Home ဆောင်းပါး နိုင်ငံရေးကြောင့် လွတ်လပ်စွာသွားလာခွင့်ရလာတဲ့ ရခိုင်ပြည်နယ်ကရိုဟင်ဂျာတွေ

နိုင်ငံရေးကြောင့် လွတ်လပ်စွာသွားလာခွင့်ရလာတဲ့ ရခိုင်ပြည်နယ်ကရိုဟင်ဂျာတွေ

သန့်ရှင်းထွန်း။ ။

ဘူကာ(အနက်ရောင်ဝတ်ရုံ)ဝတ်ထားတဲ့ အမျိုးသမီးတချို့က လက်ဆွဲအိတ်တွေ၊ အထုပ်တွေနဲ့ သုံးဘီးဆိုင်ကယ် (ဒေသအခေါ်တုတ် တုတ်) ပေါ်က ရှေ့ဆင့်နောက်ဆင့် ဆင်းလာကြပါတယ်။ ပျော်ရွှင်တက်ကြွနေတဲ့ သူတို့ရဲ့မျက်နှာတွေက ထီပေါက်လို့ ပျော်နေတဲ့ မျက် နှာတွေထက် ပိုပါမယ်။

“ ကျမဘဝမှာ တခါမှဒီလိုသွားရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ဒီခရီးက ကျမအတွက်ပထမဆုံးနယ်ဝေးခရီးပဲ။”လို့ အသက်၅၀ကျော် အရွယ် ဒေါ်ရှောင်ဒရီက ပြောပါတယ်။

မွတ်ဆလင်တစ်ဦးဖြစ်တဲ့ ဒေါ်ရှောင်ဒရီဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ မြို့မတောင်ရပ်ကွက်မှာ နေထိုင် သူဖြစ်ပြီး နိုင်ငံခြားတိုင်းပြည်တွေကို အလည်အပတ်ခရီးသွားတာမဟုတ်ဘဲ ကျန်းမာရေးစစ်ဆေးမှုခံယူဖို့အတွက် မြန်မာနိုင်ငံထဲမှာ ရှိတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကတဆင့် ရန်ကုန်မြို့ကို လေယာဉ်ခရီးစဉ်နဲ့သွားဖို့ စစ်တွေလေဆိပ်ကို ရောက်ရှိလာသူ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ ဒေါ်ရှောင်ဒရီတို့ဟာ လူ့အခွင့်အရေးနှင့် ဆန့်ကျင်တဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့်တွေ၊ ဆေးကုသ ခွင့်နှင့် အဆင်မြင့်ပညာသင်ကြားခွင့်တွေကို အစိုးရအဆက်ဆက်မှာ ကန့်သတ်ထားခဲ့ကြတာဖြစ်ပြီး စစ်တွေလေဆိပ်မှာ အခုလို မွတ်ဆ လင် ခရီးသည်တော်တော်များများကို တွေ့ရတာဟာ သုံးနှစ်တောင်မပြည့်သေးဘူးလို့ သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ပြောပါ တယ်။

“ အရင်တုန်းက သူတို့ခရီးသွားလို့မရဘူး။ အစိုးရကကန့်သတ်ထားတယ်။ နိုင်ငံသားကတ်တွေ ထုတ်မပေးဘူး။ အခုနောက်ပိုင်း နိုင်ငံ သားပြုခွင့်ရကတ်တွေနဲ့ သွားလာနေကြတာ နေ့တိုင်းပဲ။” လို့ သူက ပြောပါတယ်။

အခုလို ခရီးသွားသူတွေများလာတာကြောင့် သုံးဘီးဆိုင်ကယ်မောင်းသူတွေအတွက်လည်း ပိုပြီးအဆင်ပြေကြတယ်လို့ သုံးဘီးမောင်း သူက ဖြည့်ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ ဒေါ်ရှောင်ဒရီတို့လို မွတ်ဆလင်တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ခရီး သွားလာခွင့်တွေကို ကန့်သတ်ခဲ့တာအပြင် လက်ထပ်ထိမ်းမြားခွင့်၊ အမျိုးသမီးတွေရဲ့ကလေးမွေးဖွားခွင့်ကိုပါ ကန့်သတ်ထားခဲ့ပါတယ်။

