့ သုံးသပ်မိပါတယ်။ စိန်ခေါ်မှုတွေ အများကြီးရှိနေဆဲ၊ ရှေး ရိုးစွဲ လူမှုပတ်ဝန်းကျင်မှာ ကျား၊မ ဂျန်ဒါ ကိစ္စရပ်တွေကို မူဝါဒအာမခံချက် ကြိုးပမ်းကြတာဟာ လူမှု အသိုက်အဝိုင်းတရပ်လုံးအတွက် တန်ဖိုးရှိတဲ့တိုးတက်မှုဖြစ်ပါတယ်။ နိုင်ငံရေးအရ ငြင်းခုံဆွေးနွေးခဲ့ကြရပေ မယ့် ဂျန်ဒါကိစ္စရဲ့ မူဝါဒအရေးကြီးမှုအပေါ်မှာတော့ ပါဝင်တဲ့ အစုအဖွဲ့ ၅ ဖွဲ့စလုံးက သဘောညီမျှမှု ရရှိကြပါ တယ်။

ကျွန်တော်ကတော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အစုအဖွဲ့ (NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့) ရဲ့ လူမှုရေးကဏ္ဍ နည်းပညာ အကြံ ပေးအနေနဲ့ ညီလာခံမတိုင်မီ EAOs နဲ့ UPDJC လုပ်ငန်းကော်မီတီ အစည်းအဝေးများကိုလည်း တက်ရောက်ခဲ့ရပါတယ်။ မူဝါဒပိုင်းဆိုင်ရာ ပြင်ဆင်ရေးဆွဲမှုများနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေမှာလည်း ပါဝင် ကူညီခဲ့ပါတယ်။ လူမှုရေးကဏ္ဍရဲ့ ပထမဆုံး သဘောတူညီချက်နဲ့ နိုင်ငံရေးကဏ္ဍရဲ့ ကျားမဆိုင်ရာ တန်းတူညီမျှမှုတွေဟာ ဆက်စပ်မှုအများကြီးရှိနေတယ်။ နိုင်ငံရေးကဏ္ဍရဲ့ ဒုတိယအချက်ဖြစ်တဲ့ ကဏ္ဍ အသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးရန်ဆိုတဲ့အချက်နဲ့ လူမှု ရေးကဏ္ဍရဲ့ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးမှာတော့ အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်ဆိုတဲ့ အချက် ၂ ချက်ဟာ ကိုတာစနစ်ကို ကျင့်သုံးဖို့ မူဝါဒပိုင်းဆိုင်ရာ စတင်လာတာဖြစ်ပါတယ်။ ဒါပေမယ် ခြားနားချက် ရှိနေတာကို တွေ့နိုင်ပါတယ်။ စာသား၊ စကားလုံး စကားရပ်တွေကို အများကြီး ညှိနှိုးဆွေးနွေးကြရတာပါ။ အားပေးရန်လို့ အဆုံးသတ်ထားတဲ့ အပေါ်မှာတော့ မူဝါဒအတွက် အားပျော့နေပြီးတော့ အမှန်တကယ် အရေးကြီးလှတဲ့ ကိုတာစနစ် မထိ ရောက်မှာ၊ အကောင်အထည်ဖေါ်တဲ့နေရာမှာ ကျားမ တန်းတူညီမျှမှု အခြေခံ မရရှိမှာကို စိုးရိမ်စိတ်ပူကြ တာမျိုး ရှိနေပါတယ်။ ဒီထက်ကို ပိုမို ခိုင်မာတဲ့၊ လက်တွေ့ အကောင်အထည်ဖေါ်တဲ့အခါမှာ ထိရောက်မယ့် အသုံးအနှုန်းမျိုးကို လိုချင်ကြတာပါ။ အစုအဖွဲ့ ၅ ဖွဲ့စလုံး သဘောတူနိုင်ပြီး မူဝါဒ ရှေ့ဆက်နိုင်ဖို့၊ ငြိမ်း ချမ်းရေးညီလာခံ ရှေ့ဆက်လှမ်းနိုင်ဖို့ ညှိနှိုင်းရင်း ဒီအချက်က အတည်ဖြစ်ခဲ့တယ်။ ဒီမူဝါဒတွေဟာ အကျပ်အတည်းရှိနေဆဲ ဂျန်ဒါကိစ္စရပ်များအတွက် လမ်းစတစ်ခုလို့ ရှုမြင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများရဲ့ နိုင်ငံရေးအခန်းကဏ္ဍနဲ့ နိုင်ငံရေးစွမ်းဆောင်ရည် မြင့်တက်လာဖို့ မျှော်လင့်ပါတယ်။ ညီလာခံမတိုင်မီနဲ့ ညီလာခံကာလမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးရေးလှုပ်ရှားဆောင်ရွက် နေကြတဲ့ civil societies CSOs များရဲ့ ပါဝင်ကူညီမှုတွေ၊ မူဝါဒပိုင်းဆိုင်ရာ အကြံပေးမှုတွေဟာလည်း အများကြီး အဖိုးတန်ပါတယ်။ လက်တွေ့လူမှုဘဝထဲက အသံတွေကို ကြားနာခွင့်၊ ခံစားခွင့်နဲ့ မူဝါဒပိုင်း ဆိုင်ရာမှာ ထည့်သွင်းစဉ်းစားနိုင်ဖို့ အချက်အလက်တွေ အများကြီး အထောက်အပံ့ဖြစ်ခဲ့ပါတယ်။ တကယ် တော့လည်း အခုချမှတ်ခဲ့ကြတဲ့ ကိုတာစနစ်ကို အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအတွက်တင် မဟုတ်ဘဲ အခုအချိန်ကစပြီးတော့ အသက်သွင်းလို့ လက်တွေ့လူမှုဘဝထဲမှာ ချက်ခြင်း အသုံးပြုနိုင်ရင် သိပ်ကောင်းမှာပဲလို့ အကြံပြုချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဦးမျိုးဝင်း (UPDJC အတွင်းရေးမှူးအဖွဲ့ဝင်)

