Home ဆောင်းပါး အရပ်သားလူမိုက်များ ဝင်ရောက်အကြမ်းဖက်ခံရသည့် ဖုယင်အထည်ချုပ်အလုပ်သမများသပိတ်

အရပ်သားလူမိုက်များ ဝင်ရောက်အကြမ်းဖက်ခံရသည့် ဖုယင်အထည်ချုပ်အလုပ်သမများသပိတ်

ဓါတ်ပုံ – ကောကော် (HI)

        

ကောကော်။               ။

῝အိမ်ထောင်ရှိတဲ့ အလုပ်သမတွေဆို ပိုပြီးအခက်အခဲရှိတယ်၊ သားသမီးတွေရဲ့ ပညာရေး၊ စားဝတ်နေရေး အတွက် တရက်ကို (၄၈၀၀)ကျပ်နဲ့ ဖူလုံအောင်စားသောက်နေရတာဖြစ်တယ်။ ဒီမှာ (၅၆) ရက်တိုင်တိုင် အလုပ်လက်မဲ့ဖြစ်ပြီးတော့ သပိတ်မှာ လာရောက်နေထိုင်ရတာ ဖြစ်တဲ့အတွက် အခက်အခဲ မျိုးစုံရှိတယ်῎

သပိတ်တွင် ပါဝင်နေသော အလုပ်သမား (၂၀၀) ကျော်သည် မတူညီသော အခက်အခဲမျိုးစုံနှင့် ရင်ဆိုင် နေရကြောင်း ဖုယင်အထည်ချုပ်စက်ရုံ သပိတ်စခန်းမှ ဥက္ကဌဖြစ်သူ မသက်ထားဆွေက ပြောပြသည်။

သပိတ်စခန်းဖွင့်ပြီး (၅၆)ရက်အကြာ အောက်တိုဘာ (၁၅)ရက်တွင် သပိတ်စခန်း၏ အနောက်ဘက်မှ  အကြမ်းဖက်ဖြိုခွင်းမှု ဖြစ်ပွားခဲ့ကာ အလုပ်သမား (၃၀)ဦးထက်မနည်း ဒဏ်ရာရပြီး (၄)ဦးမှာ ဒဏ်ရာပြင်း ထန်ကာ အလုပ်သမ(၁)ဦးမှာ ထိပ်ပေါက်ပြီး ခေါင်းကွဲခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြ ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြရသည်။

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံဆိပ်ကမ်း စက်မှုဇုံ (၁)တွင်  ဖုယင်အထည်ချုပ်စက်ရုံမှ အလုပ်သမား များကို အလုပ်ထုတ်ခဲ့သည့်အတွက် အလုပ်သမားများမှ သြဂုတ်လ (၂၁)ရက်နေ့တွင် သပိတ်စခန်း စဖွင့်ခဲ့ ပြီး ညှိနှိုင်းမှုများ၊ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ဖုယင်အလုပ်သမားသပိတ်သည် သက်ဆိုင်ရာ အဆင့် ဆင့်သို့ စာတင်ပြီး (၇)ကြိမ်အထိ ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောခြင်းမရှိသလို အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှလည်း ဖြေရှင်းပေးခြင်း မရှိခဲ့ကြောင်း သပိတ်ကို ကူညီနေသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်မြင့်က ပြောသည်။

῝နိုင်ငံခြားသားအလုပ်ရှင်တွေဟာ အပြစ်မဲ့တဲ့ ပစ္စည်းမဲ့ မြန်မာနိုင်ငံသားအလုပ်သမားတွေကို သူတို့ရဲ့ ငွေ ကြေးအရှိန်အဝါနဲ့ မတရား အနိုင်ယူ၊ ဥပဒေမဲ့ အလုပ်ထုတ်တာဟာ လူတန်းစားတိုက်ပွဲဖြစ်တယ်῎

သပိတ်စခန်းတွင် အခက်အခဲများစွာထဲမှ အမျိုးသမီးများ၏ အခက်အခဲသည် ပိုမိုများပြားပြီး နေပူမိုးရွာ မရှောင် ကြံ့ကြံ့ခံနေရသည်ဟု မသက်ထားဆွေက ပြောသည်။

῝ညီမတို့က နယ်ကနေ ဒီမှာလာပြီး အလုပ်လုပ်နေရတယ်၊ ငွေပြန်ပို့ရတာလဲရှိတယ်၊ မရှိလို့ အလုပ်လာလုပ် တာ၊ ဒီလိုမျိုး ပြသနာဖြစ်လာတော့ မိဘကို ပြန်ထောက်ပံ့ဖို့မပြောနဲ့ ကိုယ်တွေရဲ့ စားဝတ်နေရေးအတွက် အကြပ်အတည်း အခက်အခဲ ဖြစ်နေတယ်῎

