Home ဆောင်းပါး တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရား ဘယ်လောက်စွမ်းမလဲ

တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရား ဘယ်လောက်စွမ်းမလဲ

ဗေဒင်ဆရာ အောင်ချစ်ပို (ဓါတ်ပုံ – ဧရာဝတီ)

                               

မယ်လွန်း။        ။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ဟိုးလေးတကြော်ဖြစ်ခဲ့တဲ့ ဗေဒင်ဆရာ အောင်ချစ်ပိုအမှုကို လူတွေအမှတ်ရချင် မှ ရပါမယ်။

ဒါပေမဲ့ တရားစွဲထားတဲ့ ဗေဒင်ဆရာအမှု ဘယ်တော့ရုံးတင်မလဲဆိုတာ စောင့်မျှော်နားစွင့်နေသူတွေ ရှိပါတယ်။ အဲဒီလူတွေကတော့ တခြားသူတွေမဟုတ်ပါဘူး။ ဗေဒင်ဆရာကို ကာယိန္ဒြေပျက်စီးစေမှုနဲ့ တရားစွဲခဲ့တဲ့ ကာယ ကံရှင် အမျိုးသမီးငယ်တွေပါပဲ။

“ရဲစခန်းကတော့ အမှုမှာ ဆိုင်တဲ့အမျိုးသမီးတွေ၊ ပါမယ့်သူတွေကိုလည်း အကုန်လုံးစစ်ဆေးပြီးသွားပြီ။ စစ်ပြီး တာတောင် ရဲစခန်းက အမှုသွားမတင်သေးဘူးဆိုတော့ ရဲစခန်းမှာ ဘာတွေရှုပ်နေသလဲ၊ ဘာတွေလုပ်နေသလဲ မသိဘူး။ ညီမလည်း မပြောတတ်ဘူး” လို့ အမှုတိုင်ကြားသူတွေထဲက ကာယကံရှင်အမျိုးသမီးငယ်တဦးက ပြောပါတယ်။

ဒီအမျိုးသမီးငယ်ဟာ အရင်က သူ့နာမည်ကို သတင်းမီဒီယာတွေမှာ အသုံးပြုခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ သူ့နာမည်ကို မသုံးစေချင်တော့ဘူးလို့ ပြောလာပါတယ်။

ဗေဒင်မေးတဲ့အချိန်အတွင်း ကာယိန္ဒြေပျက်စီးစေတဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေရှိခဲ့တယ်ဆိုပြီး ဗေ ဒင် ဆရာအောင်ချစ်ပိုကို အမျိုးသမီးတွေ ကာယိန္ဒြေပျက်စီးစေမှုဖြစ်တဲ့ ပုဒ်မ(၃၅၄)၊ ခြိမ်းခြောက်မှုဖြစ်တဲ့ ပုဒ်မ (၅၀၆)တို့နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ ဗေဒင်မေးသူ အမျိုးသမီးငယ်တွေဖြစ်တဲ့ တက္ကသိုလ်ကျောင်းသူတ ဦးနဲ့ ရုပ်ရှင်သရုပ်ဆောင် ဒိန်းဒေါင်ရဲ့သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်တို့က စမ်းချောင်းမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ကြတာ ဖြစ်ပါတယ်။

ကာယကံရှင်အမျိုးသမီးတွေ ကျူးလွန်ခံရတာတွေကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ မီဒီယာနဲ့ လူမှုစာမျက်နှာပေါ်က စာနဲ့ရုပ်သံတွေ ထွက်ပေါ်လာတဲ့အချိန်မှာ ဒီသတင်းဟာ လူတွေစိတ်အဝင်စားဆုံးသတင်းဖြစ်ခဲ့ပါတယ်။

ဗေဒင်ဆရာဘက်မှ ရပ်တည်သူနဲ့ အမျိုးသမီးငယ်တွေဘက်က ရပ်တည်သူတွေအကြား အပြန်အလှန်ဝေဖန်မှု တွေလည်း မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့်ဘဲ ဗေဒင်ဆရာအောင်ချစ်ပိုရဲ့ ကိုးထပ်ကြီးဘုရားဝင်းက ဗေဒင်ဟော တဲ့အခန်းကို ဂေါပကအဖွဲ့က ယာယီပိတ်ထားခိုင်းပြီး စမ်းချောင်းမြို့မရဲစခန်းကလည်း သူ့ကိုခေါ်ယူစစ်ဆေးခဲ့ရပါ တယ်။