ဦးမျိုးဝင်း (UPDJC အတွင်းရေးမှူးအဖွဲ့ဝင်)

ကျားမတန်းတူညီမျှရေးနဲ့ ပတ်သက်ပြီးတော့ EAO အဖွဲ့က တင်ပြတာကတော့ အခြေခံမူ ၇ ချက်ကို တင်ပြ တာပေါ့နော်။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုမရှိဖို့ရယ်၊ ပါဝင်မှုမြှင့်တင်နိုင်ဖို့အတွက် မူတွေရှိဖို့ရယ်၊ သူတို့ရဲ့ အကာအကွယ်ရှိရမယ့် ဥပဒေတွေရယ်၊ မူတွေရယ်ကို ပြင်ဆင်ပြီးတင်ပြတာပေါ့။ အခုရရှိထားတဲ့ မူတွေကို ပြောမယ်ဆိုရင်တော့ အကောင်းဆုံးမဟုတ်ဘူးဆိုပေမယ့်လည်းပဲ အမျိုးသမီးပါဝင်မှုကို မြှင့်တင် နိုင်ဖို့အတွက် အစပြုမှုတခုလို့ပဲ မှတ်ယူတယ်။ အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ အကောင်အထည်ဖော်ရမလဲဆိုတာ အကောင်ထည်ဖော်မယ့် မူဝါဒကျဖို့လုပ်တာကိုး။ တကယ် ၃၀ ရာခိုင် နှုန်းကျအောင်ကို ဘယ်နည်းလမ်းနဲ့သွားမလဲပေါ့။ နိုင်ငံရေးအရ ဖြစ်စဉ်မှာ၊ လုပ်ငန်းအကောင်အထည်ဖော်မှု ဖြစ်စဉ်မှာ အမျိုးသမီးပါဝင်မှုအတွက်ပေ့ါ။ အားပေးရန်ဆိုတဲ့ဟာလောက်ပဲပြောတာကိုး၊ အားတော့မရဘူး ပေါ့။ ဆိုလိုတာက ကျားမတန်းတူညီမှုရှိရမယ်၊ ခွဲခြားဆက်ဆံမှုမရှိရဘူးဆိုတဲ့ မူတခုတော့ ရပြီပေါ့။ အမျိုး သမီးပါဝင်မှုဆိုတာက အားပေးရန်ဆိုတဲ့ အဆင့်လောက်ပဲ ရှိနေသေးတော့ အားရသလားတော့ ပြောရင် တာ့ အားတော့ မရသေးဘူး။ ဒါပေမဲ့ အစပျိုးမှုတခုအနေနဲ့တော့ တဆင့်ပြီးတဆင့် ကြိုးပမ်းဆောင်ရွက်သွား ရမယ်လို့မြင်ပါတယ်။

