Home ဆောင်းပါး လူမျိုးရေး ပဋိပက္ခကြားထဲ အမျိုးသမီးရဲ့ သောက

လူမျိုးရေး ပဋိပက္ခကြားထဲ အမျိုးသမီးရဲ့ သောက

နန်းဆိုင်နွမ်။ ။

“ပေါ့ပေါ့ (ဖေဖေ) ပြန်မလာသေးဘူးလား”ဆိုတဲ့ ၃ နှစ်ခွဲအရွယ် သမီးလေးရဲ့ မေးခွန်းဟာ မဇင်မာဝေအတွက် မျက်ရည်မကျအောင် ထိန်းခဲ့ရတာ ပင်ပန်းလွန်းလှပါတယ်။

မဇင်မာဝေရဲ့ သမီးလေးဟာ တခါတလေ ဆော့ကစားရာကနေ ဖခင်ကို သတိရလာတိုင်း ထလာပြီး အဲ့ဒီမေးခွန်း ကို မေးလေ့ရှိပါတယ်။

မဇင်မာဝေရဲ့ အမျိုးသား ရှမ်းနီလူမျိုး တစ်ဦးဖြစ်တဲ့ စိုင်းရေကျော်ကို ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက် ည ၇ နာရီကျော်မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်ပါဟုတ်ကျေးရွာမှာ ဇနီးဖြစ်သူ မဇင်မာဝေနဲ့ ကလေးကို သွားကြိုချိန်မှာ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ တပ်ဖွဲ့က ရိုက်နှက်ပြီး သေနတ်နဲ့ထောက်ကာ ဖမ်းဆီးသွားခဲ့ပါ တယ်။

“သူတို့က ကျမရဲ့ အမျိုးသားကို ဘာကြောင့်ဖမ်းတယ်ဆိုတာ ကျမ မသိရဘူး။ ကျမအမျိုးသားက သာမာန်လူပါပဲ။ ရှမ်းနီစာပေနဲ့ ရိုးရာယဥ်ကျေးမှုတွေ လုပ်နေတဲ့သူပါ” လို့ မဇင်မာဝေက ပြောပါတယ်။ KIA တပ်ဖွဲ့က စိုင်းရေ ကျော်ကို ဖမ်းဆီးပြီး (၅) ရက်မြောက်နေ့မှာပဲ အသတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းထွက်ပေါ် လာခဲ့ပါတယ်။

အဲဒီသတင်း ထွက်ပေါ်လာပြီးနောက်မှာ မဇင်မာဝေ တစ်ယောက် ဝမ်းနည်းရုံကလွဲပြီး ဘာမှမတတ်နိုင်ပဲ ဖြစ်နေ ခဲ့ပါတယ်။ တစ်ဦးတစ်ယောက်မှ တာဝန်ယူဖြေရှင်းပေးတာမရှိတဲ့အတွက် တရားမျှတမှုရဖို့လည်း အလှမ်းဝေး နေပါတယ်။

“ကျမရဲ့ အမျိုးသားက ကျမတို့ သားအမိကို ကားမောင်းပြီးတော့ ရှာကျွေးတယ်။ ဆိုင်ကယ်ကယ်ရီမောင်းပြီး ရှာ ကျွေးတာ။ အခုတော့ ကျမ တယောက်တည်း ရုန်းကန်နေရတာပေါ့” လို့ မဇင်မာဝေက ပြောပါတယ်။

သူမ အမျိုးသားကို KIA က ဖမ်းခေါ်သွားပြီးနောက်မှာတော့ သူမဟာ ကျေးရွာက ကလေးတွေကို စာသင်ပေးတဲ့ ဝင်ငွေ၊ အိမ်ရှေ့မှာ ခေါက်ဆွဲဆိုင်ဖွင့်တဲ့ ဝင်ငွေတွေနဲ့ ရုန်းကန်နေရပါတယ်။