ဒါပေမယ့်လည်း ရဲစခန်းက ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်း ကြားပြီးတာနဲ့တဆက်တည်း အာမခံနဲ့ ပြန်လွှတ် လိုက်တယ်လို့ သိရတဲ့အပေါ် အမျိုးသမီးတွေက စိတ်ပျက်ခဲ့ကြရပါတယ်။ စမ်းချောင်းမြို့မရဲစခန်းက ဒုရဲအုပ် ရန်မိုးအောင်ကတော့ တိုင်ကြားတဲ့အမှုဟာ အာမခံပေးလို့ရတဲ့ အမှုဖြစ်တာကြောင့် အာမခံနဲ့လွှတ်ပေးတာဖြစ် တယ်လို့ ပြောပြပါတယ်။

“မှုခင်းတွေမှာ အာမခံပေးရမယ့်အမှုရယ်၊ အာမခံပေးလို့မရတဲ့အမှုဆိုပြီး နှစ်မျိုးရှိတယ်။ နှစ်မျိုးရှိတဲ့အထဲမှာ ဖွင့် တဲ့အမှုက အာမခံပေးနိုင်လား၊ မပေးနိုင်လားဆိုတာက ကျွန်တော်တို့ အရင်ကြည့်ရတယ်။ အာမခံပေးလို့ရတဲ့ ပုဒ်မနဲ့ အမှုဖွင့်ထားတယ်ဆိုရင် ကျွန်တော်တို့က အာမခံ ပေးကို ပေးရတယ်။ အာမခံမပေးရတဲ့ပုဒ်မနဲ့ ဖွင့်ရင် တော့ ကျွန်တော်တို့ ဖမ်းကိုဖမ်းရပါတယ်”

အမျိုးသမီးတွေရဲ့ စိတ်ပျက်မှုက ဒီတခုတည်းတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေအပေါ် ကာယိန္ဒြေပျက်စီးစေ မှုနဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေအတွက် တိုင်ကြားမယ်ဆိုရင် ကျူးလွန်ခံရသူတွေကိုပဲ အပြစ်တင်တတ်တဲ့ (Victim Blaming) ရှေးရိုးစွဲအမြင်ရှိတဲ့ လူမှုဝန်းကျင်နဲ့ ဒီအမှုကို ဖြေရှင်းပေးဖို့တာဝန်ရှိတဲ့ ဥပဒေဘက်တော် သားတွေရဲ့ပြောဆိုလုပ်ဆောင်မှုတွေကလည်း စိတ်ပျက်စရာဖြစ်စေပါတယ်။

“ဘာလို့ဖြစ်ရတာလဲ၊ ဘာဖြစ်လို့ ခံလာရလဲ။ အဲဒီလို မိန်းကလေးဖက်ကို နည်းနည်းအပြစ်တင်တဲ့သဘောနဲ့ ရဲ က ပြောတာ မေးတာ များတယ်။ အမှန်ဆိုရင် ရဲတွေကို ကြောက်နေရမှာ မဟုတ်ဘူးလေ။ အားကိုးပြီးတော့ အ ကူအညီတောင်းတာ သူတို့ကို ပြန်ကြောက်နေရတယ်” လို့ ကာယကံရှင် အမျိုးသမီးတဦးက ရဲစခန်းမှာ အမှု ဖွင့် ချိန်မှာ ကြုံတွေ့ရတဲ့ သူ့အခက်အခဲကို ပြောပြပါတယ်။

အမှုစတင်တိုင်ကြားစဉ်က ဒီအမျိုးသမီးငယ်လိုပဲ အခြားတွေ့ကြုံခဲ့ရသူ အမျိုးသမီး(၅)ဦးလောက်ရှိပေမယ့် အ ဖက်ဖက်က စစ်ဆေးမေးမြန်းတဲ့နေရာမှာ ကျူးလွန်ခံရသူ အမျိုးသမီးငယ်တွေကို အပြစ်တင်ပြောဆိုမှုတွေ ရှိတဲ့ အပြင် ကာယကံရှင်တွေနဲ့အတူ မိဘတွေကိုပါ ခေါ်ယူစစ်ဆေးမယ်လို့ ရဲစခန်းက ပြောခဲ့တာကြောင့် အများစု က အမှုမစွဲတော့ပဲ သက်သေအဖြစ်သာ ကူညီပေးဖို့ဆုံးဖြတ်ခဲ့ကြလို့ အမှုစွဲသူမှာ အမျိုးသမီးငယ်တဦးနဲ့ ဒိန်းပိုပို ဒေါင်တို့ (၂)ဦးသာ ကျန်ရှိခဲ့တာဖြစ်ပါတယ်။

