“တိုင်းပြည် တပြည်လုံးကို ကိုယ်မကယ်နိုင်တဲ့ အခါကျတော့ ငါနိုင်သလောက်လေးဘဲ ကယ်မယ်ဆိုပြီးတော့ လုပ်လိုက်တာ။ ဒါဘဲ။ ဒီကလေးဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် နိုင်သလောက် ကယ်မယ်ပေါ့။ ကိုယ့်လုပ်ရပ်က တော့ ကြီးကြီးမားမားကြီး စွမ်းဆောင်နိုင်ခဲ့တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်က ဘယ်နှစ်ယောက်ရရ၊ စိတ် ပိုင်းဆိုင်ရာရရ၊ ရုပ်ပိုင်းဆိုင်ရာရရ၊ ကူညီမယ်ဆိုတဲ့စိတ်ကို မွေးပစ်လိုက်တာ”
ထိုင်းနိုင်ငံရဲ့ လူမှုထူးချွန်ဆု ချီးမြှင့်ခံရတဲ့ VOA သတင်းထောက် ဒေါ်အေးအေးမာက လူမှုလုပ်ငန်းတွေ လုပ်ရ တဲ့အကြောင်းရင်းကို ပြောပြနေတာပါ။
မဲဆောက်မြို့က ဒုက္ခရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးနဲ့ ကလေးတွေကို ကူညီစောင့် ရှောက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် သူ့ကို ထိုင်းအစိုးရရဲ့ လူမှုဖွံ့ဖြိုးရေးနှင့် လူ့အရင်းအမြစ်ဌာနကနေ လူမှုထူးချွန်ဆု ချီးမြှင့်ခဲ့ပါတယ်။
အဲဒီဆုကို ဒီဇင်ဘာလ (၉)ရက်နေ့မှာ ထိုင်းတော်ဝင်မိသားစုမှ ထိုင်းဘုရင်၏ ချွေးမတော်ကိုယ်တိုင် လာ ရောက် ချီးမြှင့်ခဲ့တယ်လို့ ဒေါ်အေးအေးမာက ပြောပါတယ်။
“လူမှုနဲ့ပတ်သက်ပြီးတော့ လူမှုထူးချွန်ဆုသဘောမျိုးပေါ့။ လူသားအကျိုးပြုတဲ့လူတွေကို ပေးတယ်ပေါ့နော်။ ထိုင်းလို ပချာပတီ Award လို့ ခေါ်တယ်။ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီတဲ့အတွက် တော်ဝင်မိသားစုက ဘုရင့်ရဲ့ချွေးမကပေးတာ”
ဒေါ်အေးအေးမာဟာ လွန်ခဲ့တဲ့ (၁၆)နှစ်တာကာလမှာ မဲဆောက်မြို့မှာရှိတဲ့ ဒုက္ခရောက်နေတဲ့ မြန်မာ ရွှေ့ပြောင်းအမျိုးသမီးနဲ့ ကလေးတွေ၊ အထူးသဖြင့် HIV ရောဂါကူးစက်ခံရသည့် အမျိုးသမီးတွေ၊ လူကုန်ကူး ခံရတဲ့ အမျိုးသမီးတွေ၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ၊ မိဘမဲ့ကလေးတွေ၊ စွန့်ပစ်ကလေးတွေကို ကူညီ စောင့်ရှောက်တဲ့ Social Action For Children and Women (SAW)လို့ ခေါ်တဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး စောင့်ရှောက်ရေးဂေဟာတည်ထောင်ခဲ့သူ ဖြစ်ပါတယ်။
ရန်ကုန်သူ ဒေါ်အေးအေးမာဟာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့အတူ ထိုင်းမြန်မာနယ်စပ်ကို ရောက်ရှိခဲ့သူ ဖြစ် ပါတယ်။
၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံးအရေးအခင်းဖြစ်နေချိန်မှာ (၁၀) တန်းအောင်မြင်ထားသူဖြစ်ပြီး နိုင်ငံ ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်လို့ ဒေါ်အေးအေးမာက ပြောပြပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ ထိုင်း-မြန် မာ နယ်စပ်ကို တောခိုခဲ့သူလည်း ဖြစ်ပါတယ်။
