Home ဆောင်းပါး ဖမ်းဆီးခံသားသမီးတွေ နှိပ်စက်ညှင်းပန်းခံရမှုကြောင့် သောကဝေနေရတဲ့ မိခင်တွေ

ဖမ်းဆီးခံသားသမီးတွေ နှိပ်စက်ညှင်းပန်းခံရမှုကြောင့် သောကဝေနေရတဲ့ မိခင်တွေ

ဒေဝီ။ ။

စစ်ကောင်စီက မတရားဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေကို အကြောင်းအမျိုးမျိုးပြပြီး ညှင်းပန်းနှိပ်စက်တဲ့ သတင်းတွေကို ကြားသိတိုင်း နှစ်လကျော်ကြာ တွေ့ခွင့်မရသေးတဲ့ သမီးဖြစ်သူအတွက် ဒေါ်စောသိန်း စိတ်ပူနေမိပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြလူငယ်တွေကို အကြမ်းဖက်ဖမ်းဆီးတာ၊ ရန်ကင်းမှာဖမ်းဆီးခံရတဲ့ မိန်းကလေးငယ် နှစ်ဦးကို လူမြင်မကောင်းအောင် ရိုက်နှက်ထားတာ၊ အမျိုးသမီးတွေကို ဖမ်းဆီးစဉ် အကြမ်းဖက်တာ၊ စစ်ဆေးမေးမြန်းစဉ် ရိုက်နှက်စစ်ဆေးတာ၊ လိင်အကြမ်းဖက်ထိပါးမှုတွေရှိတာတွေကို ကြားသိရတိုင်း ဖမ်းဆီးခံထားရတဲ့ သမီးဖြစ်သူ မသက် သက်ရတနာသိန်းအတွက် နေ့စဉ်နဲ့အမျှစိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

” အဲ့လိုနှိပ်စက်ခံရတဲ့ ဖြစ်ရပ်တွေကြားတော့ ပူတာပေါ့။ စိတ်ပူတာမှ အိပ်လို့တောင်မရဘူး။ ရင်ထဲအောင့်နေတာ ဒီကောင် မလေးတွေကိုလည်း ကိုယ်ချင်းစာတယ်လေ။ ကိုယ့်သားသမီးကလည်း ဒီလိုဖြစ်သွားတော့ ပူတာတော့ပူတယ်” လို့မသက် သက်ရတနာသိန်းမိခင် ဒေါ်စောသိန်းက ပြောပါတယ်။

ဒေါ်စောသိန်း၏ သမီးဖြစ်သူ မသက်သက်ရတနာသိန်းက မတ်လ ၃ ရက်နေ့မှာ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ ဗညားဒလလမ်းပေါ်က စစ်ကြောင်းတစ်ခုမှာ အခြားဆန္ဒပြသူ အယောက်လေးရာကျော်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။

မတ်လ ၃ ရက်နေ့မှာ မသက်သက်ရတနာသိန်းက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ အနယ်နယ်အရပ် က ကျောင်းသားတွေ ပါဝင်တဲ့ ဆန္ဒပြသပိတ်စစ်ကြောင်းမှာ ရှိနေစဉ်ဖမ်းဆီးခံရခြင်းဖြစ်ပါတယ်။

တာမွေစစ်ကြောင်းမှာဖမ်းဆီးခံထားရတဲ့ သူတွေအားလုံးနီးပါး မတ်လ၂၄ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ မသက်သက်ရတနာသိန်းအပါအဝင် အမျိုးသမီးနှစ်ဦးနဲ့ ခေါင်းဆောင်လို့သတ်မှတ်ထားတဲ့သူအချို့ကတော့ ပြန်လည် လွတ်မြောက်ခြင်းမရှိခဲ့ပါဘူး။

လက်ရှိအချိန်မှာ မသက်သက်ရတနာသိန်းကို ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုထားကာ ရုံးချိန်း ၆ကြိမ် ရှိနေပြီဖြစ်သော်လည်း အာမခံမရရှိသေးသလို သမီးဖြစ်သူနဲ့ တစ်ကြိမ်မှတွေ့ခွင့်မရသေးတာကလည်း ဒေါ်စောသိန်းအတွက် သောကရောက် စေပါတယ်။

” သမီးနဲ့တခါမှတော့ မတွေ့ရဘူး။ နှစ်လကျော်ပြီ တွေ့ခွင့်မပေးဘူး။ ရှေ့နေနဲ့ပဲ စာပေးလိုက်တယ်။ စာအသွားအလာနဲ့ပဲ လုပ်ရတယ် “လို့ ဒေါ်စောသိန်းကပြောပါတယ်။

