Home ဆောင်းပါး တရားစီရင်ရေးမှာကြိုးကိုင်ခံနေရအုံးမည်လော

တရားစီရင်ရေးမှာကြိုးကိုင်ခံနေရအုံးမည်လော

11072048_1623919331153220_3620243599429369576_n
ယခင်နှစ် ဗန်းမော်ခရိုင် မိုးမောက်မြို့တွင် ဖြစ်ပျက်ခဲ့သည့် ခမရ(၄၃၈) စစ်တပ်မှ တပ်သား ဇော်မျိုးအေးဆိုသူက အသက်(၇၃)နှစ်အရွယ် အဖွားအိုအား အဓမ္မပြုကျင့်ရန် ကြိုးစားအားထုတ်မှုကို အရပ်သားတရားခုံရုံးသို့ အဆင့်ဆင့်စွဲချက်တင်ရာ ကချင်ပြည်နယ် တရားလွှတ်တော်မှ ပယ်ဖျက်ပြီး တရားရှင်လွှတ်ရန် အမိန့်ချမှတ်ပေးခဲ့သည်။

ထိုအမှုဖြစ်ပွားချိန်မှာ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့တွင် တနှစ်တင်းတင်းပြည့်ပြီဖြစ်ပြီး နောက်ဆုံးအမိန့်ချမှတ်ချိန်တွင် ကျူးလွန်သူအား အပြစ်မှ ကင်းလွှတ်ခွင့်ပေးသည့်အပေါ် မျက်မြင် သက်သေဖြစ်သည့် ဒေါ်ဂျာကိုင်မှ ထိုအမှုကို တရားမျှတမှု ရှိသည်ဟု လက်မခံခြင်း၊ သူမတို့ ဒေသရှိ အမျိုးသမီးများ၏ဘ၀ လုံခြုံမှုကင်းမဲ့နေကြောင်းကို အများပြည်သူသိရှိအောင် ဖော်ပြလိုခြင်းတို့ ကြောင့် ထိုနေရာထက် အဆင့်မြင့်သည့် ပြည်ထောင်စု တရားလွှတ်တော်ရုံးသို့ အမှုကို ဆက်လက် တင်သွားရန် စီစဉ်နေသည်ဟု ဦးခွန်နောင် (တရားလွှတ်တော်ရှေ့နေ) ကပြောပါသည်။

တပ်သားဇော်မျိုးအေးအား ခမရ (၄၃၈)မှ အကျဉ်းစစ်တရားရုံးဖွဲ့စစ်ဆေးပြီးနောက် အရက် သေစာ မူးယစ်ခြင်း၊ တပ်မတော်စည်းကမ်းကို လိုက်နာမှု မရှိခြင်း၊ သူတပါးခြံသို့ ကျူးကျော် ၀င် ရောက်ခြင်းတို့ကြောင့် ထောင်ဒါဏ် (၇)နှစ်နှင့် တပ်မတော် စစ်မှုထမ်းခြင်းမှ အမြဲတမ်း ထုတ်ပယ်စေ သည့်အမိန့်ကို ၂၀၁၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် ချမှတ်ခဲ့သည်။

အဖွားအိုအား မုဒိမ်းကျင့်သတ်ဖြတ်ရန် ကြိုးစားခဲ့သည့် တပ်မတော်သား၏အမှုအား ပြည်သူ များမှ အရပ်ဖက်တရားရုံးတွင် ဆုံးဖြတ်ပေးရန် တောင်းဆိုခဲ့ကြရာ မိုးမောက်မြို့နယ် တရားရုံးသို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ မုဒိမ်းကျင့်ရန် ကြံစည်အားထုတ်မှုအရ စွဲချက်တင်ခဲ့ပါသည်။ အဆိုပါ စွဲချက်ကို တပ်မတော်ဖက်က ကျေနပ်မှုမရှိ၍ ဗန်းမော်ခရိုင် တရားရုံးသို့ ပြင်ဆင်မှုဝင် ရောက်ခဲ့ရာ ပလပ်ခံရသဖြင့် ကချင်ပြည်နယ် တရားလွှတ်တော်သို့ ပြင်ဆင်မှု ဆက်လက်ဝင်ရောက် ခဲ့ကြောင်းကို “၁နှစ်ပြည့်အခြေအနေတင်ပြခြင်း” ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါသည်။

11224479_1623920224486464_1379632015393225005_n

အမှုအသွားအလာနှင့် ပတ်သက်ပြီးဦးခွန်နောင် (တရားလွှတ်တော်ရှေ့နေ)က“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ မုဒိမ်းကျင့်ရန် ကြံစည်အားထုတ်မှုအရ စွဲချက်ကို မိုးမောက်မြို့နယ် တရားရုံးမှာ တရားစွဲဆို တင်ပို့ခဲ့တဲ့တလျှောက် တရားခံဇော်မျိုးအေးအတွက် စစ်တပ်ဘက်က ရှေ့နေငှားတာတို့ ဘာတို့ မရှိဘူး။ နောက်ပိုင်းကျမှ သူတို့က ဗန်းမော်ခရိုင်ကို ပြင်ဆင်မှု ၀င်ခဲ့တယ်။ ဒါပေမယ့် ခရိုင်ရုံးက အမှုကိုလက်မခံဘူး၊ ပလပ်လိုက်တယ်”

