နော်မေ။
အကျယ်အဝန်း ၁၀ပေခန့်ရှိသော ဈေးဆိုင်လေးက ကုန်းသာရွာမှ ကလေးငယ်များ၏အကြိုက် မုန့်များကို ရောင်းနေသည်။ ကလေးများ ငါးဆယ်၊ တစ်ရာ၊ နှစ်ဆယ်ကျပ်တန်တို့ဖြင့် ချိုချဉ်၊ ဝေဖာနှင့် နေကြာစေ့များကို ကလေးငါးယောက် အလုအယက်ဝယ်ယူနေကြသည်။ ဆိုင်ရှင်ကလည်း ကယန်းစကားဖြင့် လုယက်ဝယ်ယူနေသော ကလေးများကို ဖြည်းဖြည်းချင်း ရောင်းပေးနေပါသည်။ သူမကတော့ စေတနာအပြည့်ဖြင့် ကလေးငယ်များကို ဆက်ဆံနေပါသည်။ ထိုဆိုင်ရှင်မှာ အသက် ၄၀ ဝန်းကျင်ဖြစ်ပြီး အမည်မှာ ဒေါ်ကာ ဖြစ်ပါသည်။
မုန့်ဆိုင်အသေးစားကလေးဖြစ်သော်လည်း လူကတော့ အမြဲလိုလို တစ်ယောက်စနှစ်ယောက်စ ရှိနေတတ်သည်။ ယခုလည်း ဆိုင်ရှေ့ ခုံတန်းပေါ်တွင် ပတ်ပတ်လည်လည် ထိုင်နေသော ကယန်းအမျိုးသမီး လေးဦးနှင့် ကယန်းအမျိုးသားတစ်ဦးတို့သည် ကယန်းစကားဖြင့် ဝိုင်းဖွဲ့၍စကားဖောင်ဖွဲ့ ပြောဆိုနေကြပါသည်။
တချို့သောသူများက “ကယန်းတွေ စကားပြောရင် တုတ်ဓားတွေနဲ့ ရန်ဖြစ်နေကြသလိုပဲ” ဟု စနောက်သလိုဖြင့် ပြောကြသည်ကို ကျမတွေးမိသဖြင့် ထိုလူစုများ စကားပြောသံများကို ကပ်၍နားထောင်လိုက်ပါသော်လည်း ကျမနားမလည်ပါ။ အဘယ့်ကြောင့်ဆိုသော် ကျမမှ ကယန်းစကားနားမလည်တာကိုး။ သို့သော်လည်း နားလည်သူကို ဘာသာပြန်ခိုင်းလို့ရပါသည်ဆိုသည့် အတွေးဖြင့် ကျမလည်း ထိုလူစု၏ စကားဝိုင်းသို့ ဝင်ရောက် မေးမြန်းပြောဆိုပါသည်။
ပြောရင်းဆိုရင်း ခနတွင် ဆိုင်ရှင်လည်း ဈေးရောင်းပါးသွားသည်။ ၁၀ ပေခန့်ရှိသော ဧည့်ခန်းတွင် ကော်ဇောအစိမ်းရောင်ဖြင့် အပြည့်ခင်းထားသော ကြမ်းပြင်ပေါ်သို့ ဆိုင်ရှင်ရှေ့တွင် တင်ပျဉ်ခွေထိုင်ပြီး ဒေါ်ကာ့အကြောင်းကို စတင်ပြီး စပ်စုပါတော့သည်။
ကယန်း(ပဒေါင်) အမျိုးသမီးတစ်ဦးဖြစ်သော ဒေါ်ကာသည် သားသမီးများထဲတွင် အငယ်ဆုံးသမီးဖြစ်သော်လည်း အိမ်မွေ၊ ခြံမွေများ မရရှိသောသူဖြစ်သည်။ မိဘမှ ထားခဲ့သော အမွေတို့သည် အကိုကြီးများအတွက်သာ ဖြစ်သည်။ သူမလည်း သားသမီးများထဲမှ သွေးသားရင်းချာ သမီးတစ်ဦးဖြစ်သော်လည်း အမွေမရတာ ဘာကြောင့်လဲ……..?
