နန်းဆိုင်နွမ်။ ။
“ ကိုယ်တွေတောင် မုဒိမ်းကျင့်စိတ်ပေါက်ပြီ” “ သူလုပ်မှပဲ ၃၇၆ ကို ဖိတ်ခေါ်နေသလို” ဆိုတဲ့မှတ်ချက်တွေနဲ့ ဘိုရာ ခေါ် မသက်သက်ဝေရဲ့ပုံဟာ လူမှုကွန်ရက်စာမျက်နှာ ပြန့်နှံ့နေခဲ့ပါတယ်။
ကာယဗလမယ်တဦးအဖြစ် လူသိများတဲ့ဘိုရာဟာ “ မုဒိမ်းမှုမှန်သမျှ ထိရောက်စွာ အရေးယူပါ” ဆိုတဲ့ လှုပ်ရှားမှု မှာပါဝင်ခဲ့စဉ် ဘောင်းဘီတိုနဲ့ အင်္ကျ ီချိုင်းပြတ်ဝတ်ပြီး စာစောင်တွေ ဖြန့်ဝေနေတဲ့ပုံတွေကို လူမှုကွန်ရက်စာမျက်နှာ လူတချို့က ဖြန့်ဝေခဲ့တာပါ။
ချိုင်းပြတ်နဲ့ဘောင်းဘီတိုဝတ်ပြီး လှုပ်ရှားမှုလုပ်ရင် ပတ်ဝန်းကျင်က ဘယ်လိုတွေးကြမလဲ၊ ဘယ်လိုမြင်ကြမလဲဆို တာ သိလိုတဲ့စိတ်ကြောင့် ဒီလိုဝတ်လိုက်တာဖြစ်တယ်လို့ ဘိုရာက ဆိုပါတယ်။
ဘိုရာဟာ ချိုင်းပြတ်နဲ့ ဘောင်းဘီတိုဝတ်ဆင်ကာ အိမ်ကနေစထွက်ချိန်ကစပြီး လမ်းတလျှောက်လုံး လိင်ပိုင်းဆိုင် ရာထိပါးနှောက်ယှက်မှု (Sexual Harassment) လုပ်ကြတာကို ခံရကြောင်း၊ ဖြတ်သွားသမျှ ယောကျ်ားအများစုက “ ဝတ်မနေပါနဲ့တော့ကွာ” “ လန်းတယ်နော်..လှချက်” စတဲ့နှုတ်သရမ်းမှုတွေလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
“ မိန်းကလေးတွေ ဘယ်လို ဝတ်နေဝတ်နေ စနောက်ခံနေရတာပါပဲ။ ဘိုရာဘောင်းဘီရှည်၊ စကပ်ဒူးဖုံးဝတ်လည်း စချင်ရင် စနောက်ခံရတာပဲ။ ကျမအဝတ်အစားနဲ့ ပတ်သက်ပြီး အတိုက်အခံလုပ်တာ ယောကျ်ားလေးတွေများ တယ်” လို့ ဘိုရာကပြောပြပါတယ်။
ဆက်လက်ပြီး ဘိုရာဟာ ဘောင်းဘီတိုနဲ့ အင်္ကျီချိုင်းပြတ်ဝတ်ပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေချိန်မှာ ဖြတ် သွားသမျှ ယောကျာ်းကြီးငယ် အရွယ်မရွေး အများစုက ” မုဒိန်းမှုပပျောက်ရေးအတွက်လည်း ပြောသေးတယ်.. ဝတ်ထားတာက ဘယ်လိုကြီးလဲဟ” ဆိုတဲ့ အကြည့်တွေနဲ့ လက်ကမ်းပေးတဲ့ စာစောင်ကို လှမ်းယူရင်း ဘိုရာ့ကို အကြည့်ပေါင်းတထောင်နဲ့ ကြည့်ခဲ့ကြတယ်လို့လည်း ဘိုရာက ပြန်လည်ပြောပြပါတယ်။
စိတ်မကောင်းစရာကတော့ မြန်မာနိုင်ငံမှာ မုဒိန်းမှုဖြစ်ပွားနေတာတွေနဲ့ ပတ်သက်လို့ အမျိုးသမီးတွေ အရက်သေ စာသောက်စားလို့၊ အဝတ်အစားအတိုအပြတ်တွေ ဝတ်ဆင်လို့ မုဒိမ်းမှုတွေ တိုးပွားလာရခြင်းဖြစ်တယ်ဆိုတဲ့ ပြည် ထဲရေးဝန်ကြီးဌာနရဲ့ကောက်ချက်နဲ့ သတင်းထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။
မုဒိမ်းမှုတွေ ကျူးလွန်ရတဲ့ အဓိကအကြောင်းရင်းက မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်မှုကြောင့်ဖြစ်လို့ ဒါကို ဆရာသမား၊ လူကြီးမိဘနဲ့ မီဒီယာတွေက ဝိုင်းဝန်းတည့်မတ်ပေးကြရမယ်လို့ ရဲတပ်ဖွဲ့ကလည်း ထုတ်ပြန်ခဲ့ပါ သေးတယ်။
