Home ဆောင်းပါး မယ်တထမ်း မယ်တရွက်

မယ်တထမ်း မယ်တရွက်

ဓါတ်ပုံ – VIAJEROS4X4X4

 

နန်းဆိုင်နွမ်။            ။

“ ကျမတို့ဘဝက ထမ်းမှ ပိုက်ဆံရမယ်။ ပိုက်ဆံရမှ ဆန်၊ ဆီ၊ ဆေး၊ ဆား ဝယ်နိုင်မယ်။ ပိုက်ဆံမရှိဘူး”

ကျိုင်းတုံဈေးထဲက အထမ်းသမတဦးဖြစ်တဲ့ နန်းဆာက ပြောပါတယ်။

“ အထမ်းသမားခေါ်မလို့လား၊ ခေါ်လို့ရတယ်နော်၊ ကျမတို့ကိုခေါ်ပါ” ဆိုပြီး ကပိုကရိုဝတ်စားလို့ ဘေးလွယ် အိတ်လေးတွေ စလွယ်သိုင်းထားတဲ့ အမျိုးသမီးတွေက ရှမ်းဘာသာနဲ့လှမ်းမေးနေတာပါ။

သူတို့ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့က မြို့မဈေးထဲမှာ ခွေးခြေလို့ခေါ်တဲ့ ခုံပုလေးတွေနဲ့ အစုလိုက် ထိုင်ပြီး အထမ်းသမားလိုတဲ့ သူတွေကို စောင့်နေကြတဲ့ အမျိုးသမီးအထမ်းသမားတွေပါပဲ။

တခြားဒေသက ဈေးတွေနဲ့မတူ ကျိုင်းတုံဈေးရဲ့ ထူးခြားမှုတခုကတော့ အထမ်းသမားအားလုံးနီးပါးဟာ အမျိုး သမီးတွေဖြစ်နေတာပါ။

အဲဒီအမျိုးသမီးတွေ တစုတဝေးနဲ့ထိုင်နေတာကို မသိရင်တော့ ငွေတောင်းစားနေတဲ့သူတွေလို့ ထင်ကောင်း ထင်ကြပါမယ်။

ဒါပေမယ့် သူတို့ဟာ ငွေတောင်းစားသူတွေမဟုတ်ဘဲ သမာအာဇီဝကျကျနဲ့ လူတိုင်းမလုပ်နိုင်တဲ့ အလုပ်တွေ ဖြစ်တဲ့ လေးလံတဲ့ကုန်ပစ္စည်းတွေကို ထမ်းပိုးပြီး ဝမ်းစာရှာဖွေနေကြသူတွေပါ။

“အထမ်းသမားလိုရင် ခေါ်ပါနော်။ ဒီမှာကြိုးလည်းပါတယ်” လို့ ပစ္စည်းသယ်ရာမှာအသုံးပြုတဲ့ စက္ကူဖာတွေ၊ စက္ကူပုံးတွေကို ချည်နှောင်တဲ့ကြိုးခွေကို မြှောက်ကိုင်ပြပြီး ပြုံးကာရယ်(ရီ)ကာ အော်နေသူကတော့ အသက် (၆၀)ကျော်ပြီဖြစ်တဲ့ ပါ့နန်းသန်းဖြစ်ပါတယ်။

အထမ်းသမကြီး ပါ့နန်းသန်းဟာ ကျိုင်းတုံဈေးထဲမှာ ကုန်ပစ္စည်းထမ်းတဲ့အလုပ်ကို လုပ်နေတာ (၁၀)နှစ်ကျော် ရှိပြီဖြစ်ပြီး ဒီလိုကုန်ထမ်းအလုပ်က နေ့စဉ်ပုံမှန်ဝင်ငွေရတဲ့အလုပ်တော့ မဟုတ်ဘူးလို့ သူကပြောပြပါတယ်။

“ ကျမ တရက်ကို (၄)ထောင်၊ (၅)ထောင် ရပါတယ်။ ပုံမှန်တော့ မရှိပါဘူး”

ဈေးထဲမှာ ကုန်ထမ်းတဲ့အလုပ်ကို စလုပ်ချိန်တုန်းက ဝင်ငွေကောင်းပေမယ့် အခုနောက်ပိုင်းမှာ အထမ်းသမတွေ များလာလို့ အရင်ကလို ဝင်ငွေမရတော့ဘူးလို့ သူမက ဆိုပါတယ်။

