Home ဆောင်းပါး အခက်အခဲ အကြပ်အတည်းများကြားက တရားမျှတမှု ရှာပုံတော်

အခက်အခဲ အကြပ်အတည်းများကြားက တရားမျှတမှု ရှာပုံတော်

Honest Information (HI)

အဓ္ဓမပြုကျင့်မှုနဲ့ တရားစွဲထားတဲ့ ဘုန်းကြီးကို လူဝတ်လဲပြီး တရားစွဲတင်လိုက်တယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့အခါမှာတော့ မနှင်းဆီ (အမည်လွှဲ) တစ်ယောက် ကျဆင်းနေတဲ့ စိတ်ဓါတ်တွေ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

အမှုစဖြစ်တည်းက နည်းမျိုးစုံနဲ့ ထိုးနှက်မှုတွေကို ခံစားခဲ့ရတာကြောင့် သူကိုယ်တိုင် ပြိုလဲလုနည်းပါးဖြစ်နေတဲ့အချိန်မှာ အခုလို သတင်းကောင်းကြားလိုက်ရတာကတော့ သူ့ဘဝအတွက် ရောင်နီသန်းလာသလို ခံစားလိုက်ရတယ်လို့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မနှင်းဆီကဆိုပါတယ်။

မနှင်းဆီဟာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းက နာမည်ကြီးပရဟိတကျောင်းတိုက်တစ်ခုဖြစ်တဲ့ (အေးမေတ္တာစံ) တောင်နီလေးကျောင်းမှာ ဂျပန်ဘာသာစကားသင်ကြားပေးနေတဲ့ဆရာမတစ်ဦးဖြစ်ပြီး အဲ့ဒီကျောင်းတိုက်က ဆရာတော်က သူ့ကို အလိုမတူဘဲ နှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာကြောင့် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာပါ။

၂၀၀၉- ၂၀၁၀ ပညာသင်နှစ်မှာ စတင်ထူထောင်ခဲ့တဲ့ အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး၊ ပရဟိတဂေဟာမှာ လူမှုဝန်ထမ်းဦးစီးဌာနက အသိအမှတ်ပြုထားတဲ့ ကျောင်းလည်း ဖြစ်ပါတယ်။ ဦးဆောင်ဖွင့်လှစ်တဲ့ ပရဟိတ ဆရာတော်မှာ အသက် ၅၀ ဝန်းကျင်ရှိပြီး၊ ဝါတော်မှာ ၂၇ ဝါခန့်ရှိတယ်လို့လည်း ဘုန်းကြီးနဲ့ နီးစပ်သူ ဒကာတစ်ဦးက ပြောပြပါတယ်။

အဲ့ဒီဆရာတော်ဟာ ၂၀၁၉ခုနှစ်၊ မတ်လ ၁ ရက်နေ့မှာစဖွင့်တဲ့ ပထမဆုံးကျပ်သိန်းတစ်သောင်းခွဲ အောင်ဘာလေထီ ကံထူး ရှင်ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသအစုံက ရာနဲ့ချီတဲ့ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ပေးနေပြီး လိုအပ်တဲ့ ပညာရေးကိုပါ ဖြည့်ဆည်းပေးနေတဲ့ ဆရာတော် တစ်ပါးဖြစ်တဲ့အတွက် သြဇာတိက္ကိမအလွန်ကြီးသူလည်း ဖြစ်ပါတယ်။

မနှင်းဆီ အမှုစဖွင့်စဉ်က (ပ) ၁၂၇/၂ဝ၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆နဲ့ အမှုဖွင့် တိုင်ကြားခဲ့သော်လည်း မုဒိမ်းမှုရဲ့ စွပ်စွဲချက်တွေဟာ တိကျသေချာတဲ့ အချက်အလက်တွေ မရှိသေးတဲ့အတွက် ဘုန်းကြီးကိုလူဝတ်လဲတာ၊ ဖမ်းဆီးတာမျိုးမလုပ်ဘဲ သင်္ကန်းဝတ်နဲ့သာ အမှုရင်ဆိုင်ဖြေရှင်းဖို့ ဗုဗ္ဗသီရိမြို့နယ်သံဃနာယကအဖွဲ့က ဆုံးဖြတ်ခဲ့တဲ့အမှုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တိုင်ကြားခဲ့ပြီး နှစ်လအကြာ ဖေဖော်ဝါရီ ၂၆ မှာတော့ ဘုန်းကြီးကိုလူဝတ်လဲပြီး တရားစွဲတင်မယ်ဆိုတာကို အကြောင်းကြားလာခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဧပြီ ၉ ရက် နဲ့ ၂၃ ရက်နေ့ တွေမှာတော့ ရုံးချိန်းနှစ်ခုပြီးသွားပြီဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိတဲ့ မနှင်းဆီဟာ ရန်ကုန်ဇာတိဖြစ်ပြီး ဂျပန်ဘာသာစကား အဓိကသင်ကြားသလို၊ ပုဂ္ဂလိက ကျောင်းအချို့မှာလည်း စာသင်ပေးတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုနေသူ ဖြစ်ပါတယ်။

