Home ဆောင်းပါး အမျိုးသမီးများနဲ့ ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင်

အမျိုးသမီးများနဲ့ ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင်

အထည်ချုပ်စက်ရုံအလုပ်သမားများ လုပ်ငန်းခွင်ဝင်ချိန် (ဓါတ်ပုံ- BWU)

နန်းဆိုင်နွမ်။           ။

“ အမျိုးသမီးတွေ ဘေးကင်းလုံခြုံတဲ့ အလုပ်အကိုင် ရရှိဖို့ အလုပ်သမားအခွင့်အရေးတွေ သိဖို့လိုအပ်တယ်” လို့ အောင်မြင်မှု ကျွမ်းကျင်အထည်ချုပ်သင်တန်း မန်နေဂျာ ဒေါ်နှင်းဖြူဖြူအေးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေမှာ အမျိုးသမီးအများစု အလုပ်လုပ်နေကြပြီး၊ အလုပ်သမားရပိုင်ခွင့် ၊ အ မျိုးသမီး အခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေကို သိရှိနားလည်မှုတွေကတော့ အားနည်းနေဆဲဖြစ်ပါတယ်။

မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ အောင်မြင်မှုကျွမ်းကျင် အထည်ချုပ်သင်တန်းဟာ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်လို သူတွေအတွက် အထည်ချုပ်တဲ့ စက်ပိုင်းဆိုင်ရာ တတ်ကျွမ်းမှုတွေအပြင် အလုပ်သမားရပိုင်ခွင့်တွေ၊ လူ့အခွင့်အ ရေး ပညာရပ်တွေကိုပါ နားလည်သိရှိလာအောင် သင်ကြားပေးနေပါတယ်။

အောင်မြင်မှုကျွမ်းကျင်က အထည်ချုပ်ကျွမ်းကျင်ဖို့တခုတည်း မဟုတ်ပဲ အမျိုးသမီးတွေနဲ့ဆိုင်တဲ့ အခွင့်အရေးတွေ၊ အလုပ်သမားဆိုင်ရာဥပဒေတွေ၊ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာမြှင့်တင်ရေးတွေကအစ သင်ကြားလေ့ ကျင့်ပေးတဲ့နေရာတခုဖြစ်တယ်လို့ သင်တန်းတက်ရောက်နေတဲ့ မစိုးစိုးက ပြောပါတယ်။

လက်ရှိ သင်တန်းမှာတော့ ရန်ကုန်မှာ အလုပ်လုပ်နေတဲ့အမျိုးသမီးတွေအပြင် နယ်အသီးသီးကနေ ပြောင်းရွှေ့ လာတဲ့ အမျိုးသမီးတွေကတော့ အများစုပါလို့ သင်တန်းမန်နေဂျာ ဒေါ်ဖြူနှင်းနှင်းအေးက ပြောပြပါတယ်။

“ အဓိကနယ်ကပြောင်းလာတဲ့သူတွေ ပိုများတယ်။ နေရာတွေကတော့ နယ်အစုံပါပဲ” လို့ ဒေါ်ဖြူနှင်းနှင်းအေးက ပြောပါတယ်။

ဒီသင်တန်းစီမံကိန်းကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ပျိုးပင်လို့ခေါ်တဲ့ နိုင်ငံတကာအကူအညီရရှိထားတဲ့ အဖွဲ့အစည်းတခုက ဦးဆောင် ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။

အောင်မြင်မှုကျွမ်းကျင်စီမံကိန်းကို အသက်မွေးဝမ်းကျောင်းနဲ့ စားနိပ်ရိက္ခာ ဖူလုံရေးရံပုံငွေ Livelihoods and Food Secunty Trust ( LIFT) အဖွဲ့က ကူညီထောက်ပံ့ပေးပြီး Care Myanmar, ပျိုးပင် နဲ့ သုံးပန်လှ စတဲ့အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။

ဓါတ်ပုံ – အောင်မြင်မှု ကျွမ်းကျင် အထည်ချုပ် သင်တန်း

အဓိကတော့ အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်မယ့် အမျိုးသမီးငယ်တွေအနေနဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေ ရရှိ ပြီး၊ အမျိုးသမီးငယ်တွေရဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို လုပ်ငန်းခွင်အတွင်း ပြေလည်အောင် ဖြေ ရှင်းတတ်စေလိုတဲ့အတွက် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