မသက်သက်ရတနာသိန်း အခြေအနေတွေကို ရှေ့နေဖြစ်သူထံမှတစ်ဆင့် ကြားသိရပြီး ကျန်းကျန်းမာမာရှိတာ၊ ရိုက်နှက် နှိပ်စက်ခံရတာတွေမရှိဘူးလို့ ပြောကြားပေမဲ့ မျက်မြင်မတေ့ွဆုံရတဲ့အတွက် စိတ်ပူမြဲပဲလို့ ဆိုပါတယ်။

အခြားလူငယ်တွေနည်းတူ လွတ်မြောက်ခြင်း မရှိသေးတာဟာ မသက်သက်ရတနာသိန်းက ရန်ကုန်တိုင်းဒေသကြီး လူငယ် ရေးရာကော်မတီမှာပါဝင်တာ၊ ရခိုင်စစ်ဘေးရှောင်တွေကိုကူညီတာ၊ ပရဟိတလုပ်ဆောင်တာတွေကြောင့် မလွှတ်မြောက် သေးဘဲ တရားစွဲခံရတာလို့ ဒေါ်စောသိန်းက ယူဆထားပါတယ်၊

ဒါ့ကြောင့်ပဲ လူချင်းတွေ့ခွင့်မရတာ ၊ ရုံးချိန်းတွေမှာ video conference နဲ့တောင် တွေ့ခွင့်မရသေးတာ၊ အာမခံတင်နိုင်ခြင်း မရှိသေးတာကြောင့်လို့ယူဆထားပြီး သမီးဖြစ်သူ လိုအပ်မယ့်ပစ္စည်းတွေကိုသာ တစ်ပတ်တစ်ကြိမ် အင်းစိန်ထောင်တွင်း ပို့ပေးရတယ်လို့ ဒေါ်စောသိန်းကပြောပါတယ်။

” ရှေ့နေဆီကတစ်ဆင့် သူကျန်းကျန်းမာမာရှိတဲ့အကြောင်း ပြန်ပြောပါတယ်။ စိုးတော့စိုးရိမ်ရတာပေါ့ ၊ သူကတော့ မေကြီး တို့အဆင်ပြေအောင်နေ အပြင်မထွက်နဲ့ အိမ်ကို စိတ်ပူနေတာ၊ ဒါပေမဲ့ ဒီလောက် အကြာကြီးဆိုတော့ သူ့အတွက်ရင်ပူ တာပေါ့” လို့ ဒေါ်စောသိန်းကပြောတယ်။

ဒေါ်စောသိန်းလိုပဲ သားသမီးတွေအဖမ်းခံလိုက်ရတဲ့အတွက် ကျန်ခဲ့တဲ့ မိခင်တွေဟာ ပူပင်သောကရောက်နေကြရပါတယ်။ စစ်ကောင်စီဟာ ဆန္ဒပြသူတွေကို အညှာအတာမရှိ ရက်ရက်စက်စက်ဖြိုခွင်းတာနဲ့ ဖမ်းခံရသူတွေကိုလည်း နှိပ်စက်နေတာ ကြောင့် မိခင်တွေမှာ သောကပွေနေကြရတာပါ။

မသက်သက်ရတနာသိန်းက ဖမ်းဆီးစဉ်ကရော စစ်ကြောရေးမှာ ရှိစဉ်ချိန်က ရိုက်နှက်ညှင်းပန်းနှိပ်စက်ခံရတာမရှိလို့ မိခင် ဖြစ်သူ ဒေါ်စောသိန်း အနည်းငယ်စိတ်အေးရပေမဲ့ သမီးဖြစ်သူ ဆိုးဆိုးရွားရွားမြင်မကောင်းအောင် ရိုက်နှက်ခံရတဲ့အတွက် စိတ်ထိခိုက်ရတယ်လို့ဆိုသူက မခင်ငြိမ်းသူမိခင်ပါ။

