ထီးလိုမိုးတဲ့ သမီးကြီး (သို့မဟုတ်) “သမီးကြီးတော့ အဖအရာ”
မယ်လွန်း။ ။ “ဖန်း” ကနဲအသံကြားလို့ အရှေ့ကလျှောက်နေတဲ့သူမ နောက်ပြန်လှည့်ကြည့်လိုက်တော့ မီးခိုးလုံးတွေ ကြားထဲမှာ လဲကျနေတဲ့ သူမအဖေကို တွေ့လိုက်ရပါတယ်။ နေ့လည် (၁၂) နာရီလောက် မီးသွေးဖုတ်ပြီး တောလမ်းကနေ အတူပြန်လာကြတဲ့ ရွာသားတွေက ကြောက် ကြောက်လန့်လန့်နဲ့ ရွာကိုပြန်ပြေးသွားကြချိန်မှာ အသက် (၁၉) နှစ်အရွယ် မသီတာအောင်ကတော့ မိုင်းထိ ပြီး မီးခိုးလုံးတွေကြား လဲနေတဲ့အဖေကို ချန်ထားပြီး ထွက်မပြေးနိုင်ခဲ့ပါဘူး။ တောထဲမှာတော့ သူမတို့သားအဖနှစ်ဦးသာ ကျန်ရှိနေပါတယ်။ ပြတ်တောက်ပြီး တုံးတိဖြစ်သွားတဲ့ အဖေ့ခြေထောက်ကို ရှိတဲ့အဝတ်တွေနဲ့ သူမစည်းနှောင်လိုက်ပါတယ်။ ခဏအကြာမှာ ဆီးအိမ်ကိုပါ မိုင်းစထိသွားတဲ့ သူမဖခင်က မျက်လုံးတွေပြာလာပြီလို့ပြောတော့ မလှုပ်ရှား နိုင်တော့တဲ့ ဖခင်ရဲ့ခန္ဓာကိုယ်ကြီးကို မနိုင်မနင်းနဲ့ ကျောမှာပိုးပြီး ရွာထဲကို သယ်လာခဲ့ပါတယ်။ (၁၉)နှစ် အရွယ်သူမ..၊ ကြောက်လန့်စိုးရိမ်စိတ်တွေကို […]