သပိတ်စခန်းတွင် ပါဝင်သော အမျိုးသမီးအများစုမှာ အိမ်ထောင်သည်များဖြစ်ကြပြီး ကုန်ဈေးနှုန်းကြီးမြင့်မှု ကြောင့် အမျိုးသားများနှင့် ရင်ဘောင်တန်း အလုပ်လုပ်နေရသည့်အတွက် မိသားစု၏ အရေးပါသော အခန်းကဏ္ဍတွင် ဦးဆောင်နေရသူများဖြစ်သည်ဟု သူမက ပြောပြသည်။

ဖုယင်အလုပ်သမားများ၏ အဓိက တောင်းဆိုချက်မှာ အလုပ်ထုတ်ခံရသည့် အလုပ်သမား (၃၀)ဦးကို ပြန် လည်အလုပ်ခန့်အပ်ပေးရန်နှင့် တခြားစက်ရုံများနည်းတူ တန်းတူညီမျှ အခွင့်အရေးနှင့် လုပ်ခလစာပေးရန် တို့ဖြစ်သည်ဟု သူမကပြောသည်။

Photo: ကောကော် (HI)

῝သပိတ်တိုက်ပွဲက ဆက်လက်ရှိနေဦးမှာဖြစ်တယ်၊ ဒီတောင်းဆိုချက်တွေကို မလိုက်လျောပေးမချင်း ဆက် လက်တိုက်ပွဲဝင်ဦးမှာ၊ အချိန်ဘယ်လောက်အထိကြာမလဲဆိုတာက ပြန်ပြီး သူတို့ညှိနှိုင်းပေးတဲ့ တာဝန်ရှိတဲ့ သူတွေအပေါ်မှာပဲ မူတည်ပါတယ်῎

ဖုယင်အထည်ချုပ်စက်ရုံတွင် အလုပ်သမားပေါင်း (၉၀၀) ကျော်ရှိကာ အလုပ်ထုတ်ခံရသော အလုပ်သမား (၃၀)ဦးသည် စက်ရုံအလုပ်သမားသမဂ္ဂကို စတင်တည်ထောင်သူများဖြစ်ပြီး သပိတ်စခန်းတွင် ပါဝင်သော အလုပ်သမား (၂၀၀)ကျော်တွင် အမျိုးသား(၈)ဦးသာရှိကာ ကျန်သူများမှာ အမျိုးသမီးများဖြစ်ကြသည်။

သပိတ်စခန်းကို စတင်ဖွင့်လှစ်ချိန်ကစပြီး လက်ရှိအချိန်အထိ အလုပ်သမများကိုယ်တိုင် မိမိတို့လုံခြုံရေးကို တာဝန်ယူနေရကာ ယခုအချိန်တွင် လုံခြုံရေးကို ပိုပြီးဂရုစိုက်ရန်လိုအပ်နေကြောင်း မသက်ထားဆွေက ပြော သည်။

ဖုရင်အလုပ်ရှင်ဖက်မှ ကြေးစားလူမိုက် (၄၀)ဦးငှားရမ်းကာ သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲခိုင်းသည်ဟု ဗကသအဖွဲ့ချုပ် လုပ်ငန်းကော်မတီမှ ကိုဝေယံက ပြောသည်။

῝သပိတ်တားတဲ့ အနောက်ဘက်က ကြေးစားလူမိုက်တွေ ချထားတဲ့ အမိုးအကာတွေကို ကျွန်တော်တို့ ဝင် ကြည့်တော့ သွပ်နန်းကြိုးတွေကိုဖြတ်တဲ့ ကတ်ကြေးအကြီးစား၊ အရက်ပုလင်း၊ ရဲများကိုင်တဲ့နံပါတ်တုတ်၊ ဓါး နဲ့ သံပိုက်လုံးတွေ တွေ့ရတယ်῎

၎င်းပစ္စည်းများကို တွေ့သဖြင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားသော်လည်း ရဲများမှာ အချိန်မီလာရောက်ခြင်း မရှိသည့်အပြင် စက်ရုံမန်နေဂျာ၏ စေခိုင်းမှုကြောင့် အကြမ်းဖက်သမားများက အေးဆေးစွာ သပိတ်မှောက် နေသော အလုပ်သမများကို ဝင်ရောက်ဖြိုခွဲခဲ့ပြီး ထိုသို့လုပ်ဆောင်သူများသည်လည်း ရပ်ကွက်ထဲမှ လူမိုက်အဖြစ် နာမည်ကြီးသူများ ဖြစ်ကြသည်ဟု ကိုဝေယံကပြောသည်။

