ခက်ဆစ်။ ။
“မီးငယ်(၇)တန်းနှစ်မှာ ကိုယ်ဝန်ရှိတာ။ သူ့ကိုပြောတော့ သူက ဖျက်ချခိုင်းတယ်။ မီးငယ်က ဖျက်မချချင်ဘူး၊ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဒီကိုယ်ဝန်ကို လွယ်ထားလိုက်တယ်..”
သူ့နာမည်ကတော့ မီးငယ်..။ ဒီနာမည်ကတော့ နာမည်ရင်းမဟုတ်ပေမယ့် သူ့ကိုမုဒိန်းကျင့်ပြီး ထားခဲ့တဲ့ သူက ခေါ်ခဲ့တဲ့နာမည်လို့ ပြောပါတယ်။
“(၇)တန်းစာမေးပွဲဖြေပြီး နောက်နှစ်ရက်လောက်မှာ ကလေးမွေးတာ..”
မီးငယ်ဟာ အသက်(၁၂)နှစ်အရွယ်မှာ မုဒိန်းမှုကျူးလွန်ခံရတာကနေ ကိုယ်ဝန်ရရှိခဲ့တာဖြစ်ပါတယ်။ မုဒိန်းမှုလို့ ပြောရတာကတော့ အသက်(၁၄)နှစ်အောက် ဇနီးမယားမဟုတ်သူနဲ့ လိင်ဆက်ဆံတယ်ဆိုရင် မြန်မာနိုင်ငံ ဥပဒေအရ မုဒိန်းမှုမြောက်လို့ပါပဲ။
မီးငယ်ဟာ ကိုယ်ဝန်ရှိတာကို မိဘတွေ၊ သူငယ်ချင်းတွေနဲ့ ပတ်ဝန်းကျင်က မသိအောင် ဖုံးဖိနေထိုင်ခဲ့ရပါ တယ်။
ဒါပေမယ့် (၇)တန်းစာမေးပွဲဖြေပြီးနောက် (၂)ရက်အကြာမှာတော့ ဗိုက်နာလာတာကြောင့် ဆေးရုံသွားရာကနေ လမ်းမှာပဲ ကလေးကို မွေးဖွားခဲ့ရပါတယ်။
ကလေးမွေးပြီးတဲ့အခါမှာလည်း မိခင်ဖြစ်တဲ့ မီးငယ်ကိုယ်တိုင်က အလွန်ငယ်ရွယ်သေးတဲ့အတွက် ကလေးကို နို့ချိုတိုက်ကျွေးဖို့၊ ကလေးကို ပြုစုစောင့်ရှောက်ဖို့၊ အခက်အခဲတွေရှိသလို ပတ်ဝန်းကျင်ကလည်း မီးငယ် အပေါ်မှာသာ အပြစ်တင်ဝေဖန်ကြတာမို့ ကလေးဘဝတလျှောက်လုံးကိုပါ ရိုက်ခတ်မှာ စိုးရိမ်တဲ့အတွက် ကလေးကို အဒေါ်ဖြစ်သူ လက်ထဲကို အပ်ခဲ့ရပါတယ်။
“ကလေးကို မွေးပြီးကတည်းက အဒေါ့်ဆီကို ပေးလိုက်တာ။ နှစ်ခါသုံးခါလောက်ပဲ တွေ့ဖြစ်တယ်။ ကလေးက ရန်ကုန်မှာဆိုတော့လေ၊ မီးငယ်က ရွာမှပဲနေတယ်..”