၁၉၉၂ ခုနှစ်က မောင်တောခရိုင်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်ဟာ အစ္စလာမ် ဘာသာဝင်တွေရဲ့ အခြေခံလူ့အခွင့်အရေးရပိုင်ခွင့်တွေကို ချိုးဖောက်ပြီး ဒေသန္တရအမိန့်တွေနဲ့ ထိန်းချုပ်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမိန့်တွေထဲမှာ လက်ထပ်ထိမ်းမြားခွင့် စနစ်တကျဖြစ်စေရေး၊ လက်ထပ်ထိမ်းမြားခြင်းတွေ ခွင့်ပြုရေး၊ ဘင်္ဂါလီလူမျိုးများ ကွာရှင်း ခွင့်ကိစ္စ၊ တိုင်းရင်းသားမဟုတ်တဲ့ လူမျိုးခြားတွေကို အိမ်ထောင်စုစာရင်းမှာ ဗမာအမည်နဲ့ ကနဦး မှတ်တမ်းရေးသွင်းတဲ့ကိစ္စ၊ ဘင်္ဂါလီလူ မျိုးတွေကို သီးခြားအိမ်ထောင်စုရရှိရန် ဆောင်ရွက်လာတဲ့ကိစ္စ၊ ကုလားတွေရဲ့ နာမည်တွေကို မြန်မာအမည်တွဲလို့ အသုံးပြုခြင်း မပြုဖို့ ကိစ္စ၊ တရားမဝင်မွေးဖွားလာတဲ့ ဘင်္ဂါလီကလေးတွေကို အိမ်ထောင်စုစာရင်းသွင်းယူနိုင်ရေးနှင့် ဘင်္ဂါလီလူမျိုးတွေ လက်ထပ်ခွင့်ပြုခြင်း ကိစ္စစတဲ့ အမိန့်တွေပါဝင်ခဲ့ပါတယ်။

အဲဒါအပြင် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မွတ်ဆလင်တွေကို နိုင်ငံသားအသိအမှတ်မပြုတာ၊ ခရီးသွားလာရေးတွေကို တင်းကြပ်ထား တာ၊ တစ်အိမ်ထောင်မှာ ကလေးနှစ်ဦးထက်မမွေးရဆိုတဲ့ ဒေသန္တရအမိန့်တွေလည်း ရှိနေပါတယ်။

အဲဒီလို အဖက်ဖက်က တင်းကြပ်ထားတဲ့စည်းကမ်းတွေကို လိုက်နာဖို့ လူသားတစ်ယောက်အနေနဲ့ အလွန်တရာခက်ခဲတဲ့ အလုပ်ဖြစ်ပြီး ကလေးမွေးဖွားနှုန်းကို ကန့်သတ်ထားတာက အဆိုးဆုံးလုပ်ရပ်ဖြစ်တယ်လို့ ဒေါ်ရှောင်ဒရီက ပြောပါတယ်။

“ ကလေးနှစ်ယောက်ထက်ပိုပြီး မွေးဖွားမိရင် အဲဒီကလေးက Blacklist စာရင်းအသွင်းခံရတယ်။ ကလေးမရဖို့အတွက် အမျိုးသမီးတွေ မှာ နည်းမျိုးစုံသုံးပြီး တားထားရတယ်။ တစ်မြို့နဲ့တစ်မြို့သွားဖို့မပြောနဲ့ တစ်ရွာနဲ့တစ်ရွာသွားဖို့တောင် သက်ဆိုင်ရာက ရွာထွက် လက်မှတ်ယူရတယ်။” လို့ အဲဒီအချိန်က မွတ်ဆလင်တွေရဲ့ အခွင့်အရေးတွေကို တင်းကြပ်ခဲ့ပုံကို ဒေါ်ရှောင်ဒရီက ပြန်ပြောပြပါတယ်။

