Home ဆောင်းပါး တောပန်းပွင့်လေးရင်ဖွင့်သံ

တောပန်းပွင့်လေးရင်ဖွင့်သံ

 

ပစ်တိုင်းထောင်မ။             ။

“သူတို့က ယောကျ်ားရဲ့ ခြေဆေးရေတွေ အကုန်လုံးသောက်ခိုင်းတာပဲ”

ပိန်ပိန်ပါးပါး အရပ် (၅ ပေ ၂ လက်မ) လောက်ရှိပြီး စကားသံဝဲ၀ဲလေးနဲ့ တအာင်း(ပလောင်) တိုင်းရင်းသူဆေးဆရာမ Lway Katae Nyime က သူ့အတွေ့အကြုံကို ပြောပြတာပါ။ ကျေးလက်တောရွာတွေမှာ ကလေးမမွေးနိုင် ရင် မီးနေသည်ကို ယောကျ်ားလုပ်သူရဲ့ ခြေဆေးရေတိုက်တဲ့အကြောင်း ပြောပြနေတာပါ။

သူ့အနေနဲ့ လှည့်လည်ဆေးကုသပေးနေတာ (၅)နှစ်ရှိနေပြီး မွေးလူနာတွေရဲ့ အခြေအနေ၊ သင်ယူတတ် မြှောက်ထားတဲ့ ဆေးပညာအရ မွေးလူနာ ဘယ်အခြေအနေဆို မွေးနိုင်တယ်ဆိုတာ ခန့်မှန်းနိုင်တယ်လို့ ပြောပါတယ်။

“မွေးလူနာရှိလို့ သူတို့က လာခေါ်တယ်။ ကိုယ်ကကြည့်ပြီး ဘယ်အဆင့်မှာ မွေးမလဲ ကိုယ်သိတယ်လေ”

ဒါပေမယ့် ကျေးရွာတွေရောက်တဲ့အခါမှာ ပြောရရှင်းပြရတာခက်ခဲပြီး ရွာသားတွေရဲ့ ခေတ်မမီတော့တဲ့ အယူအဆတွေ၊ ယုံကြည်မှုတွေကို ရင်ဆိုင်ဖြေရှင်းရတယ်လို့ပြောပြပါတယ်။

“ဒါက ပြစ်မှားလို့ ဒီလိုဖြစ်နေတယ်ဆိုပြီး ဟိုမန်းမှုတ်ဆရာကို အရင်သွားပင့်တယ်။ မန်းမှုတ်ဆရာကို သွား ခေါ် ဗိုက်တွေနှိပ် ကိုယ်ကလည်း ရှင်းပြတယ်။ မနှိပ်နဲ့ ဘာမှမဖြစ်ဘူး။ တခါတလေ မွေးလူနာတွေက မွေးရ ခက်တာတွေရှိတယ်။ တချို့ကျတော့ ပြောတာ နားထောင်တယ်။ တချို့ကျတော့ နားမထောင်ဘူး”

ဒါတင်မကသေးပါဘူး။ တချို့ကလေးတွေ နေမကောင်းဖြစ်တဲ့အခါတွေမှာလည်း တောဓလေ့အရ ကလေး တွေကို စအိုဝမှာ အပ်နဲ့ဖောက်တာတွေ၊ အပူအရမ်းကြီးနေရင် စောင်ခြုံပြီး မီးလှုံခိုင်းတာမျိုးတွေ ရှိတယ်လို့ ပြောပါတယ်။ အပူကျအောင် လုပ်ပေးတဲ့အခါမှာတော့ ရွာသူရွာသားတွေက အထင်လွဲကြတယ်လို့ ပြောပါ တယ်။

“ဆရာမတွေကလည်း ဘာတွေလည်း မသိဘူး၊ သူတို့ ဆေးမရှိလို့လားမသိဘူး။ ကလေးက ဖျားပြီး ချမ်းလို့ တုန်နေပါတယ်ဆို ရေပေးချိုးတယ်။ ဂေါက်များဂေါက်ပြီလား မသိဘူးဆိုပြီး နောက်မှ ကိုယ့်ကိုပြန် လက်ခံ လာတာတွေရှိတယ်”