“သူတို့ သမီးဆိုရင် သူများလူပေါ့၊ ယောကျ်ားလေးက သူ့လူ သူ့မျိုးဆက်ဖြစ်တဲ့အတွက်ကြောင့် သူ့ကိုကျွေးဖို့ မွေးဖို့ အဲဒါကြောင့် သားကို အမွေအနှစ်ပေးတာ သမီးလေးကျတော့ သူများပဲရတယ် သူများကိုပဲရောင်းပေးတော့ သူများလူဖြစ်သွားတယ် အဲလိုသဘောပေါ့ သားလောက်တန်ဖိုးမရှိသဘောပုံစံပေါ့ အဲလိုမျိုးခွဲခြားထားတယ်”ဟု ဒေါ်ကာကပြောပြပါသည်။
ထို့ပြင် ထိုဓလေ့သည် ရှေးအစဉ်အလာတစ်ခုဖြစ်ပြီး ရှေးလူကြီးများက သတ်မှတ်ထားသည်ဟု ဆိုသည်။
“ဟိုးရှေးခေတ်ကတည်းက သတ်မှတ်ထားတယ် အစဉ်အဆက်ပေါ့ အခုဆိုရင်တော့ နည်းနည်းလေး ခေတ်ကတော့မပျောက်သေးဘူး ဒါပေမဲ့ ရှိတော့ရှိသေးတာပေါ့ ဥပမာ-ကလေးကို သူရောင်းစားလိုက်ပြီ သူ့ကလေးယောကျ်ားက သူ့ကလေးကို ကောင်းကောင်းမကြည့်လည်း မိဘတွေက သူ့သမီးတွေကို ကောင်းကောင်းလည်း ပြန်မကြည့်ဘူး အဲဒါတွေလည်း ရှိတာပေါ့။ တချို့ကျတော့ကြည့်တယ် တချို့ကျတော့ မကြည့်ဘူး အဲလိုမျိုးပေါ့။”
ကယန်းရိုးရာဓလေ့အရ ချစ်သူနှစ်ဦး ချစ်ကြိုက်မိပြီး အိမ်ထောင်ပြုလိုလျှင် သားယောကျ်ားလေးက သမီးမိန်းကလေးကို အဖိုးအခအနေဖြင့် တင်တောင်းရသည်။
သူမက… “သမီးကဆို ချိန်ခွင်ပေါ့တာပေါ့ သားကပိုအလေးစီးတယ် အဲလိုမျိုးပုံစံပေါ့။ သမီးကသူများလူပေါ့ အမွေကိုမပေးတာ အဖိုးအခတော့ ပြန်စားတယ်။ လာတင်တောင်းချိန်မှာ ငွေဒင်္ဂါး၊ ငွေစက္ကူဒီလောက်ဒီလောက်နဲ့ သူတပြားတချပ်မှမကုန်ဘူး သူပြန်ရတယ်။ ယောကျာ်းလေးကျတော့ သူကပြန်ပြီး အကုန်ခံတယ် အဲလိုမျိုး။ ဒါကြောင့် ယောကျာ်းလေးတွေကို အမွေပေးတာလဲပါတယ်။ ယောကျ်ားလေးက ငွေဒင်္ဂါးငါးဆယ်ကုန်လည်း ဝယ်ရတယ် မိန်းကလေးကို” ဟု ဆိုပါသည်။
သူမသည် ကယားပြည်နယ် လွိုင်ကော်မြို့နယ်အနီး ကုန်းသာဆိုသည့် ကယန်း(ပဒေါင်)ရွာတွင် နေထိုင်လျက်ရှိသည်။ မောင်နှမငါးဦးထဲတွင် အငယ်ဆုံးသမီးဖြစ်ပြီး အကိုလေးဦးရှိသည်။ တစ်ဦးမှာ ဆုံးသွားပြီဖြစ်သည်။ သူမအသက်(၁၇)နှစ် အရွယ်တွင် အိမ်ထောင်ကျခဲ့သည်။
