မစုက ဘာသာရေး ဆရာ တစ်ဦးနဲ့ လွန်လွန်ကျူးကျူး ဖြစ်မိတယ်။
“တခါနှစ်ခါပဲဆိုတော့ မရလောက်ဘူးထင်တယ်” လို့ မမျှော်လင့်ပဲ ကိုယ်ဝန်ဆောင်နေရတဲ့ မစု ကပြောပြပါတယ်။
မစုမှာ ၁၈နှစ်ပြည့်ခဲ့တာ မကြာသေးပါ။ စစ်ပွဲကြောင့် နေရပ်ကိုစွန့်ပြီး မြစ်ကြီးနားမြို့ပေါ်က စစ်ပြေးဒုက္ခသည်စခန်း ၅” x ၁၀” အခန်းတန်းလျားမှာ နေထိုင်သူဖြစ်ပါတယ်။ စိတ်ကစားတဲ့ “မီးကောင်ပေါက်စအရွယ်” ဆိုတော့ ချစ်သူရည်းစားလေး ထားရှိခြင်းကို သူငယ်ချင်းများ အကြား ဂုဏ်တခုသဖွယ် မှတ်ယူပြီး ထားခဲ့ကြောင်း ရင်ဖွင့်ရှာတယ်။
ဒါပေမယ့် သူမက အချစ်ရေးကံ မလှသူလေးပါ။ “ဆရာ့မှာ ယူမယ့်လူရှိပြီးသားဆိုတာလည်း သိတယ် သူကအကြိမ်ကြိမ်ကြိုးစားတယ် မရမကတောင်းတယ်၊ မငြင်းဆန်နိုင်ခဲ့ဘူး”
သူမကို လူကွယ်ရာမှာမှသာ ချစ်သူတဦးလို ဆက်ဆံပြီး လူရှေ့သူရှေ့မှာ မသိချင်ယောင် ဆောင်ခံခဲ့ရတယ်။ မစုမှာ ကိုယ်ဝန်နဲ့ အသိုင်းအဝိုင်းကြားမှာ မျက်နှာတောင်မဖော်ဝင့် လောက်အောင် ဖြစ်နေရတယ်။ ဒုက္ခသည်စခန်းမှာလည်း မနေရဲတော့လို့ အပြင်မှာ အိမ်ငှားနေ နေရတယ်။
“လငယ်သေးတဲ့အခါ ဆရာ့ကို အကြိမ်ကြိမ်ပြောခဲ့တယ်။ အခုမှသူက မဟုတ်ပါဘူးဆိုပြီး ငြင်းလိုက်တယ်”။ ကိုယ်ဝန်က ဖုံးမနိုင် ဖိမနိုင်တဲ့ အခြေအနေရောက်တော့ ဒုက္ခသည်စခန်းက လူကြီးတွေက ဝိုင်းရှင်းပေးကြတယ်။ သူ့ဆရာလေးက မဟုတ်တဲ့ အကြောင်းငြင်းဆန်နေတယ်။
“ဆရာပို့တဲ့ မက်ဆေ့ချ်ကျန်နေသေးတယ်၊ အဲတာက သက်သေပေါ့။ အခု သိန်း(၇၀)နဲ့ လူကြီးတွေက ဆုံးဖြတ်ပေးခဲ့တယ်။ စိတ်မကောင်းတာက ကလေးကအဖေမရှိပဲ မွေးလာတော့မယ်၊ ဆရာကလည်း တာဝန်က ထုတ်ပစ်ခံရပြီ”
သူမဆရာက ဘာသာရေးဆရာ တဦးဖြစ်တယ်။ သက်ဆိုင်ရာ လူကြီးတွေက တာဝန်မရပ်စဲချင်ရင် ကိုယ်ကိစ္စကို တာဝန်ယူလိုက်ဖို့ အကြိမ်ကြိမ် ပြောခဲ့ပေမယ့်လည်း သူနဲ့ စေ့စပ်ထားသူနဲ့ပဲ လက်ထပ်မှာ ဖြစ်တဲ့အတွက်ကြောင့် မစုကို ယတိပြတ် ငြင်းပယ်ခဲ့တယ်။