“အဲဒီမှာ ၈ လေးလုံးမှာ ကျောင်းသူတယောက်အနေနဲ့ ကျောင်းသားတွေ ပစ်သတ်ခံရတာကို မခံရပ်နိုင်တာနဲ့ နိုင်ငံရေးလုပ်တဲ့ မျိုးရိုးရှိတာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ထဲက မခံချင်စိတ်နဲ့ပါလာတာ။ ကိုယ့်မျက်စိရှေ့မှာ သေသွားတာတွေ၊ သေနတ်နဲ့ ပစ်သတ်ခံရတာ။ ဘက်နက်နဲ့ ထိုးခံရတာတွေ တွေ့တဲ့အချိန်မှာ မခံရပ်နိုင် ဘူး” လို့ ပြောပြပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှာ ဆေးမှူး၊ ပြန်ကြားရေးနဲ့ ဆက် သွယ်ရေးဌာနတွေမှာ တာဝန်ယူခဲ့သူဖြစ်ခဲ့ရုံသာမက တိုင်းရင်းသား နယ်မြေတွေမှာ ကျောင်းဆရာမလည်း လုပ်ခဲ့ရပြီး တဖက်မှာလည်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှာလည်း ပထမအကြိမ်ညီလာခံမှာ ဦးဆောင် ကော်မတီဝင် EC အဖြစ် တာဝန်ယူခဲ့ကာ ဒုတိယအကြိမ် ညီလာခံမှာလည်း တွဲဖက်အတွင်းရေးမှူးအဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။
“အတွေ့အကြုံမရှိတဲ့အခါကျတော့ ထမင်းတွေငတ်တာတော့ ကြုံရတာပေါ့။ ကိုယ်က အဲဒီအချိန်မှာ စိတ်ဓါတ် တက်ကြွနေတဲ့အခါကျတော့ ဒီအခက်အခဲက စဉ်းစားထားပြီးသားပေါ့။ တောထဲသွားမယ်ဆိုကတည်းက အ ရာရာကို ဘာဘဲဖြစ်နေဖြစ်နေ ရင်ဆိုင်မယ်ပေါ့။ အခက်အခဲလို့တော့ မသတ်မှတ်ဘူး။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့”
ထိုင်းနယ်စပ်တလျှောက်မှာ ဒုက္ခရောက်နေတဲ့ ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတဲ့ အမျိုးသမီးတွေ၊ ပြည့် တန်ဆာရုံမှ ထွက်ပြေးချင်တဲ့ အမျိုးသမီးတွေ အများအပြားတွေ့ခဲ့ရသလို၊ ထိုအမျိုးသမီးတွေ ကိုယ်တိုင် အားကိုးရာမဲ့ဖြစ်တဲ့အတွက် ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို လာရောက် အကူအညီ တောင်းဆိုမှုတွေ ရှိသဖြင့် ဆရာမကလည်း ကျန်းမာရေးကိစ္စကိုသာ လုပ်ဆောင်နေရတဲ့အတွက် အမျိုးသမီး အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသမီးအရေးကိစ္စကို အလေးထားလုပ်စေလိုတယ်လို့ ဆိုပါတယ်။ အဲဒီအချိန် အမျိုးသမီးအရေးလှုပ်ရှားနေတဲ့သူတွေက လူ့အခွင့်အရေးနဲ့ နိုင်ငံရေးပါဝင်မှုအတွက် လုပ်ကြတာ ဖြစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ လူမှုရေးလုပ်ငန်းဆိုပြီး သဘောထားကြတဲ့အတွက် သူ့ အနေနဲ့ ဒီလူမှုရေးလုပ်ငန်းအနေနဲ့ ဒုက္ခရောက်နေတဲ့အမျိုးသမီးတွေကို ဦးစွာကယ်တင်ဖို့အတွက် ဂေဟာ ထူထောင်ဖို့ စဉ်းစားခဲ့တာဖြစ်တယ်လို့ ဒေါ်အေးအေးမာက ပြောပါတယ်။