῝ဒီတိုင်းပြည်မှာ လူမိုက်ဂိုဏ်းတွေကို တရုတ်လုပ်ငန်းရှင်တွေက ငှားပြီး အသုံးပြုတာတွေ အရမ်းများလာတာ တွေ့ရတယ်၊ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးအတွက် အလွန်စိုးရိမ်ရတဲ့အချက်တွေ ဖြစ်တယ်῎

အကြမ်းဖက်ဖြိုခွင်းခံရသည့် စက်ရုံအနောက်ပေါက်တွင် လူအင်အားလျှော့နည်းသွားခြင်းမရှိပဲ ရပ်ကွက်နေ ပြည်သူများပါ အကြမ်းဖက်မှုကို မခံမရပ်ဖြစ်နေသည့်အတွက် လာရောက်ဝန်းရံနေကြသလို အလုပ်သမား များကလည်း အေးချမ်းစွာ ဆက်လက်သပိတ်မှောက်နေဦးမည်ဖြစ်သည့်အတွက် ပြင်ပမှာဝင်လာသော ပဋိပက္ခပြဿနာများ ထပ်ဖြစ်ပေါ်လာလျှင် အစိုးရတွင် တာဝန်ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားသမဂ္ဂ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ကိုကျော်မျိုးက ပြောသည်။

ယခုလို စက်ရုံထဲတွင် လူမိုက်များလွှတ်ပြီး အကြမ်းဖက်ဖြိုခွဲခြင်းကို မခံမရပ်နိုင်သော ပြည်သူတွေက ဝိုင်း ဝန်းဖမ်းဆီးပေးခြင်းကို ဆူပူသောင်းကျန်းမှု ပြုလုပ်သည်ဟုဆိုကာ ရပ်ကွက်နေပြည်သူ(၃)ဦးကို ရဲများက ဖမ်းဆီးထားသည်ဟု မသက်ထားဆွေက ပြောသည်။

ဓါတ်ပုံ – ကောကော် (HI)

῝မနက်ပိုင်းအကြမ်းဖက်ဖြိုခွဲမှုအပြီး စက်ရုံထဲမှာ  လူမိုက်တွေကို ထည့်ထားတာ၊ ရပ်ကွက်ထဲက လူထုက ဘယ်ခံနိုင်မလဲ၊ ဒီထဲမှာ သူတို့သားသမီးတွေ၊ ညီအစ်ကိုမောင်နှမတွေ ရှိနေတော့ အပြင်မှာ အုံကြွနေကြတာ ပေါ့၊ ညီမတို့ကျတော့ မထိန်းနိုင်ဘူး၊ ကြောက်တယ်လေ၊ ရပ်ကွက်ထဲကလူတွေက အပြင်ကနေ ခဲတွေနဲ့ ထု ကြတာပေါ့၊ လူမိုက်တွေကလည်း အထဲကနေ လေးခွတွေနဲ့ ပြန်ပစ်တယ်၊ အပြင်ထွက်လို့လဲ မရတော့ဘူး လေ῎

မနက်ပိုင်း အလုပ်သမားများ အလုပ်ဝင်သောအချိန်တွင် အကြမ်းဖက်ဖြိုခွဲသည့်လူမိုက်များက လိုက်ပါပြီး ဝင် လာကြကာ ညနေအလုပ်ဆင်းသည့်အချိန်တွင်လည်း အလုပ်သမားများကြားထဲမှ ပြန်လည်ထွက်ခွာသွားခဲ့ သည်။

ရဲများက တွေ့မြင်နေသော်လည်း အရေးမယူနိုင်ခဲ့ဘဲ ပြည်သူအများ ဝိုင်းဝန်းဖမ်းဆီးသည့်အချိန်တွင် ဆူပူသောင်းကျန်းမှု ပြုလုပ်သည်ဟုဆိုကာ ရပ်ကွက်နေပြည်သူ(၃)ဦးကိုသာ ဖမ်းဆီးခဲ့သည်ဟု သူမက ဆိုပါ သည်။

ယခုလို အလုပ်သမားများ အရိုက်ခံရသည့်ကိစ္စတွင် အလုပ်သမားများက အမှုဖွင့်မှ ရဲအရေးယူနိုင်မည့်အမှု ဖြစ်သည်ဟု ရဲကပြောသဖြင့် ရဲစခန်းတွင် ဆိုင်ချက်ဖွင့်ထားပြီး ပုဒ်မမတပ်ရသေးကြောင်းနှင့် တရားဥပဒေ အရ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

Related Articles