အိမ်ထောင်ကျခါစတုန်းကတော့ ခေတ်အခြေအနေအရ တည်ငြိမ်မှုမရှိသဖြင့် ရိုးရာဓလေ့အတိုင်း လူကြီးဆုံရာတွင် တင်တောင်းခြင်း မပြုလုပ်ခဲ့ရပေ။ သူမ၏ ခင်ပွန်းဖြစ်သူသည် ကြယ်ဖြူအဖွဲ့အစည်းမှ အရာရှိအရာခံဗိုလ်တစ်ဦးဖြစ်သည်။ အိမ်ထောင်ကျပြီးနောက်တွင် “သျှောင်နောက်စထုံးပါ” ဆိုသည့်စကားပုံအတိုင်း မိဘနှင့်ဝေးရာ ခင်ပွန်းဖြစ်သူနှင့် သွားရောက်နေထိုင်သည်။ သားသမီးသုံးဦး ရသည့်အချိန်တွင် သူမ၏ခင်ပွန်း အဖွဲ့အစည်းမှ နှုတ်ထွက်လိုက်သည်။
ထို့နောက်တွင် သူမတို့ စီးပွားရေးမတည်မငြိမ်ဖြစ်ပြီး အိမ်ခြေရာမဲ့အဖြစ်သို့ ရောက်ရှိသွားရသည်။ သူမတွင် သားသမီးငါးဦးရှိသည်။ ထို့ကြောင့် သူမ၏ မွေးရပ်မြေသို့ ပြန်လာရာ သူမ၏ မိဘများဆုံးပါးသွားခဲ့ကြသည်။ သူမ၏ခင်ပွန်းလည်း အချိန်များမကြာမီမှာပင် ဆုံးပါးသွားခဲ့သည်။ မိဘများချန်ခဲ့သည် ခြံမွေ၊ အိမ်မွေ၊ ယာမွေ အားလုံးကို သူမ၏အစ်ကိုများက ရရှိလိုက်ကြသည်။ သူမ၏အစ်ကို အငယ်တစ်ဦးမှ သူ၏ခြံထဲတွင် နေခွင့်ပြုသည်။ ရပ်ကွက်လူကြီးများကလည်း အမွေခွဲပေးရန် ပြောသည်။ သူမကို ပေးသင့်သည်ဟုလည်း ပြောကြသည်။ အစ်ကိုဖြစ်သူများက ခွဲဝေပေးခြင်းမပြုပါ။ သူမကတော့ “နေစရာလေးရရင် ကျေနပ်ပါတယ် နောက်ပိုင်းဟာကို ကျမဘာသာ ကြိုးစားမယ်” ဟုဆိုပါသည်။
ဒေါ်ကာသည် ကုန်စုံဆိုင်ကလေးဖွင့်ပြီး သားသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဝမ်းစာလိုအပ်ချက်များကို ဖြည့်ပေးသည်။ အချိန်အနည်းငယ်ကြာလာပြီး သူမအဆင်ပြေလာသည်ကို သူမအစ်ကိုဖြစ်သူက မနာလိုပြီး အိမ်မှ နှင်ထုတ်သည်။ သူမလည်း “ကျမဆောက်ထားတဲ့ တိုက်အိမ်လေးထဲမှာ အစ်ကိုတို့နေချင်ရင် နေပေါ့ ဒါပေမဲ့ ကျမကုန်ကျထားတဲ့ငွေတွေကိုတော့ တစ်ဝက်ပြန်ပေးပါ” ဟု ပြောသည်။
သူမသည် မိဘများက အမွေလည်းမပေး၊ အစ်ကိုများကလည်း မခွဲပေးသည့်အပြင် သူမဘာသာ ကြိုးစားရုန်းကန်ရင်း အဆင်ပြေခါစအချိန်တွင် သူမဆောက်ထားသည့်အိမ်လေးကို သိမ်းပြီး နှင်ထုတ်သည်။ ရပ်ကွက်လူကြီးများက ထိုသို့မဖြစ်စေရန် အစ်ကိုဖြစ်သူကို ပြောဆိုဆုံးမသော်လည်း သူမက ထိုနေရာတွင် ပြန်မနေချင်တော့ပါဟု ပြောသည်။ ယခုတွင် သူမခြံတစ်ခြံကို သူမအကြောင်းကို သိသောသူငယ်ချင်းတစ်ဦးထံမှ အကြွေးဖြင့် ဝယ်ယူပြီး ကုန်စုံဆိုင်ကလေးဖွင့်ကာ ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းနေရပါသည်။ ရပ်ကွက်လူကြီးများကလည်း အစ်ကိုဖြစ်သူများကို ပြောဆိုဆုံးမရုံကလွဲပြီး ထိရောက်သည့်ကူညီမှုမျိုး မပြုလုပ်နိုင်ပါ။
