Home ဆောင်းပါး နိုင်ငံခြား ဝင်ငွေရှာပေးနေတဲ့ အမေ့လျော့ခံ အလုပ်သမများ

နိုင်ငံခြား ဝင်ငွေရှာပေးနေတဲ့ အမေ့လျော့ခံ အလုပ်သမများ

Photo: Pyit Tine Htoung Ma (HI)

ပစ်တိုင်းထောင်မ ၊ ရန်ကုန်

(၂၅)ရက်၊ ဧပြီလ၊ ၂၀၁၇။                ။

 “စက်ရုံထဲမှာ တချို့ Supervisor (ကြီးကြပ်သူ)တွေက ပါးရိုက်တာတို့ ဘာတို့ရှိတယ်။ သူတို့ပေးထားတဲ့ သတ်မှတ်ချက်အတိုင်း မပြည့်ရင် တယောက်နဲ့တယောက် အော်ငေါက်ကြတဲ့အခါ အနိုင်ပိုင်းပြီး ပါးရိုက် တာ..”

အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေရင်း ကျန်းမာရေးမကောင်းလို့ အလုပ်ထုတ်ခံရတဲ့ အထည်ချုပ်အလုပ် သမဖြစ်သူ မဝတ်ရည်က “ပြုပြင်ပြောင်းလဲမှုနောက်ကွယ်မှ အမေ့လျော့ခံ အမျိုးသမီးအလုပ်သမများ” မှတ် တမ်းခွေနှင့် သုတေသနစာတမ်း မိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောပြတာဖြစ်ပါတယ်။

ဒီမှတ်တမ်းထဲမှာ အထည်ချုပ်စက်ရုံ အလုပ်သမတွေရဲ့လုံခြုံရေးအပါအဝင် အခြေအနေနဲ့ အခက်အခဲတွေ ကို တင်ပြထားပါတယ်။

ဒီမှတ်တမ်းခွေနဲ့ သုတေသနစာတမ်း မိတ်ဆက်ပွဲကို မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union – BWU) မှ ဧပြီ(၂၅)ရက်နေ့၊ ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ပြုပြင်ပြောင်းလဲမှု နောက်ကွယ်မှ အမေ့လျော့ခံ အမျိုးသမီးအလုပ်သမများ” စာတမ်း မိတ်ဆက်ပွဲဟာ မြန် မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုများထဲမှာ မဖြစ်မနေဖြေရှင်းပေးရမယ့် အခြေခံပြဿနာတခုကို မီး မောင်းထိုးဖော်ပြလိုက်တာလည်း ဖြစ်တယ်လို့ သုတေသနစာတမ်းပြုစုသူ မြန်မာ့အမျိုးသမီးသမဂ္ဂမှ မအိ မွန်ဖြိုးက အခုလို ပြောပါတယ်။

“ကျမတို့ ဘာဖြစ်လို့ အထည်ချုပ်စက်ရုံအလုပ်သမားတွေကို ရွေးလိုက်သလဲဆိုတော့ အဓိက အများစု (၉၀) ရာခိုင်နှုန်း အလုပ်လုပ်နေတာက အမျိုးသမီးတွေ အထည်ချုပ်မှာပေါ့။ အလုပ်သမားအဖွဲ့အစည်းတွေလည်း အများကြီးရှိတယ်။ မီဒီယာကလည်း အလုပ်သမားအကြောင်းနဲ့ပတ်သက်ပြီး ဖော်ပြနေတာရှိတယ်။ အလုပ် သမားဆန္ဒပြမှုတွေ၊ လုပ်ခလစာ မလုံလောက်လို့ တောင်းဆိုမှုတွေ၊ အလုပ်ချိန်နဲ့ပတ်သက်ပြီး အခွင့်အရေး တွေရှိတယ်ဆိုပေမယ့် အထည်ချုပ်အလုပ်သမား အမျိုးသမီးတွေရဲ့ အခက်အခဲတွေ၊ အသံတွေကို ဦးစား ပေးထုတ်ဖော်တာ မရှိသေးဘူး”