မစုတယောက် “ ဆရာကတော်လောင်းရဲ့အမေတွေကလည်း ကျမကို လင်ခိုးမ၊ အချောင်သမားဆိုပြီး ဖုန်းဆက်ပြီး ပြောတယ်၊ ကလေးမမွေးနိုင်ပဲ သေပါစေ ဆိုပြီး အမြဲလိုလို မက်ဆေ့ချ်တွေပို့တယ်” လို့ အသိုင်းအဝိုင်းအကြား မျက်နှာငယ်နေရှာတော့တယ်။
အခုနောက်ပိုင်း စုံတွဲတွေအကြား မလိုလားပဲ ကိုယ်ဝန်ဆောင်ခဲ့ရတဲ့ ပြဿနာတွေဟာ တစစ ပိုပိုပြီး အဖြစ်များလာနေတာကို တွေ့ရတယ်။ စဉ်းစားကြည့်လိုက်ရင် လူငယ်ချင်းမေတ္တာမျှတာက အပြစ်လား၊ ကိုယ်ကျင့်သိက္ခာမစောင့်ထိန်းလို့ပဲ ဆိုမလား။ ဒါပေမယ့် သေချာတာတစ်ခုကတော့ မျိုးဆက်ပွားကျန်းမာရေး အသိပညာ ပေးမှုနည်းနေတာတွေ ကြောင့်လို့ဆိုရင် ပိုပြီးမှန်ရာကျပါမယ်။
နောက်ဇာတ်လမ်းတစ်ပုဒ်က တော့ “မအိ” အကြောင်းပါ။
“မအိ” တယောက်က လာမယ့် မတ်လကုန်လောက်မှ ၁၉နှစ် ပြည့်မှာဖြစ်တယ်။ ၂၀၁၃ခုနှစ်၊ ဝါဆိုလမှာ မအိတယောက် နယ်က မိသားစုကိုထားခဲ့ပြီး ရန်ကုန်မှာ အလုပ်အကိုင် လုပ်ကိုင်ဖို့ “ရွာကအသိ ဆရာတော်ရဲ့ ဒကာမဆိုင်မှာ အလုပ်ရှိတယ်ဆိုလို့ ဆရာတော်နဲ့လိုက်လာတာ”။
ဆရာတော်အပ်ပေးတဲ့အလုပ်မှာ နေစားရိတ်၊ စားစာရိတ်ငြိမ်းမှ ၆၀၀၀၀ ကျပ်သာရရှိပြီး နောက်ပိုင်း အဆင်မပြေတော့လို့ အလှပြင်ဆိုင်ကို သူငယ်ချင်းအသိတွေ အဆက်အသွယ်နဲ့ ထပ်ဆင့်ပြီး ရန်ကုန် မြို့တော်ကြီးထဲကို စတင်ခြေဆန့်ခဲ့တယ်။
“ အလှပြင်ဆိုင်မှာက သမီးတို့ အသက်မပြည့်သေးတဲ့အတွက် ဆိုင်က အစ်မတို့က ဘယ်မှ ပေးမထွက်ဘူး၊ သင်ပေးရင် အလုပ်ရတယ်၊ လစာ ၆၀၀၀၀ကျပ် ပေးတယ်”။ အလုပ်က သူမအတွက် အဆင်ပြေမှုဟာလည်း ကြာကြာမခံလိုက်ပါဘူး။ “ဆိုင်ရှင်တွေ အခက်အခဲရှိလို့ ဆိုင်ပိတ်တယ်၊ နောက်ပိုင်းတခြားဆိုင်မှာ ဝင်လိုက်တယ်၊ အခုထိပါပဲ”
“အခုလုပ်တဲ့ဆိုင်မှာ ဝင်လုပ်ရင်းပဲ သူနဲ့တွေ့ခဲ့တယ်၊ သူကတော့ မြို့တော်ခန်းမမှာ လုံခြုံရေးအလုပ် လုပ်တယ်”
အမျိုးသမီးဆောင်မှာနေပြီး ကြည့်မြင်တိုင်က အလှပြင်ဆိုင်မှာ ဆံပင်ညှပ်တဲ့အလုပ်နဲ့ အသက်မွေး ဝမ်းကျောင်းခဲ့တယ်။ မိဘတွေကိုလည်း လစဉ်တိုင်း ထောက်ပံ့ပေးနိုင်သူလေး ဖြစ်တယ်။ သူမ ရည်းစားနဲ့ အပြင်မှာ ချိန်းတွေ့ခဲ့ကြတယ်လို့ ပြောပြတယ်။