ကယန်းရိုးရာဓလေ့အရ အမွေခွဲခြင်းနှင့် ပတ်သက်ပြီး ကယန်းအမျိုးသား ဦးမောင်နော့က “အရင်ခေတ်က ယောကျာ်းလေးကို ပိုတန်းဖိုးထားတယ် ရွှေပေါ့ ပတ္တမြားလိုပေါ့ မိန်းကလေးကျတော့ ငွေပေါ့ အဲလိုသဘောပေါ့ နည်းနည်းပပျောက်သွားပြီဆိုပေမဲ့လည်း အမွေခွဲရင်တော့ ယောကျာ်းလေးကိုပဲ ခွဲပေးတုန်းပဲ မိန်းကလေးဆိုမရဘူး အဲတုန်းက ငွေဒင်္ဂါး ၇၀ ဆိုရင် ခုချိန်မှာ သိန်းဂဏာန်းနဲ့ပြန်ကျတယ်” ဟု ပြောပါသည်။
ထို့ပြင် သမီးတင်တောင်းပါက “ဟိုးဘိုးဘေးကနေ ဆင်းသက်လာတယ် အခုတော့အဲမျိုးမရှိတော့ဘူး နည်းနည်းပါးပါးပျောက်လာပြီ အခုက သမီးကအရင်လိုမျိုးမဟုတ်တော့ဘူး ငွေဒင်္ဂါးလည်း တအားမစားတော့ဘူးပေါ့ သားနဲ့အတူတူ နည်းနည်းပါးပါးပဲပေါ့” ဟု သူကဆိုပါသည်။
ကယန်းရိုးရာဓလေ့အရ မည်သူကသတ်မှတ်သည်ကို မသေချာ မရေရာသော မိန်းကလေးများကို ဘာကြောင့်အမွေမပေးခြင်းကို သေသေချာချာမသိသူများလည်း ရှိပါသည်။ မသိသော်လည်းပဲ မိန်းကလေးများကို အမွေမပေးပါ။ အသက် ၆၀ ကျော်အရွယ်ခန့်ရှိသော ဒေါ်မူသျှမ်း “မိန်းကလေးကိုမခွဲပေးဘူး ဘာကြောင့်လဲဆိုတာလဲ မသိဘူး” ဟု ပြောပြပါသည်။
“ရှေးထုံးလည်းမပယ်နှင့် ဈေးသုံးလည်းမကြွယ်နှင့်” ဟူသည့် စကားပုံအရ ရှေးခေတ်မှ ဘိုးဘေးများ သတ်မှတ်ထားသော ထုံးတမ်းစဉ်လာများကို ပြင်ဆင်မည်ဆိုပါက ထိုစကားပုံကို လာရောက်ထိစပ်မှု ရှိနေသည်။ ရှေးဓလေ့ထုံးတမ်းစဉ်လာများကို ပယ်ချင်သော်လည်း “ရှေးထုံးတမ်းများကို မပြင်ကောင်းပါဘူး” ဆိုသည့် အမြင်သဘောထားများကြောင့် အချို့လူမျိုးများသည် ပယ်လို့မရသည့် ရှေးထုံးတမ်းစဉ်လာများကြောင့် ခွဲခြားဖိနှိပ်ခံနေရသည်။ ခွဲခြားဖိနှိပ်ခံနေရသော သူများထဲတွင် အများစုမှာ အမျိုးသမီးများဖြစ်ကြသည်။