EAO မှာကျတော့ အမျိုးသမီးတွေ ပါဝင်ရေးနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ အသိပညာပေးမှုတွေ ဆောင် ရွက်ခဲ့တာကိုး။ ပွင့်ပွင့်လင်းလင်းပြောရရင် EAO မှာရှိနေပြီပေါ့နော်။ ဒါပေမဲ့ လက်တွေ့အကောင်အထည် ဖော်မှုမှာလည်း EAO အဖွဲ့မှာ လိုအပ်နေပါသေးတယ်။ ပြည်တွင်းမှာကျတော့ အဲဒီလိုမျိုး အမျိုးသမီးပါဝင်မှု ကို မြှင့်တင်မှုနဲ့ အမျိုးသမီးပါဝင်မှုအခန်းကဏ္ဍကို အလေးထားဖို့ Political Will (နိုင်ငံရေးဆန္ဒ) ဖြစ်ဖို့တောင် ကြိုးပမ်းရဦးမယ့်အနေအထားမှာရှိတယ်။ ဆိုလိုတာက အမျိုးသမီးပါဝင်မှုအတွက် မြှင့်တင်ရမယ်ဆိုရင် တောင် ဆောင်ရွက်ရမယ့်အပိုင်းတွေက အများကြီးရှိတာကိုး။ ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ၊ ပါတီ ဥပဒေအရ၊ ရွေးကောက်ပွဲဥပဒေကအစ ပြင်ရမှာတွေ အများကြီးပဲလေ။ အဲဒါတွေအပြင် Affirmative Action (ယာယီအထူးလုပ်ဆောင်ချက်) လုပ်ပေးရမယ့်ဟာတွေလည်းရှိတယ်။ ဒါပေမဲ့ Affirmation Action နဲ့သွားဖို့ လိုအပ်တယ်ဆိုတဲ့ အချက်အထိက အမြင်တွေမတူသေးဘူးလေ။  နှစ်ခုစလုံးကို တပြိုင်တည်း ကြိုး ပမ်းရလိမ့်မယ်ထင်တယ်။ တဖက်မှာတော့ ပါဝင်သင့်ပါဝင်ထိုက်တဲ့အခြေအနေမျိုး တာဝန်ယူနိုင်ဖို့အတွက် အမျိုးသမီးတွေကိုယ်တိုင်က အရည်အချင်းရှိရမှာဖြစ်သလို တဖက်မှာလည်း ပါဝင်နိုင်ဖို့အတွက်ကို လမ်းဖွင့် ပေးရမယ်ထင်တာပဲ။ တပြိုင်တည်း နှစ်ခုစလုံးကို ရည်မှန်းပြီး အကောင်အထည်ဖော်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။

နိုင်ထောရော့ (မွန်အမျိုးသားပါတီ)

နိုင်ထောရော့ (ဗဟိုအလုပ်အမှုဆောင်- မွန်အမျိုးသားပါတီ)

ကျွန်တော့်အမြင်ကတော့ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်မှုက တော်တော်လေးကို အကျိုးရှိတယ်။ အမျိုး သမီးပါဝင်မှုအတွက်က ဖွဲ့စည်းပုံထဲမှာတောင် မရေးသားနိုင်ခဲ့သေးဘူး။ ဒီညီလာခံမှာကျ ရေးသားနိုင်ခဲ့တယ် ဆိုတော့ တော်တော်လေးအားရတာပေါ့။

