Home ဆောင်းပါး လူတွေကို ပြန်ကူညီမယ်ဆိုတဲ့ လူထဲကသူ “နန်းဆိုင်လူ”

လူတွေကို ပြန်ကူညီမယ်ဆိုတဲ့ လူထဲကသူ “နန်းဆိုင်လူ”

“ သမီးကို ပြည်သူတွေက ကူညီပေးခဲ့ပြီ၊ ပြည်သူတွေကို  သမီးပြန်ကူညီရတော့မယ်” ဟု အသက်(၁၃)နှစ်အရွယ် နန်းဆိုင်လူက ပြုံးပျော်ပြီး ပြောသည်

သူမသည် အသက်(၁၁)နှစ်အရွယ်က ဆယ်ကျော်သက်ဟိုမုန်းပြောင်းလဲမှုကြောင့် ရင်သားတဖက်ကို (၂၆) ပေါင်ရှိ သည့် ရင်သားကြီးထွားလွန်းသည့် ဝေဒနာကို ခံစားခဲ့ရပြီး အလွန်လေးလံသောရင်သားနှစ်ဖက်ကြောင့် လမ်းမ လျှောက်နိုင်အောင် ဖြစ်ခဲ့ရသည်။

သူမအသက်(၁၃)နှစ်အရွယ်တွင် သီပေါမြို့နယ်မှ ကားဖြင့်(၄)နာရီကြာသွားရပြီး လူသိနည်းသည့် သူမတို့ရွာသို့ လူမှုကူညီရေးအသင်းမှ ရောက်သွားကာ ရင်သားများကြီးထွားလွန်းသည့် ဝေဒနာခံစားနေရသူ သူမကို တွေ့ဆုံခဲ့ပြီး၊ ခွဲစိတ်ကုသနိုင်ရန်  ၂၀၁၈ ခုနှစ်၊ ဧပြီလ အစောပိုင်းတွင် သီပေါမြို့ပြည်သူ့ဆေးရုံကို ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

နန်းဆိုင်လူကို ၂၀၁၈ ခုနှစ်၊ ဧပြီလ(၉)ရက်နေ့တွင် သီပေါမြို့မှ ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာနန္ဒဝင်းဦးဆောင်သော အဖွဲ့က ခွဲစိတ်မှုပြုလုပ်ပေးခဲ့သည်။

နန်းဆိုင်လူသည် မိသားစုထဲတွင် သမီးကြီးဖြစ်ပြီး ကျောင်းမနေခဲ့ရဘဲ မောင်ငယ်၊ ညီမငယ်များကို ကူညီထိန်း ကျောင်းပေးခဲ့ရသည်။

ကျေးလက်ထုံးစံအရ သမီးမွေးဖွားလာပါက ပညာသင်ပေးရန် ဦးစားမပေးဘဲ အချိန်တန်ရင် အိမ်ထောင်ပြုကာ ခင်ပွန်းနောက်ကို လိုက်ပါသွားရမည့်သူအဖြစ် သဘောထားကာ ကိုယ့်ထက်ငယ်သည့် ကလေးများကို ထိန်း ကျောင်းပေးရသည့် အလေ့အထရှိသည့်ရွာတွင် နန်းဆိုင်လူမွေးဖွားကြီးပြင်းခဲ့သည်။

ကျောင်းမနေခဲ့ရသည့် နန်းဆိုင်လူကို ရင်သားခွဲစိတ်မှု အောင်မြင်ပြီးနောက်  အသက်မွေးဝမ်းကျောင်းပညာလည်း ဖြစ်၊ သူမကိုယ်တိုင်လည်း ဝါသနာပါသည့် အပ်ချုပ်ပညာသင်ကြားရန် ဒေါက်တာနန္ဒဝင်းက စီစဉ်ပေးခဲ့ခြင်းဖြစ် သည်။

သူမသည် စက်ချုပ်ပညာကို (၈)လကြာသင်ကြားပြီးနောက် အများပြည်သူအကျိုးအတွက် တပိုင်တနိုင် လုပ်အား ဒါနပြုသည့်အနေဖြင့် အဝတ်ဟောင်းများကို ပြန်လည်လျှော်ဖွပ်ပြင်ဆင်ချုပ်လုပ်ပြီး မီးပူတိုက်ကာ လိုအပ်နေသည့် စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံတက်လူနာများကို မျှဝေလှူဒါန်းနေသည်။

“ နယ်အသီးသီးက ပို့လာတဲ့အဝတ်အစားတွေရောက်လာရင် သမီးက ပြန်လျှော်တယ်။ ပြင်ချုပ်စရာရှိတာ ပြင် တယ်။ နောက်မီးပူတိုက်၊ ဆိုက်(အရွယ်အစား)တွေခွဲပြီး အိတ်ထဲထည့်သိမ်းတယ်။ ဆေးရုံမှာ အရေးပေါ်လူနာတွေ ရောက်လာရင် လိုအပ်တဲ့ဆိုက် ချက်ချင်းပေးလို့ရအောင် လုပ်ပေးထားတယ်” ဟု  နန်းဆိုင်လူက အဝတ်များကို ရွေးနေရင်း ပြောပြသည်။