မိန်းကလေးဆိုပါက အိမ်မှာနေရမည်၊ အိမ်မှုကိစ္စနိုင်နင်းသူ ဖြစ်ရမည်၊ ဗိုင်းကောင်းကျောက်ဖိဖြစ်ရမည် စသော သတ်မှတ်ချက်များကြောင့် ဖွံ့ဖြိုးတိုးတက်သင့်သလောက် မဖွံ့ဖြိုးပဲ အမျိုးသမီးများဘဝ နိမ့်ကျနေရသည်။ အရိုးစွဲလွဲမှားနေသော ဓလေ့ ထုံးတမ်းများကြောင့် ကယားပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေးမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။ အရင်ခေတ်တွင် သမီးတင်တောင်းမည်ဆိုပါက ငွေဒင်္ဂါးမှာ ပေါများသော်လည်း ယခုတွင်မူ ရိုးရာဓလေ့အရ တင်တောင်းမည်ဆိုလျှင် ငွေဒင်္ဂါးများ ရှားပါးသွားပြီဖြစ်ပါသည်။ ငွေဒင်္ဂါးများရှားပါးသွားသော်လည်း ခွဲခြားခံနေရသည့် အမျိုးသမီးများဘဝမှာ ရှားပါးပျောက်ကွယ်သွားခြင်း မရှိဘဲ ပိုလို့သာ တိုးပွားလာနေသည်မှာ ရိုးရာဓလေ့ကြောင့်လည်း တစ်စိတ်တစ်ဒေသ ပါဝင်ကြောင်းကို အမျိုးသမီးအဖွဲ့အစည်းများမှ သိရှိရပါသည်။
“လူမျိုးစုတွေရဲ့ ဓလေ့ထုံးစံတွေမှာ အားလုံးနီးပါးတွေမှာ အမျိုးသမီးတွေကို ဦးစားပေးထားတာတွေက ရှားပါတယ် ကရင်နီပြည်တွေမှာဆိုရင်လည်းပဲ သားသမီးချင်းအတူတူ ခွဲခြားဆက်ဆံထားတာတွေ အများကြီး ရှိတယ်ပေါ့နော် ဥပမာ- အမွေရပိုင်ခွင့်မှာဆိုရင် သားအမွေ သားယောကျာ်းလေး အငယ်ဆုံးမှ ရပိုင်ခွင့်ရှိသလိုမျိုး အမွေတွေကို သားပဲရတယ် သမီးမိန်းကလေးတွေ မရဘူးဆိုတာမျိုးတွေလည်း ခွဲခြားထားတွေလည်း အများကြီးရှိတယ်” ဟု ကရင်နီအမျိုးသမီးအစည်းအရုံး အတွင်းရေးမှူးမမီးမီးက ပြောပါသည်။
ကယန်းအမျိုးသမီးအစည်းအရုံး (KYWO) တွဲဘက်အတွင်းရေးမှူး (၂) မူအန်းဂျလာက “အမျိုးသမီးတွေကို အမွေမပေးတော့ ကိုယ်ကယောကျာ်းယူလိုက်တော့ ကိုယ့်ယောကျ်ားဘက်က အမွေပါလာတာပဲထားတော့ ယောကျ်ားဆုံးသွားရင် သားဆုံးသွားရင် ယောက္ခမတွေက ဘယ်တော့မှ ချွေးမကို အမွေပေးလေ့ထုံးစံ မရှိဘူးလေ ယောက္ခမတွေကလည်း သူ့သားဆုံးတဲ့အတွက် သူ့ချွေးမနဲ့မဆိုင်ဘူး အဲလိုပေါ့ ဒီလိုမျိုးဖြစ်လာတဲ့အတွက် မိန်းကလေးမှာ အိမ်မရှိတဲ့အတွက် ယောက်ျားဆုံးလို့ ကွဲသွားလို့ အိမ်ပြန်လာရင်လည်း သူ့ရဲ့အစ်ကို သူ့ရဲ့မောင်တွေရဲ့အိမ် ဖြစ်သွားတော့ နေထိုင်ဖို့ အရမ်းခက်ခဲသွားတယ် စားသောက်ဖို့အတွက်လည်း သူများနေ့စားလုပ်ရတယ် သူများအိမ် ကပ်နေရတယ် ဘဝတစ်ခုကိုရပ်တည်ဖို့ အရမ်းရုန်းကန်ပြီး ကြိုးစားရပ်တည်ရတယ်ပေါ့” ဟု အမွေမခွဲပေးခြင်း၏ အကျိုးဆက်ကို ပြောပါသည်။