မီးငယ်(၉)တန်းတက်တဲ့နှစ်မှာတော့ ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် မီးငယ်ကိုခေါ်ယူတွေ့ဆုံကာ ဆေးရုံ တက်ခဲ့ရတဲ့အကြောင်းရင်းကို မေးမြန်းစစ်ဆေးခဲ့ပါတယ်။ မီးငယ်ဟာ အစာအိမ်ကြောင့် ဆေးရုံတက်ခဲ့ရတာ လို့ပြောပေမယ့် ဆေးရုံဆင်းလက်မှတ် အထောက်အထားတွေကို ပြခိုင်းပါတယ်။
နောက်ဆုံးမှာတော့ မီးငယ်ဟာ အဖြစ်မှန်တွေကို ဆရာမကြီးကို ပြောပြခဲ့ရပြီး သူ့အကြောင်းဟာလည်း တကျောင်းလုံးကို ပျံ့နှံ့သွားခဲ့ပါတယ်။ ဆရာမကြီးက မီးငယ်ရဲ့အမေကို ကျောင်းကိုခေါ်ခဲ့ဖို့ ပြောတဲ့အချိန်မှာ တော့ အမေအရှက်ရမှာစိုးရိမ်တဲ့စိတ်ကြောင့် မီးငယ်တယောက်ကျောင်းထွက်လိုက်ပါတော့တယ်။
ဒါကတော့ သက်ငယ်မုဒိန်းမှုတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲကတခုမျှသာ ဖြစ်ပါတယ်။ အခုလို သက် ငယ်မုဒိန်းမှုတွေကနေ အလိုတူသည်ဖြစ်စေ၊ အလိုမတူသည်ဖြစ်စေ ကိုယ်ဝန်ရလာတဲ့အချိန်မှာတော့ ကလေး ကို မွေးဖို့ မမွေးဖို့ဆိုတာဟာ အင်မတန်ခက်ခဲလှတဲ့ဆုံးဖြတ်ချက်တခုပဲဖြစ်ပါတယ်။
“ကျမတို့နိုင်ငံမှာ အဲဒီလိုမျိုး မုဒိန်းကျင့်ခံရလို့ ကိုယ်ဝန်ရသွားတယ်ဆိုရင် ဖျက်ချပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် အဲဒီကလေးကို ဘယ်သူတွေက ကြိုဆိုကြသလဲ။ ဘယ်သူက ရိုးရှင်းတဲ့ မျက်လုံးနဲ့ကြည့်သလဲ။ ဒါမုဒိန်းကျင့်ပြီး မွေးလာရတဲ့၊ မုဒိန်းကျင့်ခံရပြီး မွေးလာရတဲ့ကလေးဆိုပြီးတော့ ယဉ်ကျေးမှုအတားအဆီးတွေ၊ ကိုယ့်စံနှုန်းစံ ထားတွေနဲ့ပဲ ကြည့်တတ်ကြတယ်။ ြပီးတော့ မုဒိန်းကျင့်ခံရတဲ့ ကာယကံရှင်ကလေးကိုယ်တိုင် ပြီးတော့ သူ့ မိသားစုကိုယ်တိုင်လည်း ကြံရာမရဘူး၊ ဘာလုပ်ရမလဲ၊ များသောအားဖြင့် ရလာတဲ့ကလေးကို သူများပေးပစ် ကြတယ်။ ဒါမှမဟုတ် တိုးတိုးတိတ်တိတ် ဖျက်ချကြတယ်။ နည်းလမ်းက ဒီနှစ်ခုပဲရှိတယ်” လို့ အကြမ်း ဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အခရာအမျိုးသမီးအဖွဲ့က မထားထားက ပြော ပါတယ်။
မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေအရ တားမြစ်ထားတာကြောင့် အခုလို သက်ငယ်မုဒိန်းမှုတွေကနေ ရလာတဲ့ကိုယ်ဝန်တွေကို ဖြေရှင်းကြတဲ့အခါမှာတော့ မိဘတွေဟာ မိမိရဲ့သမီးကို မုဒိန်းကောင်နဲ့ ပြန်လည်ပေး စားပြီး ကလေးမွေးခိုင်းတာတွေကို ပြုလုပ်ကြတာရှိသလို တချို့ကတော့ တိတ်တဆိတ်ကိုယ်ဝန်ဖျက်ချကြပြီးမှ ဆေးရုံဆေးခန်းကို ရောက်ရှိလာတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