“တကယ်တော့ အမျိုးသမီးအခွင့်အရေးအရ ကူညီကြမယ်ဆိုရင် ဒုက္ခရောက်နေတဲ့ အမျိုးသမီးတဦးကို သူ တို့ကို နှစ်သိမ့်ဆွေးနွေးပေးတာတို့၊ သူတို့အခွင့်အရေး ရရှိအောင်လုပ်ပေးတာတို့ အရင်မလုပ်နိုင်ခင်မှာ အခြေခံအားဖြင့် သူတို့ကို ကယ်တင်တာကို လုပ်ရမယ်လို့ အစ်မက ယူဆတာပေါ့နော်။ ဘာဖြစ်လို့လဲဆို တော့ သူတို့က လွတ်မြောက်ချင်တယ်။ သူတို့က ဒုက္ခအများကြီးကြုံရတယ်။ ပြည့်တန်ဆာရုံကနေ ထွက် ပြေးချင်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း တရားမဝင် နေထိုင်နေရတဲ့ အခြေအနေဆိုတော့ ကူညီကယ်ဆယ် ဖို့ဆိုတာ တော်တော်ခဲယဉ်းတယ်။ ဒါပေမဲ့ အစ်မက သူတို့ကို ကူညီဖို့ ဂေဟာတခုလုပ်ကြရအောင်ဆိုပြီး လိုက်စည်းရုံးတယ်။ လိုက်စည်းရုံးပြီးတော့ စိတ်တူကိုယ်တူတွေ စုကြမယ်ဆိုပြီးတော့ လုပ်ကြတာ” လို့ သူက ပြောပါတယ်။
Social Action For Women (SAW) အဖွဲ့ရဲ့ ဂေဟာကို ၂၀၀၀ ခုနှစ် ဇွန်လ (၂၅)ရက်မှာ အမျိုးသမီးနှင့် အမျိုးသား(၇)ဦးဖြင့် စတင်ထူထောင်ခဲ့ပြီး ဒုက္ခရောက်နေတဲ့ အမျိုးသမီး (၂၀)ကို ပထမဦးဆုံး ပြုစုစောင့် ရှောက်ခဲ့တယ်လို့ ဒေါ်အေးအေးမာက ပြောပါတယ်။
နယ်စပ်မှာ ဒုက္ခရောက်နေတဲ့ ကျောင်းနေအရွယ် အမျိုးသမီးငယ်တွေကို ထားမဲ့နေရာငှားဖို့ ရံပုံငွေရှာဖို့ အတွက် မယ်တော်ဆေးခန်းမှာ ဈေးဆိုင်ဖွင့်ပြီးတော့ လက်ဖက်သုပ်၊ မုန်ဟင်းခါးတို့ကို ရောင်းတာတွေ၊ ပွဲ ဈေးတိုင်း ဈေးဆိုင်ထွက်ရောင်းတာတွေ လုပ်ခဲ့တယ်လို့ ပြောပြပါတယ်။
ဒါအပြင် ဒေါက်တာ စင်သီယာမောင်ကလည်း ဂေဟာအတွက် တစ်လကို ဆန်တစ်အိတ် ကူညီထောက်ပံ့ ပေးခဲ့သလို၊ သတင်းသမား အသိုင်းအဝိုင်းဖြစ်တဲ့ DVB, RFA, VOA မှ လုပ်ဖော်ကိုင်ဖက်တွေ၊ မဲဆောက်မြို့ မှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ပေးတာတွေလည်း ရရှိခဲ့ပါတယ်။
“အဲဒီအချိန်မှာ ကိုယ်ကလည်း သတင်းထောက်လုပ်ပေမယ့်လည်း သတင်းတွေ အများကြီးလည်း မလုပ်နိုင်၊ မပို့နိုင်တဲ့အချိန်၊ ကိုယ့်ရဲ့ဝင်ငွေကလည်း နည်းနည်းဘဲရှိတဲ့အချိန်၊ ကိုယ်တွေက သတင်းလုပ်ပြီးတော့ ရှာလို့ ဖွေလို့ရတာတွေစု၊ ရံပုံငွေလည်း ရှာတယ်။ ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေကို ဂေဟာမှာ ခေါ်ထားတာ အိမ်လခနဲ့ သူတို့စားဖို့ ပေးဖို့အတွက် မနည်းအလျင်မှီအောင် ရှာရတယ်”
ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေဟာ တရားဝင်လက်မှတ်နဲ့ နေထိုင်နေရတာ မဟုတ်တဲ့အတွက် သူတို့ရဲ့ လုံခြုံရေး၊ ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးစစ်ဆေးမှုတွေ၊ ပြည့်တန်ဆာရုံက လွှတ်မြောက်လာတဲ့ အမျိုးသမီး ငယ်တွေနောက်ကို ပွဲစားတွေက လိုက်လာတာတွေ ကြုံခဲ့ရတဲ့အတွက် ဂေဟာ(အိမ်)ကို အကြိမ်ကြိမ် ပြောင်း ရွှေ့ခဲ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေ အမျိုးမျိုးကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
နောက်ပိုင်း မဲဆောက်မြို့အပြင် မယ်ပကျေးရွာအထိ ပြောင်းရွှေ့ခဲ့ရကာ ၎င်းကျေးရွာသားတွေက အဲဒီ ဒုက္ခ ရောက်နေတဲ့ အမျိုးသမီးတွေနဲ့ HIV ဝေဒနာရှင် အမျိုးသမီးတွေကို လက်ခံလာပြီး အသိအမှတ်ပြုလာတဲ့အတွက် အဲဒီမှာ စတင်အခြေချလာနိုင်ခဲ့တယ်လို့ ပြောပါတယ်။
မဲဆောက်က ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းက မွေးကင်းစ စွန့်ပစ်ကလေးတွေ၊ HIV လူ နာတွေ အများစုက အဲဒီဂေဟာကို လွဲပြောင်းပေးပါတယ်။ ဒါအပြင် မဲဆောက်ဆေးရုံကြီးနဲ့ ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့မှလည်း အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ယနေ့ထိ လွဲ ပြောင်းနေဆဲ ဖြစ်တယ်လို့ ဒေါ်အေးအေးမာက ပြောပါတယ်။
လောလောဆယ်မှာတော့ ဂေဟာမှာ အမျိုးသမီး၊ ကလေးနှင့် HIV ဝေဒနာရှင်များ စုစုပေါင်း ၃၀၀ ခန့် စောင့် ရှောက်နေကာ အဲဒီအထဲမှာ ကလေး (၂၀၀)ကျော်နဲ့ အမျိုးသမီး (၁၀၀)ခန့် ရှိပါတယ်။ မွေးကင်းစမှာ မိဘ စွန့်ပစ်သွားသည့် ကလေးတွေထဲမှာ အခုအချိန်မှာ တက္ကသိုလ်တက်ရောက်နေတဲ့ ကလေး (၁၀) ယောက် ကျော် ရှိနေပြီလို့ သိရပါတယ်။ အသက် ၁၀ နှစ်အရွယ်ကတည်းက ဒီဂေဟာကို ရောက်ရှိလာပြီး ပြုစုစောင့်ရှောက်ခံရသူ အသက် (၂၅) နှစ် အရွယ် မဖြူဖြူလွင်ဟာ ယခုဆိုရင် ထိုင်းကျောင်း (၁၀) တန်းအောင်မြင်ထားပြီး ဖြစ်သလို၊ ထိုင်းကျောင်း တက်ရောက်နေကာ ဂေဟာမှာ ကလေးတွေကို စေတနာ့ဝန်ထမ်းအဖြစ် ထိုင်းဘာသာရပ်ကို သင်ကြားပေး နေတယ်လု့ိ မဖြူဖြူလွင်က ပြောပါတယ်။
“ဒီမရောက်ခင် နေစရာမရှိ၊ စားစရာမရှိ၊ လုံခြုံမှု မရှိဘူး။ သွားချင်ရာသွား၊ လာချင်ရာလာဖြစ်နေတာပေါ့။ လမ်းမပေါ်မှာလည်း နေခဲ့ရတယ်။ အန်တီ့ကျေးဇူးနဲ့ မေတ္တာတရားက အရမ်းကြီးမားတယ်။ ဘာဖြစ်လို့လဲ ဆို တော့ ညီမရဲ့နေမှုထိုင်မှု၊ လုံခြုံမှုတွေပေးတယ်။ ဟိုငယ်ကတည်းက ခု (၂၅)နှစ်ရောက်တဲ့အထိ ပြုစုပျိုး ထောင်လာခဲ့တယ်။ ပညာလည်း တတ်အောင်သင်ပေးခဲ့တယ်။ ကျေးဇူးလည်း အရမ်းတင်တယ်။ နောက်ထပ် ဒီမှာဘဲ ဝိုင်းပြီး လုပ်သွားမယ်”လို့ သူမက ပြောပါတယ်။