အသက်(၁၄)နှစ်ကျော်အရွယ် နန်းဆိုင်လူက မိမိလုပ်အားဒါနဖြင့် အများပြည်သူကို ကူညီရသည်ကို ဝမ်းသာဂုဏ် ယူနေပြီး သူမလုပ်နေသည့် တပိုင်တနိုင် အလှူအတွက် မိမိတို့၏ ပိုလျှံနေသည့် အဝတ်များပေးပို့ကြပါဟု မေတ္တာရပ်ခံခဲ့သည်။

အဝတ်ပုံ၊ အဝတ်လျှော်စက်နှင့် အပ်ချုပ်စက်များအကြား ဗျာများနေသည့် နန်းဆိုင်လူတယောက် ရင်သားခွဲစိတ်ပြီး နောက် သွက်လက်စွာ လှုပ်ရှားနေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

နန်းဆိုင်လူအတွက် ကျေးဇူးတင်မဆုံးနိုင်သူကတော့ သူမကို အောင်မြင်စွာခွဲစိပ်ကုသပေးပြီး အသက်မွေးဝမ်း ကျောင်းပညာသင်ကြားပေးကာ အတတ်ပညာသာမက အသိပညာပါပေးခဲ့သူ ဒေါက်တာနန္ဒဝင်းဖြစ်သည်။

“လူဆိုတာ တယောက်တည်းနေလို့ မရဘူး။ အများက ကိုယ့်ကို ကူညီတယ်။ ကိုယ်ကလည်း အများကို ကူညီရ မယ်လေ။ အသိုင်းအဝိုင်းနဲ့ နေတဲ့အချိန်မှာ ဘယ်လိုပြန်ကူညီမလဲ” ဟု ဒေါက်တာနန္ဒဝင်းက နန်းဆိုင်လူကို မေး ခဲ့သည်။

ထိုမေးခွန်းသည် နန်းဆိုင်လူ၏ အတွေးကို စိုးမိုးသွားပြီး သီပေါမြို့နယ်အတွင်း စစ်ရှောင်ဒုက္ခသည်များ အဝတ်အ စားမလုံလောက်ခြင်း၊ ဆေးရုံသို့လာသည့် အရေးပေါ်လူနာများ အဝတ်အစား လိုအပ်မှုရှိခြင်းများကို မကြာခဏ တွေ့မြင်ရသည့် သူမက  အဝတ်ဟောင်းများ ပြန်လည်ပြုပြင်ပေးကာ မျှဝေလိုသည်ဟု ဆိုသဖြင့် လူအများ၏ ပိုလျှံ နေသည့် အဝတ်ဟောင်းများကို ကောက်ခံကာ ပြန်လည်ပြင်ဆင်ပြီး လိုအပ်သူများကို ဝေငှနိုင်ရန် စီစဉ်ပေးခဲ့ သည်ဟု ဒေါက်တာနန္ဒဝင်းက ပြန်ပြောပြသည်။

“ ဒီကလေးက ပညာက ကျောင်းစာပညာမတတ်ဘူး။ သူ့ကို ရင်ဘတ်ခွဲပြီးရင် ပြန်လွှတ်လို့ရပြီ။ အဲဒီအချိန်မှာ သူ့ကို ဘဝမှာ ဆက်ရပ်တည်ဖို့ တခုခုသင်ပေးဖို့ ကျွန်တော်တို့ စဉ်းစားလိုက်တော့ သူကလည်း အပ်ချုပ်သင်ချင်တယ်ဆို လို့ သင်ပေးလိုက်တာပါ”  ဟု ဒေါက်တာနန္ဒဝင်းကဆိုသည်။

မခွဲစိတ်ခင် (ဓါတ်ပုံ – ဒေါက်တာ နန္ဒဝင်း Facebook)

အသက်(၁၄)နှစ်ကျော်အရွယ် နန်းဆိုင်လူတယောက် ရင်သားခွဲစိတ်ထုတ်ပြီးနောက်ပိုင်း သာမန်ဘဝကို ပြန်လည် တည်ဆောက်ရန် ခက်ခဲနိုင်ပြီး အိမ်ထောင်ပြုပြီး ကလေးမွေးဖွားလာပါကလည်း မိခင်နို့တိုက်ကျွေးနိုင်မည်မဟုတ် ကြောင်း ဒေါက်တာနန္ဒဝင်းက ပြောပြသည်။