မနှင်းဆီဟာ စာသင်တဲ့ အလုပ်ကိုလုပ်နေရင်း အပြင်စီးပွားရေးကိုပါ တွဲလုပ်ကြည့်ရာ စီးပွားရေး အဆင်မပြေမှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုစီးပွားရေးလုပ်ငန်းတွေ အဆင်မပြေတာတွေ ဖြစ်နေတဲ့အတွက် ခင်ပွန်းဖြစ်သူရဲ့ အဆက်အသွယ်နဲ့ နေပြည်တော်က ပရဟိတဘုန်းကြီးကျောင်းမှာ စာသင်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘုန်းကြီးနဲ့ အဆက်အသွယ်ရပြီး မနှင်းဆီတို့ လင်မယားနှစ်ယောက် ၆ နှစ်သားအရွယ်ရှိတဲ့ သားဖြစ်သူကို မိခင်နဲ့ ရန်ကုန်မှာထားခဲ့ပြီး ၂၀၂၀ နှစ်စပိုင်းမှာ နေပြည်တော်ကို ပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။ မနှင်းဆီတို့ နေပြည်တော်က ပရတိတကျောင်းကို စပြီးရောက်ချိန်မှာတော့ အဲ့ဒီကျောင်းဝင်းထဲမှာရှိတဲ့ ဧည့်ဆောင်မှာ နေဖို့ နေရာပေးတဲ့အတွက် လင်မယားနှစ် ယောက်စလုံး ကျောင်းဝင်းထဲမှာပဲ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူက ဘုန်းကြီးကိုအနီးကပ် ပြုစုပေးရသလို၊ ဘုန်းကြီးသွားလိုတဲ့နေရာ ကားမောင်းပို့ပေးရတဲ့ အလုပ်ကို လုပ်ရပြီး မနှင်းဆီကတော့ ကျောင်းမှာရှိနေတဲ့ ဂုဏ်ထူးတန်းတက်နေတဲ့ ကျောင်းသူတွေအပြင် အခြေခံပညာ အထက်တန်း တက်ရောက်နေတဲ့ ကလေးတွေကိုပါ ဂျပန်စကား သင်ကြားပေးရတဲ့တာဝန်ကို ယူရတာဖြစ်ပါတယ်။

မနှင်းဆီကို စာသင်ခအနေနဲ့ တစ်လကို ဘယ်လောက်လို့ သတ်သတ်မှတ်မှတ်ပေးတာမရှိပေမယ့် မုန့်ဖိုးအနေနဲ့ ထောက်ပံ့ တာမျိုးရှိပြီး၊ စားဖို့သောက်ဖို့က ကျောင်းက စီစဉ်ပေးတာဖြစ်တယ်လို့ မနှင်းဆီက ဆိုပါတယ်။

အဲ့ဒီကျောင်းဝင်းထဲက ဧည့်ခန်းဆောင်မှာ မနှင်းဆီတို့ လင်မယား နှစ်ယောက် နှစ်လခန့်နေပြီးတဲ့အခါ ဘုန်းကြီးကျောင်းနဲ့ မဝေးတဲ့ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်မှာ အိမ်ငှားလိုက်ပြီး ရန်ကုန်မှာ ကျန်ခဲ့တဲ့ သားနဲ့ မိခင်ဖြစ်သူကိုပါ နေပြည်တော်ကို ခေါ်လိုက်ပါတယ်။

ပရဟိတကျောင်းက ကလေးတွေကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်ရက်ကိုနှစ်ကြိမ်သင်ရပြီး ကျန်တဲ့အချိန်တွေဆို အိမ်မှာပြန်နေလေ့ရှိပြီး အပြင်မှာလည်း ကလေးတွေကိုလည်း ဂျပန်ဘာသာစကား သင်ပေးတာရှိတယ်လို့ မနှင်းဆီက ပြောပြပါတယ်။