ကျွန်တော်တု့ိ ပါတီဘက်ကပဲဖြစ်ဖြစ်ဖြစ် ဒီမွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ အတည်ပြုထားတာ က ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ပဲ။ အားပေးတာကျတော့ ဒီညီလာခံကျမှ သူတို့ဘက်က အားပေးရန်ထည့်ဖို့ ဆိုတော့ ကျွန်တော်တို့ကလည်း အနည်းအများအပေါ်မူတည်ပြီး ဆုံးဖြတ်လာခဲ့ရတယ်ဆိုတော့ အားရမှု တော့မရှိဘူးပေါ။ လူမှုရေးဘက်ခြမ်းမှာတော့ အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရန်ကို ဒီအတိုင်းပဲ အဆိုတင် သွင်းထားတဲ့အတိုင်းပဲ အတည်ပြုသွားပေးတာ အားရတာပေါ့။ ဒါပေမဲ့ အားပေးရန်ဆိုတဲ့ဟာက ၃၀ ရာ ခိုင်နှုန်းပါဝင်ဖို့ကို အတည်ပြုတာမျိုးမဟုတ်ပဲနဲ့ ၃၀ ရာခိုင်နှုန်းပါဝင်ဖို့အတွက်ပဲ အဖွဲ့အစည်းတခုခုဖြစ်ဖြစ် နိုင်ငံရေးကဏ္ဍပဲဖြစ်ဖြစ် အစိုးရရဲ့ လုပ်ငန်းဆောင်တာတခုခုပဲဖြစ်ဖြစ် ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ကို အတိအကျ မပြောထားပဲနဲ့ ပါဝင်ဖို့ပဲ အားပေးတယ်ဆိုတော့ မပြည့်လည်းရတယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ ကျွန်တော်တို့ အမြင်ကျတော့ အဲဒီလိုအမြင်မျိုးရှိတော့ရှိတာပေ့ါ။ ၃၀ ရာခိုင်နှုန်းက  ထည့်သွင်းထားရမယ့် အချက်ပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေအရ ကျွန်တော်တို့ မွန်မှာဆိုလည်း အဲဒီအတိုင်းပဲ၊ အမျိုးသမီးတွေက အိမ်ထောင်ကျသွားပြီးရင်တော့ အစိုးရလုပ်ငန်းမှာ၊ နိုင်ငံရေးဘက်မှာ အားမပါတော့ဘူးလေ။ အိမ်တွင်းမှုကိစ္စနဲ့ အကုန်လုံး အချိန်ပေးသွားတော့ နိုင်ငံရေးကိစ္စ ဆောင်ရွက်တဲ့ ကိစ္စမှာ အားမရှိတော့ဘူး။ အရည်အချင်းအားနည်းတာမဟုတ်ဘူး၊ အရည်အချင်းပြည့်မှီတဲ့ အမျိုးသမီးတွေ တောင် အိမ်ထောင်သားမွေးပြုလာတဲ့အခါကျရင် သူတို့ရဲ့ ယဉ်ကျေးမှုအခြေအနေအရရော၊ နောက်တော့ နိုင်ငံရဲ့ လူမျိုးရေးအသွင်သဏ္ဍန်အနေနဲ့ရော မိသားစုအရေးကိစ္စနဲ့ သူတို့က လုံးပန်းသွားတာ များတယ်။ နိုင်ငံရေးကိစ္စကို ရှောင်လွှဲသွားတာများတယ်။ မိရိုးဖလာအစဉ်အလာရ ဒီအတိုင်းပဲ သွားနေကြတာကိုး။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတခု ပြန်လည်တည်ထောင်တဲ့နေရာမှာ စီးပွားရေးအရရော၊ ဒီမိုကရေစီ အခြေခံတဲ့ မူအရရော အမျိုးသမီးတွေပါဖို့ တွန်းအားပေးရမှာပဲ။ ဒီနိုင်ငံမှာ အမျိုးသမီးက အများစု ဖြစ်နေတယ်လေ။ ဒီစာချုပ်ထဲမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ထည့်သွင်းသွားနိုင်တယ်ဆိုရင် နောင်အခါလာမယ့် အမျိုးသမီး ကဏ္ဍမှာ ပိုပြီးတော့ အားရတာပေါ့။

နဲနယ်ပလိုး (KNPP)

နဲနယ်ပလိုး (KNPP-၂၁ ရာစုပင်လုံတက်ရောက်သည့် ကိုယ်စားလှယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ)