အမွေခွဲရာတွင် အိုးအိမ်ခြံမြေများပါဝင်သဖြင့် အမွေမရသော အမျိုးသမီးများအတွက် နေထိုင်လုပ်ကိုင် စားသောက်ရေးအတွက် အလွန်ခက်ခဲကြောင်းကို “အမွေခွဲတဲ့နေရာမှာ အိုးအိမ်တွေလည်းပါမယ် ခြံမြေတွေပါမယ်ပေါ့ အမွေခွဲရင်လည်း မိန်းကလေးတွေကို မပေးဘူး ယောကျ်ားလေးတွေကိုပဲပေးတယ် ယောက်ျားလေးထဲမှာမှ အငယ်ဆုံးဆိုရင် အားလုံးရတယ် ယောက်ျားလေးတွေကိုလည်း ခွဲခြားတဲ့အပြင် အမျိုးသမီးတွေဆို ပိုဆိုးပေါ့” ဟု သူမက ဆက်ပြောပါသည်။
ထို့ပြင် မူအန်းဂျလာက “ခွဲခြားဆက်ဆံခံရမှုရဲ့အကျိုးဆက်က အများအားဖြင့် ခေါင်းဆောင်နေရာမှာ ဖြစ်နေသော်လည်း ကိုယ့်စကားကို အလေးမထားတာတွေ ဂရုမစိုက်တာတွေ အမျိုးမျိုးပြောတော့ အမျိုးသမီးတွေ နောက်ထပ်မပြောရဲတော့ဘူး ပြောတာမှားများမှားသွားသလားဆိုတာတွေကိုပဲ စဉ်းစားတော့တာပေါ့ ဒါကြောင့် ဦးဆောင်မှုအပိုင်းတွေမှာ အမျိုးသမီးတွေပေါ်ထွက်လာဖို့ အရမ်းရှားသွားတာပေ့ါနော် နောက်တစ်ခုက ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း အားနည်းသွားတယ်” ဟု ပြောပါသည်။
ထို့ပြင် ယခုဆို အမျိုးသမီးအများစုမှာ ပညာရေးတွင်လည်း ရေးတတ်ဖတ်တတ်နေရုံ တော်ကာကျပြီဆိုပြီး ပြည့်ပြည့်ဝဝသင်ယူရမှုမရှိသဖြင့် အရည်အချင်းရှိသော်လည်း ပညာတတ်မျိုးသမီးများမဖြစ်လာပဲ ရှားပါးနေသည်မှာလည်း ဆိုးကျိုးရလဒ်တစ်ခုအပါအဝင်ဖြစ်သည်ကိုလည်း မူအန်းဂျလာက ပြောပါသည်။
အိမ်ပြန်ချင်သော်လည်း အိမ်ရာမဲ့နေသော အမျိုးသမီးအဖြစ် ဘဝတစ်ကို တည်ဆောက်ရန်အတွက် ခိုင်မာစွာရပ်တည်ရန်အတွက် ခက်ခဲနေရကြောင်းကို သူမက ဆက်ပြီး
“အဲ့အတွက်ကြောင့် မိန်းကလေးဆိုရင် သူ့ကိုယ်ပိုင်စီးပွားရေးဆိုတာလည်း မရှိတော့ဘူး သူ့မှာ ကိုယ်ပိုင်ခြံမြေမရှိတဲ့အတွက်ကြောင့်မို့လို့ သူများခြံမှာ နေ့စားအနေနဲ့ပဲ အလုပ်သွားလုပ်တယ် ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ကိုယ်ပိုင်ခြံမြေမရှိဘူး ဘာကြောင့်လဲဆိုရင် မိဘကလည်း အမွေမပေးဘူး တချို့အမျိုးသမီးက အမွေရထားတဲ့ကောင်လေးနဲ့ လက်ထပ်ရင် သူ့တို့ဘဝနည်းနည်း ခံသာသေးတယ် တချို့ဆင်းရဲတဲ့မိသားစုဆိုရင် သားယောကျ်ားလေးကိုလည်း