“ဒါနဲ့မပြီးဘူး။ သူတို့ကပဲ ဒီအမှုကို မကျေနပ်လို့ ကချင်ပြည်နယ်တရားလွှတ်တော်ကို တင်ခဲ့တယ်။ ၂၀၁၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှာပဲ လျှောက်လဲချက်ကို ကြားနာခဲ့တယ်။ အဲဒီအချိန်မှာ မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်က အရာရှိတွေ တက်တယ်လို့ ကြားရတယ်။ ပြီးတော့ နောက် ၂ရက်၊ မတ်လ(၈) ရက်နေ့မှာပဲ တရားခံကို မိုးမောက်မြို့နယ်တရားရုံးက စွဲချက်တင်ထားတဲ့ ပြစ်မှုဆိုင်ရာကို ပယ်ဖျက်ပြီး တရားရှင်လွှတ်ဖို့ အမိန့်ပြင်ဆင်ပေးခဲ့တယ်”

ဟုရှင်းပြပါသည်။

ပုဒ်မ(၃၇၆/၅၁၁)သည် မုဒိမ်းကျင့်ရန် ကြိုးစားကြံစည်အားထုတ်မှုဖြစ်ပြီး တကယ်တမ်းအမှုနိုင် ခဲ့လျှင်ပင် ကြိုးစားကြံစည်အားထုတ်မှုဖြင့် မုဒိမ်းမှုပုဒ်မ၏ ပြစ်ဒဏ်နှစ်တ၀က်ခန့်သာ ဖြစ်နိုင်ဖွယ်ရှိ ကြောင်း လည်းသိရသည်။
11219593_1623919354486551_1466321408313841852_n
၂၀၁၅ ဧပြီ (၁၃) ရက်၊ ည (၇) နာရီမှောင်ရီပျိုးခင်းစချိန်ခန့်တွင် ခမရ(၄၃၈) စစ်တပ်မှ ဒု ဗိုလ်မှူးကြီးလွင်မောင်စိုး၏လက်အောက်ခံ၊ တပ်သား ဇော်မျိုးအေးဆိုသူသည် အဖွားနေထိုင်သည့် အိမ်အိုထဲသို့ ၀င်ရောက်လာခဲ့သည်။ အင်အားချိနဲ့ကတုန်ကယင်ဖြစ်နေသည့် အဖွားအား အဓမ္မပြု ကျင့်ရန် အဖွား၏ပါးစပ်အတွင်းသို့ တပ်သားဇော်မျိုးအေးမှ လက်ချောင်းများထိုးထည့်ကာ လည်ပင်း ကို အကြိမ်ကြိမ်ညစ်ပြီး ကြိုးစားနေချိန်တွင် အိမ်နီးချင်းများမှ အဖွားအို၏အော်သံကြောင့် ရောက် လာခဲ့ရာ အင်မတန်မှ အကျည်းတန်လှသော ထိုမြင်ကွင်းကိုတွေ့ရှိ၍ ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်းကို “ညနေ ၇နာရီလောက်မှာ အဖွားတယောက်ထဲ ရှိနေတဲ့အချိန် တပ်သား ဇော်မျိုးအေး ၀င်ရောက်လာပြီး အဖွားကို မုဒိန်းကျင့်ဖို့ ကြိုးစားနေချိန်မှာ ရွာသားတွေက လက်ပူးလက်ကြပ်တွေ့လို့ ၀ိုင်းဝန်းဖမ်း ဆီးခဲ့တယ်” ဟု ယခုအမှုကို လိုက်ပါကူညီလုပ်ဆောင်ပေးနေသည့် ဘာသာရေးဆရာတစ်ဦးက ပြော ပါသည်။

(၄)နှစ်ကျော်ကျော် ကချင်ပြည် တကျော့ပြန် စစ်ဘေးဒါဏ်ခံနေရသည့် ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေး၊ တရားမျှတရေးတို့ကို လိုလားမှုများ ပိုမိုပြင်းပြလာခဲ့သည်။ ၂၀၁၅ ခုနှစ်၊ မေလ(၁၃)ရက်  နေ့တွင် အဆိုပါ  တပ်မတော်သားအမှုကို  ပွင့်လင်းမြင်သာမှုရှိရှိဖြင့် တရားမျှတစွာ စီရင်ရန် ဗန်းမော် ဒေသခံ(၆၀၀)ခန့်က စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အမေအိုကြီးမှာ အခင်းဖြစ်ချိန်ကတည်းမှ ယခုချိန်အထိ လူတွေနှင့် စကားမပြောတော့ဘဲ စိတ်ပိုင်းဆိုင်ရာ ဝေဒနာကြီးစွာ ခံစားနေရကြောင်းလည်း သိရသည်။

မှတ်ချက်။          ။ ဒီအကြောင်းအရာနှင့်ပတ်သက်ပြီးအခွင့်ရှိကမရှောင်ကြတော့ပြီဆိုသည့်ဆောင်းပါတွင်ပြန်လည်ဖတ်ရှုနိုင်ပါသည်။

ကချင်မလေး

Related Articles