ဆရာမလေး Lway Katae Nyime ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်အပါအဝင် မြို့ နယ်အတွင်းရှိ ပန်ယောင်ကျေးရွာ၊ ပန်ကနှိုင်း၊ အွယ်လော၊ တောနေ၊ ပန်လျှို၊ လွယ်မွန်း၊ ဝိန်ပတ်နှင့် မန်စပ် စတဲ့ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေမှာ လှည့်လည်ကာ ဆေးကုသပေးနေတာဖြစ်ပါတယ်။

တကယ်တော့ လျှောက်လှမ်းနေရတဲ့ လမ်းတွေက ဖြောင့်ဖြူးလှတဲ့ လမ်းတွေတော့မဟုတ်ပါဘူး။ တချို့ ကျေးရွာတွေဆို အခုအချိန်အထိ တိုက်ပွဲတွေဖြစ်နေတုန်းပါ။ ဒါပေမယ့် သူကတော့ တိုက်ပွဲကြားမှာလည်း အစွမ်းကုန် ကြိုးစားပြီး ဆေးကုသမှုတွေ လုပ်ပေးနေရသူပါ။

“စစ်ဖြစ်နေတာ အသံလည်း ကြားနေရတယ်။ လေယာဉ်နဲ့လည်း လာပစ်ချတယ်။ လေယာဉ်က ကိုယ့်အပေါ်မှာပဲ ဝဲနေတယ်”

စစ်တွေဖြစ်နေချိန်တောင် သူမတကိုယ်တည်း အလွတ်ရုန်းထွက်ပြေးဖို့ စိတ်ကူးမရှိခဲ့တဲ့ အကြင်နာ၊ ဝါသနာ၊ စေတနာ၊ အနစ်နာ၊ ဂရုဏာစတဲ့ နာ(၅)နာ ပိုင်ရှင်လေးပါ။

 “သေနတ်သံတွေက ‘ဒုန်း..’ ‘ဒုန်း…’နဲ့ ကလေးက မမွေးသေးတော့ မွေးရမလား၊ ထွက်ပြေးရ မလားဖြစ်နေတာပေါ့”

ထွက်ပြေးဖို့လည်းအဆင်မပြေသလို ထွက်ပြေးရင်လည်း လိုအပ်နေတဲ့ လူထုကရှိနေပြီး သူတို့ကို သနား တယ်လို့ ပြောပြပါတယ်။

အခက်အခဲတွေ၊ အတွေ့အကြုံတွေဟာ မိန်းမသားဆိုတဲ့ ဘဝကိုတောင် မေ့ထားလိုက်ရတယ်လို့ ပြောပါ တယ်။  မိန်းမတို့သဘာ၀ ကျန်းမာရေးကိုတောင် အလေးမထားနိုင်ပဲ လူနာကို ကယ်တင်ဖို့သာ ရှေ့တမ်း တင်သူတယောက်ပါ။

လူနာတွေက အနည်းအကျဉ်းဖျားနာရင် ဆေးဆရာမကို လာခေါ်လေ့မရှိပဲ လာခေါ်တဲ့အဆင့်ဆိုရင် အရမ်းကို ဆိုးရွားသွားနေတဲ့ အခြေအနေမျိုးဖြစ်နေတတ်တာမို့ လူနာအတွက် ဆေးဝါးကိုပဲ အရေးပေါ် ပြင်ဆင်နိုင်ပြီး ကိုယ့်အတွက် လိုအပ်တာတွေကိုတော့ မပြင်မိသလို ရာသီလာချိန် အခက်အခဲကိုတော့ ကြည့်ပြီး ဖြေရှင်းရတယ်လို့ ပြောပြပါတယ်။

“မိုးရာသီဆို ပိုဆိုးတယ် ရာသီလာရင် (ရာသီသွေးပေါ်) သုံးဖို့အခံကမပါဘူး”

