Home ဆောင်းပါး အိမ်တွင်း ဥယျာဉ်မှူး (သို့မဟုတ်) Gi Gi – Home Garden ပဲ့ကိုင်ရှင်

အိမ်တွင်း ဥယျာဉ်မှူး (သို့မဟုတ်) Gi Gi – Home Garden ပဲ့ကိုင်ရှင်

ကေခိုင်

“အစားအစာဆိုတာ အမြဲဝယ်ယူ စားသောက်လို့ မရတဲ့အချိန် ကြုံလာရနိုင်တယ်။ ဒါကြောင့် ကိုယ်တိုင် ထုတ်လုပ်တာကို လုပ်နိုင်မှ ဆိုတာ ပိုမြင်သာလာတဲ့အခါ ကျမ တတ်နိုင်သမျှ အပင်တွေ တိုးစိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်”လို့ ပြောလာသူကတော့ အိမ်တွင်းဥယျာဉ် စိုက်ပျိုးသူ မသိင်္ဂီလှိုင်ပါ။

အသက် ၂၀ ကျော်အရွယ် မသိင်္ဂီလှိုင် (ခ) ဂီဂီဟာ ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး၊ လက်ရှိမှာတော့ သူက “Gi Gi – Home Garden” နာမည်နဲ့ အိမ်တွင်း ဉယျာဉ်စိုက်ပျိုးမှု (Home Garden) လုပ်ဆောင်နေသူပါ။

သူ့ရဲ့ အိမ်တွင်းဥယျာဉ်ခြံလေးထဲမှာ အနွယ်ပင်၊ အရွက်စားပင်၊ ဥစားပင်၊ အသီးစားပင်၊ အညွန့်စားပင်၊ ဆေးဖက်၀င်ပင်၊ ပန်းပင် စတဲ့ အပင်မျိုးပေါင်း ၅၀ ကျော်လောက် စိုက်ပျိုးထားပါတယ်။

အပင်စိုက် ဝါသနာပါတဲ့ မသိင်္ဂီလှိုင်ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ခရီးသွားလုပ်ငန်းတစ်ခုဖြစ်တဲ့ SST Tourism and Social Enterprise နဲ့ သြဂဲနစ်အဖွဲ့အစည်း MOGPA Team တို့ပြုလုပ်တဲ့ “Agri- Women Entrepreneurship Home Nutrition Garden Award” ဆိုတဲ့ စိုက်ပျိုးရေးပြိုင်ပွဲတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။

မသိင်္ဂီလှိုင်၏ အိမ်တွင်းဥယျာဉ်ခြံ

အဲ့ဒီ ပြိုင်ပွဲကတော့ သဘာဝနဲ့ မိသားစု ကျန်းမာရေးအတွက် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှာ အိမ်တွင်း ခြံဝင်းအတွင်း တနိုင်တပိုင် စားပင်သီးနှံတွေ စိုက်ပျိုးနေတဲ့ အမျိုးသမီးတွေကို အားပေးတဲ့အနေနဲ့ ကျင်းပခဲ့တာပါ။ အဲဒီပြိုင်ပွဲမှာ Agri- women အဖြစ် ရွေးချယ်ခံရသူတွေထဲ မသိင်္ဂီလှိုင်လည်း ဆု ရရှိခဲ့ပါတယ်။

ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူတွေထဲ “အိမ်ခြံဝန်းအတွင်း အမှန်တကယ် စိုက်ပျိုးပြီး မိသားစု နေ့စဉ် စားသုံးမှုကို ထောက်ပံ့ပေးနိုင်သူ၊ အဆိပ်အတောက်ကင်းတဲ့ သွင်းအားစုကို အသုံးပြုပြီး စိုက်ပျိုးထားသူ၊ မီးဖိုချောင် စွန့်ပစ် အမှိုက်တွေကို အကျိုးရှိရှိ ပြန်အသုံးချကာ အာဟာရ သံသရာ ပြန်လည်ပတ်စေသူ၊ ပြင်ပသွင်းအားစုများကို မမှီခိုဘဲ စိုက်ပျိုးတတ်သူ၊ စိုက်ပျိုးသီးနှံတွေရဲ့ အာဟာရ တန်ဖိုးကို နားလည်ပြီး မိသားစုကို စောင့်ရှောက်နိုင်သူ” စတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ အမျိုးသမီး ၅ ယောက်ကို Agri- Women အဖြစ် ရွေးချယ် ဆုချီးမြှင့်ခဲ့တာပါ။