အခုလို မုဒိန်းကျင့်စော်ကားခဲ့တဲ့သူနဲ့ ပြန်လည်ပေးစားတဲ့အခါမှာ လက်ထပ်ပေါင်းသင်းပါ့မယ်လို့ ကတိပေးပြီး ထွက်ပြေးတိမ်းရှောင်သွားတာတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် တရားဥပဒေအရ ဖြေရှင်းဆောင်ရွက်မှု ကို စောင့်ဆိုင်းပြီး ဥပဒေရဲ့အကာအကွယ်ကို ရယူလိုတဲ့ မိန်းကလေးငယ်တွေလည်း ရှိနေပါတယ်။
မထားထားကတော့ ကိုယ်ဝန်ဖျက်ချခွင့် မပြုထားဘူးဆိုရင် ရလာတဲ့ကလေးအပေါ်မှာ လူ့အသိုင်းအဝိုင်းက တာဝန်ခံမှုရှိဖို့လိုတယ်လို့ ပြောပါတယ်။
“တချက်က ဒီကိုယ်ဝန်ကို ဒီကလေးမက မလိုချင်ဘူးဆိုရင် ဒီကလေးမနဲ့ ဒီလိုကလေးငယ်တွေရဲ့ တရားမျှတ မှုသည် ဒီမုဒိန်းကောင်ကိုဖမ်းပြီး ထောင်ထဲထည့်ဖို့ မဟုတ်ဘူး။ ဒီကိုယ်ဝန်ကို သူဘာလုပ်ချင်သလဲဆိုတာရယ်။ သူ့အတွက် တရားမျှတမှုကို ဦးတည်တဲ့ဥပဒေတွေရှိဖို့ရယ် လိုမယ်။ ဒီကိုယ်ဝန်ကို ဒီဥပဒေက မွေးပါလို့ ပြော ရင် ဒီဥပဒေက သူ့ဘဝနဲ့ သူ့ကိုယ်ဝန်ကို အာမခံသလား။ ပြည်သူလူထုကိုလဲ ဒါပဲပြောချင်တယ်။ ကျမတို့ရဲ့ ဘာသာရေး၊ ကျမတို့ရဲ့ယဉ်ကျေးမှုဟာ ဒီကလေးမရဲ့ ကိုယ်ဝန်ကို ယူပါ၊ မယူပါနဲ့လို့ ကြားဝင်ဆုံးဖြတ်ပေး မယ်ဆိုရင် ဒီယဉ်ကျေးမှုနဲ့ ဒီဘာသာရေးက ဒီကလေးမရဲ့ ကိုယ်ဝန်နဲ့ ရှေ့ဆက်တဲ့ဘဝကို ဘယ်လောက်အထိ တရားမျှတမှုအတွက် အာမခံပေးသလဲဆိုတာတွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ်” လို့ မထားထားက သုံးသပ်ပြောဆိုထားပါတယ်။
အခရာအမျိုးသမီးအဖွဲ့အနေနဲ့တော့ သက်ငယ်မုဒိန်းမှုတွေကို ဥပဒေရေးရာအရနဲ့ အကြမ်းဖက်ခံရတဲ့ မိန်းက လေးငယ်တွေအတွက် လူမှုရေးဆိုင်ရာ ထောက်ပံ့မှုတွေကို ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့ဖြစ်ပြီး အဖွဲ့ကို လာရောက်ဆက်သွယ်တဲ့အခါမှာလည်း ကာယကံရှင်ရဲ့ဆန္ဒနဲ့ မိဘတွေရဲ့ဆန္ဒတွေကိုသာ ဦးစားပေးဆောင် ရွက်တယ်လို့ဆိုပါတယ်။
ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တယောက်ဟာ ကိုယ်ဝန်ဆောင်ဖို့၊ ကလေးမွေးဖွားဖို့၊ မိခင် တယောက်ဖြစ်ဖို့အတွက် အဆင်သင့်မဖြစ်သေးပါဘူး။ ဒီအရွယ်မှာ ကလေးမွေးတာဟာ မိခင်အတွက် ရုပ်ပိုင်း ဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေရှိနေပါတယ်။