ကျေးရွာတွေမှာ ဆေးတွေလိုက်ကုသပေးနေပေမယ့် ဆရာမ Lway Katae Nyime ဟာ အစိုးရဝန် ထမ်းတော့ မဟုတ်ပါဘူး။ နယ်လှည့်ကျောပိုးအိတ်အဖွဲ့လို့ခေါ်တဲ့ (Back Pack Health Worker Team) အဖွဲ့မှာ မန်တုံမြို့နယ် ကျန်းမာရေးလုပ်သား တာဝန်ခံအဖြစ် ထမ်းဆောင်နေသူပါ။ နယ်လှည့်ကျောပိုး အိတ်ဆိုတဲ့ စကားနဲ့အညီ နယ်လှည့်လည် ဆေးကုသပေးရတဲ့အခါ ယောကျ်ားတွေလိုပဲ တန်းတူသွားလာ လှုပ်ရှားရတယ်လို့လည်း ပြောပါတယ်။

“ကျမတို့ကလှည့်လည်တဲ့အခါ  ၁ ပတ် ၂ ပတ်ဝန်းကျင်ရှိတယ်။ သင်တန်းလည်းပေးတယ်။  ဆေးလည်းကု တယ်။ အဝတ်အစားတွေ အများကြီးမယူနိုင်ဘူး” လို့ ဆရာမလေးက ပြောပြပါတယ်။

“မိုးတွင်းလည်းသွားရတော့ ကိုယ့်အဝတ်အစားလျှော်ရအောင်လည်း အဆင်မပြေဘူး။ လှန်းရင်လည်း ခြောက်မှာမဟုတ်ဘူး။ မခြောက်တော့ အဝတ်စိုကို သယ်သွားရမှာတွေလည်းရှိတော့ ရေစိုစိုနဲ့ပဲ နေရတယ်၊ အဝတ်တွေ မလဲရဘူး” လို့ ကြုံရတဲ့ ပကတိအခြေအနေကို ရှင်းပြပါတယ်။

ဆေးဆရာမတွေဆိုပေမယ့် လူထဲကလူတွေပါပဲ။ ဒါကြောင့် သူတို့တွေဟာလည်း ဝေဒနာကို ခံစားရပါ တယ်။ ၁ ပတ်ကျော် ၂ ပတ် ရေစိုအဝတ်တွေနဲ့နေရလို့  တွေ့ကြုံခံစားရတဲ့ရောဂါအကြောင်းကိုလည်း ပြော ပြပါတယ်။

“သန့်ရှင်းရေးတွေ ကောင်းကောင်းမလုပ်ရဘူး”

အဆင်ပြေတဲ့နေရာရောက်မှ ဆေးလိမ်းတာတွေ ဆေးသောက်တာတွေ လုပ်ရတယ်လို့ သူမက ပြောပြပါ တယ်။ “မိန်းမကိုယ်ယားတာတို့ ဘာတို့ ရှိတယ်”

လက်ရှိ အခြေအနေမှာလည်း ငြိမ်းချမ်းတဲ့ဒေသ မဟုတ်သေးပါဘူးလို့ သူမက ဆက်ပြောပါသေးတယ်။

“ဒီသုံးလေးရက်မှာတုန်းကလည်း မန်တုံဒေသမှာ စစ်တွေ ဖြစ်နေသေးတယ်”

စစ်ပွဲကြား ဆေးကုသမှုသွားပေးရတဲ့အခါ ရွာသားတွေကို ကုသပေးရလို့ ပျော်ပေမယ့် မိန်းမသားဖြစ်တဲ့ အတွက် စိုးရိမ်မှုတွေကလည်း ရှိနေပြန်ပါတယ်။ စစ်ဖြစ်တဲ့နေရာတွေမှာ အမျိုးသားဆိုရင် ပေါ်တာဆွဲ ရိုက်နှက်ကြပေမယ့် အမျိုးသမီးတွေကျတော့ အမျိုးသားနဲ့ မတူဘူးလို့ ပြောပါတယ်။