အထမ်းသမကြီး ပါ့နန်းသန်းဟာ  အသက် (၆၀)နီးပါးရှိနေပေမယ့် အလုပ်လုပ်တဲ့နေရာမှာတော့ သွက်လက် ဖျတ်လတ်နေဆဲပါ။ ဒါပေမယ့်လည်း သိပ်လေးလံတဲ့ပစ္စည်းတွေကိုတော့ သူက မသယ်တော့ဘူးလို့ ပြောပါ တယ်။

“ ကျမက အသက်ကြီးလာပြီ။ ဒါကြောင့် အရမ်းလေးတဲ့ ပစ္စည်းတွေဆို  မသယ်တော့ဘူး။ သူများကို ပေးလိုက် တယ်။ ဒီမှာက ကိုယ့်ဖောက်သည်နဲ့ကိုယ် ရှိပြီသားလေ”

ဓါတ်ပုံ – နန်းဆိုင်နွမ် (HI)

ကျိုင်းတုံဈေးထဲမှာ အထမ်းသမားအလုပ်လုပ်ကိုင်လာခဲ့တာ နှစ်ကာလကြာမြင့်လာပြီဖြစ်ပေမယ့် အထမ်းသမ ဘဝကို စွန့်လွှတ်ဖို့ ခက်ခဲနေသေးတယ်လို့လည်း ပါ့နန်းသန်းက ပြောရှာပါတယ်။

“ ဒီအထမ်းမှ မလုပ်ရင် ဘာမှလုပ်စရာ မရှိဘူးလေ။ အလုပ်အကိုင်က ရှားတယ်”

အထမ်းသမအများစုဟာ ကျိုင်းတုံမြို့ရဲ့အပြင်ဘက် တောင်ပေါ်ကျေးရွာတွေမှာ နေထိုင်ကြတဲ့သူတွေဖြစ်ပြီး ကျိုင်းတုံဈေးကိုရောက်ဖို့ တနာရီခန့် လမ်းလျှောက်လာကြရတာမို့ မနက်မိုးမလင်းခင်ကတည်းက ရွာကထွက် လာကြရတယ်လို့ ပြောပါတယ်။

ကလေးရှိတဲ့ အထမ်းသမတွေကတော့ ကလေးတွေအတွက် ထမင်းဟင်းချက်ပြုတ်စီစဉ်ပေးပြီးမှသာ ထွက်လာ ကြရတာပါ။

“ မနက်အစောကြီး မိုးမလင်းခင်ထ၊ ကလေးတွေအတွက်နဲ့ ကျမဈေးထဲမှာစားဖို့၊ ထမင်းထုတ်ယူဖို့၊ ချက်ရ တယ်။ ပြီးမှဈေးထဲကိုလာရတယ်။ ဒီဈေးထဲရောက်ဖို့က တနာရီလောက် လမ်းလျှောက်ရပါတယ်”လို့  အသက် (၄၀) ကျော် အရွယ်ရှိတဲ့ အခြားအထမ်းသမတဦးဖြစ်တဲ့ နန်းလွတ်က ပြောပါတယ်။

နန်းလွတ်ကတော့ သားတယောက်၊ သမီးတယောက်ရှိပြီး၊ ကလေးတွေကလည်း ကျောင်းမတက်ရဘူးလို့ ပြော ပြပါတယ်။

“ ကုန်ဈေးနှုန်းတွေက အစစအရာရာ တက်လာတယ်။ ဒီလိုမှ မလုပ်ရင်လည်း မရဘူး။ စားဖို့က ရှိသေးတယ်” လို့ နန်းလွတ်က ဆိုပါတယ်။

ကျိုင်းတုံဈေးထဲမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးအထမ်းသမတွေဟာ အသက်(၂၀)ကျော်အရွယ်ကနေ အသက် (၆၀)ကျော်အရွယ်အထိ အရွယ်စုံရှိကြပါတယ်။