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်က (၉) နှစ်အရွယ် မဖြူဖြူလွင်ဟာ မိဘနှစ်ပါး ဆုံးပါးသွားပြီးနောက် မိတ် ဆွေတွေနဲ့ ထိုင်းနိုင်ငံ ကော့သောင်း၊ ပြည့်တန်ဆာရုံမှာ အဒေါ်ဖြစ်သူက ရောင်းစားခံခဲ့ရသော်လည်း ပြည့် တန်ဆာရုံထဲ မရောက်ဘဲ ထွက်ပြေးလွှတ်မြောက်လာကာ ဦးစောထွန်းမိသားစုက တစ်နှစ်ကြာ မွေးစားခဲ့ တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့မိသားစုမှာလည်း ကလေးများတဲ့အတွက် SAW ဂေဟာနဲ့ ဆက်သွယ်၍ ပို့ပေးခဲ့တယ်လို့ မဖြူဖြူလွင်က ပြောပါတယ်။
“ညီမ မိဘတွေဆုံးသွားတော့ သူများတွေနဲ့ ထိုင်းကို လိုက်လာခဲ့တာ။ ၉ နှစ်အရွယ်မှာ အိမ်ဖော်၊ ဈေးရောင်း တာတွေ လုပ်ခဲ့တယ်။ ညီမကိုတော့ အဒေါ်ကိုယ်တိုင်က ပြည့်တန်ဆာရုံမှာ လာရောင်းစားသွားတယ်။ ဒါ ပေမဲ့ အဲဒီရောင်းစားတဲ့ နေရာကို မရောက်ခဲ့ဘူး။ အဲဒီမှာ လမ်းမှာဦးလေးတယောက်က တွေ့ပြီးတော့ ခေါ်ပြီး မွေးစားထားတယ်။ သူတို့လည်း ကလေးများတယ်ဆိုတော့ အဲဒီကနေတဆင့် ဒီဂေဟာကို ရောက်လာတယ်။ ဒီမှာရောက်တော့ ကျောင်းတက်ရတယ်”လို့ သူမက ပြောပါတယ်။
ဂေဟာမှာ ပြုစုစောင့်ရှောက်ဖို့အတွက် စေတနာ့ဝန်ထမ်း (၆၀) ခန့်ရှိပါတယ်။ ဂေဟာမှ စေတနာ့ဝန်ထမ်း များနဲ့သာ ရပ်တည်နေသလို၊ စားဝတ်နေရေးအတွက်လည်း ကိုယ်ထူကိုယ်ထစနစ်နဲ့ ယက္ကန်းလုပ်ငန်း၊ စက် ချုပ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီးတော့ ရပ်တည်နေရတယ်လို့ ဒေါ်အေးအေးမာက ပြောပါ တယ်။
“အခက်အခဲအများကြီး ကြုံရပါတယ်။ တခုခုကို ဆက်သွားဖို့ဆိုရင် ရံပုံငွေ ရှာရတယ်။ အခုချိန်ထိ အစ်မတို့ ရံပုံငွေရှာတဲ့ ကိုယ့်အဖွဲ့အစည်းမှာ ယက္ကန်း၊ စက်ချုပ်တာတွေက ကျောပိုးအိတ်တွေ၊ ကျောင်းယူနီဖောင်းတွေ ချုပ်တာတွေ၊ စိုက်ပျိုးရေးတွေ အကုန်လုပ်ထားတာ။ ဝင်ငွေမရှိတဲ့ကြားက ရပ်တည်နေရတယ်။ ကလေးတွေ က ကျောင်းတက်ဖို့လိုတယ်။ မကုန်သင့်တာ မကုန်အောင် ကျောင်းဝတ်စုံကအစ ကိုယ့်ဆီမှာ ချုပ်ကြတယ်။ ချည်မာဖလာတွေကအစ ကိုယ်ချုပ်တယ်။ စားဖို့ စိုက်ပျိုးသီးနှံတွေ အကုန်စိုက်တယ်။ ဒီနှစ်စပါးပါစိုက်တယ်” လို့ သူက ပြောပါတယ်။
သူ့ရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတဲ့အတွက် ထိုင်းနိုင်ငံမှ အောက်ခြေလူမှုအဖွဲ့အစည်းတွေကိုယ်တိုင် ရွေးချယ်ကာ ဆုရွေးချယ်ရေးဘုတ်အဖွဲ့ကို ပေးပို့ပြီးတော့ ရွေးချယ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုယ်တိုင် ဒုက္ခရောက်နေရက်နဲ့ အခြားဒုက္ခရောက်နေတဲ့သူများကို ကူညီပေးသူတွေဖြစ်တဲ့ ဒေါ်အေးအေးမာအပါအဝင် လူပုဂ္ဂိုလ် (၂၁)ဦးနှင့် ထိုင်းသတင်းဌာန၊ ရေဒီယို၊ တီဗွီလိုင်းတွေနဲ့ လူပုဂ္ဂိုလ် (၇၀)ကျော်ကိုလည်း ဆုချီး မြှင့်ခဲ့ပါတယ်။