သင်တန်းကာလမှာ ၂လ ခန့်ကြာမြင့်ပြီး သင်တန်းသူများ တသုတ်ပြီးတသုတ် တက်ရောက်နိုင်အောင် စီစဉ်ထား တာ ဖြစ်ပါတယ်။ အထည်ချုပ်နည်းပညာအပြင် လူမှုပညာရပ်တွေဖြစ်တဲ့ အလုပ်သမားဥပဒေ၊ အမျိုးသမီး အခွင့် အရေး၊ လူ့အခွင့်အရေး၊ ကျန်းမာရေးအကြောင်း သိကောင်းစရာတွေနဲ့ အလုပ်သမားတွေရဲ့ရပိုင်ခွင့်တွေကိုပါ လေ့လာနိုင်အောင် သင်ကြားပေးတယ်လို့ သိရပါတယ်။

အောင်မြင်မှုမှာ သင်တန်းလာတက်မယ့် အမျိုးသမီးတွေအတွက် နေထိုင်ဖို့နေရာ မစီစဉ်ပေးပေမယ့် အမျိုးသမီး တွေ ဈေးနှုန်းသက်သာပြီး စိတ်ချရတဲ့အဆောင်တွေနဲ့ ချိတ်ဆက်ပေးထားပါတယ်။

အောင်မြင်မှုသင်တန်းကျောင်းဟာ အမျိုးသမီးတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ အမျိုးသမီးတွေရဲ့ စွမ်းရည် မြှင့် တင်တဲ့ သင်တန်းကျောင်းဖြစ်တဲ့အတွက် အထည်ချုပ်စက်ရုံကို စိတ်ဝင်စားပြီး (၁၈)နှစ်ပြည့် အမျိုးသမီးတိုင်းလာ တက်ရောက်လို့ရပါတယ်။

“ သင်တန်းက ပညာအရည်အချင်း သတ်မှတ်ထားတာ မရှိဘူး။ အထည်ချုပ်စက်ရုံလုပ်ငန်း လုပ်ကိုင်လိုစိတ်တော့ ရှိရမယ်” လို့ ဒေါ်နှင်းဖြူဖြူအေးက ဆိုပါတယ်။

အောင်မြင်မှုသင်တန်းကျောင်းဟာ သင်တန်းကြေးမယူဘဲ အခမဲ့သင်ပေးတာဖြစ်ပြီး သင်တန်းသူတွေကို နေ့လည် စာပါ ကျွေးမွေးတယ်လို့ဆိုပါတယ်။

မြန်မာတနိုင်ငံလုံးက အလုပ်အကိုင်ရှာဖွေနေကြတဲ့ အမျိုးသမီးများအတွက် အထောက်အကူပြုတဲ့ အသက်မွေးဝမ်း ကျောင်းသင်တန်းလေးတခုဖြစ်ပြီး ဒီသင်တန်းကျောင်းမှတဆင့် ကျွမ်းကျင်အထည်ချုပ်အလုပ်သမားများ မွေးထုတ် ပေးနိုင်ဖို့ မျှော်လင့်တယ်လို့လည်း စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ကြွယ်ကြွယ်ဖြိုးအေးကဆိုပါတယ်။

အောင်မြင်မှုသင်တန်းဆင်းတွေအတွက် အောင်မြင်မှုသင်တန်းရဲ့စံနှုန်းနဲ့ ကိုက်ညီတဲ့စက်ရုံတွေ၊ အလုပ်သမား ဥပဒေနဲ့ကိုက်ညီတဲ့ စက်ရုံတွေမှာ အလုပ်လုပ်နိုင်ဖို့လည်း ဆက်သွယ်ဆောင်ရွက်ပေးပါတယ်။

“ စက်ရုံတွေကိုလည်း ကျမတို့က စိစစ်ပြီးတော့မှ သင်တန်းသားတွေကို အလုပ်သွင်းပေးပါတယ်။ အခြေခံအားဖြင့် အလုပ်သမားဥပဒေနဲ့ ကိုက်ညီတဲ့နေရာ တွေမှာ အလုပ်သွင်းပေးပါတယ်” လို့လည်း ဒေါ်နှင်းဖြူဖြူအေး ကပြောပါတယ်။