အမျိုးသမီးအခန်းကဏ္ဍကို အာမခံချက်တခုပြီးသွားတယ်လို့ သုံးသပ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည်ဆောက်တဲ့အခါမှာ ဒီကျားမတန်းတူရေးရာနဲ့ အမျိုးသမီးအခွင့်အရေးကို ထည့်သွင်းစဉ်းစား သွားဖို့ ဆိုပြီးတော့ အခြေခံမူအဖြစ်နဲ့ အာမခံချက် ချထားပေးတယ်လို့ မြင်တယ်ပေါ့။ ဆွေးနွေးချက်ကတော့ လွယ်လွယ်လေးနဲ့ မရခဲ့ပါဘူး။ ကျွန်တော်တို့ဆီမှာ ကျားမရေးရာနဲ့ပတ်သက်ပြီး အထူးသဖြင့် ကျားမတန်း တူရေးနဲ့ပတ်သက်ပြီးတော့ အမြင်တွေက အမျိုးမျိုးရှိတဲ့ထဲမှာ ဘယ်လိုပြောရမလဲ၊ ခက်ခက်ခဲခဲနဲ့ နားလည် အောင်ပြောယူရတဲ့ ရှေးရိုးစွဲတဲ့အမြင်တွေက အများကြီးရှိနေတော့ ဆွေးနွေးတဲ့အခါမှာ ကိုယ်စားလှယ် တွေက တော်တော်နဲ့ကို ခက်ခက်ခဲခဲ ဆွေးနွေးယူရတယ်။ နိုင်ငံရေးကဏ္ဍမှာကျတော့ အမျိုးသမီး ပါဝင်ရေးကို ပိုပြီးတော့ ခက်ခက်ခဲခဲဆွေးနွေးရတဲ့ နေရာမှာရှိတော့  ပါဝင်ဆွေးနွေးသူတွေက အာမခံချက် ပေးနိုင်ဖို့အတွက်က သူတို့မှာ ရှေးရိုးစွဲအမြင်တွေကြောင့်ပဲလား၊ ဘာကြောင့်လဲတော့မသိဘူး၊ ဒါပေမဲ့ အဲဒီ လို ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ ကြိုးပမ်းသွားမယ်ဆိုတာကို အတိအကျမပြောနိုင်ဘူး။ အားပေးသွားမယ်ဆိုတဲ့ လွတ်သာရှောင်သာ အသုံးအနှုန်းနဲ့ပဲ ဆုံးဖြတ်ချက်ကျသွားခဲ့ရတယ်။

လုပ်ရမယ့်အရာက တပြိုင်တည်းနှစ်ခုရှိတယ်။ တဖက်မှာက အမျိုးသမီးတွေရဲ့ စွမ်းရည်မြှင့်တင်နိုင်ဖို့အတွက် အစီအစဉ်တွေချရမယ်။ တဖက်မှာကျတော့ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကိုလည်း နေရာပေးဖို့ လို တယ်။ အရည်အချင်းရှိတဲ့အမျိုးသမီးတွေက ကျွန်တော်တို့နိုင်ငံရဲ့အစဉ်အလာအရ ဘေးဖယ်ခံလိုက်ရတာ မျိုးတွေ၊ နောက်မှာ ချန်ထားခံခဲ့ရတာမျိုးတွေများတယ်။ အဲဒါတွေကိုလည်း နေရာပေးဖို့ တပြိုင်နက်တည်း လုပ်ဖို့လိုတယ်။ အဲလိုလုပ်တဲ့အခါမှာ ဥပဒေအရ အာမခံချက်တော့ လုပ်ဖို့လိုတယ်။ တကယ်လို့ လူတွေက သူတို့ရဲ့ ဆန္ဒကိုပဲ သူတို့သဘောအတိုင်းပဲ အလိုက်သိမှုနဲ့ပဲ လုပ်ခိုင်းမယ်ဆိုရင် အမျိုးသမီးတွေ ပိုပြီးတော့ ပါဝင်လာဖို့ စတာတွေက ဖြစ်လာမှာမဟုတ်ဘူး။ အကြောင်းအမျိုးမျိုးပေါ်လာလိမ့်မယ်။ အမျိုးသမီးတွေ မပါရအောင် လုပ်ဆောင်မှုတွေ အမျိုးမျိုးပေါ်လာလိမ့်မယ်။ အဲဒါကြောင့်မို့ ဥပဒေအရ အာမခံချက်ကိုက ပေးထားရမယ်။