“တန်ဖိုးထားမှုတွေနဲ့ ရေရှည်တည်တံ့ခြင်း ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတဲ့ အလုပ်အပေါ် အသိအမှတ် ပြုပေးတဲ့ ရလဒ်ကို မြင်ရတာပါပဲ။ ဒါ့ကြောင့် ပိုကျေနပ်ရပြီး ရှေ့ဆက်လုပ်ဖို့ ကောင်းမွန်တဲ့ အလေ့အထတွေကို ဆက်လက် မျှဝေပေးဖို့ ပိုခွန်အားဖြစ်ရပါတယ်။”လို့ Agri-women ဆုရရှိသူ မသိင်္ဂီလှိုင်က ပြောပါတယ်။

ဒီပြိုင်ပွဲကို ပြိုင်ဖြစ်ခဲ့တာကတော့ မသိင်္ဂီလှိုင်က သူ့ကို သြဂဲနစ်နည်းလမ်းတွေ သင်ကြားပေးခဲ့တဲ့ ဆရာမကြီး တစ်ယောက်ရဲ့ ဖိတ်ခေါ်မှုနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။

အိမ်တွင်းဉယျာဉ်စိုက်ပျိုးမှုကို လုပ်ဆောင်နေသူ ဖြစ်တာကြောင့် ပြိုင်ပွဲအတွက် တကူးတက ပြင်ဆင်ရတာ မရှိဘဲ Home Gardening ပြုလုပ်ဆောင်ရွက်ပုံ အဆင့်ဆင့် ရေးသားမှု မှတ်တမ်းနဲ့ မှတ်တမ်းပုံတွေ၊ ဗီဒီယိုတွေကိုပဲ ပို့ပေးရခဲ့တာပါ။ ပြိုင်ပွဲမှာ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့အတွက် ရွေးချယ်ခံခဲ့ရတာလို့ မသိင်္ဂီလှိုင်က ပြောပါတယ်။

Home Garden ဖြစ်တည်မှုအစ

စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းဆင်း တစ်ယောက်ဖြစ်တဲ့ မသိင်္ဂီလှိုင်က ငယ်စဉ်ကတည်းက တောင်သူ မိဘတွေနဲ့ နေထိုင်ခဲ့တာကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ မစိမ်းလှဘူး။ ဒါပေမဲ့ တောင်သူတွေမှာ အသိအမြင် မပွင့်သေးသလို နည်းပညာ၊ မျိုးစေ့၊ သွင်းအားစု အခက်အခဲတွေ ကြုံရတာကို အမြဲကြားနေရတာက စိုက်ပျိုးရေးကျောင်းကို တက်ဖို့ တွန်းအား ဖြစ်ခဲ့ပါတယ်။

သူ့အိမ်ခြံဝန်းထဲက ၁၅ ပေပတ်လည် မြေလွတ်လေးထဲမှာ သုံးပြီးသား ဝါးတွေ အုတ်ခဲကျိုးတွေနဲ့ ဘောင်အကာလေးတွေ လုပ်ပြီး ဆလပ်၊ မုန်ညှင်း၊ မုန်လာဥ၊ ခရမ်းခေါင်းလေးတွေ စတင်စိုက်ပျိုးခဲ့တယ်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ရည်မှန်းချက်အတိုင်း ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာ ပညာ သင်ယူခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် တက္ကသိုလ် တတိယနှစ် ကျောင်း ၂ လပိတ်လို့ အိမ်ပြန်လာချိန်မှာ မိသားစုကို ဘေးကင်း လတ်ဆတ်တဲ့ အသီးအရွက်တွေ စားသုံးစေချင်တာကြောင့် Home Garden ကို အစပျိုးခဲ့ပါတယ်။