ဒီလို ခေတ်စနစ်ဆိုးကြား တဖက်မှာလည်း ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် သားအမိ ၂ ယောက်ရဲ့ စားဝတ်နေရေး ကို ခက်ခက်ခဲခဲနဲ့ ကျော်ဖြတ်နေရပါတယ်။ အဲ့လိုခက်ခဲနေတဲ့ကြားထဲမှာ နိုင်ငံရေးရှုပ်ထွေးမှုကြောင့် စာသင်တဲ့ ကလေးဦးရေကလည်း လျော့ကျသွားပါတယ်။

“အရင်က ရွာထဲက ကလေး ၁၅ ယောက်လောက်ရှိတယ်။ အခုတော့ ၆ ယောက်လောက်ပဲရှိတာ။ အခု တလကို ၆ သောင်းကျပ်ပဲရတော့ အဆင်မပြေဘူး။ ခေါက်ဆွဲဆိုင်ကလည်း ရောင်းမရဘူးလေ” လို့ မဇင်မာဝေက လက်ရှိ ကြုံ နေရတဲ့ အခြေအနေကို ပြောပြပါတယ်။

ဒီလိုကာလမှာ ငွေမလောက်ငှတဲ့အတွက် သူမက အစားအသောက်ကို ပါ လျှော့စားနေရပေမယ့် သမီးလေးကို တော့ စိတ်ဒဏ်ရာမရအောင် ပြည့်ပြည့်ဝဝ ပြုစုနေရတယ်လို့ သူမက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကာလမှာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ရှမ်းနီနဲ့ ကချင်လူမျိုးရေး ပြဿနာ ပဋိပက္ခကလည်း တဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်။

Photo Cerdit-ရှမ်းနီအသံ

ကချင်ပြည်နယ် အတွင်းမှာတော့ ရှမ်းနီလက်နက်ကိုင် (SNA) နဲ့ ကချင်လက်နက်ကိုင် (KIA) တွေကြား ပဋိပက္ခ ဖြစ်ခဲ့ပေမယ့် စစ်ကိုင်းတိုင်းဒေသမှာတော့ မရှိခဲ့ကြပါဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ KIA နဲ့ PDF တွေဟာ စစ်ကိုင်းတိုင်းဘက်ကို နယ်မြေချဲ့လာပြီးနောက်ပိုင်းမှာ စစ်ရေးထိတွေ့မှုတွေ ဖြစ်လာကြပါတယ်။ အဓိကအား ဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ SNA ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကြောင့် ပဋိပက္ခ ပိုကြီးလာပြီး အပြစ်မဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးမှုတွေ စတင်လာခဲ့ပါတယ်။

“အရင်ကတော့ ကချင်ပြည်နယ်ဘက်မှာ တပ် (၂) တပ် ထိတွေ့မှု တိုက်ပွဲတွေတော့ရှိတယ်။ အဓိက သူ့နယ်မြေ၊ ကိုယ့်နယ်မြေမှာ ဆက်ကြေးကောက်တာ နောက် ရွှေတူးဖော် လုပ်ကွက်တွေ လုကြတာ။ ဒီအာဏာသိမ်းပြီး နောက် SNA က စစ်တပ်နဲ့ပေါင်းတယ်ဆိုတဲ့ သတင်းဖြန့်ပြီး SNA စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းက ဝင် တိုက်တာ။ အဲဒီမှာ ရှမ်းနီအရပ်သားတွေက SNA ကို သတင်းပေးသူဆိုပြီး ဖမ်းတာတွေ လုပ်တယ်။ ဘုန်းကြီးတွေ က ဖမ်းတာတွေလုပ်နေတယ်” လို့ ကချင်ပြည်နယ် တိုင်းရင်းသားအရေး လေ့လာစောင့်ကြည့်နေတဲ့ အမည်မဖော် လိုသူ တစ်ဦးက ပြောပြပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ PDF နဲ့ ရှမ်းနီ တပ်မတော် (SNA) တို့ ထိတွေ့တိုက်ပွဲဖြစ်ကြသလို အပြန်အလှန် စွပ်စွဲမှုတွေနဲ့ အရပ်သားတွေ ဖမ်းဆီးတာတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

