Home ဆောင်းပါး ဘတ်စ်ကားပေါ်က အမျိုးသမီးတွေဘ၀ အကူအညီမဲ့နေပြီလား

ဘတ်စ်ကားပေါ်က အမျိုးသမီးတွေဘ၀ အကူအညီမဲ့နေပြီလား

14580584_10205472821858905_662153876_n

Photo: Facebook

နန်းခမ်း။           ။

“အရမ်းဒေါသထွက်တယ်။ ကားကြပ်တာကို အခွင့်ကောင်းယူတဲ့ကောင်က ရှိသေးတယ်” ဆိုပြီး အသက်(၂၀) ကျော်သာရှိတဲ့ ကုမ္ပဏီဝန်ထမ်းမစန္ဒာက သူမကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံကို ပြောပြပါတယ်။

လူပြည့်ကြပ်နေတဲ့ ရုံးတက်ချိန်မှာ လိုင်းကားပေါ်မတ်တပ်ရပ်ပြီး ကိုယ့်ခန္ဓာကိုယ်လဲပြိုမကျအောင် ထိန်းနေရချိန် အနောက်ဘက်မှ အမျိုးသားတဦးက သူမ၏ခန္ဓာကိုယ်ကို လာရောက်ထိခဲ့ကြောင်း၊ ထိုလုပ်ရပ်ကို အော်ပြီးပြော သော်လည်း ကားဆရာက မကြားချင်ယောင်ဆောင်ပြီး ကားကိုဆက်မောင်းသွားသည်ဟု မစန္ဒာက ပြောပြ သည်။

“ကျမရဲ့ခန္ဓာကိုယ်ကို ယောကျ်ားတယောက်ကလာပြီး သူ့ရဲ့ပစ္စည်းနဲ့ မထိတထိလာလုပ်တယ်။ အဲဒီမှာ ကျမက အော်ပြောတော့ ကားသမားလည်း မကြားချင်ဟန်ဆောင်တယ်။ ကားပေါ်က လူတွေလည်း ဘာမှမကူညီဘူး။ ကျမလည်း ကြောက်ကြောက်နဲ့ ကျမဆင်းရမယ့်မှတ်တိုင်မရောက်ခင် ဆင်းခဲ့ရတယ်”ဟု သူမကြုံတွေ့ရတဲ့ အဖြစ်အပျက်က ိုဝမ်းနည်းစွာပြောပြသည်။

ရန်ကုန်မြို့ရဲ့ မနက်ပိုင်းနဲ့ ညနေပိုင်း ရုံးတက်တဲ့သူ၊ အလုပ်သွားတဲ့သူတွေ တိုးဝှေ့ပြီးစီးနေရတဲ့လိုင်းကားပေါ်မှာ အမျိုးသမီးတွေအတွက် အခက်အခဲမျိုးစုံကြုံတွေ့နေရပါတယ်။

လူပြည့်ကြပ်နေတဲ့ကားပေါ်မှာ အမျိုးသမီးတွေဟာ လက်တဖက်က အပေါ်ကားတန်းကို အားစိုက်ကိုင်ပြီး နောက်တဖက်ကတော့ ထမင်းချိုင့်ကို ကျစ်ကျစ်ပါနေအောင် ဆွဲကိုင်ထားကြကာ သူတို့ရဲ့ တနေ့တာခရီးစဉ်ကို စတင်ကြရပါတယ်။

လိုင်းကားပေါ်မှာ လူပြည့်ကြပ်နေစဉ် အမျိုးသမီးတွေ အဓိကကြုံတွေ့နေရတဲ့ပြဿနာကတော့ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေပါပဲ။

လူပြည့်ကြပ်ချိန်ကို အခွင့်ကောင်းယူတတ်တဲ့ ယောကျ်ားတွေကို အရေးမယူဘဲ ကားဆရာတွေ ဥပက္ခာပြုထားမှု တွေကြောင့် နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေရတာပါလို့ ဆေးကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ မဥမ္မာက ပြောပါတယ်။

httpwww-risingbean-comsharing-space-in-a-crowded-world

Photo: www-risingbean-comsharing-space-in-a-crowded-world

“ ကျမတို့ အမျိုးသမီးတွေအတွက် မနက်နဲ့ ညနေရုံးတက်ရုံးဆင်းချိန် လိုင်းကားစီးရတာ အရမ်းပဲ စိတ်ပျက် ရပါတယ်။ လူတွေကြပ်တဲ့ချိန်ဆို တချို့ယောကျ်ားတွေက အခွင့်ကောင်းယူတာတွေ ရှိတယ်”