စတင်စိုက်ပျိုးချိန်မှာ မြေဆွေးရရှိဖို့က အခက်အခဲတခုပါ။ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတုဆေးတွေရဲ့ ဆိုးကျိုးကို သိထားတာကြောင့် မသုံးစွဲချင်သလို သဘာဝသွင်းအားစုတွေကို သုံးစွဲဖို့ကလည်း မလွယ်ကူခဲ့။

အဲ့ဒီအတွက် ဓာတုမြေသြဇာတွေ လုံးဝမသုံးစွဲဘဲ အပင်တွေ သန်မာဖို့ သဘာဝ နွားချေးတွေနဲ့ စိုက်ပျိုးခဲ့ရတယ်။ ဒါ့အပြင် မျိုးစေ့ကို ပြည်ပ Hybrid မျိူးထုတ်လေးတွေပဲ ဝယ်စိုက်ခဲ့တာကြောင့် ရာသီချိန်တိုင်း အမြဲလိုလို ထပ်ဝယ်စိုက်ခဲ့ရတယ်။

ကိုဗစ်ကာလ ကျော်ဖြတ်ခဲ့ပုံ

အိမ်တွင်းဉယျာဉ်လေး အကောင်အထည် ဖော်နေချိန်မှာပဲ ကိုဗစ်ရောဂါ ကာလနဲ့ ကြုံပါတယ်။ ကိုဗစ် ကပ်ဆိုး ကာလမှာ လူတွေ အပြင်မထွက်ရတာနဲ့အတူ ဘေး၀န်းကျင်အနီးက မိသားစုတွေမှာ အစားစာ လိုအပ်ချက်တွေ ရှိလာပါတယ်။

ဒါကြောင့် အာဟာရဓာတ် ပိုမို ဖြည့်ပေးနိုင်တဲ့ အစားအစာတွေ၊ ဘေးကင်းတဲ့ သီးနှံ လိုအပ်ချက်တွေ များလာတာကို ကြုံလာရတဲ့အခါ မသိင်္ဂီလှိုင်ဟာ အိမ်ခြံရဲ့ လွတ်နေတဲ့ နေရာအားလုံးမှာ မိသားစုနဲ့အတူ သီးနှံ အမယ်စုံကို တိုးချဲ့ပြီး စိုက်ပျိုးခဲ့ကြပါတယ်။

ကိုဗစ် ကာလမှာတောင် မိသားစုတွေ ရောဂါ မကူးစက်ဘဲ ကျန်းမာစွာ ရှိနေနိုင်တာ၊ မိသားစုလိုက် Home Garden လုပ်ဆောင်ရင်း အချိန်ပေး စကားပြောဖြစ်တာ၊ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်လာတာတွေ လုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပတ်ဝန်းကျင်နဲ့ ပိုရင်းနှီး ကျွမ်းဝင်လာတာ၊ အိမ်တွင်းစိုက်ပျိုးမှုကို အခြား အိမ်ထောင်စု အမျိုးသမီးတွေပါ စိတ်ပါ၀င်စား လုပ်ကိုင်လာတွေက အဖိုးမဖြတ်နိုင်တဲ့ ရလဒ် အကျိုးကျေးဇူးတွေပဲလို့ သူက ပြောပါတယ်။

သုတေသနကို လက်တွေ့ အသုံးချ

မသိင်္ဂီလှိုင်ဟာ ၂၀၁၉ ခုနှစ်မှာ စိုက်ပျိုးရေး နောက်ဆုံးနှစ်အဖြစ် အလုပ်သင်ဆင်းတုန်းက ကယားပြည်နယ်၊ လွိုင်ကော်က တောရွာလေး တစ်ခုမှာ ဒေသ ရာသီဥတုနဲ့ ကိုက်ညီတဲ့ ဟင်းသီးဟင်းရွက် အသီးအနှံနဲ့ ပတ်သတ်ပြီး အဖွဲ့လိုက် Action Research တစ်ခု လုပ်ဆောင်ခဲ့ရပါတယ်။