အဲ့ဒီ အပြန်အလှန် ဖမ်းဆီးမှုတွေထဲမှာလည်း လွန်ခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့က ရှမ်းနီတပ်မတော်နဲ့ ဆက်စပ်သူ ဆိုပြီး စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် နမ့်သောင်ကျေးရွာက အမျိုးသမီး ၂ ဦးကို KIA နဲ့ PDF ပူးပေါင်းတပ်တို့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသတွင်း သတင်းမီဒီယာဖြစ်တဲ့ The Voice of Shan-Ni သတင်းဌာနက ဖော်ပြရေးသားခဲ့ပါတယ်။

အဲ့ဒီ အမျိုးသမီး ၂ ဦးကို KIA နဲ့ PDF ပူးပေါင်းတပ်တို့က ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ ဖားကန့်မြို့နယ်က စိုင်းရေကျော် ဖမ်းဆီးသွားတဲ့ ကိစ္စကို KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူးကို Hi Burmese က ဆက်သွယ်မေးမြန်းရာ မြေပြင်သတင်းကို မသိရှိရသေးဘူးလို့ ပြန်ဖြေကြားခဲ့ပါတယ်။

ဗန်းမောက်မြို့နယ်က လူမှုပရဟိတ လုပ်ဆောင်နေတဲ့ မသန္တာက “အမျိုးသမီး ၂ ယောက်ကို ဖမ်းတာတော့ ဟုတ်တယ်။ အခုထိ ဘာမှ ဆက်သွယ်လို့မရဘူး။ သူတို့က သာမာန်လူပါ။ စိုးရိမ်တာတော့ စိုးရိမ်တာပေါ့။ ကျမ တို့ဆိုရင် ရွာမှာတောင်မနေရဲတော့ဘူး။ စစ်ရေးအပိုင်းကဏ္ဍကတော့ စိုးရိမ်ရတယ်။ တလကျော် အတိုက်အခိုက် ရှိတော့ လူတွေကလည်း မြို့ပေါ်ရှောင်နေရတယ်” လို့ လက်ရှိ အခြေအနေကို ပြောပြလာပါတယ်။

Photo Cerdit-ရှမ်းနီအသံ

ဒီလို စစ်ပဋိပက္ခနယ်မြေကြားမှာ နေထိုင်ရတဲ့ အမျိုးသမီးတွေဘဝဟာ စိုးရိမ်ပူပန်မှုတွေ၊ မလုံခြုံတဲ့ ဘဝတွေနဲ့ နေထိုင်နေရကြောင်းလည်း ပြောပါတယ်။

“အရပ်သားတွေ ဖမ်းဆီးတာတော့ မလုပ်စေချင်ဘူး။ အထူးသဖြင့် အမျိုးသမီးတွေကိုပါ ဖမ်းဆီးလာတဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေးဟာ ပိုပြီး စိုးရိမ်စရာဖြစ်လာတယ်။ ဖမ်းဆီးရင်လည်း အကျိုးနဲ့အကြောင်း မေးပြီးပြန် လွှတ်စေချင်တယ်။ မိသားစုတွေ နစ်နာမှုမဖြစ်စေချင်ဘူး။ ဒီလိုသာမဖြေရှင်းရင် ရေရှည်မှာလူမျိုးရေး ပြဿနာ တွေ ပိုကြီးထွားလာမယ်” လို့ မသန္တာ က ထောက်ပြပြောဆိုပါတယ်။

ရှမ်းနီ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ မစိုး (နာမည်လွှဲ) ကလည်း နှစ်ပေါင်းများစွာ အတူယှဥ်တွဲ နေထိုင်တဲ့ တိုင်းရင်းသားအချင်းချင်းကြား ယုံကြည်မှုမရှိသရွေ့ ပဋိပက္ခမီးကလည်း ပိုကြီးထွား လာနိုင်ပါတယ်လို့ သူမရဲ့ စိုး ရိမ်ချက်ကို ပြောပါတယ်။