မခင်ငြိမ်းသူက ဧပြီ၁၇ရက်က ရန်ကင်းမြို့နယ် ၊ အမှတ်၄ရပ်ကွက်မှာ အခြားသောလူငယ်ငါးဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး ဧပြီ၁၈မှာစစ်ကောင်စီပိုင်မီဒီယာတွေကနေ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်သူ လူငယ်ခြောက်ဦးထံမှ လက်လုပ် ဗုံး အပါအဝင် လက်နက်များတွေ့ရှိတယ်လို့ ကြေငြာခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်ခြောက်ဦးအနက် မခင်ငြိမ်းသူအပါအဝင် မိန်းကလေးနှစ်ဦးကို အကြမ်းဖက်ညှင်းပန်းတာ နှိပ်စက်တာ တွေပြုလုပ်ခံခဲ့ရပြီး မျက်နှာဖူးယောင်၊နှာခေါင်းရိုးကျိုး နှုတ်ခမ်းပေါက်ဒဏ်ရာတွေနဲ့ မြင်မကောင်းအောင် နှိပ်စက်ခံရတဲ့ မခင်ငြိမ်းသူတို့ ဓာတ်ပုံတွေကို စစ်ကောင်စီပိုင် မီဒီယာတွေကနေတစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။

” ဒီဖြစ်စဉ်အပေါ်မှာ မိခင်တယောက်အနေနဲ့တော့ ဘယ်လိုနာကျင်ခံစားမှုမျိုးကိုမှမရစေချင်ပါဘူး။ ဘယ်ကလေးကိုမှ အဲ့လို အဖြစ်မျိုးဘယ်သူမှ မကြုံရစေနဲ့လို့ ဆုတောင်းပေးတယ်။” လို့ မခင်ငြိမ်းသူရဲ့မိခင်ကပြောပါတယ်။

ဖမ်းဆီးခံရစဉ်က မြင်မကောင်းအောင် ညှင်းပန်းနှိပ်စက် ခံခဲ့ရပေမဲ့ လက်ရှိအချိန်မှာတော့ ဒဏ်ရာတွေသက်သာတယ်ဆိုတဲ့ အကြောင်းသာကြားသိရသေးတယ်လို့၎င်းကပြောပါတယ်။

” ကနဦးရတဲ့ ဒဏ်ရာတွေကဖမ်းဆီးခံရတဲ့အချိန် စခန်းမှာဖြစ်ခဲ့တာပေါ့နော်။ ဒီဘက်ကိုရောက်ပြီးမှတော့ အခြေအနေ ထပ်ပြီး ဆိုးတာမရှိသေးဘူး။” လို့ မခင်ငြိမ်းသူမိခင်ကပြောပါတယ်၊

မခင်ငြိမ်းသူက စစ်ကြောရေးမှာပဲ ရှိနေသေးပြီး တွေ့ခွင့်မရသေးတဲ့အတွက် စိတ်ပူပန်နေရပြီး သမီးဖြစ်သူအတွက် လိုအပ် တဲ့ ပစ္စည်းပစ္စယတွေလည်း ပို့ပေးနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။

မခင်ငြိမ်းသူမိခင်ကတော့ အမှုကိစ္စအတွက်အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ထားပြီး ဖမ်းဆီးခံရတဲ့သူတိုင်း နှိပ်စက်ညှင်း ပန်းတာတွေနဲ့ မကြုံတွေ့စေချင်ဘူးလို့ပြောပါတယ်။

” ဘယ်သူ့ကိုမှမဖြစ်စေချင်ဘူး။ သားသမီးတွေကို ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်ရှိစေချင်တယ်။ ဘေးအန္တရာယ်ကင်း ပါစေလို့ ဆုတောင်းပေးတယ်။”လို့ မခင်ငြိမ်းသူမိခင်ကပြောပါတယ်။

မသက်သက်ရတနာသိန်းမိခင်ဒေါ်စောသိန်းနဲ့ မခင်ငြိမ်းသူမိခင်တို့နည်းတူ သား၊သမီးတွေ ဖမ်းဆီးခံရတဲ့အတွက် စိုးရိမ် ပူပန်နေတဲ့မိခင်တွေထဲမှာ ကရင်ပြည်နယ်ကဒေါ်ကြည်ကြည်လည်း တစ်ဦးအပါအဝင်ပါ၊။

ဒေါ်ကြည်ကြည်ရဲ့ သမီးဖြစ်သူ မနီနီ (အမည်လွှဲ)က ဖေဖော်ဝါရီကတည်းက ဖမ်းဆီးခံရတာဖြစ်ပြီး ခုချိန်ထိ မလွှတ်မြောက် သေးပါဘူး၊ သမီးဖြစ်သူအတွက် စိုးရိမ်ပူပန်နေရပေမဲ့ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသွားသူတွေ၊ဆန္ဒပြသူတွေကို ပစ်ခတ်ရင်း သေဆုံးသွားရသူတွေရဲ့ မိခင်တွေကို ပိုကိုယ်ချင်းစာမိတယ်လို ပြောပါတယ်။