အဲဒီလို စာသင်ပေးနေရင်း မနှင်းဆီတယောက် ပထမအကြိမ် အဓမ္မပြုကျင့်ဖို့ ကြိုးစားတာခံခဲ့ရပါတယ်။ အဲ့ဒီအချိန်က ဘုန်းကြီးက အူအတက်ပေါက်လို့ ဆေးရုံက ဆင်းကာစပါ။ အနာကို ဆေးထည့်ပေးဖို့အတွက် (၁၅.၉. ၂၀၂၀) မှာ မနှင်းဆီကို ဖုန်းဆက်ခေါ်တဲ့ အတွက် ဘုန်းကြီးအခန်းထဲ တခြားအမျိုးသမီးတစ်ဦးနဲ့အတူ အနာကိုဆေးကြောပေး၊ ဆေးလိမ်းပေးရပါတယ်။

အဲ့ဒီအချိန် အမျိုးသမီးအဖော်က ထွက်သွားတဲ့အခါ မနှင်းဆီတစ်ယောက်တည်း ကျန်ခဲ့ပါတယ်။ မနှင်းဆီလည်း ပြန်ထွက်ဖို့ ဦးချနေတဲ့ အချိန်မှာ ဘုန်းကြီးက ပွေ့ဖက်လိုက်ပြီး မဖွယ်မရာစကားတွေကို ပြောဆိုခဲ့တယ်လို့ မနှင်းဆီက ဆိုပါတယ်။

“ ဦးချနေတဲ့ အချိန်မှာအမကို ဆွဲဖက်လိုက်တာ။ ဆွဲဖက်လိုက်ပြီး ငါနင့်ကို ချစ်နေတာ မသိဘူးလား။ အဲ့လိုမျိုးတွေ ပြောတဲ့ အချိန်မှာ အမက သူ့ဗိုက်က အနာကို ခြေထောက်နဲ့ ကန်လိုက်တာ။ အဲ့ဒီနေ့က ဘာမှမဖြစ်ခဲ့ဘူး” လို့ အဓမ္မပြုကျင့်ဖို့ ကြိုး စားခဲ့တဲ့ အခြေအနေက လွတ်မြောက်လာခဲ့ပုံကို မနှင်းဆီက ပြန်ပြောပါတယ်။

အဲ့ဒီရက်က မနှင်းဆီ အိမ်ပြန်ရောက်ချိန်မှာ ဘုန်းကြီးက ဖုန်းလှမ်းဆက်ပြီး အခုဖြစ်တဲ့ကိစ္စ ဘယ်သူ့ကိုမှ အသိမပေးဖို့နဲ့ နှစ်ယောက်ထဲ သိထားရမယ့်ကိစ္စဖြစ်တယ်ဆိုတာရယ် မနှင်းဆီတို့အပေါ်မှာ ကျေးဇူးကျွေးတွေ ရှိတယ်ဆိုတာရယ်နဲ့ သူများတွေကို လျောက်ပြောခဲ့ပါက တစ်မိသားစုလုံးကို အရှင်မထားဘူး အစရှိသဖြင့် ခြိမ်းခြောက်ပြောဆိုတာတွေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုဖြစ်ခဲ့ပေမယ့်လည်း ဂုဏ်ထူးတန်းတက်နေတဲ့ ကလေးတွေရဲ့ပညာရေးကို ငဲ့ကွက်တဲ့ အနေနဲ့ မနှင်းဆီတယောက် ဂျပန်ဘာသာ စကားပြောသင်တန်းကို ဆက်လက်သင်ကြားပေးနေခဲ့ပါတယ်။

အဲ့ဒီလိုနေရင်း (၂၃.၉.၂၀၂၀)ရက်၊ ညနေ ၃ နာရီအချိန်မှာ ဘုန်းကြီးက ကျောင်းဆောင်အဆောက်အဦးနဲ့ ပတ်သက်ပြီး အင်ဂျင်နီယာတွေနဲ့ ဆွေးနွေးဖို့အတွက် အဆောက်အဦးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း တွေယူပြီးလာခိုင်းတဲ့အတွက် ဘုန်းကြီးရှိရာသို့ သွားရောက်ခဲ့ပါတယ်။

အဲ့ဒီမှာ အခြားဘယ်သူမှမရှိဘဲ ဘုန်းကြီး တစ်ပါးထဲသာ ဘုန်းကြီးတစ်ပါးထဲရှိနေတာကြောင့် ပြန်ထွက်ဖို့လုပ်စဉ်အချိန်မှာပဲ ပွေ့ဖက်ခံလိုက်ရပြီး ဘုန်းကြီးက မနှင်းဆီကို အိပ်ယာပေါ်ဆွဲလှဲချ၊ အပေါ်ကနေလည်း ကိုယ်လုံးနဲ့ တက်ဖိထားပြီး အတင်းအဓမ္မ အလိုမတူဘဲ ပြုကျင့်ပါတော့တယ်။

