Home ဆောင်းပါး အိမ်ရှင်လား..ဧည့်သည်လား..

အိမ်ရှင်လား..ဧည့်သည်လား..

Photo: Ninu (Women in Action Group)

ခင်စုကြည်။            ။

“အိမ်ရှင်လား၊ ဧည့်သည်လား”

ချင်းမျိုးနွယ်စုတခုရဲ့ဓလေ့တခုမှာ သူတို့ရဲ့မိသားစုတစုက ကလေးမွေးလာတဲ့အခါ “သားလေးလား သမီးလေး လား”လို့မမေးပဲ ဒီလိုမေးပါတယ်တဲ့။

အိမ်ရှင်ဆိုတာက သားယောကျ်ားလေးကိုဆိုလိုပြီး ဧည့်သည်ဆိုတာကတော့ သမီးမိန်းကလေးကို ဆိုလိုတာ ဖြစ်ပါတယ်။

သားတွေဟာ ဖခင်ရဲ့ဆွေမျိုးစုကို ဆက်ခံပြီး နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းနိုင်သူ အိမ်ရှင်တွေအဖြစ်နဲ့ ပိုပြီးတန်ဖိုးထားကြတာဖြစ်ပြီး သမီးတွေကိုတော့ တနေ့လက်ထပ်တဲ့အခါ အိမ်ကနေထွက်သွားရမယ့် ဧည့် သည်တွေလို့ သဘောထားကြတာဖြစ်ပါတယ်။

“ဒီဓလေ့ထုံးတမ်းဥပဒေ ဒါမှမဟုတ် ပက်ထရီအာခီ (Patriarchy) – အမျိုးသားကြီးစိုးရေးဝါဒ လို့ပဲပြောမလား၊ ဒါတွေက အမျိုးသမီးတွေကို အိမ်ရှင်ဖြစ်ခွင့်မပေးထားဘူး။ ကိုယ့်မိဘဆီမှာပဲနေနေ ကိုယ့်ယောကျာ်းဆီပဲ ရောက်ရောက် အမြဲတမ်းဧည့်သည်ဘဝဖြစ်နေတယ်။ တခြားနေရာမှာလည်း ဒီလိုစကားလုံးမျိုး မသုံးရင် တောင်မှ ဒီလိုအတွေးအခေါ်က ချင်းတွေအားလုံးမှာ အတူတူပဲ” လို့  ချင်းအမျိုးသမီးများအခွင့်အရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေ လုပ်ဆောင်နေတဲ့ နေနူးအဖွဲ့က မိုင်လဲင်နိုင်ကျဲရ်က ပြောပါတယ်။

အိမ်ရှင်နဲ့ ဧည့်သည်ရယ်လို့  စကားအသုံးအနှုန်းတခုအဖြစ်သာ ခွဲခြားထားတာမဟုတ်ဘဲ မိသားစုအတွင်း အမွေခွဲဝေမှု တာဝန်ခွဲဝေမှုတွေအပေါ်လည်း ဒါတွေက သက်ရောက်မှုတွေ ရှိနေပါတယ်။

သားကြီး ဒါမှမဟုတ် သားအငယ်တွေက အိမ်၊ မြေနဲ့ တခြားတန်ဖိုးကြီးပစ္စည်းတွေကို အမွေဆက်ခံခွင့်ရပြီး သားမရှိရင် သေဆုံးသူနဲ့ဆွေမျိုးစုတူတဲ့ အခြားယောကျာ်းအမျိုးသားတွေက အမွေကို ဆက်ခံရပါတယ်။ သမီး တွေကတော့ မိခင်ပိုင်ဆိုင်တဲ့ ရိုးရာအဝတ်အထည်တွေ၊ အဆင်တန်ဆာတွေကိုသာ အမွေဆက်ခံနိုင်တယ်လို့ ဆိုပါတယ်။

သမီးတွေကို အမွေမပေးတဲ့ အဓိကအကြောင်းပြချက်ကတော့ သမီးတွေဟာ လက်ထပ်ပြီးတဲ့အခါ ဖခင်ရဲ့ ဆွေမျိုးစုဝင် မဟုတ်တော့ပဲ လင်ယောကျ်ားရဲ့ ဆွေမျိုးစုဝင်ဖြစ်သွားတဲ့အတွက်ကြောင့်ပါ။ သမီးတွေကို အမွေ ပေးလိုက်ရင် ဒီအမွေတွေဟာ တခြားမိသားစုတွေဆီကို ရောက်သွားနိုင်တာကြောင့် မိမိမျိုးဆက်ပိုင်ပစ္စည်းကို ထိန်းသိမ်းဖို့အတွက် သမီးတွေ အမွေမရတဲ့ ဓလေ့ထုံးတမ်းကို ကျင့်သုံးကြတာဖြစ်ပါတယ်။

“ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ် သားတွေကိုပဲ အမွေပေးစေချင်တယ်။ ချင်းထုံးစံအရ သားတွေဟာ အမျိုးကို ထိန်းသိမ်းတဲ့သူတွေဖြစ်တယ်လေ။ သမီးတွေကျတော့ ယောကျာ်းယူပြီးရင် အမျိုးပျောက်ပျောက်သွားတတ် တယ်။ ကျွန်တော်တို့ထုံးစံအရဆိုရင် အငယ်ဆုံးသားက အိမ်ပိုင်ရမယ်။ ဘာဖြစ်ဖြစ် အငယ်ဆုံးမဟုတ်ရင် တောင် ယောကျာ်းတွေကပိုင်ဖို့လိုပါတယ်” လို့မတူပီမြို့နယ်က တက္ကသိုလ်ကျောင်းသားတဦးက ပြောပါ တယ်။

မိန်းကလေးတွေကို မျိုးဆက်ရှင်သန်မှုပေးနိုင်သူအဖြစ် မသတ်မှတ်ထားကြတာကြောင့် မိန်းကလေးတွေဟာ မိဘအိမ်မှာ ဧည့်သည်အဖြစ်နဲ့နေရသလို လက်ထပ်ပြီးတဲ့အခါလည်း လင်ယောကျာ်းရဲ့ဆွေမျိုးစုနဲ့ မျှဝေသုံး စွဲရတဲ့ ဧည့်သည်တွေသာဖြစ်ပါတယ်။

ခင်ပွန်းသေဆုံးသွားတဲ့အခါမှာလည်း ဇနီးသည်တွေဟာ အမွေဆက်ခံ ခွင့်ကို မရကြပြန်ပါဘူး။ မိဘရဲ့နေအိမ်ကို ပြန်သွားရပြီး ဖခင်ရဲ့ဆွေမျိုးစုထဲကို ဧည့်သည်ဘဝနဲ့ တဖန်ပြန် ရောက်သွားကြရပါတယ်။

အမွေဆက်ခံခြင်းရဲ့နောက်ဆက်တွဲအကျိုးဆက်ဖြစ်တဲ့ ခင်ပွန်းသေဆုံးသွားတဲ့ဇနီးသည်တွေဟာ သားရှိမှ အဲဒီ သားက အမွေဆက်ခံရတာဖြစ်လို့ သားဖြစ်သူအမွေရတဲ့နေအိမ်မှာ သားခွင့်ပြုရင် ဆက်လက်နေထိုင်နိုင်ပြီး သားမရှိတဲ့ မုဆိုးမတွေကတော့ ဒီလိုအမွေဆက်ခံခွင့်ကို ဆုံးရှုံးကြပါတယ်။

“ကျမတို့ချင်းဓလေ့ထုံးတမ်းအရ ယောကျာ်းဖြစ်သူဆုံးပါးသွားရင် ကျန်ခဲ့တဲ့မိန်းမမှာ သားရှိမယ်ဆိုရင်၊ သားက အသက်မပြည့်သေးရင်၊ ဒါမှမဟုတ် သားကသဘောကောင်းလို့ ခွင့်ပြုရင် အိမ်မှာဆက်နေလို့ရတယ်။ တချို့နေရာမှာတော့မတူဘူးပေါ့။ အားလုံးစိတ်ထဲမှာတော့ ဒီမိန်းမမှာ သားရှိရင် လုံခြုံတယ်၊ အိမ်မှာဆက်နေ ခွင့်ရဖို့က သေချာသလောက်ဖြစ်တယ်။ တကယ်လို့ သမီးပဲရှိရင် မသေချာဘူး။ သမီးက အိမ်ကို အမွေ ဆက်ခံခွင့် ရှိတဲ့သူမဟုတ်ဘူး။ အခုချိန်ထိ သမီးပဲရှိတယ်ဆိုရင် ယောကျာ်းတွေရဲ့ အမျိုးတွေက အိမ်ကိုပြန်သိမ်း ယူလိုက်တာတွေရှိတယ်” လို့ နေနူးအဖွဲ့က မိုင်လဲင်နိုင်ကျဲရ်က ပြောပါတယ်။