ဒါ့အပြင် အစိုးရသတင်းစာတွေမှာလည်း အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှု မတတ်တဲ့အတွက် အဝတ်အစားလုံခြုံ အောင် အရင်ဝတ်ပါဆိုတဲ့ ကာတွန်းသရုပ်ဖော်ပုံတွေ ပါလာတဲ့အပေါ်မှာလည်း လူတွေက ဝေဖန်နေကြပါတယ်။
အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှုကြောင့် မုဒိမ်းမှုဖြစ်ပွားရတယ်ဆိုတဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် ကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ကွန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ ညီမျှခြင်းမြန်မာ ဒါရိုက်တာဦးအောင်မျိုးမင်းက “ ကျနော်တို့ကတော့ ဒီလိုသုံးသပ် ချက်ကို မှားယွင်းတယ်လို့ ယူဆတယ်။ ကျူးလွန်တဲ့သူအပေါ်မှာ အများကြီးပေါ်မူတည်တယ်။ မိန်းကလေးဆိုရင် ကျူးလွန်လို့ရတယ်။ ကလေးဆိုရင် ကျူးလွန်လို့ရတယ်။ ဆိုတဲ့စိတ်ထားမျိုးရှိနေရင်တော့ကျူးလွန်မှာပဲ” လို့ ဆိုပါ တယ်။
ဆက်လက်ပြီး ဦးအောင်မျိုးမင်းက “ အဝတ်အစားကို ပြောရင် အဝတ်အစားလုံလုံခြုံခြုံဝတ်ထားရင် မုဒိမ်းမှု မဖြစ် ဘူးလား။ အဝတ်အစားကြောင့် ဖြစ်တယ်ပြောရင် အသက် (၃)နှစ်အောက်ကလေးတွေကို ကျူးလွန်တာကို ဘယ် လိုပြောမှာလဲ။ ကလေးက မြူဆွယ်ဖို့လည်း အကြောင်းမရှိဘူး။ ကျူးလွန်ခံရတဲ့သူအပေါ်မှာထက် ကျူးလွန်တဲ့သူ စိတ်ထားက ပိုပြီးတော့ အဓိကကျတယ်” လို့ ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှု မတတ်တဲ့အတွက် အမျိုးသမီးတွေကို စော်ကားချင်တဲ့ စိတ်တွေဖြစ်လာတယ်ဆိုတဲ့ စေ့ဆော်မှုကြောင့် မုဒိမ်းမှုပိုများလာတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တွေက ထောက်ပြပြောဆိုပါတယ်။
အမျိုးသမီးတွေကို ဘယ်လိုစိတ်ထားပဲရှိရှိ စော်ကားစရာ မဟုတ်ဘူးဆိုရင် အမျိုးသမီးဘဝ ပိုပြီးလုံခြုံလာမယ်လို့ လည်း သူတို့က ထပ်မံပြောပါတယ်။
“ အမျိုးသားတွေကို မယုံရဘူးဆိုတဲ့ စိတ်ထားမျိုးရှိနေမယ်ဆိုရင် ကျနော်တို့အမျိုးသားဂုဏ်ကို ထိခိုက်သလို အမျိုးသမီးတွေဘဝလည်း ဘယ်တော့မှ လုံခြုံမယ်မထင်ဘူး။ စိတ်ထားက အရမ်းအရေးကြီးတယ်” လို့လည်း ဦးအောင်မျိုးမင်းက ဆက်လက်ပြောပါတယ်။