“အမြဲတမ်း အင်းစိန်မှာတွေ့ဖြစ်ကြတယ်၊ အစပိုင်းတော့ ကွန်ဒုံသုံးဖြစ်တယ်၊ နောက်ပိုင်းတော့ သုံးဖို့ သူငြင်းဆန်လာတယ်”။ “ကလေးရရင် ဘယ်လိုလုပ်မလဲလို့ မေးတော့ သူတယောက်လုံးရှိတယ်ပေါ့။ ဒါပေမယ့် ကိုယ်ဝန်သုံးလလောက် ရှိတဲ့အချိန် သူ့ကို ပြောပြတော့ ဖျက်ချလိုက်ပါပေါ့၊ ပြီးတော့ တွေ့ဖို့ပြောတိုင်း ရှောင်ချင်လာတယ်”
သူမကိုယ်ဝန်ဖျက်ချဖို့ လိုက်ပို့ပေးဖို့ သဘောတူခဲ့သော်လည်း တကယ်တမ်း လိုက်မလုပ်ပေးခဲ့တဲ့ အကြောင်း ပြောပြတယ်။ “နင့်ပါသာနင် ဖျက်ချတဲ့”။ ဒီလိုနဲ့ ကိုယ်ဝန် ၅ လထိ ရောက်ရှိလာခဲ့တယ်။ သူတို့ ၂ ယောက် ဘယ်လိုမှ ပြန်ညှိလို့မရတဲ့ ကြိုးတွေဖြစ်သွားကြတယ်။
မအိတယောက် ကိုယ်ဝန်ရှိတဲ့ ကာလတလျှောက် နေမကောင်းပေမယ့် ဆေးခန်းတကြိမ်ပဲ ပြခဲ့ဖူးတယ်လို့ ပြောတယ်။ “တခါနေမကောင်းလို့ ဆေးခန်းတခါ ပြဖူးတယ်။ ဆရာဝန်က ကိုယ်ဝန်ကြောင့်လို့ပဲ ပြောတယ်၊ ဘာဆေးမသောက်ဘူး၊ ထိုးလည်း မထိုးဘူး၊ ကိုယ်အလုပ်တဲ့ နေရာက အပျိုတွေကိုပဲ လက်ခံတယ်၊ သူတို့တွေ သိသွားမှာလည်း စိုးတယ်”
ဒီလိုနဲ့ ကိုယ်ဝန်က လစေ့နေပြီဖြစ်ပေမယ့် မအိတယောက် ခွင့်မယူပဲ အားတင်းပြီး ဆက်သွားခဲ့တယ်။ “ဘာပဲဖြစ်ဖြစ် ကျမကတော့ ရအောင်မွေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်၊ ကလေးမွေးပြီးရင် နင့်ဆီပြန်လာမယ်လို့ မက်ဆေ့ချ်ပို့ပေးလိုက်တာ” ။ “အလုပ်တရက်မပျက်ခဲ့ဘူး၊ အိမ်ကိုလည်း ပိုက်ဆံပို့မပျက်ခဲ့ဘူး၊ သူငယ်ချင်းတွေကတော့ ဝလာတယ်လို့ပဲ ပြောကြတယ်”
မွေးမယ့်နေ့ စေ့တဲ့အချိန်မှာ အလုပ်ထဲက ဧည့်သည်တဦးကို ဆံပင်ညှပ်ပေးအပြီး နေလို့မကောင်း တဲ့ အကြောင်းကို သူငယ်ချင်းတွေကို ပြောတဲ့အခါ ဗိုက်နာပျောက်ဆေးနဲ့ ကြာဆံခေါက်ဆွဲပြုတ် ကျွေးခဲ့ပြီး နှိပ်နယ်ပေးခဲ့တဲ့အကြောင်းကို ပြန်ပြောင်းပြောပြတယ်။
နေ့လည်ပိုင်း မခံမရပ်နိုင်အောင်နာလာတဲ့အချိန်ကျမှ ခွင့်တောင်းပြီး အဆောင်ပြန်၊ တကိုယ်တည်း ကလေးမွေးခဲ့ပုံကို “ အဆောင်ပြန်ရောက်တော့ အရမ်းဗိုက်နာတယ်၊ ရေတွေသွေးတွေဆင်းတယ်၊ မခံရပ် နိုင်အောင်နာတယ်”