နှစ်ပေါင်းများစွာကြုံတွေ့နေပေမယ့် ခုလိုလိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခံရတာကို ဘယ်သူကမှ တာဝန်ယူ ကူညီဖြေရှင်းပေးခြင်း မရှိတာဟာ အမျိုးသမီးတွေအတွက် ဆိုးရွားတဲ့အခြေအနေတခုဖြစ်ပါတယ်။

လိုင်းကားတွေဟာ လူရဖို့သာ အဓိကဦးစားပေးပြီး ပြည်သူတွေ၊ အမျိုးသမီးတွေရဲ့ အဆင်မပြေမှုကို ဥပက္ခာပြု နေကြပါတယ်လို့လည်း ဝန်ထမ်းအမျိုးသမီးတွေက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနစ်မှာ အမျိုးသမီးတွေအတွက် ရုံးတက်ရုံးဆင်းချိန်မှာ သီးသန့်အနေနဲ့ တရက်(၁၀)စီးပြေးဆွဲ ပေးတဲ့ ယာဉ်လိုင်းရှိခဲ့ပေမယ့် အခုချိန်မှာတော့ မရှိတော့ပါဘူး။

“ကျမတို့ အမျိုးသမီးတွေအတွက်ဆိုပြီး သီးသန့်ယာဉ်လိုင်းလည်း မရှိတော့ဘူး။ ရုံးတက်ရုံးဆင်းချိန်မှာ အမျိုး သမီးယာဉ်လိုင်းရှိရင်တော့ အမျိုးသမီးတွေအတွက် စိတ်လုံခြုံမှုနဲ့ စီးလို့ရတာပေါ့။ လိုင်းကားစီးရင် ငါ့ကိုဘယ် သူက ဘာလာလုပ်မှာလဲဆိုတာ အမြဲတွေးကြောက်နေရတယ်” ဟုတက္ကသိုလ်ကျောင်းသူ မသော်တာက ပြောပါ တယ်။

လိုင်းကားပေါ် လူပြည့်ကြပ်တတ်တဲ့အချိန်တွေမှာ အမျိုးသမီးအများစုက လိုင်းကားမစီးချင်ပေမယ့် မစီးလို့မဖြစ် စီးနေရတဲ့ဘဝဖြစ်နေပြီး၊ ရုံးဆင်းချိန်တွင် တနေကုန်မောပန်းကာ အိမ်ကိုစောစောပြန်နားချင်ပေမယ့် မပြန်နိုင် ဖြစ်နေရတယ်လို့ လခစားဝန်ထမ်းအမျိုးသမီးတွေက ပြောပါတယ်။

“ ရုံးဖွင့်ရက်ဆို စောစောထ၊ ထမင်းချိုင့်ပြင်ပြီးတော့ လူကြပ်တဲ့လိုင်းကားစီးရတယ်။ တနေကုန် ပင်ပန်းထားတဲ့ ညနေကျတော့ လူပြည့်ကြပ်နေတဲ့ လိုင်းကားကို မစီးချင်ဘူး။ ညနေဆို လူကလည်းပန်း၊ ကားကလည်းကြပ်၊ ပြီးတော့ ကားကြပ်တာကို အခွင့်ကောင်းယူတဲ့သူတွေလည်း ရှိတယ်။ အဲဒါနဲ့ ကျမဆို လူချောင်တဲ့အချိန်ထိ စောင့်စီးတယ်” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သည့် စာရေးမ မအေးမော် ကပြောပါတယ်။

လိုင်းကားပေါ်တွင် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွေ ယခုထိ ရှိနေသေးသော်လည်း အရေးယူဖြေရှင်းမှုများ မရှိသေးကြောင်း၊ လက်ရှိတွင် လိုင်းကားပေါ်တွင် လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုများမှာ ပိုဆိုးလာသည် ဟု အမျိုးသမီးရေး တက်ကြွလှုပ်ရှားသည့် အခရာအဖွဲ့မှ ဒါရိုက်တာဒေါ်ထားထားက ပြောပါတယ်။