ပဒို အယ်ကလူစေး (UPDJC နိုင်ငံရေးကဏ္ဍ လုပ်ငန်းကော်မတီ အဖွဲ့ဝင်)

ပဒို အယ်ကလူစေး (UPDJC  နိုင်ငံရေးကဏ္ဍ လုပ်ငန်းကော်မတီ အဖွဲ့ဝင် – KNU)

လူ့အဖွဲ့အစည်းတခုလုံး ပြုပြင်ပြောင်းလဲတဲ့နေရာမှာ အလွှာအသီးသီးနဲ့ အကုန်လုံးပါဝင်ပြီးတော့မှ ပြုပြင် ပြောင်းလဲဖို့လိုတယ်။ အဲဒါကြောင့်မို့လို့ အမျိုးသမီးပါဝင်ဖို့က အရမ်းလိုအပ်တယ်။ ကျွန်တော်တို့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေက ဒီမိုကရေစီအခွင့်အရေးရှင်သန်ဖို့အတွက် တိုင်းရင်းသားတွေရဲ့အခွင့်အရေး၊ အမျိုး သမီးတွေရဲ့အခွင့်အရေးတွေ ဒါတွေအားလုံးဟာ ဆက်စပ်ပြီးတော့မှ ပြုပြင်ပြောင်းလဲရေးတခုလုံးမှာ အဓိက လိုအပ်တယ်ပေါ့။

ကျွန်တော်တို့ပါဝင်တဲ့ နိုင်ငံရေးကဏ္ဍဆွေးနွေးတဲ့ဘက်မှာကျတော့ အနည်းဆုံး အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်အောင် ကြိုးပမ်းသွားမယ်၊ အားပေးသွားမယ်ဆိုတာထက် ကျွန်တော်တို့က အမှန်တကယ်က Commitment ရှိတဲ့ အာမခံချက်တခုရှိဖို့လိုတယ်ဆိုတဲ့အခြေခံနဲ့ ချဉ်းကပ်ပြီးတော့ ဆွေးနွေးတာပေ့ါလေ။ တကယ်ဆို လူမှုရေးကဏ္ဍက အမှန်တကယ်က နိုင်ငံရေးကဏ္ဍရဲ့အဆက်ပဲလေ။ အဲဒါကြောင့် နိုင်ငံရေး ကဏ္ဍက ပိုအဓိကကျတယ်။ ပိုအဓိကျကတော့ လူမှုရေးကဏ္ဍမှာ ကြိုးပမ်းသွားမည်ဆိုတဲ့အတိုင်းအတာ လောက်က ပြောမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် အတိုင်းအတာတခုအနေနဲ့တော့ လက်ခံလို့ရတယ်ပေါ့နော်။ နိုင်ငံ ရေးဘက်မှာကျတော့ အဲဒီလောက် အားရကျေနပ်မှုမရှိဘူးလေ။ ကြိုးပမ်းသွားမည်ထက်မကပဲနဲ့ အာမခံ ချက်ရှိတဲ့ ကတိကဝတ်တခုရှိဖို့အထိ တွန်းပြီး ဆွေးနွေးခဲ့တယ်။ အမျိုးသမီးအနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင် ရေးအတွက် မူဝါဒချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဆိုတဲ့အချက်ကနေ ချဉ်းကပ်ခဲ့ တယ်။ ဆွေးနွေးတဲ့သူတွေကြားမှာ မတူညီတဲ့ ရပ်တည်မှုတွေနဲ့ စဉ်းစားမှုနဲ့ တွေးခေါ်မှု ယူဆမှုတွေ အပေါ် မှာ “အားပေးသွားမည်”ဆိုတာက ကြားကနေ ပါသွားတာပေါ့။ နောက်ဆုံးတော့ လက်ခုပ်တီးပြီး အားပေး သွားမယ်ဆိုတဲ့ အခြေအနေမျိုးပဲဖြစ်သွားတာပေ့ါ။

ခွန်ဥက္ကာ (ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်) (ဓါတ်ပုံ – Global News Lights of Myanmar)

ခွန်ဥက္ကာ (နာယက၊ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်)