ဆက်လက်ပြီး Justice House (တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုစီမံချက်) မန်နေဂျာ ဦးဝေမိုးလှိုင်က “အမျိုးသ မီးတွေ အဝတ်အစားရွေးချယ် ဝတ်တာကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့်ပါပဲ။ ဒီလို မုဒိမ်းမှုတွေဖြစ်လာတာ ကို လက်မခံဘူး။ အမျိုးသမီးတွေ ဘယ်လိုဝတ်စားနေပါစေ၊ အမျိုးသားတယောက်က ထိန်းသိမ်းသင့် ထိန်းသိမ်း ထိုက်တဲ့ ကိုယ်ကျင့်တရား မြဲမယ်ဆို မုဒိမ်းမှုက ဖြစ်လာမယ် မထင်ဘူး” လို့လည်း မှတ်ချက် ပြုလိုက်ပါတယ်။
မြန်မာလူ့ဘောင်မှာ ယဉ်ကျေးမှုဓလေ့ထုံးစံဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေနဲ့ တဖက်ပိတ်အမြင်တွေ လူ့အဖွဲ့အစည်း မှာ လွှမ်းမိုးနေတဲ့အတွက် ဒီလိုအမြင်တွေကို အခြေခံပြီး ပြည်ထဲရေးက ထုတ်ပြန်တယ်လို့ ယူဆကြောင်းလည်း ဦးဝေမိုးလှိုင်က ပြောပါတယ်။
လူတယောက်ချင်းစီ ကြီးပြင်းလာတဲ့ အသိုင်းအဝန်း၊ ခံယူချက်တွေ မတူညီကြဘဲ သင်ကြားပေးတဲ့ ပညာရေးစနစ်နဲ့ ရရှိတဲ့ဗဟုသုတတွေတွေအပေါ်လည်း မူတည်ကြောင်း၊ လူ့အဖွဲ့အစည်းတခုလုံး တဖြည်းဖြည်းနဲ့ ပြောင်းလဲလာဖို့ လိုအပ်ကြောင်းလည်း ဦးဝေမိုးလှိုင်ကဆိုပါတယ်။
လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်လာရင်“ ဘယ်လို ဆောင်ရွက်သင့်ကြောင်းနဲ့ ဘယ်သူတွေကို အကူအညီ တောင်း သင့်လဲ” ဆိုတဲ့ အသက်အရွယ် ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ပုံစံမျိုးနဲ့ အသိပညာပေးမှုတွေ အများကြီးလိုအပ် ကြောင်းလည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို မိဘတွေက စသင်ကြားတဲ့နေရာမှာ မှားယွင်းမှုတွေ ရှိနေကြောင်း၊ မိန်းမ ကောင်းဆိုရင် “ဗိုင်းကောင်း ကျောက်ဖိ” ဖြစ်နေရမယ်ဆိုတဲ့ အယူအဆတွေကလည်း ပြောင်းလဲသင့်ကြောင်း ဘိုရာ က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ သားယောကျ်ားလေး မွေးဖွားလာရင် မိဘတွေလက်သုံးစကားဖြစ်တဲ့ “ သားယောကျ်ားလေးပဲကွာ၊ ဘာဖြစ်လဲ လုပ်ပါစေ” ဆိုတဲ့စကားတွေနဲ့ သင်ကြားမှုကြောင့် မိန်းကလေးအပေါ် လေးစားမှု မရှိတော့ကြောင်း ဘိုရာက ထောက်ပြပါတယ်။
“ အဓိကက စိတ်ဓါတ်ကိုပါ။ အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှုကြောင့် မုဒိန်းမှုများလာတယ်ဆိုရင် သက်ငယ် မုဒိန်းမှုတွေများလာတာ၊ လမ်းဘေးကလေးတွေ အနိုင်ကျင့်ခံရတာတွေ၊ အဘွားအရွယ် မိန်းမသားတွေ၊ စိတ်ပုံမှန် မဟုတ်သူတွေကအစ အနိုင်ကျင့်ခံရတဲ့အမှုတွေ အဲဒါက ဘာတွေလဲ၊ ဘာကြောင့်ဖြစ်နေကြရတာလဲ” လို့ ဘိုရာက မေးခွန်းထုတ်လိုက်ပါတယ်။
ဆက်လက်ပြီး ဘိုရာကတော့ မုဒိမ်းမှုနဲ့ပတ်သက်ပြီး “တရားဥပဒေကတော့ သေဒဏ်ပေးရင်ပေး၊ မပေးရင် တသက် တကျွန်း ပြန်မထွက်လာဖို့ပါပဲ” လို့ထောက်ပြလိုက်ပါတယ်။