နောက်အထည်ချုပ်အလုပ်ရုံတွေမှာ အလုပ်သမားအများစုက အမျိုးသမီးတွေ ဖြစ်တာကြောင့်လဲ မြန်မာ့ အမျိုးသမီးသမဂ္ဂက အဓိက မီးမောင်းထိုးပြလိုတာ ဖြစ်တယ်လို့ မအိမွန်ဖြိုးက ပြောပါတယ်။

“အလုပ်သမားလို့ပြောရင် အမျိုးသမီးတွေပါတယ်ဆိုပေမယ့် အမျိုးသမီးတွေရဲ့ တကယ်တွေ့ကြုံခံစားရတဲ့ အခြေအနေတွေက မပါနေဘူး။ အမျိုးသမီးဖြစ်လို့ ခွဲခြားဆက်ဆံခံနေတဲ့အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုတွေ၊ လုပ်ငန်းခွင်မှာရော၊ နေထိုင်ရတဲ့ နေရာတွေမှာရော၊ မလုံခြုံမှုတွေ စသဖြင့် ဒီအမျိုး သမီးတွေဘဝကို မီးမောင်းထိုးပြပြီးတော့မှ ဒါမျိုးတွေ ကြုံတွေ့ခံစားနေရပါတယ်ဆိုတာတွေ ထုတ်ဖော်တာ မျိုး မရှိသေးဘူး။ ဒါကြောင့် ဒီအမျိုးသမီးတွေရဲ့ အသံကို ဖော်ထုတ်ချင်တာလည်းပါတယ်။ အလုပ်သမား အမျိုးသမီးတွေရဲ့ အခြေအနေက လစ်လျူရှုခံထားရသလိုဖြစ်နေတယ်။ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲတဲ့ အချိန်မှာ အလုပ်သမားကဏ္ဍက သိပ်အရေးကြီးတယ်”

မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းဟာ အရှိန်အဟုန်နဲ့ တိုးတက်လာနေပြီး အဓိက ထုတ်ကုန်တွေကို ဥရော ပနဲ့ ဂျပန်နိုင်ငံတွေကို တင်ပို့တာဖြစ်တယ်လို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO) သုတေသနစာ တမ်းတစောင်မှာ ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ်က နိုင်ငံခြားပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ(၁) ဘီလီ လျံကျော်ခဲ့တယ်လို့လည်း အိုင်အယ်လ်အိုက ဆိုပါတယ်။

Photo: Pyit Tine Htoung Ma (HI)

အထည်ချုပ်လုပ်ငန်းမှာ အလုပ်သမားစုစုပေါင်း (၇)သိန်းခွဲခန့် ရှိနေပြီး ထုတ်လုပ်ရေးလုပ်ငန်းအများစုမှာ အ လုပ်သမားတွေက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

ဒီလို နိုင်ငံခြားဝင်ငွေရှာပေးတဲ့ လုပ်ငန်းဖြစ်ပေမယ့်လည်း လုပ်ငန်းခွင်မှာရော လုပ်ငန်းခွင်ပြင်ပမှာပါ လုံခြုံမှု မရှိပဲ ကိုယ်ထိလက်ရောက် စော်ကားခံရမှုတွေရှိနေတယ်ဆိုတာကိုတော့ ထရွိုင်စတိတ်စက်ရုံမှာ အလုပ် လုပ်ခဲ့ဖူးသူ မဝတ်ရည်က ပြောပြပါတယ်။

“အမျိုးသမီးအများစုက အထည်ချုပ်စက်ရုံမှာ လုပ်ကြတယ်။ သူတို့တောင်းထားတဲ့အတိုင်း မရဘူးဆိုရင် ဆဲဆိုကြိမ်းမောင်းတာခံကြရတယ်။ စိတ်ဖိစီးမှုတွေ အရမ်းများတယ်။ ဖိနှိပ်သူတော်တော်များများက ကိုယ့်ရဲ့ ခေါင်းဆောင် (စူပါဗိုက်ဇာ) တွေပေါ့နော်”

အလုပ်ကျတော့ အချိန်ပိုတွေ လုပ်ရပြီး အိမ်ပြန်နောက်ကျတဲ့အခါ လုံခြုံရေးမရှိတဲ့ အခက်အခဲကလည်း ပိုကြီးတယ်လို့ ပြောပါတယ်။