“ ဘတ်စ်ကားပေါ်မှာ ယောကျ်ားအင်္ဂါနဲ့ ထောက်တာတွေ ထိတာတွေနဲ့ ပတ်သက်ပြီး မိန်းကလေးတွေက မပြော ရဲဘူး”  ဟုဒေါ်ထားထားက ဆိုပါတယ်။

အမျိုးသမီးအရေးနှင့်ပတ်သက်ပြီး အများစုကတော့ မုဒိန်းမှုတွေ၊ အနိုင်ကျင့်မှုတွေကိုပဲ တိုင်ကြားလာတာကို တေ့ွရပြီး၊ ဘတ်စ်ကားပေါ် ဖြစ်ပွားသည့်ကိစ္စကို မည်သို့ကာကွယ်ရမှာလဲဆိုတဲ့ အကြံတောင်းမှုတွေ အနည်း ငယ်သာ ရှိခဲ့ကြောင်း အခရာအဖွဲ့က ပြောပြပါတယ်။

maxresdefault-1

“လိုင်းကားစီးဦးရေ၊ လိုင်းကားကြပ်လို့ လုပ်မယ်ဆိုရင် ယောကျ်ားလေးတွေအားလုံး လုပ်ကြမှာပေါ့။ လိုင်းကား ကြပ်လို့မဟုတ်ဘူး။ လိုင်းကားကြပ်တယ်ဆိုတာ အကြောင်းပြချက်ဖြစ်ပါတယ်။ ကျမတို့နိုင်ငံက စာရိတ္တပျက်စီး နေတာ စာရိတ္တပိုင်းပြုပြင်မှရမယ်” ဟုသူမက ပြောပြသည်။

အမျိုးသမီးတွေအတွက်ကတော့ လမ်းမပေါ် လွတ်လွတ်လပ်လပ် လမ်းလျှောက်လို့မရ၊ လိုင်းကားကို စိတ်လုံခြုံ မှုရှိရှိ မစီးနိုင်တဲ့နိုင်ငံကို ဒီမိုကရေစီနိုင်ငံလို့ ခေါ်လို့မရသေးကြောင်းနဲ့ လိုင်းကားပေါ်မှာ အမျိုးသမီးတွေကို ကာယိန္ဒြေပျက်အောင် လုပ်ဆောင်မှုကို ခရီးသွားအချင်းချင်းနှင့် ကားဆရာတွေက ကူညီရိုင်းပင်းသင့်ပါတယ်လို့ လည်း အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံတွင် လိုင်းကားတွေပေါ်မှာ ကာယိန္ဒြေထိခိုက်စော်ကားလျှင် မည်သို့ကာကွယ်ရမည်ကို သိပေမယ့် လက်တွေ့မှာတော့ အကောင်အထည်ဖော်ဖို့က ခက်ခဲနေကြောင်း၊ ထိုကိစ္စကို ကားသမားနှင့် စပယ်ယာတွေပါ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါတယ်ဟု Legal Aid Project မှ စီမံကိန်းမန်နေဂျာ တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ်က ပြောပါတယ်။

“ လိုင်းကားပေါ်မှာ တခုခုဖြစ်ရင် ကားသမားတွေနဲ့ စပယ်ယာတွေက ပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ တကယ် လို့ လုပ်ခံရရင်၊ ကျူးလွန်ခံရရင်၊ အမှုဖွင့်ဖို့ ရဲစခန်းကို ကားမောင်ပေးတာမျိုး ကူညီပေးရမှာ။ အခုက အဲဒါမျိုး မရှိဘူး။ အမျိုးသမီးတွေအတွက် ထိထိရောက်ရောက်အကူအညီရဖို့က ခက်ခဲတဲ့အနေအထားရှိတယ်” ဟု ဦးငိုင်ဆာ့ခ်က ဆိုပါတယ်။

လက်ရှိလိုင်းကားပေါ်တွင် ကိုယ်ထိလက်ရောက် ထိပါးခံရရင် အမျိုးသမီးတွေက တတ်နိုင်သလောက်တော့ ရှောင်ကြတယ်၊ နေရာရွှေ့လိုက်တယ်၊ မသိသလိုနေလိုက်တယ်၊ ရှောင်ထွက်သွားတာတွေကိုပဲ ပြုလုပ်နေကြ တာကို တွေ့ရပါတယ်။