ပြုကျင့်ပြီး အချိန်မှာ ဘုန်းကြီးက ဒီကိစ္စကို အခြားမည်သူကိုမှ မပြောဖို့နဲ့ ပြောခဲ့ပါက တစ်မိသားစုလုံး သတ်ပစ်မယ် ငါပြောတဲ့အတိုင်းနေ မနေရင် ငါ့အကြောင်း သိစေရမယ်စသဖြင့် ခြိမ်းခြောက်ခဲ့ကြောင်း မနှင်းဆီက ပြန်ပြောပြပါတယ်။

မနှင်းဆီဟာ သူ့အဖြစ်အပျက်တွေကို ပြောပြဖို့ ရှက်တာရော၊ ကြောက်တာပါရောပြီး တစ်ယောက်ထဲ ကြိတ်ခံစားနေခဲ့တာဖြစ်ပါတယ်။ တဘက်မှာလည်း ဘုန်းကြီးကို မှီခိုနေရပြီး တိုင်ဖို့မရဲခဲ့တာကြောင့်လည်း ကလေးတွေကို စာဆက်သင်ပေးနေခဲ့တယ်လို့ ဆိုပါတယ်။

ပထမအကြိမ်ဖြစ်ပြီး တစ်လနီးပါးကြာချိန် (၂၉.၁၀.၂၀၂၀) ရက်၊ နေ့လယ် ၁ နာရီမှာ အိမ်လခပေးဖို့အတွက် ပိုက်ဆံလာယူဖို့ ထပ်ခေါ်လို့မနှင်းဆီက ပိုက်ဆံယူဖို့သွားတဲ့အခါမှာ ဒုတိယအကြိမ် ထပ်ပြုကျင့်ခံခဲ့ရပြန်ပါတယ်။

“ နင်တို့က ချေးလည်းချေးရသေးတယ်။ ငါက နင့်ကို တရိုတသေလာပေးရမှာလားတဲ့။ အမက သူ့အကြောင်း သိနေပြီ ဆိုတော့ တံခါးပေါက်ကို လုံးဝမပိတ်ဘူး။ ဝင်ပြီး ပိုက်ဆံလည်းယူမယ်လုပ်ရော၊ သူ့အခန်းရှေ့နဲ့ ဧည့်ခန်းထောင့်မှာတင် အမကိုထပ်ကျင့်တာ” လို့ မနှင်းဆီက သူဒုတိယအကြိမ် ပြုကျင့်ခံရပုံကို ပြောပြပါတယ်။

ဒုတိယအကြိမ်ပြုကျင့်ခံပြီးတဲ့ အချိန်မှာတော့ မနှင်းဆီဟာ ဘုန်းကြီးကျောင်းကို လုံးဝမသွားတော့ဘူးလို့ဆိုပါတယ်။ နေပြည်တော်မှာ ဆွေမျိုးရင်းချာရယ်လို့လည်း မရှိဘဲ ဘုန်းကြီးကိုပဲ မှီခိုနေရတာကြောင့် ဘယ်သူ့ကို တိုင်ပင်ရမယ်မှန်း မသိဘဲ အိမ်မှာပဲ မှိုှုင်တွေနေခဲ့တယ်လို့ဆိုပါတယ်။

အိမ်မှာပဲ တစ်လနီးပါး နေနေတဲ့ အချိန်မှာလည်း ဘုန်းကြီးက ဖုန်းဆက် ခေါ်တာမျိုးတွေ၊ Viber ကနေတဆင့် “လာခဲ့ပါဦး၊ အရမ်းသတိရနေပြီ” စသဖြင့် ပြောဆိုတာမျိုးတွေရှိတဲ့အတွက် ၂၀၂၀ခုနှစ်၊ နိုဝင်ဘာ ၂၇ ညပိုင်းမှာ သောက်နေကျ အာရုံ ကြောဆေးတွေရယ်၊ ဘာမီတွန်နှစ်ဗူးရယ် သောက်ချလိုက်ပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခဲ့ပါတယ်။

ဆေးသောက်လိုက်တာကို မိခင်ဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူက အချိန်မှီသိသွားခဲ့တဲ့အတွက် ဘာမှမဖြစ်လိုက်ဘဲ အခြေအနေ အကုန်လုံးကို ဖွင့်ပြောလိုက်ပါတယ်။ အဲ့လိုပြောပြတဲ့ နေ့ကစပြီး အမျိုးသားဖြစ်သူက ဖြစ်ဖြစ်ချင်း သူ့ကိုမပြောပြလို့ဆိုပြီး စိတ်ခုကာ သူတို့ရဲ့အိမ်ထောင်ရေးလည်း အက်ကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