“အမျိုးသမီးဆိုရင် အမျိုးသားတွေက သိတဲ့အတိုင်းပဲလေ။ တောထဲဆိုတာက ဘာသတင်းဌာနမှမရှိဘူး။ အ မျိုးသမီးတွေအပေါ်ကို လုပ်လို့ရတာက အများကြီး။ မုဒိမ်းကျင့်မလား ဘာလုပ်မလဲ ခေါ်သွားမလား၊ ခေါ် သွားရင် ယောကျ်ားအုပ်လိုက်နဲ”့

တအာင်းအမျိုးသမီးအစည်းအရုံးနှင့် ကျောင်းသားနှင့် လူငယ်များအစည်းအရုံး တအာင်း(ပလောင်)အဖွဲ့ရဲ့ အစီရင်ခံစာအရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ  ၂၀၁၁ ခုနှစ်မှ၂၀၁၃ ခုနှစ်၊ စစ်ပွဲတွေအတွင်းမှာ လူ့အခွင့်အ ရေး ချိုးဖောက်မှုများရှိခဲ့ပြီး အမျိုးသမီး(၂)ဦးကို အဓမ္မပြုခြင်းအပြင် အသက်(၁၆)နှစ်အောက် မိန်းက လေးငယ်(၃)ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားခြင်းများ ပြုလုပ်ခဲ့တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။ (http://womenofburma.org/Report/2013/PWO%20Analysis%20(BurmeseVersion).pdf)

ရွာတွေမှာ ပညာဗဟုသုတမရှိတာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုမရှိတာတွေ၊ စစ်ပွဲတွေကြား လမ်းဘေး မှာ မွေးဖွားရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ဘဝတွေ၊ စစ်ဖြစ်လို့ စပါးရိတ်သိမ်းပြီးခါမှ ဆုံးရှုံးလိုက်ရ တာတွေက မျက်မြင်ကိုယ်တွေ့တွေ လို့ Lway Katae Nyime က ပြောပါတယ်။

“စစ်ပွဲဖြစ်ရင် အကုန်ထားခဲ့ပြီး ထွက်ပြေးရတာပဲ”

အစိုးရအဖွဲ့အစည်းတွေ ဝန်ဆောင်မှုမရှိသေးတဲ့ ရွာလေးတွေကို သွားရတဲ့အခါ တောတောင်တွေ၊ လမ်းပန်းဆက်သွယ်ရေးကမကောင်းတာတွေ၊ ဘယ်ရာသီမှာမဆို နေရောင်မရလို့ အမြဲလိုလို ရွံ့နွံတွေ ဘယ် လောက်ပဲ အခက်အခဲတွေ တွေ့ကြုံရ တွေ့ကြုံရပါစေ၊ ရွာသားတွေကို ဆေးကုသမှုတွေ လိုက်လုပ်ပေးနေရ တာကိုက သူ့အတွက် ပျော်စရာပီတိဖြစ်လို့ အရာရာကို ဖြတ်ကျော်နိုင်ခဲ့တယ်လို့ ပြောပြပါသေးတယ်။

“ရွာတွေသွားရတဲ့ အချိန်က ခက်ခက်ခဲခဲ သွားရပေမယ့် ရွာသားတွေနဲ့ တွေ့ရမယ်။ ဆေးကုပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်”

ဒေသငြိမ်းချမ်းရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ရွာသားတွေကို ဗဟုသုတပညာတွေ၊ စီးပွားရေး တိုးတက်မှု တွေ ဖြစ်ထွန်းစေချင်တယ်လို့ ဆရာမလေးက ပြောပါတယ်။

“စစ်ပွဲတွေ ရပ်ဖို့က အဓိက၊ ငြိမ်းချမ်းရေးက အဓိကပေါ့။ ဒေသငြိမ်းချမ်းရေးကို အလိုအပ်ဆုံးပဲ..”

 

 

 

Related Articles