ဇန်နဝါရီ ၂၃၊ စနေနေ့မှာ “အခန်းကျဉ်းထဲမှာ တံခါးတွေပိတ်ပြီး ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်တယ်၊ မှန်ကြည့်လိုက်တော့ တကိုယ်လုံး ဖြူဖတ်ဖြူရော်ဖြစ်နေပြီ၊ မဖြစ်ဘူး ငါရအောင်မွေးရမယ် ဆိုပြီးညှစ်တယ်”
“ငါတော့အရှက်ကွဲတော့မှာပဲ ဆိုပြီးအတွေးတွေဝင်လာတယ်၊ သူ့ကိုဖုန်းဆက်မယ်ဆိုပြီး ဖုန်းကောက် ကိုင်လိုက်နဲ့၊ ဒါပေမယ့် ကိုယ့်ကိုပြန်မကြည့်တဲ့သူ မခေါ်ပါဘူူးလေ ဆိုပြီး မခေါ်ဖြစ်ဘူး၊ စိတ်နာတယ်”
“အသံမထွက်ရဲဘူး၊ သူများကြားမှာဆိုးလို့”
ညနေ ၅နာရီလောက်မှာ “ကလေးထွက်လာတယ်။ ဘာလုပ်ရမှန်းမသိဘူး၊ နောက်သတိဝင်လာမှ ရွာမှာအဒေါ်တွေ ကလေးမွေးတဲ့အချိန်တွေမှာ ကြားဘူးနားဝရှိထားတဲ့ ကလေးအချင်းကျတယ်ပေါ့၊ ကျမဆီက ကျ မလာသေးဘူး၊ အကြာကြီးမှ ကျလာတယ်။ ကလေးကိုကောက်ကိုင်လိုက်တော့ ယောင်္ကျားလေး ဖြစ်နေတယ်၊ တွေ့ကရာ ကတ်ကြေးလေးနဲ့ ချက်ကြိုးညှပ်လိုက်တယ်”
သူမက ကလေးကိုအင်္ကျ ီတွေနဲ့ ထုတ်၊ ချက်ကိုလည်း ကြက်အူတွေထုပ်သလို ထုပ်လိုက်ပြီး ကလေး ကို ကုတင်ပေါ်တင်ပြီး ငေးကြည့်နေကြောင်း ပြောပြတယ်။
တအောင့်ကြာမှ ကလေးငိုသံထွက်ပေါ်လာပြီး အဆောင်ရှင်နဲ့ သူငယ်ချင်းတွေက “ ဘယ်သူ့အခန်း ကလဲ၊ ကလေးငိုသံကြားတယ်ပေါ့၊ ကျမတံခါးလာခေါက်ပြီး ခေါ်တယ်”
သူမ တံခါးဖွင့်ပြီး “ ကျမ သူငယ်ချင်းကလေးပါ။ အခုသွားပို့မလို့ဆိုပြီးညာပြောလိုက်တယ်။ ဒါပေမယ့် သူတို့လည်း သိမှာပေါ့။ အဆောင်ရှင်လည်း သနားပြီး သူ့ယောက်ျား ပုဆိုးဟောင်းနဲ့ ထုပ်ပေးလိုက်တယ်”
၆ နာရီကျော်လောက်မှာ သာကေတကနေ သူ့ချစ်သူရှိရာ ရွှေပြည်သာကို ထွက်လာခဲ့ပြီး လမ်းမှာ လိုင်းကားသုံးဆင့် ပြောင်းစီးရတယ်။ အင်းစိန် တထောက် ကားပြောင်းစီးချိန်မှာ သူမ မခံနိုင်တော့လို့ လမ်းမှာ ဆင်းနေပြီး နားနေချိန်မှာ အမျိုးသားတဦးက ကူညီပြီး ဘေးနားကဆိုင်မှာ နားပြီးမှ တဆင့် သွားခဲ့ရပြန်တာတဲ့။