“နောက်ဆက်တွဲမှာဆိုရင် ကလေးက ကလေးကို ပြန်မွေးရတဲ့အတွက် ခန္ဓာကိုယ်ပိုင်းအရလည်း သူကပြည့်စုံမှု မရှိသေးဘူး၊ စိတ်ပိုင်းဆိုင်ရာကလည်း အဆင်သင့်မဖြစ်သေးဘူး။ အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတောင်မှ အဆင်သင့်မဖြစ်သေးပဲနဲ့ ကလေးယူရင် သူ့မှာဖိစီးမှုတွေ အမျိုးမျိုးရှိတဲ့အတွက် ဒီလိုအရွယ်မရောက်သေးတဲ့ မိန်းကလေးတွေအနေနဲ့ ကိုယ်ဝန်ရှိလာရင် ပိုဆိုးပါတယ်။ သူ့ရဲ့အနာဂတ်အတွက်လည်း အမည်းစက်ကြီးတခု ဖြစ်သွားတတ်တယ်။ သက်ငယ်မုဒိန်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက အများကြီးပါ” လို့ ရောင်စုံမိန်းက လေးများအဖွဲ့က နန့်သဇင်မင်းက ပြောပါတယ်။
အခုလို သက်ငယ်မုဒိန်းကနေ ရရှိလာတဲ့ကိုယ်ဝန်ဟာ မလိုလားအပ်တဲ့ ကိုယ်ဝန်ဖြစ်ပြီး ဥပဒေအရ၊ ဘာသာ ရေးအရ တားမြစ်ထားပေမယ့် ဒီမိန်းကလေးနဲ့ မွေးဖွားလာမယ့်ကလေးငယ်ရဲ့ရှေ့ရေးကို အဓိကထားကြည့်ရ မှာ ဖြစ်တဲ့အတွက် မလိုအပ်တဲ့ကိုယ်ဝန်ဆိုရင် မရှိတာက ပိုကောင်းတယ်လို့ဆိုပါတယ်။
ကလေးမွေးဖွားပြီးတဲ့အခါမှာလည်း ပတ်ဝန်းကျင်ရဲ့အမြင်က ကလေးရဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်တာ ကြောင့် မိခင်တွေအနေနဲ့ ကလေးကို သူများလက်ထဲသို့ပေးကာ မီးဖွားပြီးစမှာပဲ ကလေးနဲ့မိခင်ဟာ ခွဲခွာနေ ထိုင်နေကြရပါတယ်။
“(၁၂) နှစ်၊ (၁၃)နှစ်အရွယ်မှာ ကလေးတယောက်မွေးရင် အဲဒီကလေးကို များသောအားဖြင့် တခြားတယောက် ရဲ့ကလေးပါဆိုပြီး မွေးကြတယ်။ အဲဒီအချိန်မှာ အဲဒီအမေရဲ့ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပြောင်းလဲမှုက နို့တွေတင်းနေ မယ်၊ စိတ်ဖိစီးမှုတွေ အများကြီးဝင်နေမယ်။ အဲဒီလို ဖြစ်နေတာကိုလည်း ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။ အဲဒီလိုမျိုး ကိုယ့်ကလေးကို သူများပေးပစ်ရတယ်ဆိုတာလည်း စဉ်းစားလို့တောင် မရတာ၊ အဲဒီလို နောက် ဆက်တွဲတွေ အများကြီးကြုံရတယ်။ မြန်မာပြည်မှာ အဲဒီလို မိန်းကလေးတွေ အများကြီးပဲ။ ဒါကြောင့် ပြည် သူလူထုအနေနဲ့လည်း အမြင်လေးတွေ ပြောင်းလဲစေချင်တယ်။ ဝိုင်းပြီးတော့ ပတ်ဝန်းကျင်ကပါ နိမ့်ချတဲ့ စိတ်ထားနဲ့ဆက်ဆံကြရင် ဒီမိန်းကလေးတွေရဲ့ ဘဝတလျှောက်လုံး အဆင်မပြေဘူး..” လို့ မထားထားက ပြောပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့တော့ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေကို ကူညီဖို့ ဆောင်ရွက်မှုတွေ ပြုလုပ် နေပြီး အခုလို သက်ငယ်မုဒိန်းမှုတွေကနေ ကိုယ်ဝန်ရလာတာနဲ့ပတ်သက်ပြီး လက်ရှိမှာ (၃)မှုရှိတယ်လို့ သိရ ပါတယ်။
“အခု safe house ကိုရောက်နေသူတွေဆိုရင် ကလေးကို ကြည့်ရှုစောင့်ရှောက်ဖို့အတွက် ဘာမှမတတ်ကြ သေးဘူးလေ။ ကျမသွားကြည့်တဲ့အခါမှာ ကလေးက ရက်သားလေးပဲရှိသေးတာကို ဒိုင်ဗာတွေ ခံပေးထားတော့ ကလေးက အပူဖုတွေပေါက်လာတယ်။ ကလေးအသားလေးတွေက နှူးညံ့သေးတာကို။ အဲဒါမျိုးလေးတွေ လည်းတွေ့ရတယ်။ ကလေးကို နို့တိုက်တာက (၂)နာရီခြား တခါတိုက်ရတယ်။ သူတို့က မသိဘူး၊ ကလေးငို တာနဲ့တိုက်တယ်၊ ကလေးက သေးပေါက်လို့ငိုတာလား၊ ဘာဖြစ်တာလဲမသိဘူး။ ငိုတာနဲ့တိုက်ဆိုတော့ နို့အန် တာတွေလည်းရှိတယ်။ အဲဒီလိုမျိုးပေါ့။ ကလေးကိုစောင့်ရှောက်တဲ့အပိုင်းမှာလဲ သူတို့အတွက် အခက်အခဲတွေ ရှိတယ်” လို့ ကလေးမွေးဖွားပြီးတဲ့ မိန်းကလေးငယ်တွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို လူမှုဝန်ထမ်းဦး စီးဌာန အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဌာနခွဲက ညွှန်ကြားရေးမှူး နော်သာဝါးက ပြောပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်စဉ်မှာ မိသားစု၊ ပတ်ဝန်းကျင်က မသိအောင် ဖုံးဖိနေရဲ့အတွက် မိခင်မှာ စိတ်ဖိစီးမှုတွေ ရှိနေပြီး ကလေးငယ်ရဲ့ဖွံ့ဖြိုးမှုနှုန်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မွေးဖွားတဲ့အချိန်မှာလည်း ခန္ဓာကိုယ် အ စိတ်အပိုင်းများမှာ ပြည့်စုံကြံ့ခိုင်မှု မရှိသေးတဲ့အတွက် မိခင်ရဲ့အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။
“ဟိုတလောက တယောက်တော့ ဆေးရုံအထိ ရောက်တယ်ပြောတယ်။ နေပြည်တော်နားက ရွာတရွာမှာ၊ မွေး ရတဲ့အခါကျတော့ ရိုးရိုးမွေးရတာလေ။ သူတို့ရဲ့အင်္ဂါတွေက ဖွံဖြိုးခါစဆိုတော့ အထဲက ကလေးက ကန် လိုက်တာထင်တယ်။ အထဲက ကလီစာတွေ တော်တော်များများထိခိုက်သွားတယ်။ အဲဒါမျိုးတွေလည်း ကျမ တို့တွေ့ရတယ်။ အဲ့ဒါကြောင့်မို့ ကလေးငယ်တွေမှာ အဓမ္မမှုဖြစ်ပြီး ကိုယ်ဝန်ဆောင်ရတဲ့အခါ ပိုပြီးတော့ ခက်ခဲ တယ်၊ ပင်ပန်းတယ်..” လို့ နော်သာဝါးက သူမရဲ့အတွေ့အကြုံကို ပြောပါတယ်။