အမွေမပေးနိုင်ဘူးလေ အဲလိုယောကျ်ားလေးကိုရရင် အရမ်းဒုက္ခရောက်တာပေါ့နော် အရမ်းရုန်းကန်ရတာပေါ့နော် သူများနေ့စားလုပ်ရတာပေါ့ ဒါကစီးပွားရေးပိုင်းမှာ ရှိမယ်ဆိုရင်ပေါ့” ဟု ကိုယ့်ဝမ်းစာကို ကိုယ့်ခြေကိုယ့်လက်ဖြင့် တတ်အားသလောက် ပင်ပန်းဆင်းရဲစွာ ရှာဖွေစားသောက်ရကြောင်းကို ပြောပြပါသည်။
ထိုသို့ခွဲခြားခံနေရခြင်း၏ အကြောင်းအရင်းမှာ “ဘာလို့လဲဆိုရင် မိန်းကလေးဆိုတာ အချိန်တန်ရင် သူများနောက်လိုက်ရမဲ့လူ မိန်းကလေးဆိုတာ ကိုယ့်လူမဟုတ်ဘူး သူများလူ သားက ကိုယ့်လူပေါ့ သားက မိဘတွေကို ပြန်ကြည့်ပေးမဲ့လူ အဲလိုအယူအဆတွေနဲ့ သမီးခါကျတော့ အချိန်တန်ရင် သူများလူဖြစ်သွားမယ် အဲလိုကြောင့် သမီးတွေကို အမွေမပေးဘူး” ဟု မူအန်းဂျလာက ပြောပါသည်။
ထို့ပြင် ကရင်နီအမျိုးသမီးအစည်းအရုံးမှ အတွင်းရေးမှူး မမီးမီးမှ “အစားအသောက်ဝေခြမ်းရင်လည်း သားယောကျာ်းလေးဖြစ်တဲ့အတွက် သူကများများပဲ စားတတ်တယ် အစားကြီးတယ် မိန်းကလေးဆိုရင် အစားနည်းနည်းပဲစားရတယ် တစ်ခုခုလုပ်တော့မယ်ဆိုရင်လည်း နင့်အဖေရဲ့ ဆုံးဖြတ်ချက် ဖခင်ကိုပဲမေးရမယ်” ဟု ပြောပြခဲ့ပါသည်။ ထို့ပြင် ကျားမတန်းတူရေး အသိအမှတ်မပြုရသည့် အကြောင်းရင်းများထဲမှာ ရိုးရာယဉ်ကျေးမှုကလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်းကို ပြောပါသည်။
ဆက်ပြီး အမျိုးသမီးများ ကဏ္ဍအသီးသီးတွေ ခွဲခြားဆက်ဆံခံနေရကြောင်းကို “ပညာရေးပိုင်းတွေမှာလည်း အမျိုးသမီးတွေကို ခွဲခြားဆက်ဆံထားတာတွေလည်း အများကြီးရှိတယ် အမှတ်တွေခွဲကြမယ်ဆိုရင်တောင် အမျိုးသားတွေ အမျိုးသမီးတွေခွဲခြားထားတာ ရှိတယ် ဖြေရတဲ့ မေးခွန်းတွေ အတူတူပဲ ပေးတဲ့အမှတ်ကလည်း ၁၀၀ ချင်းအတူတူတောင် ဆေးကျောင်းတွေမျိုးဆိုရင် အမျိုးသားတွေက ၄၉၀ လောက်ဝင်ပြီဆိုရင် အမျိုးသမီးက ၅၀၀ ကျော်မှ ဝင်တယ် အဲလိုမျိုးတွေ ခွဲခြားဆက်ဆံမှုမျိုးတွေရှိတယ် ပြောင်းလဲဖို့အတွက်ဆိုရင် ကျနော်တို့အမျိုးသမီးတွေက အားတက်သရော ပူးပေါင်းလုပ်ဆောင်ဖို့လိုပါတယ်” ဟု မမီးမီးကပြောပြခဲ့ပါသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021