ည ၁၀နာရီခွဲမှသာ ရွှေပြည်သာကို ရာက်ရှိခဲ့ပြီး သူမအသိတယောက်အိမ်မှာ အကူအညီတောင်းပြီး ရှင်းပြခဲ့ပုံကို အိမ်ရှင်အမျိုးသမီးက “ ဟေး ညကြီးသန်းခေါင် ဘာဖြစ်လာတာလဲ၊ လက်ထဲမှာလည်း အထုပ်နဲ့၊ ဘာတုန်းလို့ မေးတော့” “ကလေးပါတဲ့” “ ဘယ်က ကလေးလဲဆိုတော့ ကျမမွေးလာတာ တဲ့”
“လာ လာ ။ အထဲဝင်ဆိုပြီး ကြည့်လိုက်တော့ ကလေးက ချက်ကြိုးတန်းလန်းနဲ့။ အဲဒါနဲ့ အိမ်နားက လက်သည်ကိုခေါ်ပြီး သေချာပြန်လုပ်ခိုင်းတယ်၊ သူ့ကိုလည်း ပါရာစီတမောနဲ့ ပိုးသတ်ဆေး ပဲတိုက်ပေးခဲ့တယ်”
ကောင်လေးအိမ်ကို သွားရောက်ခဲ့တဲ့အချိန် ကောင်လေးမိဘတွေက “ မနက်မိုးလင်းရင် သေချာ စီစဉ်ပေးမယ်” လို့ ပြောခဲ့ပေမယ့်လည်း နောက်နေ့မှာ ဘာမှဆက်သွယ်တာ မလုပ်တော့ပဲ ပြန်သွားတော့မှ “လက်မခံနိုင်ဘူး၊ တိုင်ချင်တဲ့နေရာတိုင်” ဆိုပြီး မချေမငံ ပြန်တုံ့ပြန်ခဲ့တယ်။
အိမ်ရှင်အမျိုးသမီးက သက်ဆိုင်ရာ ရပ်ကွက်လူကြီးတွေ၊ အမျိုးသမီးရေးရာအဖွဲ့တွေနဲ့ တိုင်ပင် ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ကြတော့ပေ။
ကောင်လေးမိဘတွေက နှစ်နာကြေးအနေနဲ့ “ကျပ် ၅ သိန်း လျော်ကြေးပေးမယ်ပေါ့။” မအိတယောက် လိုချင်တာ လျော်ကြေးမဟုတ်ပါ။ ကလေးကို လက်သင့်ခံပေးဖို့။ ဒါပေမယ့် အခုတော့ “ကျမက ကလေးကို အသိအမှတ်ပြုလက်ခံပေးဖို့ မျှော်လင့်ပြီး လာခဲ့တယ်။ ဒါပေမယ့် သူတို့က အသိအမှတ် မပြုတဲ့အပြင် လျော်ကြေးစကားပြောတယ်”
“ကျမ ဒီကလေးကို မပေးတော့ဘူးလို့ဆုံးဖြတ်လိုက်ပြီ၊ အခု တရားရုံးကို တင်ထားလိုက်ပြီ၊ ရွှေပြည်သာက အမျိုးသား ဒီမိုကရေစီအဖွဲ့ ဥက္ကဌက ကူညီပေးတယ်၊ အမျိုးသမီးအဖွဲ့တွေလည်း ကူညီတယ်”
မအိတယောက် မိဘတွေကိုလည်း အသိမပေးပဲ တကိုယ်တည်း တရားရုံးကိစ္စ ရင်ဆိုင်နေရတဲ့ အကြောင်းကို “ မိဘကို စိတ်ချမ်းသာအောင် မထားနိုင်ရင်လည်း စိတ်တော့မဆင်းရဲစေချင်ဘူး” “ ဒီအမှုပြီးမှပဲ အကြောင်းကြားတော့မယ်” လို ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားကြောင်း မျက်နှာပေါ်မှာ အထင်းသားပါ။
ဆောင်းပါးရေးသူနဲ့ တွေ့ဆုံချိန်မှာ ကလေးက ၁၈ရက်သားခန့်ရှိပေမယ့် ဘာကာကွယ်ဆေးမှ မထိုးတဲ့အပြင် ကျန်းမာရေးအစောင့်အရှောက်ခံယူမှု ဘာမှမရှိသေးကြောင်း သိရတယ်။