ဒါတွေအပြင် ဖေဖော်ဝါရီ(၂၄)ရက်နေ့ ဒီဗွီဘီ debate အစီအစဉ်မှာလည်း အမျိုးသားဘာသာသနာ စောင့်ရှောက် ရေး ဥပဒေပြုရေးကော်မတီဝင် ဒေါ်ဇာနည်ဝင်းထွန်းက “အမျိုးသမီးတွေ မလုံမခြုံဝတ်လို့ဆိုတဲ့အရာက အပြည့်အ၀ မမှန်ဘူးဆိုသော်လည်းပဲ တချို့တဝက်မှန်သင့်သလောက်မှန်တယ်လို့ပြောချင်တယ်။ မလုံမခြုံဝတ်ပြီး အပေါ်ပိုင်း ဖော်၊ အောက်ပိုင်းဖော်လိုက်တာနဲ့ ယောကျ်ားလေးတွေရဲ့စိတ်ဆန္ဒမှာ ထကြွလာပြီ။ အဲဒီမိန်းခလေးကို ကျူးလွန်ဖို့ဆိုတာ မလွယ်ကူလောက်ဘူး။ ဒါပေမယ့် သူတို့စိတ်ဆန္ဒကို ဖြေဖျောက်မယ့် သူတို့လက်သင့်ရာ၊ သူတို့ရဲ့အနီး ရှိရာ အနေအထိုင်၊ လုံလုံခြုံခြုံ အနေအထိုင်ရိုးရိုးအေးအေးနေတဲ့သူတွေသည် သူတို့အတွက် သားကောင် ဖြစ်ချင် ဖြစ်သွားနိုင်တယ်။ မလုံမခြုံဝတ်စားခြင်းသည် သူတို့ရဲ့စိတ်ခံစားမှုကို ဆွပေးလိုက်တဲ့သဘောပဲ” လို့ ပြောဆိုလိုက် ပါသေးတယ်။
မြန်မာတနိုင်ငံလုံး ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်မှု (၁၄၀၀)ကျော်ရှိပြီး၊ မုဒိမ်းမှုတွေဟာ တရက်ကို (၃)မှု နှုန်း၊ သက်ငယ်မုဒိမ်းမှု တရက်လျှင် အနည်းဆုံး(၂)မှုနှုန်းနဲ့ ဖြစ်နေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
သက်ငယ်မုဒိမ်းမှုဟာ ၂၀၁၆ အတွင်းက (၆၇၁)မှုသာ ဖြစ်ပွားခဲ့ပေမယ့် ၂၀၁၇ ဖြစ်ပွားမှုနှုန်းဟာ ယခင်နှစ်ထက် (၂၂၆)မှု ပိုမိုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မြန်မာလူ့အဖွဲ့အစည်းရဲ့ အယူသည်းမှုကြောင့် ပြဿနာဖြစ်လာရင် အဖြေရှာဖို့ မကြိုးစားပဲ တရားခံရှာပြီး အပြစ် တင်မှု။ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိတဲ့ အစိုးရလုပ်နည်းလုပ်ဟန်များနဲ့ဝေဖန်ထောက်ပြစရာတွေ ဖြစ်နေပါတယ်။
“ ပြည်ထဲရေး ထုတ်ပြန်ချက်က အမျိုးသမီးတွေကို နှိမ့်ချသလို အမျိုးသားတွေကို မြှောက်ပေးသလိုပါပဲ။ ဘာလို့လဲ ဆိုတော့ အမျိုးသမီးတွေကို အိမ်အပြင် မထွက်အောင်လုပ်နေသလိုပါပဲ” လို့ ကာယဗလမယ် ဘိုရာ (ခေါ်) မသက်သက်ဝေ က မှတ်ချက်ပြုလိုက်ပါတယ်။
“ မြန်မာ society ကြီးရဲ့အတွေးအမြင်တွေ ပြောင်းလဲသင့်နေပြီ၊ Please “think outside the box” ပါ၊ အယူ မသီးပါနဲ့၊ အရာတခုကို လွယ်လွယ်နဲ့ ကောက်ချက်မချပါနဲ့၊ စည်းဝိုင်းအပြင်ကနေ ထွက်ကြည့်ပြီး စဉ်းစားပါ။ သင်မသိသေးတဲ့အကြောင်းအရာဆိုတာ အများကြီး ရှိပါတယ်” လို့ ဘိုရာက ထောက်ပြလိုက်ပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021