“ လက်ရှိဘတ်စ်ကားပေါ်မှာ အမျိုးသမီးတွေ ကာယိန္ဒြေ စော်ကားခံနေရရင် အမှုဖွင့်တာတွေ မရှိဘူး။  အမှု လုပ်ရင် အလုပ်ပျက်မယ်။ အလုပ်ရှုပ်တယ်ဆိုပြီး မတိုင်ကြားလိုကြဘူး” ဟုရှေ့နေဦးငိုင်ဆာ့ခ်ကပြောပါတယ်။

လိုင်းကားပေါ် အခွင့်ကောင်းယူတတ်သည့် အမျိုးသားတချို့နဲ့ပတ်သက်ပြီး ကျောက်မြောင်းမြို့နယ် ဦးကျော် ဆန်းက “ အခွင့်အရေးသမားတွေက လိုင်းကားပေါ်တွေတင် မဟုတ်ဘူး။ နေရာတကာမှာ ရှိပါတယ်။ အမျိုး သမီးတွေကို အန္တရာယ်ပြုတတ်တယ်။ မိန်းကလေးတွေကို ကိုယ့်အမေကိုယ့်ညီမကိုယ့်သမီးလို အစားထိုး ကြည့်ပြီး တွေးကြဖို့လိုပါတယ်။ ကိုယ်ချင်းစာဖို့လိုပါတယ် ”  ဟုဆိုပါတယ်။

လိုင်းကားပေါ်မှာ အမျိုးသမီးများကို အတင်းအဓမ္မ ကာယိန္ဒြေထိပါးစော်ကားမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ က လိုင်းကားပေါ်တွင် ပညာပေးသည့် စာတမ်းများ၊ စတစ်ကာများ ကပ်ထားခြင်း၊ လိုင်းကားစီးအမျိုးသမီး များကို အမျိုးသားများက ကူညီဖေးမမှုတွေ ပြုလုပ်ပေးခြင်း စတာတွေ စည်းရုံးပညာပေးသင့်ပါတယ်လို့လည်း အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

လက်ရှိရန်ကုန်မြို့မှာ သယ်ယူပို့ဆောင်ရေးအတွက် မော်တော်ယာဉ်လိုင်းပေါင်း (၁၇)လိုင်း၊  မော်တော်ကားစီး ရေမှာ (၇၀၀၀) ခန့်ရှိပြီး ရန်ကုန်မြို့နေ လူဦးရေ ၂.၅သန်းကျော် မော်တော်ယာဉ် အသုံးပြုနေကြရပါတယ် လို့ ရန်ကုန်မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး (ဗဟို)မှ သိရပါတယ်။

လူပြည့်ကြပ်တဲ့အချိန်မှာ အမျိုးသမီးတွေအတွက် သီးသန့်ယာဉ်လိုင်းတွေ ထပ်မံပေါ်ပေါက်လာဖို့နဲ့ အမျိုးသမီး တွေကို ကာကွယ်မယ့် ဥပဒေတရပ် အမြန်ပေါ်လာဖို့ကိုလည်း ရန်ကုန်နေ အမျိုးသမီးထုတွေက မျှော်လင့်နေ ကြပါတယ်။

မည်သူမဆို မိန်းမတဦးရဲ့ ကာယိန္ဒြေကို စော်ကားရန် ကြံရွယ်၍ပြောဆိုတာတွေ၊ အသံပြုတာတွေ၊  ကိုယ်အမူ အရာပြုတာတွေ၊ အရာဝတ္ထုတခုခုကို ပြသတာတွေက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၅၀၉) မိန်းမတို့ရဲ့ကာယိန္ဒြေကို ထိခိုက်အောင်ပြုလုပ်တဲ့ ပုဒ်မအနေဖြင့် ထောင်ဒဏ်(၂)နှစ်၊ ငွေဒဏ်နှင့် ဒဏ် (၂)ရပ်လုံးချမှတ်နိုင်သည်ကို အမျိုးသမီးများ သိရှိထားရန ်လိုအပ်ပါတယ်။

Related Articles