ဒီလိုဖြစ်တာဟာ အမျိုးသမီးတွေအကြား မျိုးဆက်ပွားကျန်းမာရေး အသိပညာ၊ ဗဟုသုတ မသိ၊ နားမလည်တာတွေကြောင့်လို့ မြင်မိတယ်။
မျိုးဆက်ပွား ကျန်းမာရေး၊ ပညာပေးရေးနဲ့ ပတ်သက်ပြီး ဆယ်စုနှစ် နှစ်ခု လောက်ကတည်းက ပညာပေးလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံ ဆရာဝန်အသင်း (လူငယ်ဖွံ့ဖြိုးမှုအစီစဉ်) အဖွဲ့က ဒေါက်တာ နေဝင်း(အကြံပေး)ကတော့ “မျိုးဆက်ပွားကျန်းမာရေးကို လူငယ်စဖြစ်ကတည်းက အသက် ၁၁ နှစ်၊ ၁၂ နှစ် ကစပြီး လိုအပ်တယ်၊ ဒီလိုအချိန်ကစပြီး စနစ်ကျတဲ့ အချက်အလက်၊ မှန်တဲ့ အချက်အလက်တွေ သိဖို့၊ လက်လှမ်းမှီနိုင်ဖို့လိုတယ်”
ဒါပေမယ့်လည်း လက်ရှိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ရင်ဆိုင်နေရတဲ့ အဟန့်အတား တွေကိုလည်း “ ပညာပေးလုပ်ငန်းတွေလုပ်တဲ့အခါ ပထမ အခက်အခဲကတော့ မြန်မာ့ယဉ် ကျေးမှုဟာပေါ့” ၊ “ ပွင့်ပွင့်လင်းလင်း မေးလို့မရဘူး၊ လူကြားသူကြား ပြောပြလို့မရတဲ့ဟာ၊ မိဘက သားသမီးကို ရှင်းပြလို့မရတဲ့ဟာ၊ ကျောင်းမှာလည်း အခြေခံ အချက်အလက်တွေ ထည့်ပေးတာတောင် ဆရာ၊ ဆရာမတွေက ကိုယ့်တပည့်တွေကို ပြန်ပြောပြဖို့ အခက်အခဲရှိနေတယ်” လို့ ရှင်းပြပါတယ်။
မြန်မာနိုင်ငံ ဆရာဝန်အသင်း (လူငယ်ဖွံ့ဖြိုးမှုအစီစဉ်)၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်း၊ နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း ရှိပြီး အစိုးရရဲ့ လုပ်ဆောင်ရမယ့် ကဏ္ဍကို ဘေးကနေ ပံ့ပိုးကူညီနေတဲ့အသွင် ဖြစ်ကြောင်း၊ တကယ်တမ်း လက်ရှိမှာ အသက် ၁၅ နှစ်ကနေ ၂၄ နှစ်အကြားရှိ လူငယ်တွေကို အဓိကထား ပညာပေးလုပ်ဆောင် နေကြောင်း သိရတယ်။
လက်ရှိပညာပေးနိုင်မှုနဲ့ပတ်သက်ပြီး “ အစိုးရ လုပ်တာတွေလည်းရှိတယ်၊ ကျွန်တော်တို့ လုပ်တာ တွေလည်း စီမံချက်နဲ့လုပ်တာ ဆိုပေမယ့်လည်း အကန့်အသတ်တွေ ရှိတယ်။ ငွေရေး ကြေးရေးလည်း အကန့်အသတ်ဖြစ်တယ်။ တကယ်လိုအပ်သလောက် မလုပ်ဆောင်နိုင်ကြသေးဘူး၊ ၂၀%၊ ၃၀% လောက်ပဲရှိမယ်လို့ ပြောနိုင်တာပေါ့” လို့ ဆက်ပြောပါတယ်။