မိသားစုဝင်တွေပါ မနှင်းဆီရဲ့အခြေအနေကို သိသွားပြီ ဖြစ်တဲ့အတွက် အမှုဖွင့်ပြီး တိုင်ကြားဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာ ၃၁ မှာတော့ ပုဗ္ဗသီရိမြို့နယ်၊ ထုံးဖိုရဲစခန်းမှာ မနှင်းဆီကိုယ်တိုင် အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။

ဒီလို ပရဟိတဆရာတော်ကို မုဒိမ်းမှုနဲ့ အမှုဖွင့်တိုင်ကြားရင် မနှင်းဆီအတွက် စိန်ခေါ်မှုတွေဟာ မီးလိုဝိုင်းလာမယ်ဆိုတာ အမှုမဖွင့်ခင်တည်းက ကြိုတင်တွက်ဆပြီးသားဖြစ်ပါတယ်။

“ ဖြစ်တဲ့အချိန်နဲ့ တရားစွဲတဲ့အချိန်က ကြားထဲမှာ နှစ်လနီးပါးကြာသွားတာက သူ့မှာက ထီပေါက်ထားတာရှိတယ်။ နိုင်ငံတော် အကြီးအကဲတွေ ကိုးကွယ်တယ်ဆိုတာတွေ ရှိတယ်။ ပိုင်ရာဆိုင်ရာတွေ အရမ်းများတယ်ပေါ့နော်။ ဒီလိုတွေများနေတော့ တိုင်လိုက်လို့ချင်ရင် ကိုယ့်ကိုပဲ သူများကလက်ညိုးထိုးမှာ။ ဒီဘုန်းကြီးလုပ်တာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒီအမျိုးသမီး ငွေလိုချင်လို့ ဒါမှမဟုတ် ဘုန်းကြီးကို လူမှုရေးအရ မကျေနပ်လို့ လုပ်တာလို့ပဲအထင်ခံရမှာ။ အဲ့တာကြောင့် မတိုင်ဘဲနဲ့ ကြိတ်မှိတ်ပြီးတော့နေခဲ့တယ်” လို့ ဖြစ်ဖြစ်ချင်း အမှုမဖွင့်ဖြစ်ခဲ့ရတဲ့ အကြောင်းကို မနှင်းဆီက ပြောပြပါတယ်။

တိုင်တန်းခဲ့ပေမယ့်လည်း အထက်မှာဆိုခဲ့သလို ဘုန်းကြီးကို လူဝတ်မလဲဘဲ သင်္ကန်းနဲ့ အမှုရင်ဆိုင်စေခဲ့ပါတယ်။ နေပြည်တော်မှာ အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားပေးတဲ့ ပြင်ပအဖွဲ့အစည်းတွေ မရှိတဲ့အတွက် ဘယ်သူ့ကို အကူ အညီတောင်းလို့ တောင်းရမှန်းမသိတဲ့ မနှင်းဆီအတွက် အချိန်တွေကြန့်ကြာခဲ့တာ ဖြစ်ပါတယ်။

အမှုဖွင့်ဖို့ ရှေ့နေနဲ့ တိုင်ပင်တဲ့အခါမှာ ဖြစ်ကြောင်းကုန်စဉ် အကုန်ပြောပြပြီး လျော်ကြေးမလိုချင်ဘဲ တရားဥပဒေအတိုင်း ပြစ်ဒဏ်ကျစေချင်တယ်ဆိုတဲ့ စကားကြောင့် ရှေ့နေတွေကလည်း ပိုက်ဆံမယူဘဲ အခမဲ့ ဆောင်ရွက်ပေးခဲ့တာဖြစ်တဲ့ အတွက် အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ မနှင်းဆီက ဆိုပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ၊ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ မမိုင်းမိုင်က ဘာသာရေးခေါင်းဆောင်တွေ၊ အကြီးအကဲတွေ၊ ဘုန်းကြီးတွေ ဒီလိုကိစ္စတွေကို ကျုးလွန်မိပြီဆိုရင် ကာယကံရှင်အမျိုးသမီးက ဒါဟာ မတရားမှုမှန်းသိလို့ တိုင်မယ်ဆိုရင်တောင်မှ ပတ်ဝန်းကျင်၊ မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေက မတိုင်ဖို့ ဖိအားပေးတာမျိုးတွေ ရှိတယ်လို့ ပြောပါတယ်။