ထို့ကြောင့်  သူမအနေဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန်နှင့် လောကဓံကို ခံနိုင်ရန်အတွက်  အသက် မွေးဝမ်းကျောင်းပညာဖြစ်သည့် စက်ချုပ်ပညာသင်ကြားပေးကာ ဒီဇိုင်းနာကောင်း(အဝတ်အစားပုံစံထုတ်လုပ်သူ) တဦးဖြစ်သည့်အထိ မြေတောင်မြှောက်ပေးမည်ဟုလည်း ဒေါက်တာနန္ဒဝင်းက ပြောပြသည်။

“  သူချုပ်တတ်နေပြီ။ ဆိုင်ဖွင့်နိုင်ပေမယ့်  သူက(၁၅)နှစ်မပြည့်သေးဘူး။ အခုတော့  ဆေးရုံက လူတွေလာအပ် တာပဲ လက်ခံတယ်။ အပြင်လောကနဲ့ မထိတွေ့စေချင်သေးဘူး။ သူခံနိုင်ရည်ရှိဦးမယ်မထင်ဘူး။ ကလေးက ရင် မဆိုင်နိုင်သေးဘူး။ ဒါကြောင့် မျက်စိအောက်မှာထားပြီး လေ့ကျင့်ပေးနေရသေးတယ်” ဟု နန်းဆိုင်လူကို ကူညီ ထောက်ပံ့ပေးနေသည့် ဒေါက်တာနန္ဒဝင်းက ပြောသည်။

နန်းဆိုင်လူသည် သူမနေထိုင်ခဲ့သည့် ကျေးရွာကိုပြန်ရန် မဝံ့မရဲဖြစ်နေပြီး အတိတ်ကဖြစ်ခဲ့သည့် ရင်သားကြီးထွားမှု ဝေဒနာအပေါ် ရွာမှလူအများက ရယ်(ရီ)စရာအဖြစ် စနောက်ခံခဲ့ရသည့် စိတ်ဒါဏ်ရာက သူမကို လွှမ်းမိုးနေဆဲ ဖြစ်သည်။

“ ရွာကို မပြန်ချင်ဘူး။ ဒီမှာပဲ ဆက်နေချင်တယ်။ ရွာမှာလည်း ဘာမှလုပ်စရာမရှိဘူး။ နောက်သမီးကို စနောက်ကြ တယ်လေ” ဟု နန်းဆိုင်လူက ပြောပြနေသည်။

ဒေါက်တာနန္ဒဝင်းက “အရင်သူနေမကောင်းတဲ့ကာလတုန်းက  ရွာကလူတွေက စနောက်စရာ သဘောထားခဲ့ကြ တယ်။ အဲဒါကြောင့် ကလေးက သူ့အတိတ်ကို ပြန်မရင်ဆိုင်ရဲသေးဘူး” ဟု ဒေါက်တာ နန္ဒဝင်းက ဆိုသည်။

နန်းဆိုင်လူအား ပတ်ဝန်းကျင်ကို ပြန်လည်စောင့်ရှောက်နိုင်မည့်သူ ဖြစ်စေချင်ကြောင်း ဒေါက်တာနန္ဒဝင်းက ပြော သည်။

လွန်ခဲ့သည့် တနှစ်ခန့်အထိ ခြေတလှမ်းလျှောက်ဖို့အတွက် အလွန်အားစိုက်ရပြီး၊ လမ်းလျှောက်ဖို့ ကြောက်ရွံ့နေ ရသည့် နန်းဆိုင်လူတယောက် လက်ရှိအချိန်မှာတော့ ပြေးလွှားဆော့ကစားနိုင်ခဲ့ပါပြီ။

“ အခု သမီးလုပ်ချင်တာ လုပ်လို့ရပြီ၊ သွားချင်တာ သွားလို့ရပြီ။ ပြည်သူတွေကို ကူညီဖို့ပဲ ဆက်ကြိုးစားရတော့ မယ်” ဟု ဝမ်းသာစွာဖြင့် သူမက ပြောသည်။

နန်းဆိုင်လူသည် လက်ရှိမှာ  ဒီဇိုင်းနာပညာ(အဝတ်အစားပုံစံထုတ်လုပ်သည့်ပညာ)ကို ဆက်လက်သင်ကြားနေပြီး သူမကို ကူညီခဲ့သည့် ပြည်သူများနှင့် ကျေးရွာဒေသမှ လူအများကို ပြန်လည်ကူညီသွားရန် စိတ်အားထက်သန် နေသည်။

“ လက်ရှိမှာတော့ ဒီပိုလျှံနေတဲ့ အဝတ်ဟောင်းတွေကို ပြုပြင်ပြီး ပြည်သူတွေကို ပြန်ကူညီနိုင်တာ ဝမ်းသာတယ်။ နောက်လည်း အလုပ်တွေ အများကြီးလုပ်ပြီး ဆက်ကူညီမယ်” ဟု သူမက ယုံကြည်ချက်အပြည့်နှင့် ပျော်ရွှင်စွာ ပြောပြသည်။

နန်းဆိုင်နွမ်

Author:

Related Articles