ဓလေ့ထုံးတမ်းတွေရဲ့လွှမ်းမိုးမှုကြောင့် အမွေကိစ္စနဲ့ပတ်သက်လို့ အငြင်းပွားမှုနည်းပါးပြီး  တချို့ဒေသတွေမှာ ခေတ်အခြေအနေအရ သမီးတွေကို အမွေဆက်ခံခွင့် အချို့ခွဲပေးလာပေမယ့်လည်း မုဆိုးမတွေနဲ့ ပတ်သက် လို့ အမွေဆက်ခံခွင့်ကတော့ ထုံးစံအတိုင်း ပြောင်းလဲမှု မရှိသေးတာကို တွေ့ရပါတယ်။

Photo: Ninu (Women in Action Group)

ချင်းပြည်နယ်မှာ လက်ရှိကျင့်သုံးနေတဲ့ ချင်းဝိသေတိုင်းအက်ဥပေဒေအရ တရားရုံးကိုရောက်လာတဲ့ သေဆုံးသူ လင်ယောကျာ်းရဲ့သားနဲ့ ဆွေမျိုးယောကျာ်းတွေက ကျန်ခဲ့တဲ့မုဆိုးမထံကနေ မိသားစုအိမ်ကို ပြန်ရယူဖို့ လျှောက်ထားတဲ့ အမှုတွေ  ရှိနေပြီး ဥပဒေအရ အနိုင်ရလေ့ရှိတာကိုလည်း တွေ့ရပါတယ်။

နေနူးအဖွဲ့ရဲ့သုတေသနစာတမ်းထဲမှာတော့ တရားရုံးကိုလာရောက်တိုင်ကြားတဲ့အမှု (၇)ခုရှိပြီး (၅)ခုက သေ ဆုံးသူယောကျာ်းရဲ့ ချင်းဓလေ့အရ အမွေဆက်ခံထိုက်သူတွေက မုဆိုးမထံကနေ မိသားစုနေအိမ်ကိုပြန်လည် ရယူဖို့ လျှောက်ထားတောင်းဆိုထားတဲ့အမှုတွေဖြစ်ပါတယ်။

အမျိုးသမီးတွေကို အမွေဆက်ခံခွင့်မှာ ဖိနှိပ်ခွဲခြားထားတဲ့ ချင်းဝိသေသတိုင်း အက်ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ နေနူးအဖွဲ့က ဦးဆောင်ပြီး စည်းရုံးလှုံ့ဆော်မှုအစီအစဉ်တွေရေးဆွဲဖို့ ၂၀၁၄ ခုနှစ်မှာ ရန်ကုန်မှာ နေထိုင်တဲ့ ချင်းအမျိုးသမီးတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမွေကိစ္စနဲ့ပတ်သက်လို့ တရားရုံးကို လာရောက်တိုင်ကြားတဲ့အမှုကတော့ မရှိသလောက် နည်းပါးနေသလို ချင်းပြည်နယ်မှာ ချင်းဝိသေတိုင်းအက်ဥပဒေနဲ့ အမွေကိစ္စကို ဖြေရှင်းလို့ရတာကိုလည်း ဒေသနေပြည်သူတွေ မသိရှိကြတာ တွေ့ရပါတယ်။

အများစုက ဓလေ့ထုံးတမ်းအစဉ်အလာအရပဲ ဆက်လက်ကျင့်သုံးနေကြတာပါ။

Photo: Ninu (Women in Action Group)

ဓလေ့အရဆိုရင် အမွေဆက်ခံတဲ့သားယောကျာ်းလေးတွေက မိဘတွေကို တသက်လုံးပြုစုစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ အခုခါမှာတော့ အမွေဆက်ခံတဲ့သားတွေဟာ သက်မွေးဝမ်းကျောင်းအလုပ်အတွက် မိဘတွေနဲ့အတူမနေပဲ တခြားဒေသမှာ သွားရောက်နေထိုင်ကြသူတွေလည်း ရှိလာပါတယ်။ ဒါကြောင့် ဓလေ့ အတိုင်း လိုက်နာတာထက် အိုမင်းမစွမ်းဖြစ်နေတဲ့ မိဘတွေကိုပြုစုဖို့ သားဖြစ်စေ၊ သမီးဖြစ်စေ၊ ချွေးမဖြစ်စေ အမွေရသင့်တယ်လို့ တွေးခေါ်ပုံပြောင်းလဲလာကြတာရှိပါတယ်။

