Home ဆောင်းပါး မလွတ်မြောက်နိုင်သူများ၏ မျှော်လင့်ချက်တစုံတရာ

မလွတ်မြောက်နိုင်သူများ၏ မျှော်လင့်ချက်တစုံတရာ

Photo: ကောကော် (HI)

ကောကော်။        ။

တာလပတ်ခေါ် မိုးကာအစိမ်းရောင်များနှင့် ကာရံထားသည့် ယာယီစခန်းတခုလို ဆောက်လုပ်ထားသော ပေ(၂၀)နှင့် ပေ(၅၀)ပတ်လည်ခန့် တဲနှစ်လုံးထဲတွင် အဝတ်အစားများ တွဲလောင်းစုပြုံချိတ်တင်ထားသည်ကို တွေ့ရှိရပြီး  ထိုတဲတလုံးစီတွင် လူ(၃၀)ကျော် နေထိုင်ကြသည်ဟုသိရသည်။

မိသားစုအလိုက် တန်းစီပြီး အိပ်ခန်းအဖြစ် အသုံးပြုကြသော ထိုအခန်း၏အလယ်တွင် မီးဖိုတခုကို ဖိုထားပါသည်။

၎င်းတဲအိမ်လေးတွင် ခုံလှုံနေကြသူများသည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်၊ မောင်းတောဒေသ ပဋိပက္ခ ကြောင့် ထွက်ပြေးလာခဲ့ကြသော ဟိန္ဒူမိသားစုဝင်များဖြစ်ကြသည်။ ယာယီစခန်းထဲတွင် မိသားစု (၂၁)စုရှိ ပြီး လူဦးရေ(၆၈)ဦး နေထိုင်လျက်ရှိကာ အစိုးရမှ အလှူရှင်များအကူအညီဖြင့် စစ်တွေမြို့၊ ဟိန္ဒူဘုရား ကျောင်းဝင်းထဲတွင် ကယ်ဆယ်ရေးစခန်း ဆောက်လုပ်ပေးထားခြင်းဖြစ်သည်။

ထိုကယ်ဆယ်ရေးစခန်းထဲတွင် နေထိုင်ကြသော ဟိန္ဒူမိသားစုဝင်များသည် အပြုံးအရယ်မရှိပဲ မျှော်လင့် ချက်ကင်းမဲ့နေဟန်ရှိသည်။ အသက်(၂၀)ခန့်အမျိုးသမီးတဦးမှာ နို့စို့အရွယ်ကလေးငယ်ကို ရင်ခွင်မှာ ပိုက် ထားပြီး ထိုင်နေကာ တစုံတခုကို ပြောပြလိုဟန်ရှိသော နောက်ထပ်အမျိုးသမီးငယ်တဦးကိုလည်း သူမဘေး တွင် တွေ့ရသည်။

῝ကျမတို့ရွာ မီးရှို့ခံရပြီး ကျမဗိုက်နာတဲ့အချိန်မှာ ရဟတ်ယာဉ်နဲ့ ကျမကို ခေါ်လာကြတယ်။ အဝတ်တထည် ကိုယ်တခုနဲ့ စစ်တွေဆေးရုံမှာ သမီးလေးကို မွေးခဲ့တယ်။ သမီးလေးက အခုဆိုတနှစ်ပြည့်ပြီ ῎ဟု ရှရာရွှတ် တီက ပြောသည်။ ပဋိပက္ခများထဲတွင် သူမ၏ဆွေမျိုးသားချင်းများ အသတ်ခံခဲ့ရသလို သူမ၏ ယောက္ခမ မိသားစုဝင် (၂၀)ကျော်မှာလည်း အသက်ဆုံးရှုံးသွားခဲ့သည့်အတွက် သူမ၏ခင်ပွန်းမှာလည်း ယခုချိန်ထိ စိတ်ကယောက်ကယက်ဖြစ်နေဆဲဖြစ်သည်။