နယ်ကနေ ရွှေ့ပြောင်းလာလုပ်တဲ့ အမျိုးသမီးတွေ၊ အလုပ်သမားအခွင့်အရေးတွေသိဖို့၊ ကိုယ်လုပ်ကိုင်မယ့်အလုပ် ပိုင်းဆိုင်ရာကျွမ်းကျင်မှုရှိဖို့ လေ့ကျင့်ပေးနေတဲ့ အောင်မြင်မှုကျွမ်းကျင်အထည်ချုပ်သင်တန်းကို မြန်မာပြည်အနှံ့က အမျိုးသမီးငယ်တွေ ဆက်သွယ်ပြီး လာတက်ရောက်ကြပါတယ်။

အောင်မြင်မှု အထည်ချုပ်ကျွမ်းကျင်သင်တန်းတက်ပြီး အထည်ချုပ်လောကထဲဝင်မယ့် အမျိုးသမီးတွေအတွက် အစစအရာရာ ပြောင်းလဲလာမယ်၊ လုပ်ငန်းခွင်ဝင်ဖို့ ယုံကြည်မှုတွေ အများကြီးရှိလာမယ် လို့လည်း ဒေါ်နှင်းဖြူဖြူ အေးက ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ကနေ ရောက်လာတဲ့ မစိုးစိုးကတော့ “ ကျမကစက်ချုပ်တက်ချင်တယ်။ နောက် ရန်ကုန်မှာလည်း အလုပ်လုပ်ချင်တယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး “ ဒီသင်တန်းတက်ပြီးတော့ ကျမတို့အလုပ်သမားအခွင့်အရေးတွေ၊ အမျိုးသမီးအခွင့်အရေးတွေနဲ့ ကိုယ့်ရပိုင်ခွင့်တွေကို သိလာတယ်။ အလုပ်ဝင်ဖို့ ပိုယုံကြည်မှုရှိလာတယ်” လို့ဆိုပါတယ်။

ကျေးလက်ဒေသတွေမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာပါတယ်၊ တောင်ယာစိုက်ပျိုးမှုတွေကလည်း အရင် လို ဝင်ငွေတွေ မရတော့လို့ အထည်ချုပ်စက်ရုံတွေမှာ အလုပ်လိုချင်တာပါလို့ မစိုးစိုးက ရှင်းပြပါတယ်။

ဒီသင်တန်းဆင်းပြီး ရန်ကုန်အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မဥမ္မာက “ အထည်ချုပ်ထက် တခြားအသိ ပညာတွေပါ သင်ရတဲ့အတွက် ကျမတို့အလုပ်သမားအခွင့်အရေးတွေ ဘာဆိုတာ နားလည်လာတယ်။ နောက်ပြီး ကိုယ့် ရပိုင်ခွင့်ကို သိလာတယ်” လို့လည်း ပြောပါတယ်။

“ အထည်ချုပ်အလုပ် လုပ်ကိုင်မယ့်သူတွေအနေနဲ့ သိသင့်တဲ့ဥပဒေတွေ၊ အမျိုးသမီးအရေးတွေ၊ လူ့အခွင့်အရေး တွေ သိလာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတယ်။ ဒီသင်တန်းက အမျိုးသမီးတွေအတွက် အစစအရာရာ ပြောင်းလဲပေးပါတယ်”လို့လည်း မဥမ္မာကဆိုပါတယ်။

ဓါတ်ပုံ- အောင်မြင်မှု ကျွမ်းကျင် အထည်ချုပ ်သင်တန်း

မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းဟာ တနှစ်ထက်တနှစ် တိုးတက်လာပြီး ထုတ်ကုန်တွေကို ဥရောပနဲ့ ဂျပန်နိုင်ငံ ကို တင်ပို့တာဖြစ်တယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းမှာ အလုပ်သမား စုစုပေါင်း(၇) သိန်းဝန်းကျင်ရှိနေပြီး ထုတ်လုပ်ရေးအလုပ်သမား အများစုဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။

တဖက်မှာလည်း အထည်ချုပ်အလုပ်သမတွေဟာ နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံခံနေရသလို အလုပ်ဆင်းချိန် ဖယ်ရီ ကား မစီစဉ်ပေးမှု၊ အလုပ်လစာ မတိုးပေးမှုတွေကို ဒီနေ့အထိ တောင်းဆိုဆန္ဒပြေနေကြရဆဲပါ။

အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေရဲ့ အဓိကအခက်အခဲကတော့ ညမိုးချုပ်တဲ့ အိမ်ပြန်ချိန် ဖယ်ရီကား မစီစဉ်ပေးမှုနဲ့ မိမိတို့သဘောမတူဘဲ အချိန်ပိုဆင်းရတဲ့ကိစ္စတွေပါပဲလို့ အထည်ချုပ်စက်ရုံမှာ အလုပ် လုပ်နေတဲ့ မအိက ပြောပြပါတယ်။