နိုင်ငံရေးဆွေးနွေးရေးဆုံးဖြတ်ချက်လို့ပြောရင် မူပဲချလို့ရတယ်။ လက်တွေ့လုပ်ရမှာက သက်ဆိုင်ရာ နိုင်ငံ ရေးပါတီတွေ၊ သက်ဆိုင်ရာအစုအဖွဲ့တွေမှာ ကိုယ့်ဟာကိုယ် အကောင်အထည်ဖော်ရမှာဖြစ်တာကိုး။ မဖြစ် မနေ ကိုယ်စားပြုရမယ်ဆိုတဲ့ ကိုတာစနစ်ဆိုရင်တော့ ပြဿနာက အရည်အချင်းပြဿနာပေါ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ကိုတာစနစ်ကို လက်မခံချင်ဘူး။ အရည်အချင်းကို လက်ခံချင်တဲ့အခါ ကျတော့ အရည်အချင်းဖြစ်လာအောင်လုပ်ဖို့နဲ့ အခွင့်အလမ်းဖွင့်ပေးဖို့လိုတယ်၊ အဲဒါကတော့ အဓိကပါပဲ။ နိုင်ငံရေးမှာကျတော့ အရည်အချင်းနဲ့ဆိုင်တော့ သူ့ကိုသွားပြီးတော့ အချိုးကျသဘောမျိုး ပုံသေ Affirmation Action (ယာယီအထူးလုပ်ဆောင်ချက်) သဘောမျိုး သွားပြီးတော့ ကိုတာပေးလိုက်ရင် နိုင်ငံရေးမှာ ကိုတာမပြည့်မချင်း ထည့်နေရမယ်ဆိုတော့ အရည်အချင်းမှာ စကားပြောလာတတ်တယ်။ အဲဒါ ကြောင့်။ မိမိသက်ဆိုင်ရာအဖွဲ့အစည်းတွေက အခွင့်အရေးကိုသာ ပေးလိုက်၊ ဥပမာ – ပါတီတခုမှာ ၃ ယောက် အမတ်စာရင်းပေးရင် အမျိုးသမီးအမတ်တယောက်ပါထည့်လိုက်၊ အဲဒီမှာ လူကြိုက်များလို့ အမျိုး သမီးအမတ်က မဲရရင် သူနိုင်သွားတာပဲ။ အစတည်းက မထည့်ရင်တော့ သူအခွင့်အလမ်းမရှိတော့ဘူးလေ။ အဲဒါကြောင့် အခွင့်အလမ်းတော့ ပေးပါ။ အဲဒီသဘောမျိုး အားပေးရန်ဆိုတာကို ပြောတာ။ စွမ်းရည်မြင့်တဲ့ အမျိုးသမီးတွေ တပုံကြီးပဲ။ ဒီလွှတ်တော်ထဲမှာလည်း အများကြီးရှိပါတယ်။ သူတို့ဆွေးနွေးတာတွေ၊ တင်ပြ တာတွေ ကဏ္ဍအလိုက် ဆွေးနွေးတာတွေ နားထောင်ရတာ လွှတ်တော်မှာရောက်နေတဲ့ အမျိုးသမီးတွေရဲ့ ဆွေးနွေးချက်တွေက ကဏ္ဍပေါင်းစုံမှာ ဆွေးနွေးနိုင်တယ်။ ကျွန်တော်တို့ လုံခြုံရေးကဏ္ဍမှာ မနှစ်ကဆိုရင် လွှတ်တော်အမတ် အမျိုးသမီးအတော်များများက လုံခြုံရေးကဏ္ဍကို ကောင်းကောင်းသိတယ်၊ ကောင်း ကောင်းလည်းဆွေးနွေးနိုင်တယ်။ အထင်သေးလို့မရဘူး။ သူတို့ရဲ့ လေ့လာမှုအားကောင်းကြတယ်။ သို့သော် သူ့ပါတီနဲ့သူ ကိုယ့်အဖွဲ့နဲ့ကိုယ် ဒီနေရာပေးတဲ့နေရာမှာ တဖွဲ့ချင်းက ဆုံးဖြတ်ရမှာကိုး။ သွားပြီးတော့ အမိန့် ပေးလု့ိမရဘူး။ သူ့အဖွဲ့အတွင်းမှာ ဘယ်မူဝါဒကျင့်သုံးသင့်တယ်ဆိုပြီးတော့ပဲ မေတ္တာရပ်ခံလို့ရတယ်။

Related Articles