အဲဒီ သုတေသနမှာ ဟင်းသီးဟင်းရွက် အသီးအနှံ အမျိုးမည်အစုံကို စမ်းသပ်စိုက်ခဲ့ဖူးတဲ့ အတွေ့အကြုံကို အခြေခံပြီး သူ့ရဲ့ Home Garden မှာ သဘာဝသွင်းအားစု အသုံးပြုပြီး လက်တွေ့ အသုံးချခဲ့တာပါ။

သူ့ စိုက်ခင်းလေးထဲမှာ ဥစားသီးနှံအတွက် မြေစပ်နည်း၊ အရွက်စား အသီးစား သီးနှံအတွက် မြေစပ်နည်း ဆိုပြီး စမ်းသပ်လုပ်ဆောင်ခဲ့တာကြောင့် ဥစားသီးနှံရော အခြားသီးနှံတွေပါ ဖြစ်ထွန်းခဲ့ပါတယ်။

ဒါ့အပြင် ဒေသမျိုးကို ဦးစားပေး စိုက်ပျိုးခဲ့သလို မိသားစုတွေ စားသောက်လေ့ရှိတဲ့ အပင်တွေ၊ အသုံး၀င်တဲ့ သီးနှံ အမယ်စုံနဲ့ ဘုရားပန်းအတွက် လီလီပန်းမျိုးစိတ်တွေ စသဖြင့် သီးနှံအမယ်စုံကို တိုးတိုးပြီး အပင်မျိုးတွေ ဖြည့်စွက် စိုက်လာခဲ့တာ လက်ရှိမှာ မျိုးပေါင်း ၅၀ ကျော်ထိ ဖြစ်လာခဲ့ပါတယ်။

မသိင်္ဂီလှိုင်တို့ နေရာက အပူပိုင်းဒေသထဲ ပါတာကြောင့် ဒေသတွင်း စိုက်လေ့ရှိတဲ့ အပူဒဏ်ခံ၊ မိုးဒဏ်ခံနိုင်တဲ့ အပင်တွေသာမက အအေးပိုင်းဒေသတွေက သီးနှံတွေကိုပါ Home Garden မှာ ဖြစ်ထွန်းအောင် စိုက်ပျိုးပါတယ်။

သူစိုက်ပျိုးခဲ့တဲ့ အပင်လေးတွေက မျိုးစေ့လေးတွေ စတင်စိုက်ပျိုးချိန်ကနေ အဆင့်ဆင့် ကြီးထွားလာတာကို မြင်ရတာ သူ့အတွက် ပျော်ရွှင်ကြည်နူးစရာတစ်ခုလို့ ဆိုပါတယ်။ “ဘေးကင်းပြီး လတ်ဆတ်တဲ့ အပင်တွေကို မိသားစုက စားသုံးခွင့်ရနေတာ ကျေနပ်စရာပါ”လို့ မသိင်္ဂီလှိုင်က ပြောပါတယ်။

အိမ်တွင်းစိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက် သီးနှံတွေကို မိသားစုတွေ ဘေးအန္တရာယ်ကင်းပြီး လတ်ဆတ်စွာ စားသုံးရသလို သီးနှံ အမယ်စုံ စိုက်ပျိုးနိုင်တဲ့ ဆောင်းရာသီကာလမှာဆို မီးဖိုချောင်အတွက် အသားငါးကလွဲပြီး ဟင်းစား ဝယ်ရတာ မရှိတော့တဲ့အထိ ကောင်းကျိုးရခဲ့ပါတယ်။

ခြံထွက် သီးနှံတွေ ပတ်ဝန်းကျင်ကို ဝေမျှ

ခြံကထွက်တဲ့ သီးနှံတွေက မိသားစုအတွက် လုံလောက်တဲ့အပြင် ပိုလျှံတဲ့အတွက် အနီးနားဝန်းကျင်က အိမ်နီးချင်းတွေ၊ မိတ်ဆွေ၊ ဆွေမျိုးအိမ် အနည်းဆုံး အိမ်ထောင်စု ၂၀ ထက်မနည်း အမြဲ‌ဝေငှဖြစ်ပြီး၊ ပမာဏများများ စိုက်ပျိုးထားတဲ့ သီးနှံတွေကိုတော့ စျေးနှုန်းနည်းနည်းနဲ့ ရောင်းချပေးတယ်လို့ ဆိုပါတယ်။