အဲဒီအမိန့်တွေ ကန့်သတ်ချက်တွေနဲ့ နေထိုင်လာခဲ့ကြတဲ့ ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်တွေဟာ အမိုးဖွင့်အချုပ်ခန်းထဲမှာ နေ ထိုင်နေရတဲ့ အချုပ်သားတွေလိုဖြစ်နေခဲ့တာလို့ နိုင်ငံတကာအဖွဲ့အစည်း(INGO)မှာ အလုပ်လုပ်ကိုင်နေတဲ့ ပညာတတ် မွတ်ဆလင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို လူ့အခွင့်ရေးစံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့အမိန့်တွေကို ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက် ၂၀၁၈ ၊ ဩဂုတ်၁၃ မှာ ပယ်ဖျက်ပေးခဲ့ပေမယ့် ခရီးသွားလာခွင့်ကိုတော့ လက်ရှိအချိန်ထိ တင်းကျပ်ထားဆဲဖြစ်တယ်လို့ မွတ်ဆလင်လူထုအသိုင်းဝိုင်းက ပြော ပါတယ်။

“ ပြသနာက လူမျိုးအခေါ်အဝေါ်ပြသနာပါ။ မွတ်ဆလင်တွေက အစိုးရသတ်မှတ်တဲ့ ဘင်္ဂါလီနာမည်ကိုလက်ခံမှ ခရီးသွားလာခွင့်တွေ တခြားအခွင့်အရေးတွေရမယ်ဆိုပြီး လုပ်ထားတယ်။ မွတ်ဆလင်တွေက အဲဒီနာမည်ကို မကြိုက်ကြဘူး။” လို့ ဒေါ်ရှောင်ဒရီက ပြောပြပါ တယ်။

ထိုသို့နေလာရင်း ၂၀၁၇ ဩဂုတ် ၂၅ မှာ ဖြစ်ပွားခဲ့တဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ မောင်တောခရိုင်က နယ်ခြား စောင့် ရဲစခန်းတွေကို ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် အဆိုးဆုံးအခြေအနေကို ရောက်ရှိခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းတဲ့အတွက် အမျိုးသမီး၊ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါ အဝင် မွတ်ဆလင်ဦးရေ ခုနှစ်သိန်းကျော်ဟာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။

၂၀၁၇ ခုနှစ် မောင်တောအကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း မြန်မာစစ်တပ်က နယ်မြေရှင်းလင်းတဲ့အချိန်က နိုင်ငံတာဝန်ယူထားတဲ့ အစိုးရ ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်မှာဖြစ်ပြီးတော့ စစ်တပ်အကြီးအကဲကတော့ လက်ရှိစစ်ကောင်စီဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်ပြီးတော့ ရခိုင်ပြည်နယ်ရဲ့ စစ်တိုင်းဒေသဖြစ်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူးက ဗိုလ်ချုပ်မောင်မောင်စိုး ဖြစ်တယ်လို့ ၂၀၁၇ ခုနှစ် ဖြစ်စဉ်ကို မှတ်တမ်းယူထားသူတွေက ပြောပါတယ်။

နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်အတွက် မောင်တောမြို့နယ်၊ ကျီးကန်းပြင်နယ်ခြားစောင့်ရဲဌာနချုပ်မှာ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိ ယ ဗိုလ်ချုပ်ကြီးအောင်ကျော်ဇောက အနီးကပ်ကွပ်ကဲခဲ့တာလို့ ဆိုပါတယ်။