သမီးတွေကို အမွေမပေးတဲ့ နောက်ထပ် အယူအဆတခုလည်းရှိပါသေးတယ်။ အဲဒါကတော့ အမွေဆက် ခံတယ်လို့ဆိုရာမှာ ကောင်းမွေရော ဆိုးမွေပါလက်ခံရတဲ့အတွက် အမွေဆက်ခံသူဟာ ကောင်းမွေဖြစ်တဲ့ ဥစ္စာ ပစ္စည်းတွေကိုသာမက ဆိုးမွေဖြစ်တဲ့ အကြွေးတွေကိုလည်း ဆက်ခံပြီး ပြန်လည်ပေးဆပ်ရပါတယ်။

အဲဒီအကြွေးထဲမှာတော့ ကလဲ့စားချေတဲ့စနစ်ကို ချင်းလူမျိုးတွေ ကျင့်သုံးခဲ့စဉ်က မိမိတို့မိသားစုဝင်တဦးက လူသတ်ခဲ့ရင် ပြန်လည်အသတ်ခံရခြင်းမျိုးတွေလည်း ရှိခဲ့တာကြောင့် အမျိုးသားတွေသာ အဲ့ဒီအမွေတွေကို ဆက်ခံနိုင်တဲ့သူဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြတာပါ။

“ကျမတို့ရွာမှာ သမီးကို အမွေပေးတာ တခါမှမကြားဖူးသေးဘူး။ ယောကျာ်းတွေပြောလေ့ရှိတာက မင်းတို့ မိန်းမတွေက တနေ့လက်ထပ်ပြီးရင် ယောကျာ်းအမျိုးဖြစ်သွားမယ့်သူတွေမို့ အမွေမပေးတာတဲ့။ ဒါပေမယ့် တကယ်တမ်းကျတော့ ကျမတို့သမီးတွေပဲ မိဘအတွက် စိတ်ပူပေး ပြုစုပေးကြတာ။ လက်ထပ်ပြီးတာတောင်မှ ပြန်ကြည့်ရှုစောင့်ရှောက်ရတယ်။ သားတွေကတော့ မိန်းမရပြီးရင် မိဘကို သိပ်ဂရုမစိုက်ကြတော့ဘူး။ မေ့သွား ကြတာများတယ်” လို့ ထန်တလန်မြို့က အသက် (၄၇)နှစ်ရွယ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတဦးကပြောပါတယ်။

ဟိုအရင်က ကျင့်သုံးခဲ့တဲ့ရိုးရာဓလေ့တွေဟာ အမျိုးသမီးတွေကို ကာကွယ်တဲ့အနေနဲ့ကျင့်သုံးခဲ့တာဖြစ်ပေမယ့် အခုခေတ်အခြေအနေအရ ဂလဲ့စားချေတဲ့စနစ်လည်း မကျင့်သုံးတော့သလို သားတွေထက် သမီးတွေက မိဘ တွေကို ပိုမိုပြုစုစောင့်ရှောက်ရလို့ သမီးတွေဟာလည်း အမွေဆက်ခံထိုက်သူဖြစ်သင့်တယ်ဆိုတဲ့ အတွးအမြင် ပြောင်းလဲမှုတွေ တစတစ ရှိလာပါပြီ။

ဓလေ့ထုံးတမ်းဥပဒေတွေကို လေ့လာကြည့်ရင် အမျိုးသမီးတွေကို အမျိုးသားတွေကနေတဆင့်ပဲ အကာအ ကွယ် ပေးထားတာဖြစ်ပြီး လင်ယောကျာ်းအပေါ်မှာ အမြဲမှီခိုနေအောင် စီစဉ်ထားသလိုဖြစ်နေတာပါ။

လူ့အခွင့်အရေးနဲ့ ကျားမတန်းတူညီမျှရေးတွေ လုပ်ဆောင်နေတဲ့ ချင်းတိုင်းရင်းသူ မချယ်ရီဇာဟောင်းကတော့ အမျိုးသမီးတွေကို ခွဲခြားဖိနှိပ်ထားတဲ့ ရိုးရာဓလေ့တွေကို ဆက်လက်ကျင့်သုံးနေသေးတဲ့ ချင်းလူမျိုးတွေ အတွက် ကျားမတန်းတူညီမျှရေး ရရှိဖို့အတွက် တော်တော်လေးအားထည့်ပြီး လုပ်ဆောင်ရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Photo: Ninu (Women in Action Group)