အမှုစစ်တဲ့ကာလအတွင်း အမျိုးသမီးတွေအပေါ် အခုလို ပြောဆိုစစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး စမ်းချောင်းမြို့မ ရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဖြေဆိုခွင့်မရှိဘူးလို့ ဒုရဲအုပ်ရန်မိုးအောင်က ပြော ပါတယ်။

“တိုင်းမှာသတင်းပြန်ကြားရေးရှိတယ်။ သတင်းပြန်ကြားရေးကနေ ခွင့်ပြုချက်ယူပြီးတော့ ဒါနဲ့ပတ်သက်ပြီး ဘယ် သူ့ကိုတော့ မေးချင်ပါတယ်၊ ဒါနဲ့ပတ်သက်ပြီးသွားပြောရတာ။ ပြောပြီးခါမှ ခွင့်ပြုချက်ယူပြီးမှ ကျွန်တော်က ဖြေ ပိုင်ခွင့်ရှိတာ” လို့ ဒုရဲအုပ်က ပြောပါတယ်။

တရားမျှတမှုကို ဖော်ဆောင်ပေးမယ့် ပုဂ္ဂိုလ်တွေကိုယ်တိုင်က ကျူးလွန်ခံရသူ မိန်းကလေးတွေကိုသာ  အရှက်ရ အောင်၊ သိမ်ငယ်အောင်လုပ်နေတဲ့ အမူအကျင့်၊ စိတ်ဓာတ်တွေကြီးစိုးနေတဲ့စနစ်ကို မပြင်နိုင်သရွေ့ ကျူးလွန် ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုကို ရှာဖို့ ခက်ခဲနေဦးမယ်လို့ Triangle Women အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးက ပြောပါတယ်။

“ပိုဆိုးတာက သာမန်အမျိုးသမီးတွေ၊ တကယ့်ကို အရှက်တရားကြီးစိုးပြီးတော့ တခုခုဆိုရင် တိုင်ကြားဖို့ တောင် မဝံ့မရဲဖြစ်နေပြီး၊ အရဲစွန့်ပြီးတော့ သွားတိုင်ရတဲ့ အမျိုးသမီးတွေအတွက်ဆိုရင် ပိုဆိုးမယ်။ တရားရုံးတို့၊ ရဲစခန်း တို့ဆိုတာ လုံး၀ စိတ်ပျက်စရာလိုမျိုး ဖြစ်သွားလို့ရှိရင်တော့ ကျမတို့လိုချင်တဲ့ တရားမျှတမှုကတော့ ပိုပြီးတော့ ဝေးနေမယ်လို့ ထင်တယ်” လို့ ဒါရိုက်တာ ဒေါ်ခင်လေးက ပြောပါတယ်။

ဒီလို အခက်အခဲနဲ့ ကြုံနေရတာကတော့ တိုင်ကြားတဲ့ ကာယကံရှင် အမျိုးသမီးတွေတင် မကပါဘူး။ အခုလို အ မျိုးသမီးတယောက်ကို ထိပါးနှောက်ယှက်တာဟာ ပြစ်မှုကျူးလွန်တာဖြစ်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပေမယ့် အမှုဖွင့်တဲ့အခါ တာဝန်ရှိသူတွေဟာ ကျား၊မ တန်းတူရေးဆိုင်ရာ လက်ခံကျင့်သုံးမှု အမူအကျင့်တွေ အားနည်း တဲ့အတွက် အမျိုးသမီးရေးဆိုင်ရာ အမှုကိစ္စတွေ ကိုင်တွယ်ကြတဲ့ ဥပဒေအကျိုးဆောင်ရှေ့နေတွေလည်း အ ခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပါ။