“ အဲတုန်းက အစိုးရကို ဦးဆောင်တာက ဒေါ်စုဖြစ်တယ်။ ပြသနာဖြစ်လို့ နိုင်ငံတကာနဲ့ရှင်းရရင် ဒေါ်စုပဲရှင်းရမှာ ရှင်းပါစေဆိုပြီးတော့ စစ်တပ်က အခုလိုမျိုး လူပေါင်းခုနစ်သိန်းကျော်ထိ ထွက်ပြေးရအောင် လုပ်လိုက်တာလို့ မြင်တယ်။” လို့ မောင်တောမြို့မှာ နေထိုင်တဲ့ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြသာနာကို ငြိမ်းငြိမ်းချမ်းချမ်းမဖြေရှင်းဘဲ လက်နက်အင်အားကို အသုံးချဖြေရှင်းတတ်တဲ့ မြန်မာစစ်တပ်ကတော့ လက်ရှိမှာ လူမျိုး တုန်းသတ်ဖြတ်မှုနဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး(ICJ) မှာ အမှုရင်ဆိုင်နေရပါတယ်။

အဲဒီလို အမှုရင်ဆိုင်နေရချိန်မှာပဲ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်နေကြတဲ့ မွတ်ဆလင်တွေကို မြန်မာနိုင်ငံသား ဥပ ဒေအရ နိုင်ငံသားလျှောက်ဖို့ တွန်းအားပေးတာတွေ ပြုလုပ်လာခဲ့တယ်လို့ ဒေါ်ရှောင်ဒရီက ပြောပါတယ်။

မွတ်ဆလင်တွေကို ဥပဒေအရနိုင်ငံသားလျှောက်ထားဖို့အတွက် နိုင်ငံသားစိစစ်ခံရမည့်ကတ်ပြား(NVC)ကို မကိုင်မနေရ ကိုင်ဆောင်စေ ပြီး NVC ကတ်ကိုင်ဆောင်ပြီး ခြောက်လ၊ တစ်နှစ်ခန့်အကြာမှာတော့ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားရတယ်လို့ နိုင်ငံသားပြုခွင့်ရ ကတ်ပြားရရှိခဲ့တဲ့ ဒေါ်ဟာဆီနာက ပြောပါတယ်။

အသက် ၃၈ နှစ်အရွယ် ဒေါ်ဟာဆီနာဟာ မောင်တောမြို့ ၊မြို့မကညင်တန်းရပ်ကွက်မှာ နေထိုင်နေသူတစ်ဦးဖြစ်ပြီးတော့ INGO တစ်ခု မှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။

“ (ပြု)ကတ်ရဖို့အတွက် နှစ်နှစ်လောက်ကြာတယ်။ လဝကရုံးမှာ သွားလျှောက်ရပြီးတော့ ပိုက်ဆံတချို့လည်းပေးရတာရှိတယ်။ ပြု ကတ်တစ်ကတ်ရဖို့အတွက် ငွေနှစ်သိန်းကနေ သိန်းနှစ်ဆယ်ထိ ကုန်ကျတယ်။”လို့ ဒေါ်ဟာဆီနာက ပြောပြပါတယ်။

အခုလို နိုင်ငံသားပြုခွင့်ရကတ်တွေရဖို့ အချိန်ကြန့်ကြာမှုတွေ ငွေကုန်ကြေးကျများတာတွေရှိပေမယ့် လွတ်လွတ်လပ်လပ် ခရီးသွားလာ ခွင့် ရဖို့၊ ပညာသင်ကြားခွင့်နဲ့ ဆေးကုသခွင့်ရဖို့က ပိုပြီးအရေးကြီးတယ်လို့ ဒေါ်ဟာဆီနာက ဆက်ပြောပါတယ်။

နိုင်ငံသားပြုခွင့်စိစစ်ရေးကတ် ရရှိသူတွေအနေနဲ့ ခရီးသွားလာတဲ့အခါ သွားလာရပိုမိုလွယ်ကူပြီး အဆင့်မြင့်ပညာဖြစ်တဲ့ တက္ကသိုလ်တွေ ကိုလည်း တက်ခွင့်ရကြတယ်လို့ စစ်တွေတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦးက ပြောပါတယ်။