“အခုက ရှမ်းနီတွေကို စစ်ကောင်စီရဲ့ ဘက်တော်သားဆိုပြီး ဒလန်စွပ်စွဲတာတွေ ကျမတို့ခံနေရတယ်။ အထောက် အထားမရှိ စွပ်စွဲနေတာပေါ့။ ကျမဆိုရင် အိမ်မှာမအိပ်ရဲဘူး။ ပြောင်းနေရတယ်” လို့ မစိုးက ပြောပါတယ်။

တိုင်းရင်းသားအချင်းချင်းကြား တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း ရှမ်းနီ အမျိုးသား (၁၀) ဦးအထက် အဖမ်းခံရသလို သတ်ခံရတာတွေလည်းရှိပြီး အမျိုးသမီး (၂) ဦးကိုလည်း ဖမ်းဆီးတဲ့ အတွက် ဒေသခံတွေကြား တုန်လှုပ်ခြောက်ခြားစရာတွေ ဖြစ်လာပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ကြာရှည်လာတဲ့အလျှောက် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ဓားစားခံ ဖြစ်လာကြ ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရှုပ်ထွေးချိန်၊ စစ်မီးတောက်နေချိန်ဆိုရင် စစ်တပ်ဟာ တိုင်းရင်းသား အချင်းချင်း ကြား သွေးခွဲပြီး ပဋိပက္ခဖန်တီးပြုလုပ်စမြဲပါလို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူက ထောက်ပြ ပြောဆိုပါ တယ်။

“အဓိက မြန်မာနိုင်ငံ ပြည်တွင်းစစ် ကြာရှည်လာတဲ့အပေါ်မှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေက ဓားစားခံ ဖြစ် ရတယ်ဆိုတော့ ဒီအဖြစ်အပျက်ကိုကြည့်ရင် မြန်မာစစ်တပ် ပယောဂ၊ မြန်မာစစ်တပ် မူပေါ်လစီအရ တိုင်းရင်း သားတွေကြားထဲမှာ မတူကွဲပြားတဲ့ ကချင်အပါအဝင်၊ ရှမ်းနီတွေ၊ ရှမ်းတွေ၊ ကရင်တွေကြား သွေးခွဲတာ နှစ်ပေါင်း များစွာ လုပ်လာခဲ့တယ်” လို့ ကချင်အမျိုးသမီး အဖွဲ့အစည်း (ထိုင်းနိုင်ငံ) KWAT မှ မမွန်းနေလီက ပြောပါတယ်။

မြန်မာ့စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေ ဖွဲ့စည်းပြီး လုပ်ပိုင် ခွင့်တွေပေးပြီးတော့ နှစ်ပေါင်းများစွာ လူမျိုးစုတွေကြား ပဋိပက္ခဖြစ်အောင် လက်ကိုင်တုတ်အနေနဲ့ သုံးလာ ကြောင်းလည်း မမွန်းနေလီက ဆိုပါတယ်။

Photo: CJ

လက်ရှိ တော်လှန်ရေးကာလမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ယောက်နဲ့တယောက်ကြား သွေးခွဲပြီး သတင်းမှားတွေ ပေး တာတွေရှိသလို ဒလန်လို့ စွပ်စွဲပြီး သတ်ခံရတာတွေလည်းရှိတဲ့အတွက် လက်နက်ကိုင်တပ်ဖွဲ့တိုင်းအနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ သေချာအောင် ပြုလုပ်သင့်ကြောင်းလည်း သူမက ပြောပါတယ်။

“တော်လှန်ရေးလုပ်လာချိန်မှာ တော်လှန်ရေးကာလမှာ တယောက်နဲ့တယောက် သတင်းမှားတွေ၊ မြန်မာစစ်တပ်လူဆိုပြီး ပြောရင် သတ်ခံရတာ၊ ဒလန်ဆိုပြီး သတ်တာလုပ်တယ်။ လက်နက်ကိုင်တွေအနေနဲ့ လက်လွှတ်စပယ်
လုပ်တာတွေ ရပ်သင့်ပါတယ်” လို့ မမွန်းနေလီက ထောက်ပြပြောဆိုလိုက်ပါတယ်။