“အလုပ်က အပြန်မှာပေါ့၊ တချို့က အကြိုအပို့ ကားရှိတယ်၊ တချို့ကျတော့ မရှိဘူး။ ညဖက်ပြန်လာတဲ့အခါ မှာ လမ်းလျှောက်ပြန်ရတာတွေ ရှိတယ်။ ဒီလိုအခြေအနေမှာ အမျိုးသမီးတွေအတွက် အဆင်မပြေဘူး၊ လမ်းမှာ အနှောက်အယှက်ပေးသူတွေရှိတယ်၊ အကြမ်းဖက်မှုတွေရှိတယ်”

ဒီလိုအဖြစ်အပျက်တွေက အားလုံးလိုလိုကြုံတွေ့ရပြီး သူကိုယ်တိုင်လည်း ကြုံဖူးပါတယ်လို့ မဝတ်ရည်က ပြောပါတယ်။

“ကိုယ်ထိလက်ရောက် စော်ကားမှုတွေရှိတယ်။ အဲဒါက ညီမကိုယ်တိုင်၊ အလုပ်က ပြန်လာတဲ့အချိန် ကား လမ်းပေါ်မှာ ကိုယ့်ကိုယ်စ,သွားတာမျိုး၊ လက်ကိုဆွဲတာမျိုး၊ ပခုံးလာပုတ်တာမျိုး၊ တချို့ကျတော့လည်း စလိုနောက်သလို ခါးလာကိုင်တာတို့ဘာတို့ အဲဒါ ညီမကိုယ်တိုင် ကြုံတွေ့ခဲ့ရတာ”

မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင်ကျေးရွာ၊ ဆောက်လုပ်ရေးအခြေခံ အလုပ်သမားသမဂ္ဂ တာဝန်ခံ ဒေါ် စန်းစန်းထွေးကလည်း အထည်ချုပ် အလုပ်သမတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။

“အဓိက လုယက်မှုတွေပေါ့။ အမျိုးသမီးတွေက ညဘက်အချိန်ပိုဆင်းတဲ့အခါမှာ၊ စက်ရုံတွေက အချိန်ပို ခေါ်တဲ့အချိန်က ညဘက် (၈) နာရီ (၉)နာရီအထိဖြစ်တယ်။ အဲဒီလိုဆို အပြန်မှာ လုယက်မှုတွေ ခဏခဏ ဖြစ်တယ်။ လုယက်တဲ့လူတွေက ဆိုင်ကယ်နဲ့လာပြီး အမျိုးသမီးတွေဆီက ဖုန်းတို့၊ ပိုက်ဆံအိတ်တို့ကို ယူပြီး ထွက်ပြေးသွားတယ်။ ဆိုင်ကယ်နဲ့ဆိုတော့ မှတ်လို့လည်းမရ၊ ဘယ်သူမှန်းလည်းမသိတော့ အဲဒီလိုမျိုး အမှုတွေ တော်တော်များများဖြစ်တယ်။ လစာထုတ်ရက်တွေဆို ခဏခဏဖြစ်တယ်။ စက်ရုံအတွင်းမှာကျ တော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လုံခြုံမှုမရှိဘူး”

အခုလိုတွေ ဖြစ်တဲ့အပေါ်မှာ ဥပဒေတွေကရော ဘယ်လိုရှိနေသလဲဆိုတာကိုတော့ (Action Labor Right) ဒါရိုက်တာ ကိုသူရိန်အောင်က အခုလို ပြောပါတယ်။

Photo: Pyint Tine Htoung Ma (HI)