“ အမျိုးသမီးရဲ့ဂုဏ်သိက္ခာကို ကြည့်ပေးရမယ့်အစား ဘာသာရေးဆရာ၊ ခေါင်းဆောင်၊ ဘုန်းကြီးတို့ရဲ့ဂုဏ်သိက္ခာကို ညိုး နွမ်းစေမယ်ဆိုတာမျိုးနဲ့ တိတ်တိတ်လေးနေလိုက်၊ လျော်ကြေးပဲယူလိုက်ပါဆိုတဲ့ ပြောင်းပြန်ကာကွယ်ပေးနေတဲ့ ယဉ် ကျေးမှု အသိုင်းအဝိုင်းတွေကြောင့် ကျွန်မတို့ အမျိုးသမီးတွေက မတရားမှုတွေ ကြုံရတဲ့အချိန်မှာ တရားမျှတမှုရအောင် လုပ်ဖို့ တိုင်ဖို့ကို အမြဲတမ်းကြန့်ကြာစေတယ်။ ပြီးတော့ မတိုင်ဖို့ စည်းရုံးခံရတာတွေ ရှိတယ်”လို့ မမိုင်းမိုင်က ပြောပါတယ်။

မနှင်းဆီကတော့ အမှုဖွင့်လိုက်တဲ့ညကစပြီး ပတ်ဝန်းကျင်ရဲ့ ထိုးနက်မှုတွေစခံရပါတယ်။ ညဘက်တွေမှာ အိမ်ကို အမည်မသိတဲ့လူတစ်စုက ခဲလုံးတွေနဲ့ ဝိုင်းပစ်တာကို ခံခဲ့ရပါတယ်။

“ ငါတို့ကိုများ ဝင်သတ်သွားရင်ဆိုတာလည်း တွေးမိတာပေါ့။ နောက်ထပ် အတွေးက ငါ့တစ်ယောက်ထဲ သတ်သွားရင် တော်သေးတယ်။ ဘာမှမဆိုင်တဲ့ ငါ့အမေနဲ့ ငါ့သားလေးကို သတ်သွားရင်တော့ ဆိုတဲ့ စိတ်ကဖြစ်လာပြန်ရော” လို့ မနှင်း ဆီက ပြောပြပါတယ်။

နောက်ရက်တွေမှာ ရဲစခန်းက ခေါ်စစ်လို့ အကြိမ်ကြိမ်သွားရောက်အစစ်ခံရပါတယ်။ အဲ့ဒီလို အစစ်ခံရတဲ့အခါမှာ တစ်ခါ တစ်လေ မိုးချုပ်တဲ့ ရက်တွေ ရှိတဲ့အခါ နောက်ပိုင်းကို စိတ်ပူတာတွေလည်း ဖြစ်ပါတယ်။

“ အိမ်နားဝန်းကျင်ကဆိုရင် အမကို မိန်းကလေးချင်းတောင် စကားမပြောကြဘူး။ မဆက်ဆံကြဘူး။ ပြီးတော့ စာသင်လက်စ အိမ်တွေကလည်း စာမသင်ကြတော့ဘူး။ ရပ်ပစ်လိုက်ရတယ်။ ဝင်ငွေလည်း မရှိတော့ဘူး။ လူမှုရေးမှာလည်း အမအတွက် ဘာမှမရှိတော့တဲ့ အနေအထားဖြစ်တာပေါ့” လို့ မနှင်းဆီက ဆိုပါတယ်။

ဒီထက်ဆိုးတဲ့ အခြေအနေကတော့ သူတို့ ငှားရမ်းနေထိုင်တဲ့ အိမ်ရှင်က အမှုဖြစ်နေတဲ့အတွက် အခု ဧပြီလ (အိမ်ငှားစာ ချုပ်)ပြည့်ရင် ဆက်မငှားနိုင်တော့ဘူးဆိုတာကို ပြောလာတာပဲ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ရဲ့ အမြင်စောင်းမှုတွေကို ရင်ဆိုင်နေရရင်း မနှင်းဆီတိုင်တန်းထားတဲ့ အမှုနှစ်လနီးပါးကြာချိန်မှာတော့ ကျူးလွန်သူကို လူဝတ်လဲပြီး တရားစွဲ တင်ခွင့်ပေးလိုက်ပြီ ဆိုတဲ့ အကြောင်း ထုံးဖို ရဲစခန်းမှူးကိုယ်တိုင် ဖုန်းဆက်လာခဲ့ပါတယ်။

တိုင်တန်းထားတဲ့ ပြစ်မှု ပုဒ်မမှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြစ်တဲ့အတွက် အာမခံချက်ပေးလို့မရတဲ့ ပုဒ်မဖြစ်သလို၊ ဘုန်းကြီးဖြစ် နေတဲ့အတွက် သင်္ဃန်းဝတ်နဲ့ အကျဉ်းထောင်ထဲကို ထည့်လို့ မရတဲ့ အတွက် ဖမ်းတဲ့ အခါမှာ လူဝတ်လဲ လိုက်တာ ဖြစ်တယ်လို့ မနှင်းဆီဘက်မှ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလို ရှေ့နေက ဆိုပါတယ်။