” ကျွန်မတောင်ဒီလောက်ခံစားရရင် သူတို့မှာအိမ်ပြန်မလာနိုင်တော့တဲ့ ကလေးတွေကို ဘယ်လောက်လွမ်းဆွတ်နေကြ မလဲ၊ သူတို့အနာဂတ်အတွက် သူတို့အသက်နဲ့ တိုက်ပွဲဝင်ခဲ့တာ လေးစားတယ်၊ ဂုဏ်ယူတယ်၊ တစ်ခုပဲ သမီးကျန်းကျန်း မာမာရှိဖို့ပဲဆုတောင်းတယ်” လို့ ဒေါ်ကြည်ကြည်က ပြောပါတယ်။

မနီနီက NGOဝန်ထမ်းဖြစ်သလို အွန်လိုင်းဈေးရောင်းသူတစ်ဦးလည်းဖြစ်ပါတယ်၊ ဖေဖော်ဝါရီ ၂၈ရက်ညနေပိုင်းမှာ အွန် လိုင်းမှပစ္စည်းမှာ ယူထားသူထံ ပစ္စည်းသွားပို့စဉ် လမ်းမှာ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းခံရတာပါ၊

ဖမ်းဆီးခံရတဲ့နေ့က ဆန္ဒပြလှုပ်ရှားမှုတွေမှာမပါဝင်ပေမဲ့ ဖမ်းဆီးခံရစဉ်ဝတ်ထားတဲ့ အဝတ်အစားက CDM စာတမ်းပါတီ ရှပ်ကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိမှာ ၅၀၅(က)ဖြင့်တရားစွဲဆိုခြင်းခံထားရကာ အာမခံလည်း မရရှိသေးဘူးလို့ မနီနီရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

မနီနီမှာ အသက် တစ်နှစ်ခွဲအရွယ်သမီးငယ်လည်းရှိပြီး အခြားမြို့နယ်တွေမှာ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးရိုက် နှက်တာ၊စစ်ဆေးမေးမြန်းစဉ် သေဆုံးသွားတာတွေကြားရတိုင်း မနီနီအတွက် မိသားစုဝင်တွေက စိတ်ပူပန်ရတယ်လို့ ဆိုပါတယ်။

” အန်တီကတော့ ကလေးတွေ အားလုံးကျန်းမာရေးကောင်းဖို့ပဲ မျှော်လင့်တယ်၊ ဆုလည်းတောင်းတယ်၊ကိုယ့် သားသမီး လိုပဲ ကျန်တဲ့ကလေးတွေလည်း ကျန်းမာရေးကောင်းပြီး အမြန်လွှတ်မြောက်ပါစေ၊” လို့ဒေါ်ကြည်ကြည်ကပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အမျိုးသမီးတွေကို စစ်ကြောမေးမြန်းရာမှာ လိင်အကြမ်းဖက် နှောင့်ယှက်မှု ၊ လိင်မှုဆိုင်ရာ အမြတ်ထုတ်မှုတွေကို ကြားသိရပြီး ဒီဖြစ်စဉ်တွေအပေါ် အပြင်းအထန်ရှုံ့ချတယ်လို့ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ၊အမျိုးသားညီညွှတ်ရေးအစိုးရက ဧပြီ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်တွေအပေါ် ဝန်ကြီးဌာနသို့ တိုင်ကြားမှုများစွာကိုလည်း လက်ခံရရှိခဲ့ပြီး ဝန်ကြီးဌာနကလည်း အနိုင်အထက်ပြု ကျင့်ခံရသူများအတွက် တရားမျှတမှုရှိစေရေး သက်သေအထောက်အထားများ စုဆောင်းသွားမည်ဖြစ်ကာ ဆက်လက် စုံစမ်းစစ်ဆေးသွားမယ်လို့ ကြေငြာထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အမျိုးသမီးတွေအပေါ်မတရားဖမ်းဆီးတာ ညှင်းပန်းနှိပ်စက်တာ၊ ချုပ်နှောင်ထားတဲ့ အချိန်မှာပဲ လူမဆန်စွာ ညှင်းပန်းနှိပ်စက်တာမျိုး လိင်ပိုင်းဆိုင်ရာမဖွယ်မရာ ပြုမှုမျိုးတွေ လုပ်နေတာကိုကြားသိရပေမဲ့ မြန်မာနိုင်ငံမှာ ဥပေဒစိုးမိုးမှု မရှိတော့တဲ့အတွက် ဒီလိုဥပဒေမဲ့လုပ်ရပ်တွေကို ပြည်တွင်းကဥပဒေနဲ့ အားကိုးလို့မရဘူးလို့ အမျိုးသမီး အခွင့် အရေးဆောင်ရွက်နေတဲ့ Triangle Women Organization တည်ထောင်သူ မခင်လေးကဆိုပါတယ်။