အသက်(၃၀)အရွယ်  နန်းဆောင်ကတော့ “ ထမ်းတာက မိန်းကလေးတွေလုပ်တဲ့အလုပ်၊ ယောကျ်ားတွေက ဒါ မလုပ်ဘူး။ သူတို့က ပန်းရံတွေလုပ်တယ်” လို့  ရှမ်းစကားနဲ့ ပြုံးပြီးပြောပြပါတယ်။

အထမ်းသမဘဝဟာ ဝင်ငွေပုံမှန်မရပေမယ့် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေတယ်လို့ နန်းဆောင်က ဆိုပါတယ်။

“ ကျမတို့မှာ အလုပ်အကိုင်ရှားပါးတယ်။ ကျမတို့မှာ လယ်ယာလည်း မရှိဘူး။ ငွေကြေးရှာဖွေရတာ သိပ်ခက် တယ်” လို့ သူမက ဆက်လက်ပြောပြတာပါ။

ဓါတ်ပုံ – TripAdvisor

ကျိုင်းတုံဈေးထဲက ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတဦးကလည်း “ ကျမတို့ဆီမှာက အထမ်းသမားဆိုရင် မိန်းက လေးတွေ ပိုများတယ်။ သူတို့က စိတ်ချရတယ်။ သူတို့တွေ ဒီဈေးထဲမှာ လုပ်ကိုင်တာလည်း ကြာပြီ။ ပြဿနာ ဘာမှ မရှိဘူး” လို့ ပြောပြပါတယ်။

အမျိုးသမီးအထမ်းသမတွေကို ပစ္စည်းအလေးချိန်အပေါ် မူတည်ပြီး တခေါက်ကို (၂၀၀) ကျပ်ကနေ (၅၀၀) ကျပ်အထိ အခကြေးငွေပေးကြပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသက ကျေးရွာတွေမှာ နေထိုင်တဲ့ အမျိုးသမီးအများစုဟာ အစစအရာရာ နိမ့်ကျမှု၊ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရသလို ပညာသင်ကြားဖို့လည်း အလှမ်းဝေးနေဆဲပါလို့ ရှမ်းရှေ့ဒေသက အ မျိုးသမီးအခွင့်အရေးလှုပ်ရှားနေသူတွေက ဆိုကြပါတယ်။

“ ဒီဈေးမှာ အထမ်းဆိုရင် အများစုက မိန်းကလေးတွေပဲ။ ယောကျ်ားအထမ်းသမားက မရှိသလောက်ပါပဲ” လို့ လားဟူအမျိုးသမီးအဖွဲ့အစည်းမှ နာမီးသဲကလည်း ပြောပြပါတယ်။

အမျိုးသမီးအထမ်းသမားအများစုက ပညာရေး၊ လူမှုရေးနဲ့ အသိပညာ ဗဟုသုတတွေ အားနည်းကြပြီး အများစု က “လွိုင်”လို့ခေါ်တဲ့တောင်ပေါ်ဒေသတွေက လာကြတာပါလို့ နာမီးသဲက ပြောပါတယ်။

ကျိုင်းတုံမြို့နယ်နဲ့ ပါတ်ဝန်းကျင်ဒေသတွေမှာနေထိုင်တဲ့ အမျိုးသမီးအများစုဟာ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးဆိုင်ရာ ကျန်းမာရေး၊ အမျိုးသမီးများ တန်းတူညီမျှရေးဆိုတဲ့ စကားလုံးတွေကို နားလည်ဖို့ နေနေ သာသာ ကြားတောင်မကြားဖူးဘူးလို့လည်း သူတို့တွေက ဆိုကြပါတယ်။

တရက်လုပ် တရက်စားဘဝနဲ့ ရုန်းကန်နေရတဲ့အတွက် တခြားဗဟုသုတရှာဖွေဖို့အတွက်လည်း အချိန်မပေးနိုင် ကြပါဘူးလို့ ကျိုင်းတုံဈေးထဲက အထမ်းသမတွေက တညီတညွတ်တည်း ပြောဆိုကြပါတယ်။

” ထမ်းနိုင်သလောက်တော့ ထမ်းရဦးမယ်။ ထမ်းနိုင်သရွေ့တော့ ကိုယ့်ဟာကိုယ်ရှာစားရမှာဘဲ” လို့ အသက် (၆၀)ကျော် ပါ့နန်းသန်းတယောက် အားမလျော့ပဲ ပြောနေဆဲပါ။

 

Related Articles