ရှရှာရွှတ်တီသည် မောင်းတောမြို့နယ်၊ ခမောက်ဆိတ်ရွာတွင် နေထိုင်ပြီး လွန်ခဲ့သောတနှစ်က အကြမ်း ဖက်ပဋိပက္ခများ ဖြစ်ပွားချိန်တွင်  ရွာထဲမှာ ပိတ်မိနေခဲ့ကာ ဖုန်းအဆက်အသွယ်လည်း ပြတ်တောက်သွားခဲ့ သည်။

အနက်ရောင်အပေါ်အောက်ဝတ်ဆင်ထားပြီး မျက်နှာဖုံးအုပ်ထားသည့်အဖွဲ့တွေက ရွာသားများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ကြတာကို မြင်တွေ့ခဲ့ရသော်လည်း ထိုသူများသည် မည်သူတွေမှန်း သူမ မသိခဲ့ပါ။

῝ကျမက တဖက်ရွာက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကိုရောက်နေလို့ လွှတ်သွားတာ၊ အဲဒီအချိန်မှာ ကျန်တဲ့ လူတွေနဲ့ အဆက်အသွယ်ပြတ်၊ ဖုန်းလဲဆက်လို့ မရတော့ဘူး၊ အလိုတော်ပြည့်ဆရာတော်အကူအညီနဲ့ ဝန်ကြီးက ရဟတ်ယာဉ်နဲ့ ခေါ်လာပေးလို့  မောင်းတောကနေ စစ်တွေကိုရောက်သွားတာပါ῎

သူမသည် ကိုယ်ဝန်အရင့်အမာနှင့် တိုက်ခိုက်မှုများအကြားမှ လွှတ်မြောက်လာခဲ့သူဖြစ်ပြီး စစ်တွေမြို့ပေါ်ရှိ လက်ရှိရောက်နေသော ယာယီစခန်းတွင် မိသားစုများ၊ ဒုက္ခသည်များနှင့်အတူ နေထိုင်လျက်ရှိပြီး မိမိ၏ နေရပ်ဒေသသို့ ပြန်သွားရန်လည်း စိတ်ဆန္ဒမရှိတော့ဟု ဆိုပါသည်။

Photo: ကောကော် (HI)

ယခုအခြေအနေတွင် တရားမျှတမှုနှင့် အိမ်ပိုင်လေးတလုံးကတော့ သူမအတွက် မျှော်လင့်ချက်တစုံတရာ ဖြစ်နေပါသေးသည်။

῝ကျမတို့အတွက် စားဖို့သောက်ဖို့ ထောက်ပံ့ပေးတဲ့သူတွေရှိတော့ အဆင်ပြေတယ်။ အိမ်တလုံးနဲ့ မိသားစု တွေအတူ  ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နေရရင် အဆင်ပြေပါပြီ῎

“ဟိန္ဒူတို့ရဲ့ ပွဲတော်ကာလရောက်ရင် ကိုယ်ပိုင်အိမ်နဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲချင်မိတယ်”လို့ မျှော်လင့်ချက် ကြီးစွာဖြင့် ပြောပြပါသည်။ လက်ရှိအခြေအနေတွင်တော့ ကယ်ဆယ်ရေးစခန်းမှာသာ ခုံလှုံနေရသော သူမ တို့အတွက် အိမ်ပိုင်လေးတလုံးရရှိဖို့ စိတ်ကူးယဉ်မျှသာဖြစ်နေသေးသည်။

ခင်ပွန်းသည်အပါအဝင် ယောက္ခမ၏မိသားစုဝင်များ စုစုပေါင်း(၂၃)ဦး အသတ်ခံရသည့်အထဲတွင် ပါဝင်သွား ပြီး ယခုလို ယာယီကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသော မီယာဘာလာဘာ (ခေါ်) ဟိန္ဒူအမျိုးသမီး တဦးမှာ သား(၄)ဦးနှင့်အတူ လွှတ်မြောက်လာပြီး သူမသည်လည်း ပဋိပက္ခဖြစ်ချိန်က တဖက်ရွာတွင် ဈေး ရောင်းနေသောကြောင့် သေဘေးမှ သီသီကလေးလွှတ်လာခဲ့သူဖြစ်ပါသည်။