ဒေါ်အေးအေးမာဟာ သတင်းသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကစတင်ပြီးတော့ VOA သတင်း ထောက်အဖြစ် လုပ်ခဲ့သူပါ။ ဒီမတိုင်ခင် ၁၉၉၇ ခုနှစ်ကတည်းက DVB သတင်းဌာနမှာ အမျိုးသမီးကဏ္ဍနဲ့ ပတ်သက်လို့ လုပ်ခဲ့ပြီး RFA သတင်းဌာနမှာလည်း အမျိုးသမီးကဏ္ဍဆောင်းပါးတွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။
ယနေ့ထိ မဲဆောက်အခြေစိုက် သတင်းထောက်အဖြစ် VOA သတင်းဌာနမှာ (၁၇)နှစ်ကြာ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
လူမှုရေးထောက်ကူသူလည်းဖြစ်၊ အမျိုးသမီးရေးလှုပ်ရှားသူလည်းဖြစ်၊ သတင်းထောက်လည်းဖြစ်တဲ့ ဒေါ် အေးအေးမာက အမျိုးသမီးတွေအနေနဲ့ တကယ်ကြိုးစားရင် ထွန်းထွန်းပေါက်ပေါက် ဖြစ်နိုင်ပါတယ်လို့ ပြော ပါတယ်။
“ဗမာပြည်ရဲ့ ဓလေ့ထုံးတမ်းမှာဘဲဖြစ်ဖြစ်၊ အမျိုးသမီးတွေက အားနွဲ့တဲ့သူတွေ၊ အမျိုးသမီးဆိုရင် တဆင့်နိမ့် ချတဲ့သဘောမျိုး၊ သဘောထားကြတာတွေ၊ ထုံးတမ်းစဉ်လာတွေ ရှိခဲ့တယ်။ အစ်မက အမျိုးသမီးဘဲဖြစ်ဖြစ်၊ အမျိုးသားဘဲဖြစ်ဖြစ် ကိုယ်လုပ်နိုင်သလောက် ဘယ်သူ့ကိုမဆို ယှဉ်ပြိုင်နိုင်ရမယ်။ ယှဉ်ပြိုင်စေချင်တယ်။ ကိုယ်အရည်အချင်းရှိတယ်၊ ကိုယ်လုပ်နိုင်တယ်ဆိုရင် ထွန်းထွန်းပေါက်ပေါက်ဖြစ်မှာဘဲ”လို့ သူက ပြောပါ တယ်။
အခုလို လူမှုထူးချွန်ဆုရလိုက်တဲ့အတွက် လူမှုရေးလုပ်ငန်းတွေကို ပိုလုပ်လာနိုင်မှာ ဖြစ်တယ်လို့ ဒေါ်အေး အေးမာက ပြောပါတယ်။
“ဒီအမျိုးသမီးနဲ့ ကလေးတွေ ပိုပြီးတော့ လုံခြုံတဲ့ဘဝတွေ ပိုပြီးဖန်တီးပေးနိုင်မယ်လို့ ယုံကြည်တယ်။ အခု ဆိုရင် နယ်စပ်တလျှောက်မှာရှိတဲ့ ကလေးတွေကို နိုင်ငံမဲ့ဖြစ်နေတဲ့ ကလေးတွေကို ထိုင်းအစိုးရကနေ နိုင်ငံ သားပေးဖို့ လုပ်လာတာတွေ ရှိတယ်။ ဒီဆုရခြင်းဟာ အစ်မတို့ ကလေးတွေ၊ မြန်မာပြည်သားကလေး တွေအတွက် လုံခြုံမှုတွေ ပိုရလာနိုင်တယ်။ အစ်မတု့ိအနေနဲ့ ဝမ်းသာမိတယ်။ အစ်မတို့ လုပ်ငန်းတွေမှာ လည်း လုပ်ရကိုင်ရတဲ့အခါမှာ ပိုပြီးတော့ ကောင်းမွန်လာမယ်။ လွယ်ကူလာမယ်လို့ ယူဆတယ်ပေါ့နော်” လို့ ပြောပါတယ်။
သူ့အနေနဲ့ (၁၇)နှစ်ကြာ လုပ်ကိုင်ခဲ့တဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး လက်ရှိ ဂေဟာမှာ ခိုလှုံနေတဲ့လူတွေကိုယ်တိုင် နောက်ထပ်အခြားလူတွေကို ကူညီပေးနိုင်တဲ့အထိ လက် ဆင့်ကမ်းသွားမှာ ဖြစ်တယ်လို့ ဒေါ်အေးအေးမာက ပြောပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021