“ဒါက လိင်ပိုင်းဆိုင်ရာထိပါးတဲ့ကိစ္စလေ၊ ဘာမှဖြစ်သွားတာမဟုတ်ဘူးဆိုပြီးတော့ တချို့သော အမျိုးသားတွေရဲ့ အတွေးအခေါ်ပိုင်းပေါ့နော်။ တု့ိရုံထိရုံကိုင်ရုံပဲ ဘာမှဖြစ်သွားတာမဟုတ်ဘူးဆိုတဲ့ အဲဒီလိုမျိုး အတွေးအခေါ်၊ အ မူအကျင့်တွေ ပြောင်းလဲအောင်လုပ်ရမယ်” လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ထောက်ပြပါတယ်။

အမျိုးသမီးငယ်(၂)ဦးဟာ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေနဲ့ အခက်အခဲတွေများလှတဲ့ စစ်ဆေးမေးမြန်းမှုတွေကို ကျော်ဖြတ်ပြီး အမှုတင်နိုင်ခဲ့ပေမယ့် သူတို့ရဲ့တိုက်ပွဲကတော့ မပြီးဆုံးသေးပါဘူး။

အခုဆိုရင် အမှုတင်ပြီး (၃)လ နီးပါးကြာခဲ့ပေမယ့်  ရဲစခန်းက ဒီအမှုကို တရားရုံး မတင်နိုင်သေးပါဘူး။

စမ်းချောင်းမြို့မရဲစခန်းကတော့ အမှုကို စစ်ဆေးနေဆဲကာလဖြစ်ပြီး တရားရုံးတင်တဲ့အဆင့် မရောက်သေးတဲ့ အကြောင်း ပြောခဲ့ပြီး တရားလိုရှေ့နေတွေနဲ့ သံသယရှိသူဘက်က ရှေ့နေတွေကလည်း အမှုကို ရုံးတင်တဲ့ အ ချိန်ကို စောင့်နေကြပါတယ်။

ဗေဒင်ဆရာအောင်ချစ်ပိုရဲ့ရှေ့နေဖြစ်တဲ့ တရားရုံးလွှတ်တော်ရှေ့နေ ဦးစိုးဝင်းအောင်ကတော့ “ဒီအမှုတွေက တ ရားရုံးကို စွဲတင်ပြီးတော့ တရားရုံးက ဥပဒေနဲ့အညီဆောင်ရွက်မယ်လို့ ကျနော်ယုံကြည်ပါတယ်” လို့ပြောပြီး အ မှုကို တရားရုံးမတင်သေးတဲ့အတွက် အမှုနဲ့ပါတ်သက်လို့ ဘာမှပြောလို့မရသေးကြောင်း ပြောပါတယ်။

တရားမျှတမှုရဖို့ ကြိုးစားတဲ့ ပထမခြေလှမ်းမှာတင် အမျိုးသမီးငယ်နှစ်ဦးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရ ပေမယ့် တကယ်တမ်း သူတို့ရဲ့တရားမျှတရေးအတွက် တိုက်ပွဲစမယ့်အချိန်က တရားရုံးတက်တဲ့ အချိန်ပဲ ဖြစ်ပါ တယ်။

တရားရင်ဆိုင်တဲ့အခါ အမျိုးသမီးငယ်(၂)ဦး ရင်ဆိုင်ရမယ့် အဓိကစိန်ခေါ်မှုက သက်သေအထောက်အထားဆို တာပဲဖြစ်ပါတယ်။ ပုဒ်မ (၅၀၉)နဲ့ ပုဒ်မ (၃၄၅) တို့ဟာ တရားစွဲဆိုတဲ့အခါ သက်သေအထောက်အထား ခိုင်လုံ ပါမှ တရားနိုင်ဖို့ရှိပါတယ်။

“သက်သေအထောက်အထား မခိုင်မာပဲနဲ့ တဖက်လူကိုတော့ ကံတရားရဲ့အကျိုးကို တရားခံသာလျှင်၊ စွပ်စွဲခံရ သူသာလျှင် ခံစားခွင့်ရှိတာမို့လို့ သက်သေအထောက်အထားတော့ ခိုင်မာဖို့လိုတယ်” လို့ တရားရုံးလွှတ်တော် ရှေ့နေ ဒေါ်လှလှရီက ပြောပါတယ်။