မုဒိမ်းမှု၊ မူးယစ်ဆေးဝါးလို အမှုတွေဟာ ဓာတုဗေဒဆရာဝန်တွေရဲ့ စစ်ဆေးတွေ့ရှိချက်ကို ယူရတဲ့အတွက် သာမန်အမှု တွေထက် စစ်ဆေးမှုမှာ ကြာမြင့်တတ်တယ်လို့ အထက်ပါရှေ့နေက ဆိုပါတယ်။

“ သုတ်ပိုးတွေ့မတွေ့က တရားရုံးရောက်ရင် တရားဝင်ပေါ်လာမှာပဲ။ ဆေးစစ်ချက် ပို့ထားရတာက လျှို့ဝှက်ဖြစ်တဲ့ အတွက် တရားရုံးမှာ ဆရာဝန်ကသက်သေလာထွက်တဲ့အခါမှာ သုတ်ပိုးတွေ့ရှိခြင်း ရှိမရှိကို အကြောင်းပြန်မှာ ဖြစ်ပါတယ်” လို့ မနှင်းဆီရဲ့ ရှေ့နေက ဆိုပါတယ်။

အခုအမှုဟာ သာမန်အမှုမဟုတ်ပဲ၊ ရှုပ်ထွေးတဲ့ အမှုဖြစ်တဲ့အတွက် မြို့နယ်ဥပဒေအရာရှိက အကြံပေးတာမဟုတ်ဘဲ ခရိုင်ဥပဒေ အရာရှိအဆင့်က အကြံပေးထားတဲ့ အမှုဖြစ်တယ်လို့ အထက်ပါ ရှေ့နေက ဆိုပါတယ်။

“ တကယ်လို့သာ ၃၇၆ မမြောက်ခဲ့ရင် အမှုကို စွဲတင်စရာ အကြောင်းမရှိဘူး။ ဥပဒေသဘောတရားအရ မမြောက်ခဲ့ဘူးဆို ရင် ဥပဒေအဆင့်မှာတင် ပြုတ်မှာ။ ဥပဒေအဆင့်မှာမပြုတ်ဘဲနဲ့ တရားရုံးကို ရောက်လာပြီ ဆိုကတည်းက အမှုသဘော တရားအရ တရားလိုဘက်က အခြေအနေ ကောင်းနေပြီးသား ဖြစ်တယ်” မနှင်းဆီရှေ့နေက ဆိုပါတယ်။

ဘုန်းကြီးနဲ့ အနီးကပ်ရှိနေတဲ့ ဆရာတော်တစ်ပါးဖြစ်သူကတော့ အခုကိစ္စမှာ ဘုန်းကြီးမကျူးလွန်တာ သေချာသလောက် ရှိသော်လည်း အာမခံပေးလို့မရတဲ့ အမှုဖြစ်တဲ့အတွက် လူဝတ်လဲပြီး ထောင်ထဲကိုဝင်ရတာ ဖြစ်တယ်လို့ မိန့်ပါတယ်။

“ သုတ်ပိုးတွေ့လို့ဝင်တာ မဟုတ်ပါဘူး။ လူတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ ဘုန်းကြီးက သူလုပ်လို့သူဝင်ရတာ။ မဟုတ်ဘူး။ ဝင်ရမှာက ၃၁ ရက်နေ့ တိုင်တဲ့နေ့ထဲကဝင်ရမှာ။ သို့သော်လည်း သံဃနာယကတားမှုရယ်၊ ဘုန်းကြီးရဲ့ ဂုဏ်ဒြပ်တွေ၊ ဘုန်းကြီးရဲ့ဘွဲ့တွေ၊ ဘုန်းကြီးရဲ့လုပ်ဆောင်ချက်တွေကို ပြည်သူအားလုံးသိတဲ့အတွက် ချက်ချင်းမဝင်ရတာ ပါ။ ရဲရဲ့ယုံကြည်မှုလည်းပါတယ်။ နိုင်ငံတော်ရဲ့ကြည်ညိုယုံကြည်မှုလည်းပါတယ်” လို့ ယင်းဆရာတော်က မိန့်ပါတယ်။

ဒါကြောင့်ဘုန်းကြီးရဲ့ကျန်းမာရေးအခြေအနေကြောင့်ရော၊ ဘုန်းကြီးကျောင်းမှာကျန်ခဲ့တဲ့ ကလေးတွေရဲ့အနာဂတ်အတွက်ပါ ထည့်တွက်ပြီး ဘုန်းကြီးအာမခံရဖို့အတွက် ဆက်ပြီးကြိုးစားသွားမှာဖြစ်တယ်လို့ ယင်းဆရာတော်ကမိန့်ပါတယ်။