လှုမှုဝန်ထမ်းဌာနအနေနဲ့ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေအတွက် စင်တာတွေဖွင့်လှစ်ထားပြီး အခုလို သက် ငယ်မုဒိန်းမှုတွေရဲ့ နောက်ဆက်တွဲ ကလေးမွေးတာ၊ မိန်းကလေးက ကျောင်းမပြီးသေးရင် ကျောင်းဆက်တက် နိုင်အောင် ထောက်ပံ့ပေးတာတွေ ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း အခုလိုအမှုတွေဟာ လာရောက်တိုင်ကြားမှသာ သိရှိကူညီဆောင်ရွက်ပေးနိုင်တာကြောင့် သက်ငယ်မုဒိန်းကနေ ရလာတဲ့ကိုယ်ဝန်တွေကို တိတ်တဆိတ်မွေးဖွားနေတဲ့သူတွေအတွက် အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။
“မီးငယ်ကျောင်းဆက်တက်မှာ။ အရင်နှစ်က မတက်လိုက်ရတော့ အခုကိုးတန်းပြန်တက်ဖို့လုပ်နေတယ်။ အမှု ကိစ္စမပြီးသေးလို့။ ပြီးတော့ကလေးကို အဒေါ်တွေဆီမှာ ထားရတယ်ဆိုပေမယ့် အဒေါ်တွေကလည်း သိပ်အ ဆင်မပြေဘူး။ တနေ့လုပ်မှ တနေ့စားရတာဆိုတော့လေ။ အခြေအနေတခုခုအထိ အဆင်ပြေသွားရင် ကလေး ကို ပြန်ခေါ်မှာပါ..” လို့ မီးငယ်က သူမရဲ့ရင်သွေးကို ပြန်ခေါ်ထားချင်တဲ့အကြောင်း ပြောပါတယ်။
အခုတော့ အသက်(၁၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မီးငယ်ဟာ သူမနဲ့ရွယ်တူဆယ်ကျော်သက်မိန်းကလေးတွေလို ကျောင်းတက် စာကျက်ပြီး ဘဝကို ပေါ့ပါးလွတ်လပ်စွာဖြတ်သန်းဖို့အတွက် ကြိုးစားရုန်းထွက်နေသူတဦးပါ။
ဒါပေမယ့် သူလို (၉)တန်းကျောင်းသူလေးကို (၂) နှစ်အရွယ်သားလေးတယောက်ရဲ့မိခင်လို့ ဘယ်သူက ထင် မှာလဲ။ သူ့ရဲ့အရွယ်နဲ့မလိုက်အောင် ထမ်းပိုးထားရတဲ့ ကလေးအမေတယောက်ရဲ့ ဒုက္ခဆင်းရဲတွေကိုရော ဘယ်သူက ကိုယ်ချင်းစာပေးနိုင်မလဲ။ သူ့ကလေးလို သက်ငယ်မုဒိန်းမှုနဲ့ မွေးဖွားလာတဲ့ ကလေးကိုရော ဘယ် သူတွေက ဘယ်လိုဆက်ဆံကြမှာလဲ။ သူမလို သက်ငယ်မိခင်တွေရော မြန်မာနိုင်ငံမှာ ဘယ်လောက်များရှိနေ ပြီလဲ။ ဒီနိုင်ငံထဲမှာ ကလေးက ကလေးပြန်မွေးနေရတဲ့ ဒီလိုအဖြစ်တွေကို ဘယ်လိုတားဆီးပေးနိုင်ကြမလဲ။ မေးခွန်းပေါင်း မြောက်များစွာကတော့ ဒီနေ့မှာ အဖြေမဲ့နေဆဲပါ။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021