ဒီအချက်အလက်ကိုပဲ အခြေခံပြီး ဗေဒင်ဆရာအောင်ချစ်ပိုရဲ့ သတင်းမီဒီယာ အင်တာဗျူးတွေမှာ ဗီဒီယိုနဲ့ ဓာတ် ပုံသက်သေတွေကို အဓိက ထောက်ပြပြောဆိုငြင်းချက်ထုတ်ခဲ့တာတွေ တွေ့ရတဲ့အပြင် စွပ်စွဲသူ အမျိုးသမီး (၂) ဦးစလုံးကိုလည်း အသရေဖျက်မှုနဲ့ တန်ပြန်တရားစွဲဆိုမှုလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ တရားစွဲဆိုသူ အမျိုးသမီးငယ်တွေမှာတော့ သူတို့ကိုယ်တိုင်ကြုံတွေ့မှုကလွဲပြီး တခြားဘာသက်သေမှ မရှိနေပါဘူး။

“မိန်းကလေးတွေလေ။ မဟုတ်ပဲနဲ့တော့မပြောဘူး။ သက်သေရှိတယ်လေ။ ဗီဒီယို အသံသက်သေမရှိပေမယ့် လူသက်သေရှိပါတယ်” လို့ တရားလို ဒိန်းပိုပိုဒေါင်က ပြောပါတယ်။

ဒိန်းပိုပိုဒေါင် (ဓါတ်ပုံ – ဒိန်းပိုပိုဒေါင်)

တခြားခိုင်မာတဲ့သက်သေမရှိပေမယ့်လည်း တရားလို အမျိုးသမီးငယ်တွေအတွက် မျှော်လင့်ချက်မဲ့တဲ့ အနေအ ထားတော့ မဟုတ်သေးပါဘူး။ အမှုအနေအထားအရ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ တဲ့ အခုအမှုနဲ့တူတဲ့ အခြားအမှုတွေလည်း ရှိခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ပြောပါတယ်။

“နှစ်ယောက်တည်းရှိနေတဲ့အနေအထားတွေမှာ လာလုပ်တာဖြစ်တဲ့အတွက်နဲ့ အဲဒီလိုမျိုးတိုင်လိုက်တဲ့အခါမှာ လည်း ပတ်ဝန်းကျင်အနေအထားအရ ဒါဟာ အမျိုးသမီးတယောက်ကနေပြီး ဘာအကြောင်းပြချက်မှ မရှိပဲနဲ့ လိမ်ဆင်လုပ်ပြီးတော့ တိုင်နိုင်မှာမဟုတ်ဘူး၊ အဲဒါကြောင့် လူမြင်ကွင်းမဟုတ်တဲ့နေရာမှာ ဖြစ်တဲ့ကိစ္စနဲ့ သက် သေ အထောက်အထားတင်ပြဖို့ ခက်ခဲနေတဲ့အနေအထားမှာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ အပြစ်ပေး လို့ရတာလည်း ရှိပါတယ်” လို့ ရှေ့နေ ဒေါ်လှလှရီက ပြောပါတယ်။

ဒီနေရာမှာ မေးခွန်းထုတ်စရာတခုက အမှုစစ်ဆေးတဲ့နေရာတွေကအစ အမျိုးသမီးရေးဆိုင်ရာအမှုတွေအတွက် ကူညီပံ့ပိုးမှုအားနည်းတဲ့ မြန်မာနိုင်ငံမှာ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားက ဒီလို အမျိုးသမီးရေးရာ အမှု တွေမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ ဘယ်လောက်အထိ ဖြစ်နိုင်ချေရှိသလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

အမျိုးသမီးတွေဘက်မှာ စာနာပြီးတွေးပေးရမယ်ဆိုတဲ့ အသိမရှိရင် ဆင်ခြင်တုံတရားဆိုတာလည်း အဓိပ္ပါယ် မရှိဘူးလို့ အမျိုးသမီးအဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးက ထောက်ပြပါတယ်။