“ စက်ရုံထဲမှာ အမျိုးသမီးတွေ များတယ်။ စက်ရုံမှာလုပ်တဲ့ အလုပ်သမားတွေဟာ ကျွန်လိုပါပဲ။ ရတဲ့လစာက နည်းပြီး ဘာအခွင့်အရေးမှ မရှိဘူး။ အခုကုန်ဈေးနှုန်းနဲ့ဆို မလောက်ငှပါဘူး။ နောက်ပြီး ခေါင်းဆောင်တွေ ရိုင်းရိုင်း စိုင်းစိုင်းဆက်ဆံတာလည်း ခံရပါတယ်” လို့ မအိက ရင်ဖွင့်ပြောပြပါတယ်။

အထည်ချုပ်စက်ရုံပိုင်ရှင်တွေက နိုင်ငံခြားသားတွေ ဖြစ်တာများပြီး အထည်တွေကလည်း နိုင်ငံခြား (Export) ပို့တဲ့ အထည်တွေ ဖြစ်ကြပါတယ်။

အလုပ်သမားတွေကို ကာကွယ်တဲ့ဥပဒေက အားမကောင်းသလို အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေက လည်း ဆက်လက် ရှိနေဆဲပါလို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။

“ အခြေခံကျတဲ့အလုပ်သမားတွေကိုယ်တိုင် အသိအမြင် ကြွယ်ဝလာရင်တော့ သူတို့အခွင့်အရေးကို သူတို့ ပိုကာ ကွယ်နိုင်မယ်လို့ မျှော်လင့်တယ်”လို့လည်း အမျိုးသမီးအရေး၊ အလုပ်သမားအရေး တက်ကြွလှုပ်ရှားနေသူတွေက ပြောဆိုနေကြဆဲပါ။

အမျိုးသမီးအလုပ်သမားတွေအတွက် အသိပညာပေး အစီအစဉ်တွေ လုပ်ဆောင်ပေးနေတဲ့ မြန်မာ့အမျိုးသမီး သမဂ္ဂ ရဲ့ တွဲဖက်အတွင်းရေးမှူး(၂) မယဉ်မျိုးလှိုင်ကတော့ အမျိုးသမီးတွေ လုပ်ငန်းခွင်လုံခြုံမှုရှိဖို့ စက်ရုံ၊ အလုပ်ရုံ တွေမှာ အလုပ်မဝင်ခင် သူတို့နဲ့ အလုပ်ရှင်တွေ ကြားချုပ်ဆိုရတဲ့ Code of Conduct (သဘောတူညီချက်) ကို သေချာသိရှိနားလည်ထားဖို့လိုအပ်သလို အလုပ်ရှင်များအနေနဲ့လည်း လုပ်ငန်းခွင်လုံခြုံဖို့အတွက် နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေနဲ့အညီ အလုပ်သမားတွေကို အကာအကွယ်ပေးဖို့လိုပါတယ်လို့ဆိုပါတယ်။

ဒါတွေအပြင် လုပ်ငန်းခွင်အတွင်း ပြဿနာများဖြစ်လာရင်လည်း ဖြေရှင်းပေးနိုင်ဖို့ (ဥပမာ – အမျိုးသမီးများ လုပ်ငန်း ခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တာမျိုးနဲ့ပတ်သက်တဲ့ အကြမ်းဖက်မှုတွေဖြစ်လာရင်) တိုင်ကြားပြီး ဖြေရှင်းပေးနိုင်တဲ့ ယန္တယားတွေထားရှိပေးရမယ်၊ ဒီလို နှစ်ဦးနှစ်ဘက် အားကောင်းကောင်းနဲ့ လုပ်ဆောင်သွားမှ လုပ်ငန်းခွင်ဘေး ကင်းလုံခြုံမှုတွေ အမှန်တကယ် ရရှိလာမယ်လို့လည်းပြောဆိုလိုက်ပါတယ်။

“အလုပ်သမားတွေ အခွင့်အရေးတွေသိရုံ၊ ဥပဒေတွေ သိရုံနဲ့တော့ လုပ်ငန်းခွင်လုံခြုံမှုဟာ ဘယ်လိုမှ ရလာမှာ မဟုတ်ဘူး” လို့သူမကဆိုပါတယ်။

Related Articles