ပဋိပက္ခမဖြစ်ခင် ယခင်အချိန်ကာလများက သူမတို့ရွာတွင် အမျိုးသားများက ဆံပင်ညှပ်ခြင်း၊ ပန်းရောင်း ခြင်း၊ စပါးစိုက်ခြင်း စသည့်အလုပ်များဖြင့် အသက်မွေးဝမ်းကြောင်းပြုကြပြီး တချို့သော အမျိုးသမီးများမှာ လည်း တနိုင်ဈေးသည်များအဖြစ် လုပ်ကိုင်ကြသည်ဟု သိရသည်။

ယခုအချိန်တွင် သူမ၏မျက်နှာတွင် ပျော်ရွှင်မှုအရိပ်အရောင်များ မမြင်တွေ့ရပဲ အမြဲငေးငိုင်နေပါသည်။  သား (၄)ဦးနှင့်အတူ ထွက်ပြေးလွှတ်မြောက်လာခဲ့သော်လည်း ခင်ပွန်းသည်နှင့် ဆွေမျိုးများ အသက်ဆုံးရှုံးရခြင်း အတွက် သောကအပူမီး မငြိမ်းနိုင်သေးပါ။

“ရွာမှာနေတုန်းက အမျိုးတွေနဲ့နေတယ်ဆိုတော့ ပျော်ဖို့ကောင်းတယ်၊ အမျိုးသားနဲ့ သူတို့(ဆွေမျိုး)တွေကို လည်း အမြဲသတိရတယ်၊ စစ်တွေလာတုန်းကလည်း ကားမှောက်သေးတော့ ထိခိုက်မှုတွေရခဲ့တယ်။ တွေးမိ ရင် ဝမ်းနည်းတယ်῎ ဟု သူမက ပြောပါသည်။

ရခိုင်ပြည်နယ်အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာက ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မောင်း တောမြို့နယ်၊ ရဲတပ်ဖွဲ့အား လက်နက်ကိုင်တိုက်ခိုက်ခံရမှုတွင် ရခိုင်အဖွဲ့အစည်းမှ တချို့သူများအား နေရပ် စွန့်ခွာထွက်ပြေးစေသော အခြေအနေများဖြစ်စေခဲ့ပြီးနောက် အကြမ်းဖက်တိုက်ခိုက်သူများဘက်မှ (၆၉)ဦး နှင့် အစိုးရ၏လုံခြုံရေးတပ်ဖွဲ့ဝင်များ (၁၇)ဦးသေဆုံးခဲ့သည့် နိုဝင်ဘာလလယ်ကာလသည် အကြမ်းဖက်မှု အခြေအနေ အမြင့်ဆုံးကာလဟု ဖော်ပြထားသည်။

ထို့အပြင် ဒုက္ခသည်အရေးအတွက် အကြံပြုချက်ထဲတွင် မိမိတို့မူလနေရာများကို ပြန်သွားမည့် (သို့မဟုတ်) တခြားနေရာများတွင် ပြန်လည်နေရာချထားမည့်သူများအတွက် ၎င်းတို့သွားရောက်မည့်နေရာများတွင် လုံခြုံ ရေးနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အရေးများ ရရှိရေးအတွက် ဖော်ထုတ်ရမည့် စီမံချက်များ ပါဝင်သင့်ကြောင်း အကြံပြုထားသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အစိုးရမှာ တာဝန်ရှိပြီး လက်ရှိမှာလည်း အစိုးရအစီအစဉ်နှင့်ပင် ယာယီစခန်းမှာနေထိုင်နေရပြီး ရန်ကုန်တွင် ဟိန္ဒူထောက်ပံ့ရေးဓမ္မပါလအဖွဲ့မှ ထောက်ပံ့မှုတွေ ပေးနေသည် ဟု စစ်တွေမြို့မှ ဟိန္ဒူတာဝန်ခံ ဦးဘူးလှဆွေက ပြောသည်။

῝ကျွန်တော်တို့ ဟိန္ဒူမှာ နိုင်ငံရေးဆိုတာ မရှိပါ၊ ထမင်းတလုတ်ကို ဆားနဲ့ပဲ စားရစားရ အေးအေးဆေးဆေး နေလို့ရရင်ပြီးပါပြီ။ ῎

Related Articles