“ဆင်ခြင်တုံတရားတို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တို့ဆိုတာ သူ့မှာ မှန်ကန်တဲ့အတွေးအခေါ်၊ ဗဟုသုတ၊ ဒီအမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေရှိနေမှဖြစ်တာ။ ဥပမာ တရားသူကြီးဆို အများစုက အမျိုးသားတွေ ဖြစ်နေတယ်။ အမျိုးသမီးဖြစ်တာတောင် သူတို့မှာက အမျိုးသမီး၊ အမျိုးသား Gender Sense ဆိုတာလည်း တော်တော်အားနည်းပြီးတော့ လက်ရှိ ခေတ်နဲ့ လိုက်လျောညီထွေတဲ့ သတင်းအချက်အလက်တွေ မရှိထားဘူး” လို့ သူက ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဗေဒင်ဆရာ အောင်ချစ်ပိုရဲ့ အမှုကတော့ မကြာခင်မှာပဲ မဖြစ်မနေကို တရားရုံးရောက်တော့ မှာ အသေအချာပါ။

ကျူးလွန်ခံရသူ ကာယကံရှင် အမျိုးသမီး(၂)ဦးအပြင် တခြားခံရသူ အမျိုးသမီးတွေကလည်း သက်သေအဖြစ် ရင်ဆိုင်သွားကြမှာဖြစ်သလို သံသယရှိသူ ဗေဒင်ဆရာအောင်ချစ်ပိုကလည်း သူကျူးလွန်ခဲ့တာ မဟုတ်ကြောင်း သက်သေနဲ့တကွ ရင်ဆိုင်ကြတော့မှာပါ။

ဒီလိုမြင်သူကြားသူမဲ့၊ ကာယကံရှင်ကလွဲလို့ သက်သေခံအထောက်အထားမဲ့တဲ့ ဒီအမှုအတွက် နောက်ဆုံး ဆုံး ဖြတ်ချက်ကတော့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားသာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မြန်မာဗုဒ္ဓဘာသာ နှစ်သစ်ကူးဖြစ်တဲ့ နှစ်ဆန်း (၁)ရက်နေ့က သမ္မတသစ် ဦးဝင်းမြင့်ပြောခဲ့တဲ့ နှစ်သစ် မိန့်ခွန်းမှာ မြန်မာနိုင်ငံက တရားရေးမဏ္ဍိုင်တွေကို တည့်မတ်သွားမယ့်အကြောင်း အလေးပေးပြီး အသေးစိတ် ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီအမှုရဲ့ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံက တရားသူကြီးရဲ့ ဆင်ခြင်တုံတရားတွေ ဘယ်လောက်စွမ်းမလဲဆိုတာ အ ဖြေပေးနိုင်မယ့်အပြင် မြန်မာနိုင်ငံတရားရေးစနစ်ရဲ့အဓိက စိန်ခေါ်မှုတရပ်ဖြစ်တဲ့ အမျိုးသမီးရေးဆိုင်ရာ အမှု တွေအတွက် သမ္မကြီးပြုပြင်ချင်တဲ့ တရားရေးမဏ္ဍိုင်ဟာ ဘယ်လောက်အထိ အားကိုးလို့ရမလဲဆိုတာ ကွင်း ကွင်းကွက်ကွက်တွေ့ မြင်လာရမှာ အသေအချာပါဘဲ။

ကျူးလွန်ခံရသူအမျိုးသမီးတွေနဲ့အတူ တခြားအမျိုးသမီးတွေရဲ့ မြန်မာနိုင်ငံက ဥပဒေနဲ့ တရားစီရင်ရေးအပေါ် ယုံကြည်မှုအတွက်လည်း ဒါဟာစိန်ခေါ်မှုတရပ်ပဲဖြစ်ပါတယ်။

“အမှုမနိုင်ခဲ့ရင်ရော”လို့ တရားစွဲဆိုသူ ကာယကံရှင် အမျိုးသမီးငယ်ကိုမေးတော့ သူက အခုလိုပြောခဲ့ပါတယ်။

“ဒီအတိုင်း ကိုယ့်ဖာသာကိုယ်နေလိုက်လို့ရတယ်။ ဒါပေမဲ့လည်း အကုန်လုံးမခံရအောင်၊ ထပ်ပြီးတော့ မဖြစ် အောင်ဆိုပြီးတော့ ကိုယ်က စလုပ်ပြီးတော့ တရားစွဲလိုက်တယ်။ ဘာမှဆက်မဖြစ်လာဘူးဆိုရင် တော်တော် တော့ စိတ် ပျက်မိမှာပဲ။ ဥပဒေတွေရော ရဲစခန်းတွေရော အကုန်လုံးကို စိတ်ပျက်မိမှာပဲ”

Related Articles