ရှမ်းနီအမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ မစိုးကလည်း ခေတ်ကာလ အခြေအနေအရ လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား ပဋိပက္ခဖြစ်လာရင် လက်နက်တွေ အသုံးပြု ဖမ်းဆီးတာတွေလုပ်မယ့်အစား နိုင်ငံရေးအရ စကားဝိုင်းမှာ ဖြေရှင်းသင့်ကြောင်း ထောက်ပြ ပြောဆိုပါတယ်။

“ဒီလို လက်နက်တွေ၊ အားတွေသုံးပြီး အရပ်သားတွေကို ထောက်ထားမရှိဖမ်းတော့ နောက်မှာ ကျန်ခဲ့တဲ့ မိသားစုက ပိုဒုက္ခရောက်ကြတယ်။ ဒီလိုဖမ်းသွားကြ၊ ခေါ်သွားကြတော့ အမျိုးသမီးနဲ့ကလေးတွေ စားဝတ်နေရေး ခက်ခဲ တာတွေ ဖြစ်လာတယ်။ ဒီဟာတွေကို ငဲ့ညှာတဲ့အနေတဲ့ လက်နက်ကိုင် ခေါင်းဆောင်တွေ လက်လွှတ်စပယ် မလုပ် ဖို့ ” မစိုးက တောင်းဆိုလိုက်ပါတယ်။

အခုလို နိုင်ငံအတွင်း စစ်မီးတောက်နေချိန်၊ နိုင်ငံရေးရှုပ်ထွေးချိန်၊ ခေတ်စနစ်ဆိုးနေချိန်မှာ အမျိုးသားဖမ်းဆီး ပျောက်ဆုံးသွားတဲ့ မဇင်မာဝေလို မိခင်တစ်ဦး၊ အမျိုးသမီးတစ်ဦးအတွက် သူမနဲ့သမီးလေး စိတ်ပိုင်းဆိုင်ရာ၊ ရုပ် ပိုင်းဆိုင်ရာ လုံခြုံဖို့အတွက် အပါအဝင် စားဝတ်နေရေးအတွက် အားကိုးရာမဲ့ပြီး ကာကွယ်စောင့်ရှောက်မှုတွေ ပျောက်ဆုံးသွားခဲ့ရပါပြီ။

“ဒီလို ခက်ခဲနေတဲ့အချိန်မှာ ကျမကတော့ စိတ်ဓာတ်ကျလို့မရဘူး။ လဲကျလို့မရဘူးလေ။ သမီးလေးရဲ့ ရှေ့ရေးက ရှိသေးတယ်။ နောက်နောင်လည်း လူမျိုးစုတွေကြား စွပ်စွဲဖမ်းဆီးတာတွေ မဖြစ်စေချင်ဘူး။ ကျမတို့ ဒါကို မတား ဆီးနိုင်ရင် လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်” လို့ မဇင်မာဝေက ပြောပါတယ်။

သမီးလေးအတွက် ရှေ့လျှောက် သူမတစ်ဦးတည်း လုံခြုံမှုမဲ့စွာ ဘဝကိုရုန်းကန်ဖို့ မဇင်မာဝေအတွက် ခွန်အားတွေ မွေးနိုင်ပေမယ့် “ပေါ့ပေါ့ (ဖေဖေ) ပြန်မလာသေးဘူးလား” ဆိုတဲ့ သမီးလေးဆီက မကြာခဏ ထပ်ပြီးမေးလာနိုင် တဲ့ မေးခွန်းကို ရင်ဆိုင်နိုင်ဖို့အတွက်တော့ မဇင်မာဝေမှာ သတ္တိမရှိပဲ တုန်လှုပ်ခြောက်ခြားနေဆဲပဲ ဖြစ်ပါတယ်။

Author:

Related Articles