ဘုန်းကြီးရဲ့ဆေးစစ်ချက်အဖြေနဲ့ ပတ်သက်ပြီး အတည်ပြုပြောပေးနိုင်ဖို့အတွက် ထုံးဖိုရဲစခန်းမှ စခန်းမှူးကို ဆက်သွယ် မေးမြန်းရာမှာတော့ “ဘာမှ အကြောင်းမထူးတော့ဘူး။ သူ့ဟာနဲ့သူ၊ သူ့အပြစ်နဲ့သူ ငါတို့ကတော့ တရားစွဲပြီး ပို့လိုက်ပြီ” လို့ ဖြေကြားခဲ့ပါတယ်။

သုတ်ပိုးတွေ့ခြင်း၊ မတွေ့ခြင်းက ရဲလုပ်ထုံး၊ လုပ်နည်းအရ ပြောပြခွင့်မရှိတာဖြစ်တဲ့အတွက် ပြောလို့ မရဘူးလို့ အထက်ပါ စခန်းမှူးက ဆက်ပြောပါတယ်။

မနှင်းဆီ အမှုဖွင့်တိုင်တန်းပြီး နောက်တစ်ရက်မှာပဲ နေပြည်တော် ကုတင်( ၁၀၀၀) ဆေးရုံမှာ ဘုန်းကြီးရဲ့ သုတ်ပိုးကို စစ်ဆေးပြီး၊ အခင်းဖြစ်ပွားတဲ့နေ့တွေက ဝတ်ခဲ့တဲ့ အတွင်းခံဘောင်းဘီ ၂ ထည်ကို CID (မူခင်းရဲတပ်ဖွဲ့) ထံသို့ ပေးလိုက်ရတယ်လို့ မနှင်းဆီက ဆိုပါတယ်။

ကုတင်(၁၀၀၀) ဆေးရုံကို ဆက်သွယ်မေးမြန်းရာမှာတော့ “ ဆေးစစ်ချက်အဖြေက တရားရုံးမှာ သက်သေခံထွက်ရင် လာနားထောင်လို့ရပါတယ်။ ဒါတွေကလျို့ဝှက်ဖြစ်တဲ့အတွက် ဒီအတိုင်းတော့ပြောပြလို့မရဘူး။ သက်သေခံထွက်တဲ့နေ့ ကျရင် အဲ့ဒီမှာအကုန်ထွက်မယ်။ အဲ့ဒီမှာလာနားထောင်လို့ရပါတယ်” လို့ ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံက ပြောရေးဆိုခွင့်ရှိတဲ့ မူခင်းဆရာဝန်ကြီးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရုံးချိန်း နှစ်ချိန်းပြီးသွားပါပြီ။ ဧပြီ ၉ရက်နေ့က ရုံးချိန်းမှာ လူဝတ်လဲထားတဲ့ ဘုန်းကြီးရဲ့ ရှေ့နေဘက်က ဘုန်းကြီးအာမခံရဖို့အတွက် တရားရုံးတော်ကို လျောက်တင်ခဲ့သော်လည်း ပယ်ချခံခဲ့ရပါတယ်။ ဧပြီ ၂၃ ရုံးချိန်း မှာတော့ ဘုန်းကြီးဘက်က ရှေ့နေက ဘုန်းကြီးအမှုကို လိုက်ပါမဆောင်ရွက်တော့ဘဲ ရှေ့နေပါဝါရုပ်သိမ်းခဲ့ပါတယ်။ မနှင်းဆီဘက်ကရှေ့နေကတော့ ပါဝါတင်ခဲ့ပြီး လာမယ့် မေ ၅ ရက်နေ့ကို ရုံးချိန်း ထပ်ချိန်းထားပါတယ်။

မနှင်းဆီကတော့ သူ့အတွက် တရားမျှတမှုကို ရရှိဖို့ အဆုံးတိုင် လျှောက်လှမ်းသွားမယ်လို့ဆိုပါတယ်။

“ဘယ်လို အခက်ခဲတွေရှိရှိ အခုလို မတရားခံနေပြီဆိုရင် ငြိမ်ခံမနေဘဲ အမှုဖွင့်တိုင်သင့်သလို၊ ဒီလိုမတရားမှုကို တွန်းလှန်မှ နောက်နောင် အမျိုးသမီးတွေ မတရားခံရရင်လည်း တရားမျှတမှုရဖို့အတွက် လုပ်ရဲလာမှာဖြစ်တယ်”လို့လည်း မနှင်းဆီက ဆိုလိုက်ပါတယ်။

Related Articles