“အနီးနားအိမ်တွေ၊ ဆွေမျိုးအိမ်တွေ၊ အိမ်ကို အလည်လာသူတွေ၊ စိတ်ဝင်စားလို့ လာရောက် ကြည့်ရှုသူတွေကို အမြဲ ကိုယ်စိုက်တဲ့ အသီးအနှံတွေ လက်ဆောင်ထည့်ပေးတာကလည်း အိမ်ရဲ့ ဓလေ့လိုတောင် ဖြစ်နေပါပြီ။ ဒါက ကျမတို့ ကျေးလက်က မျှဝေတဲ့ ဓလေ့လည်း မပျောက်ပျက်သွားအောင် ရည်ရွယ်ပါတယ်”လို့ သူက ပြောပါတယ်။

အိမ်တွင်းစိုက်ပျိုးတာက မိသားစုအတွက် ငွေကြေးအကုန်အကျ လျော့ကျစေသလို၊ ဓာတုလွတ် ဟင်းသီးဟင်ရွက် သီးနှံတွေ စားသုံးရတာကြာင့် ကျန်းမာရေးအတွက်လည်း ကောင်းကျိုးရစေပါတယ်။ ဒါ့ကြောင့် အိမ်ရှင်မတွေအနေနဲ့ စိုက်ပျိုးဖို့ တွေဝေမနေဘဲ ရနိုင်တဲ့မြေ၊ ရနိုင်တဲ့နေရာ၊ ရနိုင်တဲ့မျိုးစေ့တွေနဲ့ အစပျိုးကြည့်ဖို့ တိုက်တွန်းတယ်လို့ မသိင်္ဂီလှိုင်က ပြောပါတယ်။

“အကြံပြုချင်တာကတော့ ဓာတုလွတ်လေး စိုက်ပါ။ ဒါဆို လတ်ဆတ်ပြီး အန္တရာယ်ကင်းတဲ့ သီးနှံတွေကို စားသုံးရတာပေါ့။ ဒါ့အပြင် စိတ်ကျေနပ်မှုကိုပါ စားသုံးရတော့ ပိုအရသာရှိမှာ အသေချာပါ။”လို့ မသိင်္ဂီလှိုင်က ပြောပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေနဲ့ မြို့ပြမှာ အလုပ်လုပ်မှ လူရာဝင်တယ်ဆိုတဲ့ အယူအဆတွေကြောင့် လူငယ်တွေဟာ မိရိုးဖလာ တောင်သူလုပ်ငန်းကို ကျောခိုင်းကြတဲ့ ပြဿနာ နိုင်ငံတော်တော်များမှာ ကြုံနေရပါတယ်။

“မကျန်းမာစေတဲ့ အစားအသောက်တွေကြောင့် ကိုယ်ရှာဖွေရတဲ့ ငွေကြေးတွေကို ဆေးရုံ ဆေးခန်းတွေမှာ ပြန်သုံးရတဲ့အခါ ငွေကြေးတင်မကပဲ စိတ်ဆင်းရဲမှုတွေ ဝေဒနာတွေပါ ရင်းနှီးရပါတယ်။ ဒီအတွက်ကြောင့် အိမ်ရှင်မတွေ မိခင်တွေအနေနဲ့ နေ့စဉ်စားသုံးမှုတွေကနေ ကျန်းမာရေးအသိနဲ့ ဆင်ခြင်ပြီး ကိုယ်တိုင် တပိုင်တနိုင် ဓာတုလွတ်လေး စိုက်ပျိုး စားသောက်တာက အရေးပါတဲ့ ကဏ္ဍကြီးတစ်ခု ဖြစ်တယ်”လို့ ဆက်ပြောပါတယ်။

သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့ပြီး စားနပ်ရိက္ခာ ဖူလှုံဖို့အတွက် လူငယ်တောင်သူတွေ များများ ပေါ်ထွက်ဖို့ လိုအပ်သလို လူငယ်နဲ့ အမျိုးသမီး တောင်သူတွေ ပါဝင်တာဟာ စားနပ်ရိက္ခာ ရှားပါးမှု ပြဿနာကို ပါဝင် ဖြေရှင်းနေကြတဲ့ အရေးပါတဲ့ ရှေ့ဆောင်မှုတွေဖြစ်တယ်လို့ သူက ယူဆပါတယ်။

“စားသုံးသူတိုင်းက အစားအစာ စိုက်ပျိုးတဲ့ နေရာမှာ ပါဝင်လုပ်ဆောင်ရမယ်။ စိုက်ပျိုးသူတိုင်းမှာလည်း စားစရာ လုံလုံလောက်လောက် ရှိရမယ်ဆိုတဲ့ စကားက ဒီနေ့ခေတ် စတင် ကြုံတွေ့လာရတဲ့ စားနပ်ရိက္ခာ ရှားပါးမှု ပြဿနာကို အတော် သတိပြုမိစေတဲ့ စကားပါပဲ” လို့ သူက ပြောပါတယ်။

မသိင်္ဂီလှိုင်၏ အိမ်တွင်းဥယျာဉ်ခြံ

Home Garden မှသည် သရုပ်ပြခြံ

မသိင်္ဂီလှိုင်က သူ့ရဲ့ Home Garden လေးကို အိမ်တွင်းစိုက်ပျိုးရုံသာမက သရုပ်ပြခြံအထိ ဖြစ်လာစေဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

မြေပြုပြင်ပြီး သွင်းအားစု ထည့်တာကစလို့ ကိုယ်တိုင် ပြုလုပ်ထားတဲ့ မြေဆွေးနဲ့ အားဆေးတွေ အသုံးပြု စိုက်ပျိုး ထုတ်လုပ်ပုံ၊ ခြံက စွန့်ပစ်အရွက် ကြွင်းကျန်တွေနဲ့ မြေဆွေး ပြန်လည် ပြုလုပ်အသုံးပြုပုံ စတဲ့ Zero Waste နဲ့ လည်ပတ်ပုံတွေကို လက်တွေ့ လုပ်နေသလို လေ့လာလိုသူတွေကိုလည်း မြင်သာအောင် ပြသနိုင်ဖို့ ကြိုးစားနေပါတယ်။

ဒါ့အပြင် ဒေသမျိုးတွေ ပြန်ထိန်းသိမ်းဖို့ လိုတာကို လူတွေသတိထားမိလာအောင် မျိုးခံမယ့် အပင်တွေ သီးသန့် ထားပြီး၊ စနစ်တကျ မျိုးခံတဲ့လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေသလို စုဆောင်းထားတဲ့ မျိုးတွေကို ဆက်လက် မျှ‌ဝေသွားမယ်လို့ သူက ပြောပါတယ်။

မိသားစုကို အဆိပ်အတောက်ကင်းတဲ့ အသီးအရွက်တွေ စားသုံးစေချင်တဲ့ စိတ်ဆန္ဒကနေ တဖြည်းဖြည်းနဲ့ အိမ်ထောင်စုတွေမှာ တနိုင်တပိုင် ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်ပြီး ဘေးကင်းစွာ စားသုံးနိုင်ခွင့်ကို ရစေချင်တဲ့ထိ မျှော်မှန်းပြီး Home Garden ကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

“ဒီထပ်မကတဲ့ အကျိုးရလဒ်တွေအနေနဲ့ ကျမတို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုတွေအပြင် လူ့အဖွဲ့အစည်း အ၀န်းအဝိုင်းနဲ့ ချိတ်ဆက်နိုင်မှုတွေ၊ ကျမတို့ မေ့လျော့နေတဲ့ ရေ၊ မြေတွေရဲ့ ကျန်းမာရေးကို ထောက်ပြနိုင်ပြီး အတူပြန်လည် ဂရုပြုနိုင်ကြဖို့ကို ထည့်သွင်း ပုံဖော်နိုင်ဖို့ ဆက်လုပ်သွားမှာပါ”လို့ မသိင်္ဂီလှိုင်က ပြောဆိုလိုက်ပါတယ်။ ။

Author:

Related Articles