“ရိုးရာဓလေ့တွေက တနေရာနဲ့ တနေရာတော့ မတူကြဘူးပေ့ါ။ ဖလမ်းဇာဟောင်မှာဆို မျိုးနွယ်စုတွေမှာ အမျိုးသမီးတွေက အမွေဆက်ခံပိုင်ခွင့် မရှိဘူး။ အဲဒီလိုမျိုးဥပဒေတွေရှိတယ်။ ချင်းပြည်နယ်တခုလုံးကို ခြုံပြီး တော့ ပြောမယ်ဆိုရင်တော့ အမျိုးသမီးတွေကို အရမ်းနှိမ်တယ်။ နှိမ်တဲ့စကားလုံးတွေ စကားပုံတွေ အများကြီး ရှိနေတယ်။ လူတွေကလည်း ဆက်ပြီးတော့ အဲ့ဒီစကားပုံတွေအတိုင်း ကျင့်သုံးနေကြတယ်။ ဘာသာရေးအရ ကလည်း အဲ့ဒါတွေကို ဆက်ပြီးတော့ သယ်ဆောင်လာကြတယ်။ ကျားမတန်းတူညီဖို့ အများကြီး လုပ်ဖို့လိုအပ် တယ်။ အမျိုးသားတွေရဲ့စိတ်တွေက ပြောင်းလဲနိုင်ဖို့အများကြီးလိုအပ်သေးတယ်” လို့ မချယ်ရီဇာဟောင်းက ပြောပါတယ်။

အမွေဆက်ခံခြင်းဆိုင်ရာ ချင်းဝိသေသတိုင်း အက်ဥပဒေထဲမှာပါရှိတဲ့ အပိုဒ်(၁၅-က)ရဲ့ နောက်ဆက်တွဲကို ပြင် ဆင်ဖို့ရေးဆွဲထားတဲ့ ဥပဒေကို ၂၀၁၅ ခုနှစ်က ချင်းပြည်နယ်လွှတ်တော်က ရေးဆွဲထားပေမယ့်လည်း အမျိုး သမီးတွေ အမွေဆက်ခံခွင့်ကို ခွဲခြားထားဆဲဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်မှာ မူကြမ်းကို ရုတ်သိမ်းကာ ပြန်လည်ဆွေးနွေး ပြင်ဆင့် သင့်တယ်လို့ ထောက်ပြနေကြပြီး ဥပဒေကြမ်းရေးဆွဲတဲ့အခါမှာလည်း ဥပဒေရဲ့ ကောင်းကျိုးဆိုးကျိုးကို တိုက် ရိုက်ခံစားရမယ့် အမျိုးသမီးတွေ ပါဝင်သင့်တယ်လို့ပြောဆိုလာကြပါတယ်။

အခြေအနေ အချိန်အခါတွေ ပြောင်းလဲလာတဲ့အမျှ အမွေဆက်ခံခွင့်အပါအဝင် အခြားဓလေ့ထုံးတမ်းတွေကို ခေတ်နဲ့အံဝင်ပြီး တရားမျှတကောင်းမွန်အောင် ပြုပြင်မွမ်းမံထားတဲ့ ချင်းဓလေ့ထုံးတမ်းတွေ ပေါ်ထွက်လာစေဖို့ ချင်းအမျိုးသမီးတွေအနေနဲ့ မျှော်လင့်နေကြတာပါ

ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသားများစုစည်းနေထိုင်တဲ့ မြန်မာ့လူ့အဖွ့ဲအစည်းမှာ အမျိုးသမီးများဟာ လူဦးရေအရ ပိုမိုများပြားနေတာဖြစ်ပြီ အမွေခွဲဝေခြင်းအပါအဝင် အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်း၊ တဆင့်နိမ့်ဆက်ဆံ ခြင်းများဟာ လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းအရေးအတွက် အထောက်ကူဖြစ်စေမှာ မဟုတ် ပါဘူး။

ဒီအပေါ်မှာ တိုင်းရင်းသားတွေရဲ့ဓလေ့ထုံးတမ်းတွေကို ပြန်လည်သုံးသပ်ပြီး အမျိုးသမီးများအပေါ် နစ်နာစေတဲ့ ဓလေ့ထုံး တမ်းတွေကို ပြန်လည်ပြင်ဆင်မွမ်းမံနိုင်မှ လူမျိုးအလိုက် တိုးတက်ပြောင်းလဲအောင်လုပ်နိုင်မယ်လို့ အမျိုးသမီးရေးနဲ့ ကျားမတန်းတူညီမျှရေးဆိုင်ရာ အဖွဲ့အစည်းတွေက ပြောဆိုနေကြပါတယ်။

 

Related Articles