” လက်ရှိမှာ ဘာမှလုပ်ဆောင်ပေးနိုင်ခြင်းမရှိပေမဲ့ ဒီလိုညှင်းပန်းနှိပ်စက်မှုတွေကို တစ်ချိန်ချိန်မှာ နိုင်ငံတကာဥပဒေတွေနဲ့ပဲ အရေးယူလို့ရအောင် တိကျတဲ့သက်သေမှတ်တမ်းတွေ ယူထားရမယ်” လို့မခင်လေးကပြောပါတယ်။

အကြမ်းဖက်ရိုက်နှက်မှုတွေ၊ညှင်းပန်းနှိပ်စက်မှုတွေက ဖမ်းဆီးခံရတဲ့သူတွေတင်သာမက လမ်းပေါ်သွားလာနေတဲ့ မည်သူ မဆို အချိန်မရွေး ကြုံတွေ့နိုင်ရတာဖြစ်တဲ့အတွက် ဒါကပြည်သူပြည်သားအားလုံး လုံခြုံမှုမရှိတာကိုပြနေတယ်လို့ မခင်လေး က ဆက်ပြောပါတယ်။

“ ပြည်တွင်းမှာရှိနေတဲ့ ပြည်သူပြည်သားအားလုံးမှာတော့ လုံခြုံမှုမရှိပါဘူး။ ဒါပေမဲ့ အခုလိုမျိုး ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အမျိုးသမီးတွေနဲ့အပေါ်မှာ ပိုပြီးအန္တရာယ်များတဲ့ အနေအထားတွေ့ရတဲ့အတွက် ပြည်တွင်းမှာ လုပ်ပေးနိုင်တဲ့ အခွင့် အလမ်းက နည်းပါးတယ်လို့ထင်တယ်။ ညှင်းပန်းနှိပ်စက်မှုတွေတွေ့ရင် အားလုံးက လက်သင့်မခံကြောင်းတော့ များများ လေး ကျယ်ကျယ်လောင်လောင်အော်ပေးရမယ်။”လို့ မခင်လေးက ပြောပါတယ်။

စစ်ကောင်စီက မတရားသဖြင့်ဖမ်းဆီးခံရသူတွေကို ဖမ်းစီးစဉ်ရိုက်နှက်တယ်၊ စစ်ကြောရေးစခန်းမှာ စစ်ဆေးမေးမြန်းစဉ် ရိုက်နှက်ညှင်းပန်းတာ ၊ ခန္ဓာကိုယ်ကို ရာဘာကျည်ဖြင့်ပစ်ခတ်ထားတဲ့ ဒဏ်ရာတွေရလာတာ၊ မျက်နှာဖူးယောင်ဒဏ်ရာ များ၊ ပြတ်ရှဒဏ်ရာရသူ တစ်ချို့ကိုလည်း အင်းစိန်ထောင်အတွင်းမှာ တွေ့ရတယ်လို့လည်း ပြန်လည်လွှတ်မြောက်လာ သူအချို့ က လူမှုကွန်ရက်တွေမှာ မျှဝေတာတွေလည်း ရှိနေပါတယ်။

ဒီလို သတင်းတွေကြားတိုင်း မသက်သက်ရတနာသိန်းရဲ့ မိခင်ဒေါ်စောသိန်းကတော့ သမီးဖြစ်သူကို စိတ်ပူသလို အမြန်ဆုံး လည်းလွှတ်မြောက်စေချင်ပါတယ်။

” အဖမ်းခံရတဲ့ အမျိုးသမီးငယ်တွေအတွက် သူတိ့ုမိဘတွေလဲကိုယ်တွေလိုပဲခံစားရမှာပဲ အမြန်ဆုံးလွှတ်မြောက်ဖို့ ဘုရား ရှိခိုးတယ်။ မောရသုတ်တွေရွတ်၊ ပဌာန်းရွတ်တာတွေပဲလုပ်နိုင်တယ်။ ဘာမှလည်းမလုပ်နိုင်ဘူးလေ” လို့ဒေါ်စောသိန်းက ပြောပါတယ်။

Related Articles