“ကျမတို့မွတ်ဆလင်တွေက အခြေခံပညာလောက်ကိုပဲ သင်ကြရတယ်။ အဆင့်မြင့်ပညာဖြစ်တဲ့ တက္ကသိုလ်တွေက ကိုယ်နေတဲ့မြို့ တွေ မှာမရှိဘူး။ တခြားမြို့ကိုသွားတက်ရတယ်။ အဲဒီတော့(ပြု)ကတ်မရှိသူတွေကသွားလို့မရဘူး။ သွားလို့မရတော့ တက္ကသိုလ်မတက်ရဘူး ပေါ့။” လို့ နိုင်ငံသားပြုခွင့်ရကတ်မရှိရင် အဘက်ဘက်က အဆင်မပြေဖြစ်နေပုံကို သူက ပြောပြပါတယ်။

အခုလို မွတ်ဆလင်တွေကို ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ခရီးသွားလာရေးစတဲ့ အခြေခံလူ့အခွင့်အရေးတွေကို ထိန်းချုပ် ကန့် သတ်ထားတဲ့အတွက် မွတ်ဆလင်လူထုအသိုင်းဝိုင်းမှာ ပညာတတ်သူနည်းပါးပြီး ပညာမတတ်မှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့ ၂၀၁၆၊ ၂၀၁၇ ခုနစ် ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ရတာလို့ မောင်တောမြို့က အသက် ၅၀ ကျော်အရွယ် မွတ်ဆလင် ဦးကာ ဒီဟူဆိန်းက သုံးသပ်ပါတယ်။

အခုလို မွတ်ဆလင်တွေရဲ့ အခွင့်အရေးတွေကို ထိန်းချုပ်ကန့်သတ်ထားတာဟာ ချိန်ကိုက်ဗုံးကို ခါးပိုက်ပိုက်ထားတာနဲ့ တူတူပဲလို့ သူ့ အမြင်ကို ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီဟာ မွတ်ဆလင်တွေအပေါ် သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ လျော့ပါး စေဖို့နဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး(ICJ)မှာ ခုခံချေပနိုင်ဖို့အတွက် မွတ်ဆလင်တွေကို ဥပဒေအရနိုင်ငံသားကတ်နှင့် နိုင်ငံသား ပြုခွင့် ရကတ်တွေကို ထုတ်ပေးရေး အစီစဉ်တွေကို စီမံကိန်းချမှတ် အကောင်အထည်ဖော်လာပါတယ်။

အဲဒီလို နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရကတ်တွေ ထုတ်ပေးရေးအစီစဉ်ဟာ စစ်ကောင်စီအတွက် ICJ မှာ အမှုလျော့ပါးရေး သာမက စစ် ကောင်စီကပြုလုပ်ပေးမယ့် ရွေးကောက်ပွဲအတွက်ပါ ဦးတည်နေတယ်လို့ ရခိုင်အမျိုးသားပါတီကပါတီဝင် အမျိုးသမီးတစ်ဦးက ပြောပါ တယ်။

“ မွတ်ဆလင်တွေကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုပေးနေပါတယ်ဆိုတာကို ပြချင်တာ။ ပြီးတော့ ရွေးကောက်ပွဲကျရင် စစ်တပ်ကျော ထောက်နောက်ခံပါတီကို မဲပေးကြဖို့၊ မဲဆန္ဒရှင်များများ သူတို့ဘက်ကရဖို့ ရည်ရွယ်နေတာ။” လို့ သူက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဟာ မွတ်ဆလင်တွေဆီက ထောက်ခံမဲ အများကြီးရရှိ ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲဥပဒေမှာ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်တဲ့ မွတ်ဆလင်တွေပါ မဲပေးခွင့်ရခဲ့ပါတယ်။

ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်တဲ့ မွတ်ဆလင်တွေ မဲပေးခွင့်ရခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက် နောက်ခံ ပြုထားတဲ့ ကြံ့ခိုင်ရေးပါတီက အာဏာရခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က သမ္မတဖြစ်လာခဲ့ပါတယ်။

ဦးသိန်းစိန် သမ္မတဖြစ်ပြီး နောက်ထပ် ရွေးကောက်ပွဲမကျင်းပခင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်မှာ ယာယီသက်သေခံ လက်မှတ် သက်တမ်းသတ်မှတ်ခြင်းနှင့် သက်တမ်းကုန်ဆုံးတဲ့ လက်မှတ်တွေအပ်နှံရေးအစီစဉ်ကို ထုတ်ပြန်ပြီး နိုင်ငံတော်သမ္မတရုံးက ဖျက်သိမ်း ခဲ့ပါတယ်။

အဲဒီလို ဖျက်သိမ်းလိုက်တဲ့အတွက် မွတ်ဆလင်တွေဟာလည်း ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့် မရတော့ပါဘူး။ အခုလို မွတ်ဆလင်တွေကို ဆန္ဒမဲပေးပိုင်ခွင့်ကို တားမြစ်ကန့်သတ်လိုက်တာဟာ မွတ်ဆလင်အမျိုး သမီးတွေရဲ့ နိုင်ငံရေးတွင် ပါဝင်နိုင် မှုမရှိအောင် လုပ်ဆောင်ထားတာဖြစ်တယ်လို့ INGO မှာ အလုပ်လုပ်ကိုင်နေတဲ့ ဒေါ်ဟာဆီနာ ကပြောပါတယ်။

“ မြန်မာနိုင်ငံမှာ နိုင်ငံရေးကဏ္ဍတွေမှာ မွတ်ဆလင်အမျိုးသမီးတွေ ပါဝင်ခွင့်ရတာက ရှားရှားပါးပါးပါပဲ။ ဒီလိုမျိုးပါဝင်ခွင့်မရတာကလည်း အခုလို ကန့်သတ်ချက်တွေရှိနေလို့ပါ။” လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံရေးအကြောင်းအရာတွေကို ကောင်းကောင်းနားမလည်တဲ့ ဒေါ်ရှောင်ဒရီကတော့ နိုင်ငံသားပြုခွင့်ရကတ်နဲ့ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်ရတာကိုပဲ ကျေနပ်မိတယ်လို့ ပြောပါတယ်။

“ ကျမတို့အနည်းဆုံးခရီးသွားလာခွင့်၊ ဆေးကုသခွင့်ရတာကပဲ ဒီအချိန်မှာအကောင်းဆုံးအခြေနေလို့ ပြောချင်ပါတယ်။” လို့ ဒေါ်ရှောင် ဒရီက ပြောပါတယ်။

ခေတ်အဆက်ဆက် အစိုးရတွေ လက်ထက်မှာ ဖိနှိပ်ကန့်သတ်ခံရမှုတွေနဲ့ နေထိုင်နေရတဲ့ မွတ်ဆလင် အသိုင်းအတွက် ဒီထက် အခွင့် အရေးတွေရရှိဖို့ နိုင်ငံတကာကရော၊ ဒေသတွင်း လူထုတွေကပါ တောင်းဆိုရမယ်လို့ ဒေါ်ဟာဆီနာက အခုလို ပြောပါတယ်။

“ကိုယ်တို့ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ကိုယ်တိုင်တောင်းဆိုနေရမယ်။ ကျမတို့ရဲ့ အခွင့်အရေးတွေ ဘာတွေဆုံးရှုံးနေတယ်ဆိုတာကို နိုင်ငံတကာသိအောင် လုပ်ရမယ်”

Author:

Related Articles