မျိုးဆက်ပွား ကျန်းမာရေး ပညာပေး လုပ်ဆောင်ရာမှာ အဓိက ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ သူတို့ရဲ့ လုပ်ဆောင်မှု၊ HIV နဲ့ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်တာတွေကို အဓိက ပညာပေးနေတာ ဖြစ်ကြောင်း သိရတယ်။
အခုခေတ်မှာ လူငယ်တွေအကြား မြန်မြန်ဆန်ဆန်နဲ့ ပညာပေးမှုလုပ်ငန်းကို လုပ်ဆောင်နိုင်ဖို့ မီဒီယာ ( facebook၊ ဖုန်း၊ အင်တာနက်) အခန်းကဏ္ဍက အင်မတန် အရေးကြီးပြီး၊ အဲဒါနဲ့တပါတည်း ဆိုးကျိုးတွေလည်း ရှိနေနိုင်ကြောင်း ဒေါက်တာက ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ လူငယ်တွေအကြား ချစ်သူများနေ့ကို လွဲမှားစွာ ခံယူကျင့်သုံးနေ ကြပြီး နှစ်စဉ် ချစ်သူများနေ့ရောက်တိုင်း တည်းခိုခန်း၊ မိုတယ်၊ ဟိုတယ်တွေမှာ အခန်းတွေ ကြိုတင်ပြည့်နေ တာတွေ ရှိနေကြတယ်။
လူမှုအဖွဲ့အစည်တချို့က လူသူစည်ကားသိုက်မြိုက်တဲ့နေရာ၊ ဈေးဝယ်စင်တာ( Shopping Mall) နဲ့ ပန်းခြံ၊ တည်းခိုခန်း၊ မိုတယ်၊ ဟိုတယ်တွေမှာ ကွန်ဒုံးတွေ အခမဲ့ လိုက်လံဝေနေကြတာ တွေ့ရတယ်။
“ အမှန်တကယ်တော့ ဒါဟာကြိုတင်ကာကွယ်ဖို့ အရေးပေါ်အခြေအနေတခုရဲ့ လုပ်ဆောင်ချက်ပဲ လို့မြင်တယ်” လို့ ဒေါက်တာက ပြောပါတယ်။
လူငယ်အမျိုးသမီးတွေဟာ အရေးပေါ် တန္ဓေတားဆေး မှီဝဲသုံးစွဲမှုတွေလည်း များလာပြီး၊ “ဒီဆေးက တကယ့် အရေးပေါ်အတွက်ကို ထုတ်ထားတာ၊ ဒီဆေးက ဟိုမုန်းကို တရှိန်ထိုး မြှင့်တင်ပေးလိုက် သလိုဖြစ်တယ၊် သုံးစွဲဖန်များလာရင်တော့ မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးက ရှိပြီးသားပဲ၊ တကယ်တမ်း ကိုယ်ကလေးလိုချင်တဲ့ အချိန်ကျရင် ကလေးမရတော့တာမျိုးပေါ့၊ နောက် ဆေးပညာရှင်တွေ တွေ့ရှိချက်က အဲဒီဆေးသုံးစွဲများတဲ့ အမျိုးသမီးတွေ အသက်ကြီးလာတဲ့အချိန် ကင်ဆာ ဖြစ်ပွားစေနှုန်းက ပိုများနေတယ်” လို့ ဒေါက်တာက ပြောပြခဲ့ပါတယ်။
ကချင်မလေး
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021