“ဥပဒေကို ကျနော်မညွန်းဘူး၊ မညွန်းချင်သေးဘူးပေါ့ဗျာ၊ ဥပဒေနဲ့ ပတ်သက်ပြီး လည်လည်ပတ်ပတ် အသုံး ပြုရတာမျိုး မရှိသေးဘူး၊ အသုံးပြုကြည့်ရဦးမယ်၊ အလုပ်ဖြစ်မဖြစ်ဆိုတာက အဲဒီတော့မှ ပြန်စဉ်းစားရမယ်၊ အဓိက တာဝန်ရှိတာက အလုပ်သမားအရေး စစ်ဆေးသူ (Labor inspector) တွေ၊ အားလုံးရဲ့ အနှစ်ချုပ်က အဲဒီမှာသွားချုပ်တာ၊ သောက်ရေကိစ္စ၊ အိမ်သာကိစ္စက ထည့်ပြောစရာ မလိုတော့ဘူး။ ပုံမှန်စစ်ဆေးရေး လုပ်နေတယ်ဆိုရင် တွေ့နေမှာပဲလေ၊ သူတို့လာတဲ့အချိန်မှာ ပြင်ထားတယ်ပဲထားဦး၊ ခဏခဏလာရင် ခဏ ခဏပြင်ပေးနေရမှာပဲ၊ စစ်ဆေးရေးလာမှာမို့လို့ လုပ်ထားတယ်ထားဦး၊ ပုံမှန်တလတခါ လာစစ်နေရင် အနည်းဆုံး တလတခါတော့ စက်ရုံကပြင်ပေးရမှာပဲ၊ သူတို့က ပုံမှန်မသွားကြဘူး၊ မလုပ်ကြဘူး၊ စာချုပ်ပေါ် မှာပဲ လက်မှတ်ထိုးပြီး လူမသွားကြတဲ့အခါကျတော့ အလုပ်ရှင်က ဂရုမစိုက်ဘူး၊ ဒါက သံသရာလည်နေ တာပေါ့လေ၊ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေတော့ မရှိဘူး၊ မကြားဘူး”

မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့သုတေသနစာတမ်းထဲမှာ မူဝါဒအကြုံပြုချက် (၆) ချက်ကို ထည့်သွင်းအကြံပြု ထားပြီး လုပ်ငန်းခွင်မှာ တွေ့ကြုံခံစားနေရတဲ့ အထည်ချုပ်အမျိုးသမီးတွေရဲ့ ခံစားချက်တွေ၊ အခက်အခဲတွေ ကို ရန်ကုန်ရှိ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ စက်မှုဇုံများမှာရှိတဲ့ အမျိုးသမီး (၆၆) ဦးကို တွေ့ဆုံ မေးမြန်းပြီး  သုတေသနပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ဟာ ၁၉၉၅ ခုနှစ်မှာ ထိုင်းမြန်မာနယ်စပ်မှာ ဒီမိုကရေစီရေးနဲ့ အမျိုးသမီး များ နိုင်ငံရေးပါဝင်မှုမြှင့်တင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ပါတယ်။ ပထမဦးဆုံး ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ အမျိုးသမီးများဘဝမြှင့်တင်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံများက ရွေ့ပြောင်းအလုပ်သမားများရဲ့ဘဝကို သိမြင်နားလည်လာကာ အလုပ်သမားများရဲ့ ဘဝတိုးတက်ကောင်း မွန်လာစေရေးအတွက် ထိုင်းနဲ့ တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ အလုပ်သမားများအခွင့်အရေးပညာပေးမှုတွေ၊ ဆုံရပ်စင်တာတွေ၊ စာကြည့်တိုက်တွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို လည်း သုတေသနများပြုလုပ်ပြီး မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ထိုင်း/တရုတ်ဘာသာများနဲ့ ထုတ်ေ၀ ဖြန့်ချိခဲ့တယ်လို့ သိရပါတယ်။

၂၀၁၀ ခုနှစ်မှစပြီး မြန်မာပြည်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ  ပါဝင်လုပ်ဆောင်နိုင်ဖို့ ပြည်တွင်းမှာ ပြန်လည်အခြေစိုက်ကာ အမျိုးသမီးများနိုင်ငံရေးပါဝင်မှု မြှင့်တင်ရေး၊ ဒီမိုကရေစီနည်းကျ ခေါင်းဆောင်မှု သင်တန်းများ၊ ကျားမဆိုင်ရာ အသိပညာပေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးများဘဝမြှင့်တင်ရေးဆိုင်ရာ လုပ် ငန်းစဉ်များကို အကောင်အထည် ဖော်လုပ်ဆောင်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

 

 

 

 

 

 

 

 

 

Related Articles